ထွက်သွားတော့
Vol. 8 Ch. 115
မြို့တော်ဝန်ချန်၏စကားကို ကြားချိန်၌ ချင်းမင်က ရယ်မောလိုက်သည်။
မြို့တော်ဝန်ချန်သည် စိတ်ဝိညာဉ်ကျောက်တုံးများကို ရတနာကဲ့သို့ အမြဲတစေ သဘောထားခဲ့ပြီး သူ၏ငွေမက်မှုကို လျှိုမြို့တစ်မြို့လုံး သိထားကြသည်။
သူသည် နန်းတွင်းမှလူများကို စိတ်ဝိညာဉ်ကျောက်တုံးများဖြင့် လာဘ်ထိုးပြီး မြို့တော်ဝန် ဖြစ်လာခဲ့ပုံရသည်။
သူ မည်သည့်နည်းဖြင့် မဟာသိုင်းဆရာကြီးအဆင့်သို့ ရောက်ရှိလာသည်ကိုမူ မသိရချေ။
သို့ရာတွင် ချင်းမင်သည် မည်သူဖြစ်သနည်း။ ဤစိတ်ဝိညာဉ်ကျောက်တုံးများကို ဂရုစိုက်မည့်သူ ဖြစ်သလော။
သူသာ သူ၏စွမ်းအားအစစ်အမှန်ကို ထုတ်မပြချင်၍သာဖြစ်သည်။ ထိုသို့မဟုတ်လျှင် ပြီးပြည့်စုံခြင်းအဆင့် ဆေးလုံးများဖြင့် လျှိုမြို့ ဆယ်မြို့စာခန့်ကို ဝယ်ယူ၍ ရနေလေပြီ။
မြို့တော်ဝင်ချန် စုဆောင်းထားသည့်အရာများကို သူ နားထောင်ချင်စိတ်ပင် မရှိပေ။
"ကောင်းပြီလေ... မြို့တော်ဝန်ချန်... ခင်ဗျားက ကျုပ်တို့ချင်းမိသားစုကို ပစ်မှတ်မထားခဲ့တဲ့အတွက် ခင်ဗျားရဲ့အသက်ကို ချမ်းသာပေးလိုက်မယ်"
ချင်းမင်က သူ၏လက်ကိုဝှေ့ယမ်းပြီး ပြောဆိုလိုက်သည်။
ချင်းမင်က သူ့ကို လွှတ်ပေးမည်ဟု ပြောသည်ကို ကြားချိန်၌ မြို့တော်ဝန်ချန်သည် အလွန်ဝမ်းသာသွားပြီး ချက်ချင်းပြောဆိုလိုက်၏။
"သခင်လေးချင်းကို ကျေးဇူးတင်ပါတယ်... ကျေးဇူးတင်ပါတယ်...."
"ဒါပေမဲ့ ခင်ဗျားရဲ့စိတ်ဝိညာဉ်ကျောက်တုံးတွေအားလုံးကို ကျုပ်တို့ချင်းမိသားစုဆီ အပ်နှံ့ရမယ်... ဒါတွေကို လက်ခံဖို့အတွက် ကျုပ်က လူလွှတ်လိုက်မယ်...ခင်ဗျား စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးတလေများ ဝှက်ထားတာ သိလို့ကတော့... ဟင်း...ဟင်း..."
ချင်းမင်က အေးစက်စက် ရယ်မောလိုက်သည်။
"မလုပ်ရဲပါဘူး... ငါက ဘယ်လိုလုပ်ပြီးတော့ စိတ်ဝိညာဉ်ကျောက်တုံးတွေကို ဝှက်ထားရဲမှာလဲ"
မြို့တော်ဝန်ချန်က ချက်ချင်းပြောဆိုသည်။
"ထွက်သွားတော့"
ချင်းမင်က ပြောဆိုလိုက်၏။
"ဟုတ်ကဲ့... ဟုတ်ကဲ့... အခုပဲ ထွက်သွားပါ့မယ်"
စကားဆုံးသည်နှင့် မြို့တော်ဝန်ချန်သည် မြို့စောင့်တပ်သားများနှင့်အတူ ထိတ်လန့်တကြား ထွက်ခွာသွားတော့သည်။
ဤတစ်ကြိမ်တွင် မြို့တော်ဝန်ချန် အရှက်ကွဲလေပြီ။ နောင်တစ်ချိန်တွင် သူသည် လျှိုမြို့၏ ရယ်စရာပြက်လုံးကြီး ဖြစ်လာမည်မလာမည်ကိုမူ မည်သူမျှ မသိနိုင်ချေ။
ချင်းမင်က နောက်သို့လှည့်လိုက်ပြီး လူထွားကြီးများကို ကျေးဇူးတင်စကား ပြောဆိုလိုက်သည်။
"လူကြီးမင်းတို့... ဒီနေ့ ကျွန်တော့်ကို ကူညီပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်... ခင်ဗျားတို့သာ မရှိရင် ချန်မိသားစုရဲ့ ကံကြမ္မာက ကျွန်တော်တို့ ချင်းမိသားစုရဲ့ ကံကြမ္မာ ဖြစ်သွားနိုင်တယ်"
"မဟုတ်တာ...အဲ့ဒီလို မဟုတ်ပါဘူး ...သခင်လေးချင်းက သူရဲကောင်းတစ်ယောက်ပဲ... ကျွန်တော်တို့ မရှိရင်တောင် သခင်လေးသာ ဆန္ဒရှိရင် ဒီကိစ္စကို ဖြတ်ကျော်နိုင်မှာပါ"
ထိုလူထွားကြီးများသည် ချင်းမင်၏ဂါရဝပြုမှုကို လက်မခံဘဲ အလျင်အမြန် ပြောဆိုလိုက်ကြ၏။
သူတို့အားလုံး ချင်းမင်ကို အလွန်လေးစားနေကြသည်။ ဤမျှထိ ကြီးမားသော ချင်းမိသားစုကြီးကို ကြည့်ရသည်မှာ ချင်းမင်ကသာ ဦးစီးနေပုံပင်။
ဤလူများအချင်းချင်း ပြောဆိုနေသည်များကို နားထောင်ကြည့်ခြင်းအားဖြင့် ထိုပြီးပြည့်စုံခြင်းအဆင့် ချီစုစည်းခြင်းဆေးလုံးများကို ဤလူငယ်လေးက ထုတ်ယူလာခြင်းဖြစ်ကြောင်း သိနိုင်သည်။
ဤသည်မှာ အမှန်တကယ့်ကို လူငယ်သူရဲကောင်းပင်။ အကယ်၍ သူတို့သာ ပြီးပြည့်စုံခြင်းအဆင့် ချီစုစည်းခြင်းဆေးလုံးများကို ဤမျှထိ များများစားစား ပိုင်ဆိုင်ထားပါက မဟာသိုင်းဆရာကြီးအဆင့်သို့ ယခင်ကတည်းက ရောက်ရှိပြီးဖြစ်ပေမည်။
သူတို့သည် နှစ်ပေါင်းများစွာကြာအောင် အချိန်ဖြုန်းနေရန် လိုအပ်မည်မဟုတ်ချေ။
လျှိုမြို့တွင် သူတို့သည် ထိပ်တန်း အစွမ်းထက်ကျင့်ကြံသူများ ဖြစ်ကြသော်လည်း...
လျှိုမြို့သည် တာ့ရှားအင်ပါယာ တစ်ခုလုံးနှင့် ယှဉ်လျှင် အသေးအမွှားသာဖြစ်ကြောင်း သူတို့အားလုံး သိရှိထားကြသည်။
ကုန်းမြေတစ်ခုလုံးနှင့် နှိုင်းယှဉ်လျှင် လျှိုမြို့သည် ပုရွက်ဆိတ်တစ်ကောင်ထက် အနည်းငယ်ပိုကြီးရုံသာ ရှိသည်။
ဤလူများသည် သူတို့ကိုယ်သူတို့ အင်အားစုတစ်စုဟု ပြောကြသော်လည်း အမှန်အားဖြင့် အရေးမပါလှချေ။
သိုင်းဘိုးဘေးအဆင့် ထိပ်သီးကျင့်ကြံသူတစ်ယောက်လောက်ဆိုလျှင်ပင် သူတို့အားလုံးကို ဖျက်ဆီးနိုင်သည်။
ကြည့်လိုက်သည်နှင့် ချင်းမင်သည် ရေတွင်းငယ်ထဲတွင် နေထိုင်မည့်သူ မဟုတ်ကြောင်း သိသာထင်ရှားသည်။ မကြာမီမှာပင် သူသည် တာ့ရှားအင်ပါယာတစ်ခုလုံးသာမက ကုန်းမြေတခွင်လုံးတွင်လည်း နာမည်ကျော်ကြားလာပေလိမ့်မည်။
ထိုကဲ့သို့လူစားမျိုးနှင့် ယခုအချိန်၌ မိတ်ဆွေမဖွဲ့ထားလျှင် မည်သည့်အချိန်တွင် မိတ်ဖွဲ့ကြမည်နည်း....
ဤလူငယ်ဆေးပညာရှင်တွင် သတ္တိနှင့် ပြတ်သားမှု ရှိသည်။ သူသည် သိုင်းစစ်သည်တော်အဆင့်သာ ရှိသေးသော်လည်း မဟာသိုင်းဆရာကြီးများကို သူ၏လက်အောက်ခံ ဖြစ်စေခဲ့ပေ၏။
သူတို့၏ အကူအညီ ပါဝင်သည်ဆိုလျှင်တောင် သာမန် သိုင်းစစ်သည်တော်အဆင့်များသည် မဟာသိုင်းဆရာကြီးများနှင့် စကားပြောရန် သတ္တိမရှိကြချေ။
ချင်းမင်ကဲ့သို့ တည်ငြိမ်အေးဆေးမှုမျိုး မည်သူ့ထံ၌ ရှိနေမည်နည်း။
ချင်းမင်သည် သိုင်းစစ်သည်တော်အဆင့်တွင် အမှန်တကယ်ရှိနေကြောင်း သူတို့ ရှင်းရှင်းလင်းလင်း ခံစားမိ၍သာ မဟုတ်လျှင် အဆင့်တူအချင်းချင်း ဆက်ဆံပြောဆိုနေကြသည်ဟု သူတို့ ထင်မှတ်မိပေမည်။
ထိုအကြောင်းအရင်းကြောင့် သူတို့သည် ချင်းမင်ရှေ့တွင် မောက်မာထောင်လွှားသော အမူအယာများကို မလုပ်ရဲကြခြင်း ဖြစ်သည်။
ချင်းမိသားစုကို ကြည့်လိုက်ချိန်၌မူ သူတို့ကို ကြည့်ရာတွင် ကြောက်ရွံ့မှုများ ရှိနေသည်ကို မြင်တွေ့ရသည်။
ဤသည်မှာ ကြွက်များမှ ကြောင်တစ်ကောင်ကို တွေ့လိုက်သည့်အလားပင်။ ထိုလူများကမူ သာမန်လူများ ဖြစ်ကြပြီး ထည့်ပြောရန်ပင် မလိုချေ။
"ကောင်းပြီလေ... ဒါဆိုရင် ကျွန်တော်တို့က ဟိုလူနှစ်ယောက် ပြန်လာတာကို စောင့်ကြတာပေါ့... သူတို့ ပြန်လာရင် ကျွန်တော်တို့ ဆက်သောက်ကြမယ်...တကယ်ပါပဲ... ခင်ဗျားတို့နဲ့ သောက်နေတုန်း ဒီလူတွေက လာပြီး ပြဿနာရှာကြတယ်"
ချင်းမင်သည် သူ၏ဖခင်နှင့် ဆရာသခင်ချင်းယန် လိုက်သွားသောဘက်သို့ လှမ်းကြည့်ပြီး ပြောဆိုလိုက်သည်။