← Chapters

ချင်းမိသားစု၏ အောင်ပွဲ

Vol. 8 Ch. 117

ချင်းမိသားစု၏ အောင်ပွဲ

Vol. 8 Ch. 117

ချန်ယန်မြို့သို့ ဦးတည်သွားသော လမ်းမကြီးပေါ်တွင် လူတစ်စုသည် အလျင်အမြန် ခရီးနှင်နေကြ၏။

"ချင်းမိသားစု ဘာဖြစ်သွားလဲ မသိဘူး"

လူကြီးတစ်ဦးက ရေရွတ်လိုက်သည်။

နံဘေးမှလူငယ်သည် ထိုစကားကို ကြားချိန်၌ မျက်နှာအမူအယာ အနည်းငယ်ပျက်ယွင်းသွားပြီး ပြောဆိုလိုက်သည်။

"အဖေ... သား နားမလည်ဘူး... ဘာလို့ ချင်းမိသားစုနဲ့ မဟာမိတ် ဖွဲ့ချင်ရတာလဲ... ဘာလို့ ချင်းမိသားစုကို ကူညီချင်နေရတာလဲ"

သူ ဤမေးခွန်းကို မေးချင်နေသည်မှာ ကြာပြီဖြစ်သော်လည်း ဖခင်၏ဩဇာအာဏာကြောင့် ထုတ်မပြောရဲခဲ့ချေ။

ယခုချိန်၌ ဖခင်ဖြစ်သူသည် တစ်ယောက်တည်း တီးတိုးရေရွတ်နေသည်ကို ကြားလိုက်ရသဖြင့် သူ မနေနိုင်တော့ပေ။

သူ၏ဖခင်သည် အရာရာတိုင်းကို တည်ငြိမ်စွာ လုပ်ဆောင်လေ့ရှိသည်။ ဤတစ်ကြိမ်၌ သူ၏ဖခင်သည် မည်သည့်စိတ်ကူးမျိုးဖြင့် ချင်းမိသားစုနှင့် မဟာမိတ်ဖွဲ့ခဲ့သည်ကို သူ တွေးတောမရချေ။

အိုးယန်မိသားစုခေါင်းဆောင်သည် သားဖြစ်သူ၏စကားကို ကြားသောအချိန်၌ ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။

"မင်းက ချင်းမိသားစု လျှိုမြို့ရဲ့ မိသားစုကြီးလေးစုစာရင်းထဲ ဝင်လာတာကို မြင်ကတည်းက မကျေမနပ်ဖြစ်နေခဲ့တယ်...ဘာလဲ... အခု ချင်းမိသားစု ဒုက္ခရောက်နေတော့ မင်းက သူတို့ကို အထင်သေးနေတာလား"

"ဒါက... ဒါက... အဖေ မျှော်လင့်ထားတဲ့အတိုင်း မဟုတ်ဘူးလား"

လူငယ်၏မျက်နှာအမူအယာ ပို၍ပျက်ယွင်းသည်။

အိုးယန်မိသားစုခေါင်းဆောင်သည် သက်ပြင်းချပြီး ပြောဆိုလိုက်၏။

"ဘယ်သူက ထင်မိမှာလဲ...ကိစ္စတွေက ဒီလိုမျိုး ပြောင်းလဲသွားခဲ့တယ်... ချင်းမိသားစုသာ နောက်ထပ် အချိန်နည်းနည်းလောက် ထပ်ရလိုက်ရင် အမြင့်ကို တက်လှမ်းသွားနိုင်မှာ သေချာတယ်...ဒါပေမဲ့..."

အိုးယန်မိသားစုခေါင်းဆောင်က ခေါင်းခါယမ်းပြီး ထပ်မံ၍ သက်ပြင်းချလိုက်သည်။

ထိုအချိန်မှာပင် မြင်းစီးသမားတစ်စု ဒုန်းစိုင်း ဝင်ရောက်လာရာ သူတို့အားလုံးက လှမ်းကြည့်လိုက်ကြသည်။

"ဒါက ကျွန်တော်တို့ရဲ့လူတွေပဲ...."

လူငယ်က အံ့အားတသင့် ရေရွတ်လိုက်၏။

သူ အံ့အားတသင့် ရေရွတ်လိုက်ခြင်းမှာ ဤလူများသည် လျှိုမြို့ကို စုံစမ်းထောက်လှမ်းနေသော သူလျှိုများဖြစ်ကြောင်း သူ သိထားသောကြောင့်ပင်။

ကြီးမားသော ဖြစ်ရပ်တစ်ခုခု မဖြစ်ပွားလျှင် ထိုသူလျှိုများသည် ဤမျှထိ အလျင်လိုနေမည် မဟုတ်ချေ။

လျှိုမြို့တွင် သူတို့ အစိုးရိမ်ဆုံးကိစ္စဟူ၍ မည်သည့်အရာ ရှိနိုင်မည်နည်း။

ချင်းမိသားစု ပျက်စီးသွားခြင်း သို့မဟုတ် ဝမ်မိသားစုနှင့် ချန်မိသားစုတို့သည် အိုးယန်မိသားစုကို အလွတ်မပေးဘဲ လိုက်လံတိုက်ခိုက်ခြင်းတို့သာ ဖြစ်နိုင်သည်။

ထို့ထက်ပို၍ အရေးကြီးသော ကိစ္စကို သူ စဉ်းစား၍ မရပေ။

သူလျှိုခေါင်းဆောင်သည် အိုးယန်မိသားစုခေါင်းဆောင်၏ရှေ့တည့်တည့်သို့ ရောက်ရှိလာပြီး ဒူးထောက်လိုက်၏။ သူသည် စကားပြောလိုသော်လည်း အလွန်စိတ်လှုပ်ရှားနေသဖြင့် စကားတစ်ခွန်းမျှ မထွက်နိုင် ဖြစ်နေသည်။

"ချင်းမိသားစု ပျက်စီးသွားပြီလား...ချင်းယွမ် သေပြီလား...ချင်းမင်ရော သေသွားပြီလား"

အိုးယန်မိသားစုခေါင်းဆောင်၏ နံဘေးမှ လူငယ်က စိုးရိမ်ပူပန်တကြီးဖြင့် အော်ဟစ်မေးမြန်းလိုက်သည်။

သူလျှိုခေါင်းဆောင်သည် စကားပြောလိုသော်လည်း ပြောဆို၍မရဘဲ အသက်ကိုသာ ပြင်းပြင်းရှူရှိုက်နေရသည်။

"သူ့ကို ရေတိုက်လိုက်ကြစမ်း"

အိုးယန်မိသားစုခေါင်းဆောင်က အမိန့်ပေးသည်။

လူတစ်ဦးက ရေဘူးတစ်ဘူးကို သူလျှိုခေါင်းဆောင်ထံသို့ လက်ကမ်းပေးလိုက်၏။

အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော သူလျှိုခေါင်းဆောင်သည် ရေဘူးကို လှမ်းယူပြီး အငမ်းမရ သောက်လိုက်သည်။

သူသည် အဝတ်အစားပေါ်သို့ ရေများ ဖိတ်စင်ကျသွားသည်ကိုပင် ဂရုမစိုက်နိုင်ချေ။

"ငါ စိတ်ပူနေပြီ... ဘာသတင်းလဲ မြန်မြန်ပြောစမ်း"

လူငယ်သည် မြင်းပေါ်မှ ဆင်းလိုက်ပြီးနောက် ခြေတစ်ဖက်ဆောင့်ကာ ပြောဆိုလိုက်သည်။

ဤသူလျှိုများသည် မြင်းစီးလာကြခြင်းဖြစ်ရာ အလွန်မောပန်းနေရန် အကြောင်းမရှိချေ။

သို့ရာတွင် ဤသူလျှိုခေါင်းဆောင်သည် အသက်ရှူမဝဖြစ်နေပြီး သေလုမျောပါးဖြစ်နေပေ၏။ ထိုကြောင့် သတင်းသည် အလွန်အရေးကြီးသဖြင့် သူ့ကိုယ်သူ ဂရုမစိုက်ဘဲ အလျင်စလို လာခဲ့ခြင်းကြောင့် ဖြစ်မည်မှာ သိသာထင်ရှားသည်။

အနက်ရောင်ဝတ်စုံဝတ် သူလျှိုခေါင်းဆောင်သည် ရေသောက်ပြီးသောအချိန်၌ နောက်ဆုံးတွင် စကားပြောဆိုနိုင်သွားပြီး အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောဆိုသည်။

"မိသားစုခေါင်းဆောင်... လျှိုမြို့မှာ ကိစ္စကြီးတစ်ခု ဖြစ်သွားပြီ... ချင်းမိသားစု... ချင်းမိသားစု..."

"ချင်းမိသားစု ဘာဖြစ်တာလဲ... မင်း မြန်မြန်ပြောစမ်းပါ"

လူငယ်သည် စောင့်ဆိုင်းရသည်ကို စိတ်မရှည်တော့သဖြင့် သူလျှိုခေါင်းဆောင်ကို ရိုက်သတ်ချင်စိတ် ပေါက်လာသည်။

"ချင်းမိသားစုမှာ မဟာသိုင်းဆရာကြီးတွေ ရှိတယ်... အများကြီးပဲ... အဲ့ဒီမဟာသိုင်းဆရာကြီးတွေက ချန်မိသားစုတစ်စုလုံးကို အမြစ်ပြတ်သုတ်သင်လိုက်ပြီ... ဝမ်မိသားစုနဲ့ မြို့တော်ဝန်တို့လည်း ဆုတ်ခွာသွားကြပြီ....တကယ်ကြီး နိုင်သွားပြီ... ချင်းမိသားစု နိုင်သွားပြီ"

ဘာ...

ချင်းမိသားစု နိုင်သွားပြီတဲ့လား...

ချင်းမိသားစုမှာ ရုတ်တရက်ကြီး မဟာသိုင်းဆရာကြီးတွေအများကြီး ထွက်ပေါ်လာတာလား....

ထိုသတင်းတချို့က လူငယ်၏ခန္ဓာကိုယ်ကို တုန်ခါသွားစေသည်။

"ကောင်းတယ်... အရမ်းကောင်းတယ်"

အိုးယန်မိသားစုခေါင်းဆောင်က အော်ဟစ်လိုက်သည်။

"ချင်းမိသားစု အနိုင်ရပြီဆိုမှတော့... ငါတို့ လျှိုမြို့ကို ပြန်ကြမယ်...မပြောင်းရွှေ့တော့ဘူး"

"ဟားဟား... ချင်းမိသားစု... မင်းတို့ တော်လိုက်တာကွာ... လျှိုမြို့..."

အိုးယန်မိသားစုခေါင်းဆောင်သည် မိုးကောင်းကင်ယံကို မော့ကြည့်ပြီး ရူးသွပ်နေသည့်အလား ရယ်မောလိုက်သည်။

ဤတစ်ကြိမ်တွင်မူ သူ၏ရွေးချယ်မှု မှန်ကန်ခဲ့လေပြီ။

All Chapters