ပျော်ရွှင်နေသော ချင်းမိသားစု
Vol. 8 Ch. 118
"မင်း သိလား... ဝမ်မိသားစု ချန်မိသားစုနဲ့ မြို့တော်ဝန်တို့က လူတွေခေါ်ပြီး ချင်းမိသားစုကို ဝိုင်းထားကြတယ်တဲ့"
"ဒါဆိုရင် ချင်းမိသားစု ပျက်စီးသွားပြီလား"
"မဟုတ်ဘူး... သူတို့က ပျက်စီးမသွားတဲ့အပြင် ချန်မိသားစုက ပျက်စီးသွားပြီးတော့ ဝမ်မိသားစုနဲ့ မြို့တော်ဝန်တို့လည်း ရှုံးနိမ့်သွားကြတယ်"
"ဘယ်လို ဖြစ်ရတာလဲ"
"မင်း မသိဘူးလား... အခု သတင်းတွေက တစ်မြို့လုံး ပျံ့နေပြီ... ချင်းမိသားစုမှာ မဟာသိုင်းဆရာကြီးတစ်ရာလောက် ရှိပြီးတော့ ချန်မိသားစုကို သွေးချောင်းစီးအောင် သတ်လိုက်ကြတယ်တဲ့"
"တစ်ရာတောင် ဟုတ်လား"
"..."
လျှိုမြို့တစ်မြို့လုံး ဆူညံပွက်လောရိုက်နေပြီး လူများအားလုံးသည် လျှိုမြို့တွင် မကြာသေးမီက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ဆွေးနွေးနေကြ၏။
နှိမ့်ချနေထိုင်သော ချင်းမိသားစုတွင် ရုတ်တရက် မဟာသိုင်းဆရာကြီး အမြောက်အများ ရှိလာပြီး ချန်မိသားစုကို ဖျက်ဆီးလိုက်မည်ဟု မည်သူက တွေးထင်ထားမိမည်နည်း။
လျှိုမြို့သားများသည် ချန်မိသားစု ပျက်စီးသွားခြင်းအတွက် အလွန်ဝမ်းသာနေကြပြီး လူတချို့ဆိုလျှင် လမ်းမပေါ်တွင် အိုးစည်ဗုံမောင်းများ တီးကာ ပျော်ပွဲရွှင်ပွဲ ပြုလုပ်နေကြသည်။
လျှိုမြို့၏အခွင့်အာဏာ ပြောင်းလဲသွားပြီဖြစ်ကြောင်းနှင့် ယခင်ကဲ့သို့ မိသားစုကြီးလေးစု၏ခေတ်ကာလ မဟုတ်တော့ကြောင်း သူတို့အားလုံး ဝိုးတဝါး သိလိုက်ကြသည်။
ယခုချိန်၌ ချင်းမိသားစုကသာ အခွင့်အာဏာ အကြီးမားဆုံးပင်။
ချင်းအိမ်တော် တံခါးဝတွင် လူတချို့ မတ်တတ်ရပ်နေကြသည်။ သူတို့သည် ချင်းမင် ချင်းယွမ် ဆရာသခင်ချင်းယန် နှင့် လူထွားကြီးဆယ်ယောက်တို့ပင်။
ချင်းမိသားစုဝင်များ၏ ကြိုးစားပမ်းစား ရှင်းလင်းမှုကြောင့် ဤနေရာတွင် သွေးစွန်းသည့် အရိပ်အယောင်များ မရှိတော့ချေ။
လေထုထဲတွင် ပျံ့လွင့်နေသော သွေးညှီနံ့သဲ့သဲ့ကသာ အစောပိုင်းက လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီး ဖြစ်ပျက်ခဲ့ကြောင်း သက်သေပြနေသည်။
"လူကြီးမင်းတို့... ဒီတစ်ကြိမ်ကိစ္စအတွက် အရမ်းကျေးဇူးတင်ပါတယ်... ခင်ဗျားတို့ ပြန်ရောက်ရင် နောက်ထပ် ဆုလာဘ်တွေ ထပ်ပြီးရပါလိမ့်မယ်...ကျန်တဲ့ဆေးလုံးတွေကို ကျွန်တော်က ချက်ချင်းပို့ပေးလိုက်ပါ့မယ်"
ချင်းမင်က သူ၏လက်ကိုပူးဆုပ်ပြီး လူထွားကြီးဆယ်ယောက်ကို ပြောဆိုလိုက်သည်။
"ကျေးဇူးတင်ရမှာက ငါတို့ပါ... ငါတို့က ဘာမှ အထွေအထူး မလုပ်ရဘဲနဲ့ အခကြေးငွေတွေအများကြီး ရလိုက်တယ်...အမှန်အတိုင်းပြောရရင် ဒါက ငါတို့ လုပ်ဖူးသမျှ အလုပ်တွေထဲမှာ အသက်သာဆုံးပဲ"
ခေါင်းဆောင်ဖြစ်သူ ပိန်ပါးပါးလူလတ်ပိုင်းကြီးက ပြောဆိုသည်။
"ချင်းအိမ်တော်က ဧည့်ခံတဲ့ အရက်နဲ့ အစားအသောက်တွေကလည်း အရမ်းကောင်းတယ်"
တောင့်တင်းသန်မာသော လူထွားကြီးတစ်ယောက်က ဖြည့်စွက်၍ ပြောဆိုလိုက်၏။
"ဟား ဟား ဟား..."
လူများအားလုံး ရယ်မောလိုက်ကြသည်။
"ဒါဆိုရင်... ငါတို့တွေ နောက်မှ ပြန်ဆုံကြတာပေါ့"
"ပြန်ဆုံကြတာပေါ့"
လူထွားကြီးဆယ်ယောက်သည် စကားပြောဆို ရယ်မောရင်း ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားကြရာ အချိန်တခဏအတွင်းမှာပင် အဝေးသို့ ပျောက်ကွယ်သွားကြသည်။
သူတို့ ထွက်ခွာသွားပြီးနောက် ချင်းမင်နှင့်ချင်းယွမ်တို့သည် စည်းဝေးခန်းမဆောင်သို့ ရောက်လာကြသည်။
ချင်းမိသားစုဝင် အကြီးအကဲများသည် ဤနေရာတွင် စောင့်ဆိုင်းနေကြ၏။
ချင်းယွမ်က ထိပ်ဆုံးနေရာသို့ သွားရောက်ထိုင်လိုက်ပြီး တခြားသူများလည်း နေရာယူလိုက်ကြသည်။
"ဒီတစ်ကြိမ်မှာ အကြီးမားဆုံး သူရဲကောင်းက ချင်းမင်ကလွဲပြီး ဘယ်သူမှ မရှိဘူး"
ချင်းယွမ်က ကျယ်လောင်စွာ ပြောဆိုလိုက်သည်။
အကြီးအကဲများကလည်း ခေါင်းညိတ်ပြကာ ထောက်ခံလိုက်ကြ၏။
"အမှန်ပဲ... သခင်လေးချင်းမင်သာ မရှိရင် ကျွန်တော်တို့က ဒီတစ်ကြိမ်မှာ ဘေးဒုက္ခ ရောက်နေလောက်ပြီ... ဘယ်လိုလုပ်ပြီး ရန်သူကို အနိုင်ရနိုင်မှာလဲ"
"သခင်လေး ချင်းမင် ရှိနေသရွေ့ ကျွန်တော်တို့ ချင်းမိသားစုမှာ ဆက်ခံမယ့်သူ ရှိနေပြီ... သေချာပေါက် ပိုပြီး ကြီးပွားတိုးတက်လာမှာပဲ"
"..."
ချင်းမင်က မတ်တတ်ထရပ်ပြီး သူ၏လက်နှစ်ဖက်ကို ပူးဆုပ်ကာ ပြောဆိုလိုက်သည်။
"ချင်းမိသားစုက ဒီကပ်ဘေးကြီးကို ကျော်လွှားနိုင်ခဲ့တယ်ဆိုတာ ချင်းမိသားစုဝင် အားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့်ပါ... ကျွန်တော်က အနည်းအကျဉ်းလောက်ပဲ အားစိုက်ခဲ့ရတာပါ..ကျွန်တော့်ကို မချီးကျူးကြပါနဲ့တော့"
"သခင်လေး ချင်းမင်က တကယ်ကို နှိမ့်ချလွန်းပါတယ်... ဒီတစ်ကြိမ်မှာ သခင်လေး ချင်းမင် လုပ်ခဲ့တာတွေကို ကျွန်တော်တို့အားလုံး မြင်ပါတယ်...သခင်လေး ချင်းမင်သာ မရှိရင် ဒီလူအိုကြီးတွေက အခုချိန်မှာ ဘိုးဘေးတွေဆီ ရောက်နေလောက်ပြီ... ဘယ်လိုလုပ်ပြီး ဒီနေရာမှာ ထိုင်နေနိုင်ပါ့မလဲ"
အကြီးအကဲတစ်ဦးက မတ်တတ်ထရပ်ပြီး ကျယ်လောင်စွာ ပြောဆိုလိုက်သည်။
"ဟုတ်တယ်... ဒီကိစ္စဖြစ်ပြီးတာနဲ့ သခင်လေး ချင်းမင်က လျှိုမြို့တစ်မြို့လုံးမှာ နာမည်ကျော်ကြားသွားပြီ...သခင်လေးက အရမ်းနှိမ့်ချမနေပါနဲ့... မကြာခင်မှာ ကျွန်တော်တို့ ချင်းမိသားစုရဲ့ တံခါးခုံက အောင်သွယ်တော်တွေ နင်းလို့ ပျက်စီးတော့မယ် ထင်တယ်"
အကြီးအကဲတစ်ဦးက အပြုံးနှင့် ပြောဆိုသည်။
"ဟား ဟား ဟား..."
ချင်းမိသားစုဝင်များအားလုံး ရယ်မောလိုက်ကြသည်။
ချင်းမိသားစုတွင် ပြင်ပအကူအညီများ ရှိနေကြောင်းနှင့် ထိုလူများသည် မဟာသိုင်းဆရာကြီး ဆယ်ဦးဖြစ်ကြောင်း သိလိုက်ရချိန်၌ သူတို့အားလုံး အလွန်အံ့အားသင့်တုန်လှုပ်သွားခဲ့ကြသည်။
ထိုလူများကို ချင်းမင်က ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်ကြောင်း ကြားသိရချိန်၌ သူတို့သည် အချိန်အတော်ကြာကြီး အံ့အားသင့်တုန်လှုပ်နေခဲ့ပြီးမှ စိတ်သက်သာရာ ရသွားကြသည်။
ချင်းမင်သည် အလားအလာရှိပြီး ပါရမီကောင်းသူဖြစ်ကြောင်း သူတို့ သိရှိထားကြသည်။
သို့ရာတွင် ထိုမျှထိ အစွမ်းထက်သော ပုဂ္ဂိုလ်များကို သိကျွမ်းရုံသာမက ဝင်ရောက်ကူညီပေးရန် ဖိတ်ခေါ်နိုင်ခြင်းသည် သူ၏ အထူးခြားဆုံးစွမ်းရည်ဖြစ်သည်။