မြို့တော်ဝန် ရာထူးကို ရယူခြင်း
Vol. 8 Ch. 119
နောက်ဆုံးတွင် ချင်းမင်သည် လူအများ၏ ချီးကျူးစကားများကြားမှနေ၍ စည်းဝေးခန်းမဆောင်ထဲက ထွက်လာနိုင်ခဲ့သည်။ သူသည် အရေးကြီးကိစ္စရှိသည်ဟု အကြောင်းပြချက် မပေးခဲ့လျှင် ထွက်လာနိုင်မည် မဟုတ်ချေ။
ထိုအကြီးအကဲများ၏ စိတ်အားထက်သန်မှုသည် လွန်ကဲပေ၏။
ကံကောင်းသည်မှာ မိသားစုကိစ္စများအားလုံးကို သူ၏ဖခင်က တာဝန်ယူထားခြင်းပင်။ အကယ်၍ သူသာ ဤကိစ္စများကို တာဝန်ယူရလျှင် စိတ်ရှုပ်ဖွယ် ကောင်းနေပေလိမ့်မည်။
ချင်းမင်သည် ကျွယ်မင်ခန်းမဆောင်၏ စာရင်းများကို အရင်ရှင်းရန် ရည်ရွယ်ပြီး တံခါးဝထံသို့ လျှောက်လှမ်းသွားလိုက်၏။ သူသည် သူတစ်ပါးအပေါ် အကြွေးတင်ထားရသည်ကို မနှစ်သက်သူပင်။
ကျွယ်မင်ခန်းမဆောင်တွင် တာဝန်ခံကျန်းသည် ကောင်တာနောက်၌ ထိုင်ကာ စာရင်းစာအုပ်များကို ကြည့်ရင်း ပြုံးနေသည်။
ဤတစ်ကြိမ်တွင် ချင်းမင်သည် ကျွယ်မင်ခန်းမဆောင်အတွက် အကျိုးအမြတ်ကြီးကြီးမားမားကို ယူဆောင်ပေးခဲ့သဖြင့် ဌာနချုပ်၏ အကြီးအကျယ် ချီးကျူးခြင်းကို သူ ခံယူခဲ့ရသည်။
ပြီးပြည့်စုံခြင်းအဆင့် ချီစုစည်းခြင်းဆေးလုံးသည် ဌာနချုပ်မှာပင်လျှင် အဖိုးတန်ရှားပါးသော ပစ္စည်းတစ်ခုဖြစ်သည်။
ပြီးပြည့်စုံခြင်းအဆင့် ဆေးလုံးများသည် အမှန်တကယ်ကို ပစ္စည်းပြတ်လပ်နေပြီး ထွက်ပေါ်လာသည်နှင့် အလုအယက်ဝယ်ယူခြင်း ခံရသည်။ သူသည် ဤဆေးလုံးများကို ရရှိခဲ့သဖြင့် ကြီးမားသော အလုပ်တစ်ခုကို လုပ်ဆောင်နိုင်ခဲ့ခြင်းပင်။
ဤဆေးလုံးများသည် မဟာသိုင်းဆရာကြီးများကို ငှားရမ်းရန်အတွက် ဖြစ်သော်လည်း ထိုလူများသည် ဤမျှထိ အဖိုးတန်သော ဆေးလုံးများကို ကျင့်ကြံရန်အတွက် သုံးစွဲကြမည် မဟုတ်ပေ။ ကျွယ်မင်ခန်းမဆောင်က ဈေးကြီးပေးပြီး ဝယ်ယူကာ ဆုလာဘ်များကို တခြားအရာဖြင့် အစားထိုး လဲလှယ်ပေးခဲ့သည်။
ထို့ကြောင့် နောက်ဆုံးတွင် ဤ ပြီးပြည့်စုံခြင်းအဆင့် ချီစုစည်းခြင်းဆေးလုံးများ အားလုံးသည် ကျွယ်မင်ခန်းမဆောင်၏ဌာနချုပ်သို့ ရောက်ရှိသွားခဲ့သည်။
"တာဝန်ခံကျန်း... ချင်းမင် ရောက်နေပါတယ်"
အစေခံမလေး၏ စကားသံက တာဝန်ခံကျန်း၏ တွေးတောနေမှုများကို ဖြတ်တောက်လိုက်၏။
"ဘာ... ချင်းမင် ရောက်နေတာလား... ဘယ်မှာလဲ"
တာဝန်ခံကျန်းက ပျာပျာသလဲ မေးမြန်းသည်။
"တာဝန်ခံကျန်း... ကျွန်တော်က စာရင်းလာရှင်းတာပါ"
ချင်းမင်က ကျွယ်မင်ခန်းမဆောင်ထဲသို့ ဝင်လာပြီး အပြုံးနှင့် ပြောဆိုလိုက်သည်။
"သွားကြမယ်"
ထိုသို့ပြောဆိုပြီးသည်နှင့် တာဝန်ခံကျန်းသည် အနောက်ခန်းထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်သွားသည်။
ဤမျှ အဖိုးတန်သော ပစ္စည်းများအတွက် သူ အနောက်ခန်းသို့သွား၍ ဆွေးနွေးခြင်းက ပို၍ကောင်းမွန်ပေမည်။
"ဒါက ခင်ဗျားအတွက်ပါ"
ချင်းမင်က တာဝန်ခံကျန်းထံသို့ ကျောက်စိမ်းပုလင်းတစ်လုံး လက်ကမ်းပေးလိုက်သည်။
တာဝန်ခံကျန်းက အပြုံးနှင့် ထိုအရာကို ယူဆောင်လိုက်၏။
"အရေအတွက် မှားနေတာလား... ဒါက အရမ်းများလွန်းနေတယ်"
တာဝန်ခံကျန်းက ကျောက်စိမ်းပုလင်းကို သေချာစစ်ဆေးပြီးနောက် ပြောဆိုလိုက်သည်။
ဤကျောက်စိမ်းပုလင်းသည် အနည်းငယ် ကြီးမားပြီး အတွင်း၌ ပြီးပြည့်စုံခြင်းအဆင့် ချီစုစည်းခြင်းဆေးလုံး အလုံး၁၀၀ ပါဝင်သည်။
ချင်းမင်သည် ပြီးခဲ့သောတစ်ခေါက်က ဆေးလုံး ၅၀ ပေးထားပြီးဖြစ်သည်။ ဤတစ်ကြိမ်၌ သူသည် ဆေးလုံး၅၀သာ ပေးရပေမည်။ မည်သည်ကြောင့် နောက်ထပ် ဆေးလုံး ၅၀ ပိုပေးရသနည်း။
ချင်းမင်သည် ပြီးခဲ့သော တစ်ခေါက်က ဆေးလုံးများ ပေးခဲ့သည်ကို မေ့လျော့သွားသည်ဟု တာဝန်ခံကျန်း တွေးထင်ထားမိခြင်း မရှိချေ။
"ဒါက ဒီတစ်ကြိမ် အပေးအယူ လုပ်ဖို့အတွက်ပါ"
ချင်းမင်သည် ကုလားထိုင်ပေါ်တွင် ထိုင်လိုက်ပြီး လက်ဖက်ရည်တစ်ခွက် ငှဲ့သောက်ရင်း ပြောဆိုလိုက်သည်။
"ဘာ အပေးအယူလဲ"
တာဝန်ခံကျန်း ဝမ်းသာအားရ ဖြစ်သွားသည်။
အပေးအယူ လုပ်ရသည်မှာ အလွန်ကောင်းမွန်ပေ၏။ သူသည် အပေးအယူ လုပ်ရသည်ကို ကြိုက်နှစ်သက်ပြီး ဤကဲ့သို့ ကြီးမားသော အရောင်းအဝယ်မျိုး နောက်ထပ် အကြိမ်ရေ အနည်းငယ်လောက် လုပ်ပြီးလျှင် သူ ရာထူးတိုးတော့မည်ဟု ခန့်မှန်းမိသည်။
"ကျွန်တော်က လျှိုမြို့ရဲ့ မြို့တော်ဝန်ရာထူးကို လိုချင်တယ်... ဒီ ပြီးပြည့်စုံခြင်းအဆင့် ချီစုစည်းခြင်းဆေးလုံး ၅၀ကို နန်းတွင်းက လူတွေဆီ ဆက်သပေးဖို့ ကျွယ်မင်ခန်းမဆောင်ကို အကူအညီ တောင်းချင်ပါတယ်"
ချင်းမင်က ပေါ့ပေါ့ပါးပါး ပြောဆိုသည်။
"ပစ္စည်း ပို့ခိုင်းရုံပဲလား"
တာဝန်ခံကျန်း အနည်းငယ် စိတ်ပျက်သွားသည်။ လူများသတ်ဖြတ်ခိုင်းအုံးမည်ဟု သူ တွေးထင်ထားခဲ့သော်လည်း ပစ္စည်းပို့ခိုင်းရုံသာ ဖြစ်နေပေ၏။
သတ်ဖြတ်သည့်ကိစ္စအတွက် ဈေးနှုန်းတစ်မျိုးဖြစ်ပြီး ပစ္စည်းပို့ဆောင်ခကမူ ဈေးနှုန်းတစ်မျိုးပင်။
သတ်ဖြတ်သည့်ကိစ္စအတွက် အခကြေးငွေသည် ပို၍ဈေးကြီးကြောင်း သိသာထင်ရှားသည်။
နန်းတွင်းသို့ ပစ္စည်းပို့ခြင်းသည် သာမန်လူများထံသို့ ပစ္စည်းပို့ခြင်းထက် ပို၍ဈေးကြီးသော်လည်း...
လူသတ်သည့် အလုပ်နှင့်မူ နှိုင်းယှဉ်၍မရချေ။
ချင်းမင်က အပြုံးနှင့် ပြောဆိုသည်။
"တာဝန်ခံကျန်း... နောင်တစ်ချိန်မှာ ကျွန်တော် မဖြေရှင်းနိုင်တဲ့ ကိစ္စမျိုးရှိရင် ခင်ဗျားဆီ ထပ်လာမှာပါ...ဘာမှ စိတ်မပူပါနဲ့"
"ဒါဆိုရင်လည်း ပြီးတာပဲ"
တာဝန်ခံကျန်းသည် နှမြောတသဖြစ်စွာဖြင့် ကျောက်စိမ်းပုလင်းကို သိမ်းဆည်းလိုက်ပြီး နောက်တစ်ကြိမ် အရောင်းအဝယ်ကိုသာ မျှော်လင့်ရတော့သည်။
သို့ရာတွင် ချင်းမင်ထံ၌ ပြီးပြည့်စုံခြင်းအဆင့် ချီစုစည်းခြင်းဆေးလုံး ထပ်မံ၍ ရှိမရှိကိုမူ တာဝန်ခံကျန်းက အနည်းငယ် စိုးရိမ်မိသည်။
"ချင်းမင်... လျှိုမြို့ရဲ့ မြို့တော်ဝန် နေရာကို ဘာလို့ စိတ်ကူးနေတာလဲ"
တာဝန်ခံကျန်းက သံသယဖြင့် မေးမြန်းလိုက်သည်။
သူသည် ချင်းမင်နှင့် များစွာဆက်ဆံဖူးခြင်း မရှိသော်လည်း ဤလူငယ်သည် အာဏာကို စွဲလမ်းသူ မဟုတ်ကြောင်း သူ မြင်တွေ့နိုင်သည်။
သူသည် ကျင့်ကြံခြင်းကို အလွန်အလေးထားသူဖြစ်ရာ ထိုကဲ့သို့ လူစားမျိုးသည် အာဏာကို အထင်သေးသင့်သည်။
ယခု၌မူ မည်သည်ကြောင့် ဤသို့ ဖြစ်လာသနည်း....
ချင်းမင် လက်ကာပြပြီး ပြောဆိုသည်။
"ချင်းမိသားစု... ဒါတွေအားလုံးက ချင်းမိသားစုအတွက် လုပ်တာပါ"
ချင်းမိသားစုဟု ဆိုသလော....
တာဝန်ခံကျန်းက ခေါင်းညိတ်လိုက်သည်။ ချင်းမိသားစုသည် အလွန်ကံကောင်းကာ ဤကဲ့သို့ သားကောင်းရတနာမျိုးကို မွေးဖွားနိုင်ခဲ့သည်။