အခန်း (၁၂၄)
Vol. 13 Ch. 124
ကွမ်ရှီး လီကျင်းဌာန၏ ငြိမ်ဝပ်ပိပြားရေးမင်းကြီး ဖြစ်သော လင်းကျန်းချောင်သည် ယခုနှစ်တွင် အသက် ၅၃ နှစ် ရှိပြီဖြစ်သည်။
သူသည် အင်ပါယာ၏ ဒုတိယအဆင့် သိုင်းပညာရှင် တစ်ဦး ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၃၀ က လီကျင်းဌာနသို့ ဝင်ရောက်ခဲ့ပြီး လွန်ခဲ့သော ၅ နှစ်က နန်ကျင်းမှ ကွမ်ရှီးသို့ ပြောင်းရွှေ့ရောက်ရှိလာကာ နောက်ဆုံးတွင် ပြည်နယ်တစ်ခုလုံး၏ လီကျင်းဌာန အာဏာကို ချုပ်ကိုင်နိုင်ခဲ့သည်။
ယနေ့တွင် သူသည် ကွမ်ရှီးပြည်နယ်၏ ထိပ်တန်း အာဏာရှိသူ တစ်ဦး ဖြစ်ပြီး လီဝမ်ဟွေ့၏ အရေးအကြီးဆုံးပြိုင်ဘက်လည်း ဖြစ်သည်။
သူသည် လုံးဝ တည်ကြည်လေးနက်ပြီး ဘယ်တော့မှ မပြုံးသည့် အမျိုးသား တစ်ဦး ဖြစ်သည်။ ဒေါသမထွက်ဘဲနှင့်ပင် ငယ်သားများ၏ လေးစားမှုကို ရရှိအောင် စွမ်းဆောင်နိုင်သူ ဖြစ်သည်။
ပိုင်ယွီချင်း၏ တိုင်တန်းမှုများကို ကြားနေရသော်လည်း သူသည် ခံစားချက် ကင်းမဲ့နေဆဲ ဖြစ်သည်။ သို့သော် သူ၏ ကျောက်တုံးကဲ့သို့ မျက်နှာသည် အနည်းငယ် တုန်ယင်သွားသည်။
သူ့သခင်က စိတ်မလှုပ်ရှားသည်ကို မြင်သောအခါ ပိုင်ယွီချင်းသည် မြေကြီးပေါ်တွင် ဒူးထောက်ချလိုက်ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။
“သခင်ကြီး။ အဲဒီ တုပိုင်ဆိုတဲ့ကောင်က မိန်းမစိုးအကယ်ဒမီက သာမန်မိန်းမစိုးလေး တစ်ယောက်ပဲ ရှိသေးတာ။ သူက ကျွန်တော်တို့ လီကျင်းဌာနရဲ့ တပ်မှူးငယ် တစ်ယောက်နဲ့ အလံကိုင်အရာရှိ တစ်ယောက်ကို သတ်ခဲ့ပြီး အရာရှိငယ် နှစ်ယောက်ရဲ့ လက်မောင်းတွေကို ဖြတ်ခဲ့တယ်။”
“ကျွန်တော်တို့သာ ပြန်မတိုက်ခိုက်ရင် လီကျင်းဌာနရဲ့ ဂုဏ်သိက္ခာကို ဘယ်လို ထိန်းသိမ်းနိုင်တော့မလဲ။ ဒီတိရစ္ဆာန်ကောင်ကို မသတ်ရင် ကျွန်တော်တို့ လီကျင်းဌာနက အရှေ့ဘက်ကွပ်ကဲရေးရုံး ရှေ့မှာ ဘယ်တော့မှ ခေါင်းမော့နိုင်တော့မှာ မဟုတ်ဘူး။”
လီကျင်းဌာန လင်းကျန်းချောင်သည် မျက်လုံးများကို မှေးစင်းလိုက်ပြီး ရုတ်တရက် လေထဲသို့ ကန်ချက်တစ်ချက် ထုတ်လိုက်သည်။ သူသည် ပိုင်ယွီချင်းနှင့် တစ်မီတာအကွာတွင် ရှိနေသေးသည်။
“ဖြောင်းးးး။”
ချက်ချင်းပင် တပ်မှူးငယ် ပိုင်ယွီချင်း၏ ခန္ဓာကိုယ်သည် တံမြက်စည်း လွှင့်ပစ်လိုက်သလို လွင့်ထွက်သွားပြီး လေထဲတွင် သွေးများ ပန်းထွက်ကာ နာကျင်စွာ အော်ဟစ်လိုက်သည်။
ပိုင်ယွီချင်းသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားပြီး သွေးတစ်လုပ် ထပ်မံ အန်လိုက်သည်။ ထို့နောက် ချက်ချင်းပင် မြေပြင်ပေါ်၌ ဝပ်တွားလိုက်ပြီး မလှုပ်ရဲတော့ချေ။
“မင်း ဘာလို့ ပြန်မတိုက်ခဲ့တာလဲ။” လင်းကျန်းချောင် ပြောလိုက်သည်။ “မင်း ဘာလို့ ချက်ချင်း တုပိုင်ကို မသတ်ခဲ့တာလဲ။”
ပိုင်ယွီချင်း ဦးခေါင်းဖြင့် မြေကြီးကို ဆောင့်ကာ ပြောလိုက်သည်။
“ကျွန်တော် ကိုယ်တိုင် ဆုံးဖြတ်ချက် မချရဲလို့ပါ။ လီကျင်းဌာနနဲ့ အရှေ့ဘက်ကွပ်ကဲရေးရုံးကြား စစ်ပွဲကြီး ဖြစ်သွားခဲ့ရင် ကျွန်တော် အကြိမ် တစ်သောင်း သေရင်တောင် မလုံလောက်ပါဘူး။”
လင်းကျန်းချောင်က ပြောလိုက်သည်။
“မင်းက တာဝန်ယူရမှာ ကြောက်ပြီး အနစ်နာခံရမှာ ကြောက်လို့ ခက်ခဲတဲ့ ပြဿနာတွေကို မင်းအထက်လူကြီး။ ငါ့ဆီ လွှဲချလိုက်တာပဲ။”
သူသည် အခြေအနေကို ကောင်းကောင်း နားလည်သဖြင့် ပိုင်ယွီချင်း၏ အပြုအမူအပေါ် အလွန် စိတ်ပျက်နေသည်။
ဘေးနားတွင် ရပ်နေသော ချွေ့မိသားစု ခေါင်းဆောင် ချွေ့ရွှမ်သည် ပိုင်ယွီချင်း၏ ဒဏ်ရာကို လုံးဝ ဂရုမစိုက်ဘဲ တည်ငြိမ်စွာ ပြောလိုက်သည်။
“အစ်ကိုလင်း။ ငယ်သားတွေက အသုံးမကျတော့ အကြီးအကဲတွေက ကိစ္စကို ပြီးမြောက်အောင် လုပ်ရဦးမှာပဲ။”
“မှန်တယ်။ ငါတို့ လုပ်ရမယ်။” လင်းကျန်းချောင်က ပြောလိုက်သည်။ “လူဖမ်းဖို့ ချက်ချင်း ပြင်ဆင်လိုက်။ တုပိုင်နဲ့ အဲဒီမှာရှိတဲ့ အရှေ့ဘက်ကွပ်ကဲရေးရုံး အဖွဲ့ဝင်တွေ အားလုံးကို ဖမ်းလိုက်။ တုပိုင်ရဲ့ ခြေလက်တွေ အရွတ်တွေကို ဖြတ်ပြီး မျက်လုံးတွေကို ဖောက်ထုတ်ပစ်။ ကျန်တဲ့ အရှေ့ဘက်ကွပ်ကဲရေးရုံး အဖွဲ့ဝင်တွေကိုတော့ တချို့ကို သတ်ပြီး တချို့ကို ထောင်ချလိုက်။”
ချွေ့ရွှမ်က မေးလိုက်သည်။ “ဒါဆို ဘာအကြောင်းပြချက် ပေးမလဲ။”
“တုပိုင်က လူတွေကို လုပ်ကြံစွပ်စွဲတယ်။ ဝန်ခံခိုင်းဖို့ နှိပ်စက်တယ်။ အစိုးရအရာရှိတွေကို အကြောင်းမဲ့ ဖမ်းဆီးပြီး တရားမဝင် အပြစ်ပေးတယ်။ ဒီပြစ်မှုတွေက သူ့ကို ဖမ်းဖို့ လုံလောက်တယ်။”
“ကျေးဇူးတင်ပါတယ် အစ်ကိုလင်း။” ချွေ့ရွှမ် သက်ပြင်းချလိုက်သည်။ ဤလုပ်ရပ်က ချွေ့မိသားစုအား ဧကရာဇ်မင်းမြတ် စာမေးပွဲ မသမာမှုတွင် ပါဝင်ပတ်သက်သည်ဟူသော သံသယမှ ကင်းရှင်းစေမည် ဖြစ်သည်။
လင်းကျန်းချောင်က ပြောလိုက်သည်။
“တုပိုင်ရဲ့ ပြစ်မှုတွေက အရေးမကြီးပါဘူး။ အဓိကအချက်က အရှေ့ဘက်ကွပ်ကဲရေးရုံးက ဝမ်ရင် အပါအဝင် အင်အားစု အများအပြားရဲ့ ဆန္ဒကို တညီတညွတ်တည်း ဖြစ်စေဖို့ပဲ။”
“ဒါမှ အရှေ့ဘက်ကွပ်ကဲရေးရုံးနဲ့ လီကျင်းဌာနကြား ထိပ်တိုက်တွေ့ဆုံမှုကို တားဆီးနိုင်မှာ။ လီဝမ်ဟွေ့ မြို့တော်ကနေ ပြန်ရောက်လာတဲ့ အချိန်ကျရင် နောက်ကျသွားပြီ။ တုပိုင်က အသုံးမကျတဲ့သူ ဖြစ်သွားပြီ။”
ချွေ့ရွှမ်က ပြောလိုက်သည်။
“ဒါဆို ကျွန်တော်တို့ အလုပ်ခွဲကြမယ်။ ကျွန်တော်က လီအကယ်ဒမီက အော်ယန်ထန်ကို သွားတွေ့မယ်။ အစ်ကိုက တောင်ပိုင်းပင်လယ် သိုင်းကျောင်းတော်က ကျူးဝူယာကို သွားတွေ့လိုက်။”
“ကောင်းပြီ။” လင်းကျန်းချောင်က ပြောလိုက်သည်။ “မင်း အရှေ့ဘက်ကွပ်ကဲရေးရုံးက တပ်မှူး ဝမ်ရင်ကိုလည်း သွားတွေ့သင့်တယ်။ ငွေယူသွားဖို့ မမေ့နဲ့။ များလေ ကောင်းလေပဲ။”
“ကောင်းပြီ။” ချွေ့ရွှမ်က ပြောလိုက်သည်။ “နောက်ထပ် အရေးကြီးတဲ့ လူတစ်ယောက် ရှိသေးတယ်။ ဝူစန်းရှီပဲ။”
လင်းကျန်းချောင်က ပြောလိုက်သည်။
“သူက သူ့ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း သိထားသင့်တယ်။ ဘာပဲဖြစ်ဖြစ် ဒီ ဧကရာဇ်မင်းမြတ်စာမေးပွဲ မသမာမှု ပေါက်ကြားသွားရင် ဖြစ်မာမဲ့ ပြဿနာကို သူလည်း ရှောင်လွှဲလို့ ရမာ မဟုတ်ဘူး။”
“သူက စာစစ်မှူးချုပ် ဖြစ်ရုံသာမက သူ့ရဲ့ ယုံကြည်ရတဲ့ အစေခံတွေကလည်း မသမာမှုမှာ တိုက်ရိုက် ပါဝင်ပတ်သက်နေတယ်။ သူ အပြစ်ကင်းရင်တောင် ဘယ်သူမှ ယုံမှာ မဟုတ်ဘူး။ သူ့အနာဂတ်နဲ့ ဂုဏ်သိက္ခာအတွက် သူ ငါတို့နဲ့ ပူးပေါင်းဖို့ကလွဲပြီး ရွေးချယ်စရာ မရှိဘူး။”
ချွေ့ရွှမ်က ပြောလိုက်သည်။ “မှန်တယ်။ ဝူစန်းရှီကို စည်းရုံးဖို့ ဘုရင်ခံဆီ အပ်မလား။ ဒါမှမဟုတ် အမတ်မင်း ကွေ့တုန်းယန်ဆီ အပ်မလား။”
လင်းကျန်းချောင်က ပြောလိုက်သည်။ “ကွေ့တုန်းယန် ဖြစ်မယ် ထင်တယ်။ လော့ဝမ်က သူ့အထက်လူကြီးပဲ ဖြစ်တာ။ ကွေ့တုန်းယန်ကတော့ ဧကရာဇ်မင်းမြတ် စာမေးပွဲတုန်းက သူ့ဆရာ ဖြစ်ခဲ့ဖူးတယ်။”
“ကျွန်တော်တို့ မြန်မြန်ဆန်ဆန်နဲ့ ပြတ်ပြတ်သားသား လုပ်ရမယ်။ ၃ နာရီအတွင်း တုပိုင်ကို ဖမ်းပြီး ဒီကောင်စုတ်ကို ဒုက္ခိတ ဖြစ်အောင် လုပ်ရမယ်။” ချွေ့ရွှမ်က ပြောလိုက်သည်။ “သူ့ကို ဖမ်းဖို့ တာဝန်ကတော့ လီကျင်းဌာနကပဲ လုပ်ဆောင်ဖို့ လိုတယ်။”
လင်းကျန်းချောင် အော်ခေါ်လိုက်သည်။ “လင်းယွမ်လီ။”
“ရှိပါတယ်။” ထက်မြက်ပြီး ခံ့ညားထည်ဝါသော စွမ်းအားကြီး သက်လတ်ပိုင်း လူတစ်ဦး ပေါ်လာပြီး ဒူးတစ်ဖက်ထောက်ကာ ပြောလိုက်သည်။ “မွေးစားအဖေကို ဂါရဝပြုပါတယ်။”
ဤလူသည် ကွမ်ရှီး လီကျင်းဌာန၏ ထက်မြက်သော ဓားသွားတစ်လက် ဖြစ်ပြီး ဝမ်ဟုအဆင့် အရာရှိ နှစ်ဦးအနက် တစ်ဦး ဖြစ်သည်။ လင်းကျန်းချောင် အမိန့်ပေးလိုက်သည်။
“လီကျင်းဌာနရဲ့ အတော်ဆုံး စစ်သည်တွေကို စုစည်းလိုက်။ လူ ၈၀၀ လောက် ခြံဝင်းထဲမှာ စုလိုက်။ ငါ အမိန့်ပေးတာနဲ့ ချက်ချင်း တုပိုင်ကို သွားဖမ်း။ နတ်ဘုရားတွေ ဗုဒ္ဓတွေ တားရင်တောင် သတ်ပစ်။”
“ဟုတ်ကဲ့။” လင်းယွမ်လီ အော်ဟစ်လိုက်ပြီ လက်ရွေးစင်စစ်သည်များကို စုစည်းရန် ထွက်သွားလေသည်။
ခဏအကြာတွင် လီကျင်းဌာန၏ အတော်ဆုံး စစ်သည် ၈၀၀ သည် လေ့ကျင့်ရေးကွင်းပြင်၌ စုဝေးရောက်ရှိနေပြီး တုပိုင်ကို ဖမ်းဆီးရန် အသင့်အနေအထား ဖြစ်နေကြသည်။
ထို့နောက် လင်းကျန်းချောင်နှင့် ချွေ့ရွှမ်တို့သည် လီကျင်းဌာနမှ ထွက်ခွာသွားပြီး အခြားသော ကွမ်ရှီးပြည်နယ်မှ ပုဂ္ဂိုလ်ကြီးများကို စည်းရုံးရန် သွားရောက်ကြသည်။
သူတို့သည် ပိုက်ကွန်တစ်ခုကို နေရာချနေပြီ ဖြစ်ပြီး လီဝမ်ဟွေ့ ကွမ်ရှီးတွင် မရှိခိုက် တုပိုင်ကို ငါးတစ်ကောင်ကဲ့သို့ဖမ်းပြီး အစိတ်စိတ်ပိုင်းဖြစ်ရန် ရည်ရွယ်ထားသည်။
တုပိုင်ဘက်တွင်မူ ကွေ့လင် အရှေ့ဘက်ကွပ်ကဲရေးရုံး၏ ဝမ်ဟုရုံးမှ ယုံကြည်ရသော လက်ပါးစေ အနည်းငယ်နှင့် အဆင့်နိမ့် စစ်သည် ၁၀၀ ခန့်သာ ရှိသည်။ သူသည် သြဇာအာဏာ ကြီးမားသော ကွမ်ရှီးပြည်နယ်၏ အကြီးဆုံးနှင့် အစွမ်းအထက်ဆုံး အုပ်စုကြီးများ၏ မဟာမိတ်ကို ရင်ဆိုင်နေရသည်။
ဤသည်မှာ ရထားလုံးကို လက်ဗလာဖြင့် တားဆီးရန် ကြိုးစားနေသကဲ့သို့ပင် ဖြစ်သည်။
**--**--**--**--**--**--**--**
ယွဲ့လုံတည်းခိုခန်း အတွင်းတွင် တုပိုင်သည် သူ့လူများကို ဦးဆောင်ပြီး ချွေ့ဖိန်ထင်၏ အခန်းထဲသို့ ဝင်ရောက်လာသည်။
တုပိုင်ကို မြင်သောအခါ ချွေ့ဖိန်ထင် သူမ မျက်လုံးများကိုပင် သူမ မယုံကြည်နိုင် ဖြစ်သွားရသည်။ သူမ အမုန်းဆုံး ဖြစ်သော ထိုမိန်းမစိုးလေးက သူမရှေ့တွင် ဤကဲ့သို့ ပေါ်လာရဲသည်လော။
ချက်ချင်းပင် ချွေ့ဖိန်ထင်သည် ဓားကို ဆွဲထုတ်ပြီး တုပိုင်ကို နေရာတင် သတ်ပစ်ရန် ပြင်လိုက်သည်။
သို့သော် ဓားကို တစ်ဝက်လောက် ဆွဲထုတ်ပြီးချိန်တွင် ရပ်တန့်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် တုပိုင်သည် လီဝမ်ဟွေ့၏ မွေးစားသား ဖြစ်မှန်း သူမ သိထားပြီး သူ့ကို သတ်လိုက်ပါက မိသားစုအတွက် ပြဿနာ ဖြစ်လာနိုင်သောကြောင့် ဖြစ်သည်။
“ထွက်သွား။” ချွေ့ဖိန်ထင် နှာခေါင်းကို ပိတ်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။ “နင်လို ညစ်ပတ်တဲ့ မိန်းမစိုးကောင်။ ငါ့အခန်းထဲ မနေနဲ့။”
တုပိုင် မျက်မှောင်ကြုတ်လိုက်သည်။ ချမ်းသာသော မိသားစုမှ သားသမီးတိုင်း အဘယ်ကြောင့် ဤသို့ ဖြစ်နေကြသနည်း။ ယောက်ျားဖြစ်စေ မိန်းမဖြစ်စေ မိန်းမစိုးတစ်ယောက်ကို မြင်သည်နှင့် ပထမဆုံး တုံ့ပြန်မှုမှာ နှာခေါင်းပိတ်ခြင်း ဖြစ်သည်။ ထိုသို့ မလုပ်လျှင် သူတို့၏ မထီမဲ့မြင်ပြုမှုနှင့် အထင်သေးမှုကို မဖော်ပြနိုင်တော့သည့် အတိုင်းပင်။
တုပိုင်သည် ချွေ့ဖိန်ထင်ကို အပေါ်အောက် စုန်ချည်ဆန်ချည် ကြည့်လိုက်သည်။ သူမသည် တကယ့်ကို သန်းပေါင်းများစွာထဲမှ တစ်ယောက်သာ ရှိနိုင်သော အလှပဂေး ဖြစ်သည်။ မင်းသမီးယွီကျိန်းနှင့် မယှဉ်နိုင်သော်လည်း ခေတ်သစ်ကမ္ဘာမြေတွင် ဆိုလျှင် ထိပ်တန်း နတ်သမီး တစ်ပါးအဖြစ် သတ်မှတ်ခံရပေလိမ့်မည်။
ဤရက်စက်သော အမျိုးသမီးသည် တုပိုင်ကို သတ်လုနီးပါး ဖြစ်ခဲ့သည်။ ပို၍ တိကျစွာ ပြောရလျှင် ယခင် တုပိုင်ကို သတ်ခဲ့ပြီး ဖြစ်သည်။
“ငါ ထွက်သွားလို့ ပြောနေတယ်လေ။ ကြားလား။ မိန်းမစိုးကောင်။” ချွေ့ဖိန်ထင် ဓားကို တစ်ဝက် ဆွဲထုတ်ထားပြီး ပြောလိုက်သည်။ “နင်က လီဝမ်ဟွေ့ရဲ့ မွေးစားသား ဖြစ်ရုံနဲ့ ငါ နင့်ကို မထိရဲဘူးလို့ မထင်နဲ့။ ငါ့ချွေ့မိသားစုနဲ့ ပေမင်ဓားဂိုဏ်း ရှေ့မှာ လီဝမ်ဟွေ့က ဘာမှ မဟုတ်ဘူး။”
ချွေ့ဖိန်ထင် တကယ် ထိုသို့ တွေးထင်ထားခြင်း ဖြစ်သည်။ သူမသည် မိန်းမစိုးဂိုဏ်းကို တိုက်ခိုက်နေသော ရှေ့တန်းမျက်နှာစာတွင် မရှိသဖြင့် သူတို့ကို စိတ်ထဲမှ အထင်သေးနေမိသည်။ ထို့ပြင် အရာရာကို ဦးဆောင်နေကျ ဖြစ်သော ချမ်းသာသည့် သခင်မလေး တစ်ဦးအနေဖြင့် လီဝမ်ဟွေ့သည် သိပ်ပြီး ကြီးကျယ်သည်ဟု မထင်ပေ။
အထူးသဖြင့် ပေမင်ဓားဂိုဏ်းသည် မကြာသေးမီ နှစ်များအတွင်း မိန်းမစိုး အများအပြားကို သတ်ဖြတ်ခဲ့သည်။
တုပိုင်သည် သူ့နောက်ရှိ ချန်ဖိန်ကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။
“ဒါ ချန်ဖိန်ပဲ။”
ချန်ဖိန်ကို ဘီးတပ်ကုလားထိုင်ဖြင့် သယ်ဆောင်လာခြင်း ဖြစ်သည်။ ချွေ့ဖိန်ထင်သည် တုပိုင်ကိုသာ စိုက်ကြည့်နေသဖြင့် ယခုမှသာ ချန်ဖိန် ရှိနေကြောင်း သတိထားမိလိုက်သည်။
အပိုင်း ၁၂၄ ပြီး။