အခန်း (၁၃၃)
Vol. 14 Ch. 133
မင်းသမီးယွီကျိန်းသည် သူ့ကို လုံးဝ လျစ်လျူရှုထားလိုက်သည်။ သူမသည် စစ်မြေပြင်တွင် စကား သိပ်မပြောဘဲ ဆက်လက် သတ်ဖြတ်နေသည်။
သူမသည် စကားနည်းပြီး လက်တွေ့လုပ်သော ရက်စက်သည့် လူစားမျိုး ဖြစ်သည်။ ခဏအကြာတွင် မြင်းစီးတပ်သား ၅၀၀ သည် ဟိန်းဟောက်ပြီး ဝင်ရောက်လာကြသည်။
မင်းသမီးယွီကျိန်း၏ သိုင်းပညာသည် အလွန်မြင့်မားလွန်းလှသလို သူမ၏ မြင့်မြတ်သော ဂုဏ်ပုဒ်ကြောင့်လည်း လီကျင်းဌာန၏ စစ်တပ်ဖွဲ့စည်းပုံမှာ သူမတစ်ယောက်တည်း လက်ချက်ဖြင့်ပင် ပျက်စီးနေပြီ ဖြစ်သည်။
ထိပ်တန်း မြင်းစီးတပ်သား ၅၀၀ အရှိန်အပြည့်ဖြင့် ဝင်တိုက်လိုက်သောအခါ လီကျင်းဌာန၏ စစ်သည် ၇၀၀ ကျော်သည် လုံးဝ ချေမှုန်းခံလိုက်ရပြီး သူတို့၏ တပ်ဖွဲ့စည်းပုံမှာ ချက်ချင်း ပြိုလဲသွားတော့သည်။
“သတ်။ သတ်။ သတ်။”
မြင်းစီးတပ်သား ၅၀၀ သည် ရှေ့နောက် ကူးလူးသွားလာပြီး လမ်းကြောင်းပေါ်ရှိ အရာအားလုံးကို နင်းချေပစ်လိုက်ကြသည်။ ထို့နောက်တွင်မူ တစ်ဖတ်သတ် နိုင်ပွဲတစ်ပွဲ ထွက်ပေါ်လား၏။
သေချာပေါက် မင်းသမီးယွီကျိန်း အမိန့်ပေးထားပြီး ဖြစ်သည်။ သူတို့ ရင်ဆိုင်နေရသည်မှာ ပြိုင်ဘက်များသာ ဖြစ်ပြီး ရန်သူများ မဟုတ်ပေ။ ဤသည်မှာ ငြိမ်ဝပ်ပိပြားရေး စစ်ဆင်ရေးသာ ဖြစ်ပြီး စစ်ပွဲ မဟုတ်ပေ။ သူတို့ကို အနိုင်ယူရုံသာ လိုအပ်ပြီး အကုန်မျိုးဖြုတ် သတ်ဖြတ်ပစ်ရန် မလိုအပ်ပေ။
ဤအချိန်တွင် တုပိုင်နှင့် အခြားသူများသည် ထွက်ပြေးရန် သို့မဟုတ် ဝင်ရောက်ကူညီရန် မလိုတော့ပေ။ သူတို့သည် အရှေ့ဘက်ကွပ်ကဲရေးရုံး အကျဉ်းထောင် တံတိုင်းပေါ်တွင် ရပ်ပြီး တိုက်ပွဲကို ရိုးရှင်းစွာ ကြည့်ရှုနေကြသည်။
သေချာပေါက် အဓိက ဆွဲဆောင်မှုမှာ မင်းသမီးယွီကျိန်း၏ ရင်သပ်ရှုမောဖွယ် ကိုယ်လုံးအလှနှင့် အသက်ရှူမှားလောက်အောင် လှပသော မျက်နှာလေးပင် ဖြစ်သည်။
**--**--**--**--**--**--**--**
၁၅ မိနစ်ခန့် အကြာတွင် တိုက်ပွဲ ပြီးဆုံးသွားလေသည်။
လီကျင်းဌာနမှ စစ်သည်များသည် မြေပြင်အနှံ့တွင် ပြန့်ကျဲလဲလျောင်းနေကြသည်။
မင်းသမီးယွီကျိန်းသည် လင်းယွမ်လီကို ကြည့်ပြီး ပြောလိုက်သည်။
“လီကျင်းဌာနက အရှေ့ဘက်ကွပ်ကဲရေးရုံးကို တိုက်ခိုက်ရုံမကဘဲ ကျောက်ပစ်စက်တွေကိုပါ သုံးတယ်ပေါ့။ ရှင်တို့ ပုန်ကန်ဖို့ ကြိုးစားနေတာလား။”
လင်းယွမ်လီ တိတ်ဆိတ်နေသည်။ သူ ကြီးလေးသော အမှားတစ်ခုကို ကျူးလွန်မိမှန်း သူ ကောင်းကောင်း သိသည်။
မင်းသမီးယွီကျိန်း အေးစက်စွာ ပြောလိုက်သည်။
“ဒီကိစ္စအတွက် လင်းကျန်းချောင်အနေနဲ့ ဧကရာဇ်မင်းမြတ်ကို ပြီးပြည့်စုံတဲ့ ဖြေရှင်းချက် ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်မမှာ ရှင်တို့ကို အပြစ်ပေးပိုင်ခွင့် မရှိပေမဲ့ အခြေအနေ အရပ်ရပ်ကို ဧကရာဇ်မင်းမြတ်ဆီ အသေးစိတ် တင်ပြသွားမယ်။ အခု… ထွက်သွားကြ။”
လင်းယွမ်လီသည် မင်းသမီးယွီကျိန်းကို နာကြည်းမှုများ၊ လေးစားအားကျမှုများ ရောပြွမ်းနေသော အကြည့်ဖြင့် ကြည့်လိုက်သည်။
နောက်ဆုံးတွင် အကန့်အသတ်မဲ့သော နာကြည်းချက်များဖြင့် သူသည် တံတိုင်းပေါ်ရှိ တုပိုင်ကို မော့ကြည့်လိုက်သည်။
“တုပိုင်ကို သတ်ဖို့ ဆံခြည်တစ်မျှင်လောက်ပဲ လိုတော့တာ။” လင်းယွမ်လီ၏ ရင်ထဲတွင် အလွန်အမင်း နာကျင်နေသည်။
တုပိုင်ကို သတ်လိုက်ခြင်းသည် လီဝမ်ဟွေ့၏ အနာဂတ် မျှော်လင့်ချက်များကို ဖြတ်တောက်လိုက်ခြင်းနှင့် တူညီသဖြင့် လင်းယွမ်လီအနေဖြင့် သူ့အသက်ကို ပေးဆပ်ရလျှင်ပင် ထိုက်တန်ပေသည်။
အဘယ်ကြောင့်ဆိုသော် ယခင်က အရှေ့ဘက်ကွပ်ကဲရေးရုံးကို တိုက်ခိုက်ခြင်းသည် ချွေ့နျန်နှင့် ချွေ့ဖိန်ထင် ကဲ့သို့သော အပြစ်မဲ့ဓားစာခံများကို ကယ်တင်ရန်ဟု ခေါင်းစဉ်တပ်၍ ရသေးသည်။
သို့သော် နောက်ပိုင်းတွင် ကျောက်ပစ်စက်များနှင့် အဆိပ်ဆီဗုံးများကို အသုံးပြုလာသောအခါ အခြေအနေသည် အလွန် ဆိုးရွားသွားခဲ့ပြီ ဖြစ်သည်။ ထို့ပြင် ဧကရာဇ်မင်းမြတ် ကိုယ်တိုင် ဘွဲ့ပေးထားသော မင်းသမီးက မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရသဖြင့် မည်သူမျှ ဤကိစ္စကို ဖုံးဖိထား၍ မရနိုင်တော့ပေ။
ထို့ကြောင့် သူ့ကံကြမ္မာနှင့် သူ့မွေးစားအဖေ လင်းကျန်းချောင်၏ ကံကြမ္မာသည်တော့ အဆုံးသတ်ပေတော့မည်။
မင်းသမီးယွီကျိန်းကို ကြည့်ရင်း လင်းယွမ်လီသည် ခံစားချက်မျိုးစုံ ရောပြွမ်းနေသလို ခံစားလိုက်ရသည်။ သူ သူမကို လုံးဝ မမုန်းတီးနိုင်ပေ။
“မင်းသမီးရဲ့ ရဲရင့်မှုက တကယ့်ကို ပြိုင်ဘက်ကင်းပါပဲ။ ကျွန်တော် အရမ်း လေးစားပါတယ်။” လင်းယွမ်လီသည် မင်းသမီးယွီကျိန်းကို ဦးညွှတ်လိုက်သည်။
မင်းသမီးယွီကျိန်းသည် ခေါင်းလွှဲသွားပြီး သူ့ကို လျစ်လျူရှုလိုက်သည်။
သူမလည်း စိတ်မကောင်း ဖြစ်မိသည်။ လင်းယွမ်လီသည် ရှင်းလင်းပြတ်သားသော စစ်သူကြီးကောင်း တစ်ယောက် ဖြစ်သည်။ သူသည် စစ်မြေပြင်တွင် မတိုက်ခိုက်ရဘဲ အဘယ်ကြောင့် ဤပြည်တွင်းစစ်ပွဲတွင် ပျက်စီးရပါသနည်း။
လင်းယွမ်လီသည် အရှေ့ဘက်ကွပ်ကဲရေးရုံး အကျဉ်းထောင် တံတိုင်းပေါ်ရှိ တုပိုင်ကို ကြည့်လိုက်ပြီး ရင်ထဲမှ နာကျင်မှုကို တောင့်ခံရန် မျက်လုံးများကို မှိတ်လိုက်သည်။ ထို့နောက် မျက်လုံးများကို ပြန်ဖွင့်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“တုပိုင်။ ငါ အရင်သွားနှင့်ပြီး ငရဲမှာ မင်းကို စောင့်နေမယ်။”
တုပိုင် လက်သီးဆုပ်ပြီး အရိုအသေပြုကာ ပြောလိုက်သည်။ “အစ်ကိုလင်း။ ကောင်းကောင်း သွားပါဗျာ။”
“သွားမယ်။”
လင်းယွမ်လီ၏ အမိန့်ပေးသံနှင့်အတူ အသက်ရှင်ကျန်ရစ်သော လီကျင်းဌာန စစ်သည် ၃၀၀ ကျော်သည် ဒဏ်ရာရသူများနှင့်အတူ ဖရိုဖရဲဖြင့် လီကျင်းဌာန ကွပ်ကဲမှုရုံးချုပ်သို့ ပြန်လည် ဆုတ်ခွာသွားကြလေသည်။
ပြန်ရောက်သည်နှင့် ကွမ်ရှီး လီကျင်းဌာန တစ်ခုလုံးသည် ရှုံးနိမ့်မှု၏ ခါးသီးသော အသီးအပွင့်များကို စတင် မြည်းစမ်းရပေတော့မည်။
ဤခါးသီးသော အကျိုးဆက်သည် အလွန် ပြင်းထန်ပေလိမ့်မည်။
**--**--**--**--**--**--**--**
ရင်သပ်ရှုမောဖွယ် လှပပြီး အံ့သြဖွယ် ကိုယ်လုံးအလှကို ပိုင်ဆိုင်ထားသော မင်းသမီးယွီကျိန်းကို တုပိုင် ထပ်မံ တွေ့မြင်လိုက်ရသည်။
တုပိုင် ရှေ့တိုးပြီး ဦးညွှတ်ကာ ပြောလိုက်သည်။ “လာရောက် ကူညီပေးတဲ့ မင်းသမီးကို ကျေးဇူးတင်ပါတယ်။”
မင်းသမီးယွီကျိန်းသည် သူ့ကို လျစ်လျူရှုပြီး တိုက်ရိုက် မေးလိုက်သည်။
“ရှင်တို့ထဲမှာ ရာထူးအကြီးဆုံးက ဘယ်သူလဲ။ ထွက်ခဲ့။”
လီပိုင်ဟု ရှေ့တိုးလာပြီး ဒူးတစ်ဖက်ထောက်ကာ ပြောလိုက်သည်။
“ကွေ့လင် အရှေ့ဘက်ကွပ်ကဲရေးရုံးရဲ့ တပ်မှူးငယ် လီယန်ရှိုး။ မင်းသမီးကို ဂါရဝပြုပါတယ်။”
မင်းသမီးယွီကျိန်းက မေးလိုက်သည်။ “ဧကရာဇ်မင်းမြတ် စာမေးပွဲ မသမာမှု ကျူးလွန်သူတွေ အဆင်ပြေရဲ့လား။ အဓိက သက်သေတွေ ဘေးကင်းရဲ့လား။”
လီယန်ရှိုးက ပြောလိုက်သည်။ “အားလုံး အသက်ရှင်လျက် ဘေးကင်းပါတယ်။”
“ကောင်းတယ်။” မင်းသမီးယွီကျိန်း ပြောလိုက်သည်။
ဤပြင်းထန်သော တိုက်ပွဲသည် မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သူမ ကောင်းကောင်း သိသည်။ ဤသည်မှာ လီကျင်းဌာန၊ အရပ်ဘက်အရာရှိများနှင့် စစ်ဘက်အရာရှိကြီးများက လီဝမ်ဟွေ့ မရှိခိုက် အခွင့်ကောင်းယူပြီး အရှေ့ဘက်ကွပ်ကဲရေးရုံးကို အထူးသဖြင့် လီဝမ်ဟွေ့၏ မွေးစားသားကို အကြီးအကျယ် တိုက်ခိုက်ချေမှုန်းခြင်းသာ ဖြစ်သည်။
ဤသည်မှာ အဖွဲ့အစည်းအတွင်းမှ အရုပ်ဆိုး အကျည်းတန်သော အာဏာပြိုင်ဆိုင်မှု တစ်ခု ဖြစ်သည်။
သို့သော် သူမ၏ စိတ်နှလုံးထဲတွင် နိုင်ငံတော်၏ ဥပဒေသည် အရေးအကြီးဆုံး ဖြစ်သဖြင့် သူမသည် စာမေးပွဲ မသမာမှု ကိစ္စကိုသာ ပြောဆိုပြီး အခြားကိစ္စများကို ထည့်မပြောခဲ့ပေ။
“တပ်မှူးစု။” မင်းသမီးယွီကျိန်း ခေါ်လိုက်သည်။
“ရှိပါတယ်။” သူမနောက်မှ မြင်းစီးတပ်မှူး ရှေ့ထွက်လာပြီး ဒူးတစ်ဖက်ထောက်လိုက်သည်။
မင်းသမီးယွီကျိန်း အမိန့်ပေးလိုက်သည်။
“မင်း စစ်သည် ၃၀၀ ကို ဦးဆောင်ပြီး ဒီမှာ တပ်စွဲထား။ ဧကရာဇ်မင်းမြတ် စာမေးပွဲ မသမာမှုက အရေးကြီး တရားခံတွေနဲ့ သက်သေတွေကို ကာကွယ်ထား။ တရားဝင် လွှဲပြောင်းမပေးမချင်း စောင့်ကြပ်ရမယ်။ ဘာအမှားအယွင်းမှ မရှိစေနဲ့။”
“ဟုတ်ကဲ့ပါ ခင်ဗျာ။” တပ်မှူးစု အော်ဟစ်လိုက်သည်။
ထို့နောက် မင်းသမီးယွီကျိန်းသည် အရှေ့ဘက်ကွပ်ကဲရေးရုံးမှ လူအုပ်စုကို ကြည့်ပြီး ပြောလိုက်သည်။
“ရှင်တို့တွေလည်း ကိုယ့်အပြုအမူကိုယ် ဆင်ခြင်ကြ။”
ထိုသို့ ပြောပြီးနောက် သူမသည် မြင်းကို လှည့်လိုက်ပြီး ကိုယ်ရံတော်များနှင့်အတူ အနောက်မြောက်ဘက်သို့ ဒုန်းစိုင်း ထွက်ခွာသွားလေသည်။
သူမ ထိုအတိုင်း ထွက်ခွာသွားခြင်း ဖြစ်သည်။ ဝူကျိုးစီရင်စုရှိ သူမ၏ ဆရာသမား နင်ဇောင်ဝူကို သွားရောက်တွေ့ဆုံရန် အရေးကြီး ကိစ္စ ရှိနေသည်။
သူမတွင် အချိန်မရှိသလောက် ဖြစ်နေသော်လည်း မွေးရာပါ တရားမျှတစိတ်နှင့် ဒုက္ခရောက်နေသူများကို ကူညီလိုစိတ်ကြောင့် တစ်ရက်နီးပါး အချိန်ကြန့်ကြာခဲ့ရပြီး ညဘက်တွင်ပါ ခရီးဆက်ရတော့မည် ဖြစ်သည်။
စကတည်းက ဆုံးသည်အထိ သူမ တုပိုင်ကို စကားတစ်ခွန်းမှ မပြောခဲ့သလို တစ်ချက်ကလေးမျှလည်း လှည့်မကြည့်ခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် ဤတိုက်ပွဲတွင် လှုံ့ဆော်သူနှင့် ပြဿနာရှာသူမှာ တုပိုင်ဖြစ်ကြောင်း သူမ သိထားသောကြောင့် ဖြစ်သည်။ အရာအားလုံးကို ကြိုးကိုင်ခြယ်လှယ်ပြီး ကြီးမားသော အောင်ပွဲ ရယူခဲ့သူမှာလည်း တုပိုင်ပင် ဖြစ်သည်။
သူတို့သည် လူသောင်းပေါင်းများစွာကို လှုံ့ဆော်ပြီး ဘုရင်ခံရုံးကို ဝိုင်းရံစေခဲ့သည်။ ချွေ့မိသားစု အိမ်တော်ကိုလည်း မီးရှို့ခဲ့သေးသည်။ ပြည်သူလူထု၏ အမြင်ကို အသုံးပြုပြီး လော့ဝမ်နှင့် အခြားသူများကို ဓားစာခံ လုပ်ခဲ့သည်။
ဤသည်က ပြောင်မြောက်သော နည်းဗျူဟာ တစ်ခု ဖြစ်ပြီး ဆရာတစ်ဆူ အဆင့်ရှိသော ဉာဏ်ကစားကွက် တစ်ခု ဖြစ်သည်။ တကယ့်ကို အံ့သြစရာ ကောင်းလှသည်။
ထို့ပြင် ဤမိန်းမစိုး တုပိုင်သည် ယခုနှစ်မှ အသက် ၁၈ နှစ်သာ ရှိသေးသည်။
သို့သော် မင်းသမီးယွီကျိန်းသည် ဤကဲ့သို့ ဉာဏ်များပြီး လှည့်စားတတ်သူများကို အမုန်းဆုံး ဖြစ်သည်။ သူမသည် သန်မာပြီး ဖြောင့်မတ်သော သူရဲကောင်းများကိုသာ လေးစားသည်။
သူမသည် သူမခမည်းတော်ကဲ့သို့ စစ်မှန်သော အားကြီးသူများကိုသာ လေးစားအားကျသည်။
**--**--**--**--**--**--**--**
တုပိုင်သည် မင်းသမီးယွီကျိန်း ထွက်ခွာသွားသည်ကို မြင်ကွင်းမှ ပျောက်ကွယ်သွားသည်အထိ ကြည့်နေမိသည်။
ရင်သပ်ရှုမောဖွယ် လှပပြီး အံ့သြဖွယ် ကိုယ်လုံးအလှ ပိုင်ဆိုင်ထားသော ဤမင်းသမီးသည် သူ့ကို တကယ် မနှစ်သက်ပေ။
ကောင်းကင်ကို မော့ကြည့်ရင်း တုပိုင် သက်ပြင်းရှည် တစ်ချက်ချကာ တိုးတိုးလေး ပြောလိုက်သည်။ “နောက်ဆုံးတော့ အားလုံး ပြီးသွားပြီ။ တကယ့်ကို အရှည်လျားဆုံး နေ့တစ်နေ့ပဲ။”
ဤတိုတောင်းသော်လည်း ထူးခြားသော တိုက်ပွဲလေး ပြီးဆုံးသွားပြီ ဖြစ်သည်။
တုပိုင် ဦးဆောင်သော အရှေ့ဘက်ကွပ်ကဲရေးရုံး အဖွဲ့ငယ်လေးတွင် အမြင့်ဆုံး ရာထူးအဖြစ် တပ်မှူးငယ် နှစ်ဦးသာ ရှိပြီး စုစုပေါင်း လူအင်အား တစ်ရာထက် မပိုပေ။
သူ ရင်ဆိုင်ခဲ့ရသည်မှာ ကွမ်ရှီးပြည်နယ်၏ အကြီးဆုံး အင်အားစုကြီးများ ဖြစ်သော အရပ်ဘက်အရာရှိများ၊ စစ်ဘက်အရာရှိကြီးများ၊ ပညာရှင် မိသားစုကြီးများနှင့် အာဏာအရှိဆုံး မိန်းမစိုးဂိုဏ်းတို့၏ မဟာမိတ်အဖွဲ့ကြီး ဖြစ်သည်။
ရလဒ်ကတော့ ပြောင်မြောက်သော အောင်ပွဲတစ်ခုပင် ဖြစ်သည်။ ဤသည်မှာ လက်ကောက်ဝတ်ကို လှည့်လိုက်ရုံဖြင့် ကမ္ဘာကြီးကို ပြောင်းပြန်လှန်ပစ်လိုက်သကဲ့သို့ အနည်းဆုံးသော အင်အားကို အသုံးပြုပြီး အကြီးမားဆုံးသော အကျိုးသက်ရောက်မှုကို ရယူနိုင်ခဲ့သည့် ဖြစ်ရပ်မှန် တစ်ခုပင် ဖြစ်သည်။
နောက်တစ်ဆင့် အနေဖြင့် အောင်ပွဲ၏ အသီးအပွင့်များကို ခံစားရန်သာ ရှိတော့သည်။
ရှုံးနိမ့်သူများ အနေဖြင့် မကြာမီ ရင်ဆိုင်ရမည့်အရာမှာ ရှုံးနိမ့်သူများအတွက် ပြစ်ဒဏ်ပင် ဖြစ်သည်။
ပထမဆုံး ပစ်မှတ်ထားခံရမည့်သူများမှာ လီကျင်းဌာန၏ ညွှန်ကြားရေးမှူး လင်းယွမ်ချောင်နှင့် အရှေ့ဘက်ကွပ်ကဲရေးရုံး၏ တပ်မှူး ဝမ်ရင်တို့ ဖြစ်ကြသည်။
အလွန် ဝမ်းနည်းစရာ ကောင်းပေလိမ့်မည်။ လူအများအပြား သေဆုံးကြရပေတော့မည်။
အပိုင်း ၁၃၃ ပြီး။