← Chapters

အခန်း (၁၄၁)

Vol. 15 Ch. 141

အခန်း (၁၄၁)

Vol. 15 Ch. 141

ရလဒ်များ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။ မြှား ၁၀ စင်းစလုံး ပစ်မှတ်ကို ထိမှန်ခဲ့ပြီး မြှား ၄ စင်းက ပစ်မှတ်ကွင်းအတွင်းသို့ ဝင်ရောက်ခဲ့သည်။

သို့သော် ပစ်မှတ်အလယ်တည့်တည့်ကိုမူ တစ်စင်းမှ မထိမှန်ခဲ့ပေ။

ထို့ကြောင့် စုစုပေါင်းရမှတ်မှာ ၂၀ မှတ် ဖြစ်သည်။ နင်ဇောင်ဝူသည် ပစ်မှတ်ကို ငေးကြည့်ရင်း အံ့သြတကြီး ရေရွတ်လိုက်သည်။

"ကလေး။ မင်း ဘယ်လို လုပ်လိုက်သလဲ ငါ မသိဘူး။ ဒါပေမဲ့ တစ်ညတည်းနဲ့ ဒီလောက်ကြီးမားတဲ့ တိုးတက်မှုမျိုး ရတာက တကယ်ကို အံ့သြစရာပဲ။"

မှန်သည်။ တုပိုင်သည် မနေ့က သုညမှတ်သာ ရရှိခဲ့သူ ဖြစ်သည်။

ထို့ပြင် အကောင်းဆုံးရလဒ်မှာ မြှား ၃ စင်းသာ ပစ်မှတ်ကို ထိမှန်ခြင်း ဖြစ်သည်။ တစ်ညတာအတွင်း တိုးတက်မှုသည် ၂ ဆ၊ ၃ ဆ မကဘဲ ၁၀ ဆမက တိုးတက်လာခြင်း ဖြစ်သည်။

ထို့နောက် နင်ဇောင်ဝူသည် သက်ပြင်းချကာ ပြောလိုက်သည်။ "ဒါပေမဲ့ ဒီလောက်နဲ့ မလုံလောက်သေးဘူး။ လိုအပ်ချက်က အများကြီး လိုနေသေးတယ်။"

မလုံလောက်ပေ။ ရည်မှန်းချက်ဖြစ်သော ၉၀ မှတ်နှင့် အလွန်တရာ ဝေးကွာနေဆဲ ဖြစ်သည်။ မနေ့ညက အိပ်မက်ထဲတွင် လေ့ကျင့်စဉ်ကတည်းက တုပိုင် ဤအချက်ကို ရှင်းရှင်းလင်းလင်း ခံစားမိခဲ့သည်။

အိပ်မက်စမ်းသပ်မှုများသည် အလွန် ခက်ခဲလှသော်လည်း အချို့သော စွမ်းရည်များသည် တစ်ညတည်းဖြင့် ကျွမ်းကျင်ရန် လုံးဝ မဖြစ်နိုင်ပေ။ အကယ်၍ အလွတ်ကျက်မှတ်ခြင်း သို့မဟုတ် ကူးယူခြင်း သက်သက်သာ ဖြစ်ပါက အိပ်မက်ထဲတွင် တစ်ည လေ့ကျင့်ရုံဖြင့် လုံလောက်သည်။

သို့သော် ဂီတတူရိယာ တီးခတ်ခြင်း၊ စစ်တုရင်ကစားခြင်းနှင့် မြှားပစ်ခြင်း ကဲ့သို့သော စွမ်းရည်များသည် တိုးတက်ရန်အတွက် နှစ်ရှည်လများ လေ့ကျင့်မှုနှင့် လက်တွေ့အတွေ့အကြုံများ လိုအပ်သည်။

ထို့ကြောင့် ယခင်က တက္ကသိုလ်သုံးခုပူးပေါင်းပြိုင်ပွဲတွင် သူ၏ ဂူချင်တီးခတ်မှု အနိုင်ရရှိခြင်းမှာ ဂီတစွမ်းရည်ကြောင့် မဟုတ်ဘဲ ဂွမ်လင်းစန်းသီချင်းကြောင့်သာ ဖြစ်ည်။ စစ်တုရင်ပြိုင်ပွဲတွင်လည်း နည်းဗျူဟာများကို ကြိုတင်ပုံဖော်ပြီး အကွက်တိုင်းကို အဆင့်ဆင့် မှတ်သားထားခြင်းဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် အဓိက ပြဿနာမှာ မနေ့ညက တုပိုင် အိပ်မက်ထဲတွင် လေ့ကျင့်သောအခါ ပထမ ၅ ရက် ၆ ရက်တွင် တိုးတက်မှု အလွန် မြန်ဆန်သော်လည်း နောက်ပိုင်းတွင် တဖြည်းဖြည်း နှေးကွေးလာခြင်း ဖြစ်သည်။ နောက်ဆုံး ၃ ရက် ၅ ရက် အတွင်းတွင် တိုးတက်မှု လုံးဝ မရှိသလောက် ဖြစ်သွားသည်။

ထို့ကြောင့် သူ့ကို နောက်ထပ် ၃ ရက်၊ ၅ ရက်၊ ၁၀ ရက် အချိန်ပေးလျှင်လည်း ၉၀ မှတ် ပြည့်မီနိုင်မည် မဟုတ်ပေ။ ဤရည်မှန်းချက်သည် မြင့်မားလွန်းလှပြီး အိုလံပစ်ချန်ပီယံ အဆင့် ဖြစ်နေသည်။

တုပိုင် အမြန် တွက်ချက်ကြည့်လိုက်ရာ အိပ်မက်စနစ် ရှိနေလျှင်ပင် နေ့စဉ် အိပ်မက်ထဲတွင် လေ့ကျင့်လျှင်ပင် ဤရည်မှန်းချက်ကို ရောက်ရှိရန် ၂ လခန့် ကြာမြင့်မည် ဖြစ်ပြီး ထိုအရာက အကောင်းအမြင်ဆုံး ခန့်မှန်းချက် ဖြစ်သည်။

ထို့ကြောင့် မထင်မှတ်ထားသော အခြေအနေများ မရှိပါက တုပိုင်သည် ဤတိုက်ပွဲတွင် အမှန်တကယ် ရှုံးနိမ့်တော့မည် ဖြစ်သည်။

အိပ်မက်စနစ်သည် နေရာတိုင်းလိုလိုတွင် စွမ်းဆောင်နိုင်သော်လည်း မြှားပစ်လေ့ကျင့်မှုတွင်မူ အကန့်အသတ် ရှိနေသည်။

**--**--**--**--**--**--**--**

"ဒါတွေအားလုံးက ကံတရားနဲ့ အချိန်အခါပါပဲ။" နင်ဇောင်ဝူသည် တုပိုင်၏ ခေါင်းကို ညင်သာစွာ ပုတ်ပေးရင်း ပြောလိုက်သည်။ "တချို့အရာတွေက မဖြစ်နိုင်ဘူး ဆိုရင်တောင် ငါတို့ အစွမ်းကုန် ကြိုးစားသင့်တယ်။ ဒါကမှ ယောက်ျားကောင်းတစ်ယောက်ရဲ့ စစ်မှန်တဲ့ သဘာဝပဲ။"

"ကျန်းနန်နယ်စားမင်း ဆုန်ချွဲဆိုရင် အင်ပါယာရဲ့ နေဝင်ချိန် ရောက်နေမှန်း ကောင်းကောင်း သိတာတောင် အင်ပါယာရဲ့ နောက်ဆုံး ဂုဏ်ရောင်ကို ပြန်လည် ဖန်တီးဖို့အတွက် အန်နမ်ကို စစ်သည်တွေ စေလွှတ်နေတုန်းပဲ။"

"ရည်မှန်းချက်တစ်ခုအတွက် ကြိုးစားရတာက ကောင်းချီးမင်္ဂလာ တစ်ခုပါပဲ။ ပန်းဝင်ခါနီးမှ လဲကျသွားရင်တောင် ဂုဏ်ယူစရာ ကောင်းနေတုန်းပါပဲ။"

ဤလေးနက်သော အခြေအနေတွင် ဆရာသခင်ကြီး နင်ဇောင်ဝူသည် တုပိုင်ကို ကြက်ပေါင်းရည်တစ်ပန်းကန်ပြီး တစ်ပန်းကန် တိုက်ကျွေးနေလေတော့သည်။

"ဆက်လေ့ကျင့်ပါ။ နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်ပါ။ နေဝင်တဲ့အထိ တိုက်ပွဲဝင်ပါ။ ပြီးရင် ပြန်ပြီး ပစ္စည်းသိမ်း ကွေ့လင်ကို ပြန်ကြတာပေါ့။ ငါတို့ရဲ့ ဆရာတပည့် ဆက်ဆံရေးက ဒီမှာတင် ဆုံးခန်းတိုင်ကောင်း တိုင်နိုင်ပါတယ်။ ငါ မသွားချင်ဘူး။ မင်းကို ဆက်သင်ပေးချင်တယ်။ ဒါပေမဲ့ ရှုံးနိမ့်မှုကိုတော့ ငါ လက်ခံပါတယ်။"

"ပြန်ရောက်ရင် စိတ်ဓာတ်မကျပါနဲ့။ အကယ်ဒမီ စာမေးပွဲမှာ ကျရှုံးရင်တောင် ဒါက ယာယီ အခက်အခဲလေး တစ်ခုပါပဲ။ မင်းက ပါရမီရှင် တစ်ယောက်ပါ။ မကြာခင် မင်း ပြန်ပြီး တောက်ပလာမယ်လို့ ငါ ယုံကြည်တယ်။"

သို့သော် တုပိုင်သည် စိတ်ဓာတ်ခွန်အားပေးသော စကားများကို မယုံကြည်သလို နောက်ဆုံးစက္ကန့်အထိ ဘယ်တော့မှ အရှုံးပေးမည် မဟုတ်ပေ။ သူ လုံးဝ ရှုံးနိမ့်သွားပြီဟု ထင်ရသော်လည်း အရှုံးမပေးလိုပေ။

နေဝင်ရန် ၆ နာရီသာ လိုတော့သည်။ လေ့ကျင့်မှု အားလုံးကို အိပ်မက်ကမ္ဘာထဲတွင် ပြုလုပ်လျှင်ပင် တိုးတက်မှုသည် အလွန် အကန့်အသတ် ရှိလိမ့်မည်။ သူရှုံးနိမ့်တော့မည်လော။

**--**--**--**--**--**--**--**

တုပိုင်သည် စိတ်တည်ငြိမ်အောင် အသက်ပြင်းပြင်း ရှူလိုက်ပြီး ပြောလိုက်သည်။

"ဆရာသခင်ကြီးနင်။ နေဝင်ဖို့ ၆ နာရီအောက်ပဲ လိုတော့တယ်။ နှစ်ပေါင်းများစွာ လေ့ကျင့်ရမယ့် ကာလကို ကျော်ဖြတ်ပြီး ငြိမ်သက်ပစ်မှတ် မြှားပစ်စွမ်းရည်ကို ၉၀ မှတ်အထိ တန်းရောက်သွားအောင် လုပ်နိုင်မယ့် နည်းလမ်းများ ရှိမလား။"

နင်ဇောင်ဝူ ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။ "မဖြစ်နိုင်ဘူး။"

ဤအဆိုပြုချက်သည် လုံးဝ အဓိပ္ပာယ်မရှိသလို စိတ်ကူးယဉ်ဆန်လွန်းသည်။

တုပိုင်က ပြောလိုက်သည်။ "ဘယ်နည်းလမ်းမဆို ဖြစ်ဖြစ်ပါ။ မြှားပစ်တာထက် အဆတစ်သောင်း ပိုခက်ခဲတဲ့ နည်းလမ်းဆိုရင်တောင် ရပါတယ်။ ကျွန်တော် မှတ်မိသလောက်ဆိုရင် နည်းလမ်းတစ်ခု ရှိသင့်တယ်။ ဥပမာ စိတ်စွမ်းအင်နဲ့ ပစ်မှတ်ကို အသေကြည့်ပြီး အာရုံစိုက် ပစ်ခတ်လိုက်ရင် ပစ်လိုက်တိုင်း ထိမှန်တယ် ဆိုတာမျိုးပေါ့။"

နင်ဇောင်ဝူ၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားပြီး ပြောလိုက်သည်။ "မင်းက အာရုံစိုက်ပစ်ခတ်ခြင်းကို ပြောတာလား။ မင်း နောက်နေတာလား။ အာရုံစိုက်ပစ်ခတ်ခြင်း အတွက် လိုအပ်ချက်က စိတ်စွမ်းအင် နိုးထမှုပဲ။ အဲဒါက မြှားပစ်မှတ် ၉ မှတ် ရတာထက် အဆတစ်ရာ ပိုခက်ခဲတယ်။"

"စိတ်စွမ်းအင် နိုးထခြင်း ဆိုတာ အဆင့်မြင့် သိုင်းပညာရှင်တွေရဲ့ အမှတ်အသားပဲ။ တစ်သောင်းမှာ တစ်ယောက် ရှိတာ။"

"စိတ်စွမ်းအင် ပါရမီ မြင့်မားတဲ့သူတောင် စိတ်စွမ်းအင် နိုးထဖို့အတွက် ၅ နှစ်၊ ၆ နှစ် သို့မဟုတ် အဲဒီထက် ပိုကြာတတ်တယ်။"

တုပိုင်၏ အကြံပြုချက်သည် ယမ်းကို တီထွင်ထုတ်လုပ်ရာတွင် အခက်အခဲ တွေ့နေသဖြင့် အဏုမြူဗုံး တည်ဆောက်ရန် အကြံပြုလိုက်သည်နှင့် တူနေသည်။

အဏုမြူဗုံး တည်ဆောက်ခြင်းသည် ယမ်းထုတ်လုပ်ခြင်းထက် အဆရာထောင်သောင်းပေါင်းများစွာ ပိုမို ခက်ခဲလေသည်။

သို့သော် တုပိုင်အတွက်မူ ကြိုးစားအားထုတ် လေ့ကျင့်မှသာ တိုးတက်နိုင်သည့် မြှားပစ်စွမ်းရည်သည် အိပ်မက်စနစ်၏ အားနည်းချက် ဖြစ်နေပြီး ဦးနှောက်ပိုင်းဆိုင်ရာ နားလည်သဘောပေါက်မှုနှင့် သက်ဆိုင်သော စိတ်စွမ်းအင် နိုးထခြင်းကမူ အိပ်မက်စနစ်၏ အားသာချက် ဖြစ်နေသည်။

တုပိုင် မေးလိုက်သည်။ "ကျွန်တော် သိချင်တာက ကျွန်တော်သာ စိတ်စွမ်းအင် နိုးထသွားရင် အာရုံစိုက် ပစ်ခတ်ခြင်းကို လုပ်နိုင်မလား။"

"လုပ်နိုင်တယ်။" နင်ဇောင်ဝူ ပြောလိုက်သည်။

တုပိုင် ထပ်မေးလိုက်သည်။ "အာရုံစိုက် ပစ်ခတ်ခြင်းကို တတ်မြောက်သွားရင် ပစ်မှတ်အလယ်တည့်တည့်ကို အမြဲတမ်း ထိမှန်နိုင်လား။"

နင်ဇောင်ဝူက ပြောလိုက်သည်။ "မှန်တယ်။ မင်းရဲ့ စိတ်စွမ်းအင် နိုးထပြီး အာရုံစိုက် ပစ်ခတ်ခြင်းကို တတ်မြောက်တာနဲ့ မင်းက လက်ဖြောင့်တပ်သား တစ်ယောက် ချက်ချင်း ဖြစ်လာမှာ။ ၉၀ မှတ် ရဖို့ဆိုတာ ထမင်းစားရေသောက်သလို လွယ်သွားလိမ့်မယ်။"

"ဆရာသခင်ကြီးနင်။ ကျွန်တော် စမ်းကြည့်ချင်တယ်။" တုပိုင် ပြောလိုက်သည်။ "စိတ်စွမ်းအင်နဲ့ အသေကြည့်ပြီး ပစ်ခတ်တဲ့ နည်းလမ်းက ဘယ်လိုမျိုးလဲ ဆိုတာ ကျွန်တော် သိချင်တယ်။ ခံစားကြည့်ချင်တယ်။"

နင်ဇောင်ဝူသည် တုပိုင်ကို တစ်ချက် ကြည့်လိုက်ပြီး ပြောလိုက်သည်။ "ကောင်းပြီ။ ငါ့နောက် လိုက်ခဲ့။"

**--**--**--**--**--**--**--**

နင်ဇောင်ဝူသည် နောက်ဖေးတောင်ကုန်းဆီသို့ ဦးတည်သွားလိုက်ရာ တုပိုင်လည်း အမြန် နောက်မှ လိုက်သွားလေသည်။

နောက်ဖေးတောင်ကြားသို့ ရောက်သောအခါ မီတာ ၂၀ ခန့် မြင့်သော ရေတံခွန်ကြီး တစ်ခု ရှိနေသည်။ ရေများသည် ၇ ထပ်တိုက် အမြင့်မှ ထိုးဆင်းကျလာပြီး အောက်ဘက်ရှိ ရေကန်ထဲသို့ ရိုက်ခတ်ကာ ရေမှုန်ရေမွှားများစွာ အဖြစ် ပြန့်ကျဲသွားသည်။ ရေသံက နားကွဲလောက်အောင် မကျယ်လောင်သော်လည်း အလွန် ဆူညံနေသည်။

"မင်းရဲ့ နားလည်မှုအရ မြှားပစ်တဲ့အခါ ချိန်ရွယ်ဖို့ ဘာကို အားကိုးရမယ် ထင်လဲ။" နင်ဇောင်ဝူ မေးလိုက်သည်။

ရေတံခွန်မှ ဆူညံသံများ ရှိနေသော်လည်း သူ့အသံသည် တုပိုင်၏ နားထဲသို့ ရှင်းလင်းစွာ ရောက်ရှိလာသည်။

"သေချာပေါက် မျက်လုံးကို အားကိုးတာ မဟုတ်ဘူး။ အဲဒါက အဆင့်အနိမ့်ဆုံး ပစ်ခတ်သူတွေ လုပ်တာ။" တုပိုင် ပြောလိုက်သည်။ "ပင်ကိုအာရုံခံစားမှုကို အားကိုးတာလား။"

နင်ဇောင်ဝူက ပြောလိုက်သည်။ "ဒုတိယတန်းစား မြှားပစ်သမားတွေက မျက်လုံးကို အားကိုးကြတယ်။ ပထမတန်းစား မြှားပစ်သမားတွေက အာရုံခံစားမှုကို အားကိုးကြတယ်။ ထိပ်တန်း မြှားပစ်သမားတွေကျတော့ စိတ်စွမ်းအင်ကို အားကိုးကြတယ်။ အဲဒါက မင်းပြောတဲ့ အာရုံစိုက်ပစ်ခတ်ခြင်းပဲ။ အာရုံစိုက်ပစ်ခတ်ခြင်းအဆင့် ရောက်သွားရင် ဘယ်တော့မှ မလွဲတော့ဘူး။ ဒါကြောင့် အဲဒီလို ထိပ်တန်း မြှားပစ်သမားတွေက ဘယ်နေရာမှာမဆို တစ်သောင်းမှာ တစ်ယောက်ပဲ ရှိတယ်။"

"မင်းရဲ့ သိုင်းပညာ အဆင့်က အရမ်း နိမ့်သေးတော့ စိတ်စွမ်းအင်ရဲ့ အရေးပါမှုကို နားမလည်နိုင်သေးဘူး။ အဆင့်မြင့် သိုင်းပညာရှင် တစ်ယောက်အတွက် စိတ်စွမ်းအင် ဆိုတာ အရေးအကြီးဆုံး ပါရမီပဲ။ သိုင်းပညာရှင် တစ်ယောက်ရဲ့ စွမ်းရည်အဆင့်ကို တိုက်ရိုက် ဆုံးဖြတ်ပေးတဲ့ အရာလို့ ပြောလို့ရတယ်။"

"စိတ်စွမ်းအင်က မင်းရဲ့ ရန်သူကို အသေကြည့်ထားနိုင်တယ်။ သူတို့ရဲ့ အားနည်းချက်ကို အာရုံခံနိုင်တယ်။ သူတို့ရဲ့ တိုက်ခိုက်မယ့် လမ်းကြောင်းကို ကြိုတင်ခန့်မှန်းနိုင်တယ်။ အတိုချုပ်ပြောရရင် သိုင်းပညာရဲ့ အထွတ်အထိပ်ကို ရောက်ဖို့အတွက် စိတ်စွမ်းအင်က အဓိကပဲ။"

ဤအကြောင်းကို တုပိုင် အကြိမ်ကြိမ် ကြားဖူးသည်။

"မင်းရဲ့ စိတ်စွမ်းအင်ကို ငါ စစ်ဆေးပေးမယ်။" နင်ဇောင်ဝူ ပြောလိုက်သည်။

တုပိုင် အံ့သြသွားသည်။ ဤအရာကို စစ်ဆေးလို့ရသည်လော။ မည်ကဲ့သို့နည်း။ သေချာပေါက် တုပိုင်သည် သူ့စိတ်စွမ်းအင် ပါရမီကို သိရှိပြီး ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အိပ်မက်စနစ်က ပြောပြထားပြီး ဖြစ်သည်။

"မင်းရဲ့ အာရုံအားလုံးကို ငါ့မျက်ခုံးနှစ်ခုကြားမှာ စုစည်းထားလိုက်။" နင်ဇောင်ဝူ ပြောလိုက်သည်။ "ငါတို့ရဲ့ မျက်ခုံးနှစ်ခုကြားမှာ မမြင်နိုင်တဲ့ အရာတစ်ခု ရှိတယ်။ အဲဒါက စိတ်စွမ်းအင်ကို အာရုံခံတဲ့ နေရာပဲ။ အဲဒီကနေတဆင့် မင်းရဲ့ စိတ်စွမ်းအင် အဆင့်ကို ငါ အာရုံခံကြည့်မယ်။"

သူ့မျက်ခုံးနှစ်ခုကြားသည် ဦးနှောက်အတွင်းရှိ ထင်းရှူးသီးပုံဂလင်းနှင့် ဆက်စပ်နေကြောင်း တုပိုင် သိထားသည်။ ထိုဂလင်း တကယ်ရှိကြောင်းနှင့် စိတ်ပိုင်းဆိုင်ရာ အခြေအနေအတွက် တာဝန်ရှိကြောင်း ခေတ်သစ်သိပ္ပံပညာက သက်သေပြခဲ့ပြီး ဖြစ်သည်။

တုပိုင်သည် သူ့အာရုံအားလုံးကို နင်ဇောင်ဝူ၏ မျက်ခုံးကြားသို့ ပို့လွှတ်လိုက်သည်။

နင်ဇောင်ဝူသည် မျက်လုံးမှိတ်ထားပြီး အသက်ရှူခြင်းကိုပင် ရပ်တန့်ကာ လုံးဝ ငြိမ်သက်ခြင်း အဆင့်သို့ ဝင်ရောက်သွားပြီး တုပိုင်၏ စိတ်စွမ်းအင် အဆင့်ကို အာရုံခံနေသည်။

စိတ်စွမ်းအင် ဆိုသည်မှာ လက်ဆုပ်လက်ကိုင်ပြ၍ မရသော မြင်နိုင်စွမ်း မရှိသော အရာ ဖြစ်သည်။ သို့သော် နင်ဇောင်ဝူသည် တုပိုင်၏ စိတ်အာရုံစိုက်မှုကို အပြည့်အဝ လက်ခံရရှိလိုက်သည်။

စက္ကန့် ၃၀ ကြာပြီးနောက် နင်ဇောင်ဝူ မျက်လုံးဖွင့်လိုက်ပြီး ပြောလိုက်သည်။ "သတင်းဆိုးပဲ။ မင်းရဲ့ စိတ်စွမ်းအင်က သာမန်ပဲ ရှိတယ်။ လူအများစုနဲ့ အတူတူလောက်ပဲ။ လူတစ်ယောက်ရဲ့ စိတ်စွမ်းအင် ကန့်သတ်ချက်က ၁၀၀ ဆိုရင် မင်းက ၄၀ ပဲ ရှိတယ်။"

အပိုင်း ၁၄၁ ပြီး။

All Chapters