အခန်း (၁၄၂)
Vol. 15 Ch. 142
တုပိုင် ဤရလဒ်ကို ကြိုသိပြီးသား ဖြစ်သည်။ အိပ်မက်စနစ်က သူ့ကို ပြောပြပြီးသား ဖြစ်သည်။ ဤအမှတ် ၄၀ တောင်မှ တက္ကသိုလ်သုံးခုပူးပေါင်းပြိုင်ပွဲ ရူးသွပ်သောလောင်းကြေး မစ်ရှင်ကို ပြီးမြောက်ခဲ့၍ စိတ်စွမ်းအင် ၁၀ မှတ် ရရှိထားခြင်း ဖြစ်သည်။ မဟုတ်လျှင် ၃၀ သာ ရှိမည် ဖြစ်သည်။
“မင်းရဲ့ စိတ်စွမ်းအင် ပါရမီက သာမန်ပဲ။” နင်ဇောင်ဝူ သက်ပြင်းချလိုက်သည်။ “ဒါကြောင့် စိတ်စွမ်းအင် နိုးထမှုကို အားကိုးပြီး မြှားပစ်သင်တန်းကို ပြီးမြောက်ဖို့ဆိုတာ မင်းအတွက် မဖြစ်နိုင်ဘူး။”
တုပိုင် နှုတ်ဆိတ်နေသည်။
“မင်းရဲ့ ငြိမ်သက်ပစ်မှတ် မြှားပစ်စွမ်းရည်က အောင်မြင်ဖို့ ၁၀ ပုံ ၉ ပုံ ရှိပြီးသား။ ကြိုးကြိုးစားစား လေ့ကျင့်ရင် ရနိုင်တယ်။ နှစ်အနည်းငယ်အတွင်း မင်း လုပ်နိုင်ကောင်း လုပ်နိုင်လိမ့်မယ်။” နင်ဇောင်ဝူ ဆက်ပြောလိုက်သည်။ “ဒါပေမဲ့ မင်းရဲ့ စိတ်စွမ်းအင် ပါရမီနဲ့ဆိုရင် မင်းရဲ့ တစ်ဘဝလုံးမှာ စိတ်စွမ်းအင် နိုးထတဲ့ အဆင့်ကို ဘယ်တော့မှ ရောက်ချင်မှ ရောက်မှာ။”
ယုတ္တိနည်းအရ ပြောရလျှင် ဤသည်မှာ အမှန်တရား ဖြစ်သည်။
“ပြီးတော့ စိတ်စွမ်းအင် နိုးထမှု မရှိဘဲနဲ့ ဘယ်နယ်ပယ်မှာမဆို အထွတ်အထိပ် ရောက်ဖို့ ခက်ခဲတယ်။” နင်ဇောင်ဝူ ပြောလိုက်သည်။ “ပစ်မှတ်ကို အသေမကြည့်နိုင်တဲ့အတွက် မင်းက ဒုတိယတန်းစား မြှားပစ်သမားပဲ အမြဲ ဖြစ်နေလိမ့်မယ်။ စစ်မြင်းနဲ့ ဆက်သွယ်လို့ မရတဲ့အတွက် မင်းရဲ့ မြင်းစီးစွမ်းရည်က အထွတ်အထိပ် ရောက်ဖို့ ခက်ခဲလိမ့်မယ်။ နားလည်သဘောပေါက်နိုင်စွမ်း နည်းတဲ့အတွက် မင်းရဲ့ ဓားသိုင်းကလည်း အထွတ်အထိပ် ရောက်ဖို့ ခက်ခဲလိမ့်မယ်။”
နင်ဇောင်ဝူ ပြောသည်မှာ အမှန်ပင်။ လူတစ်ယောက်၏ အခြားသော အရည်အချင်းများကို လေ့ကျင့်မှုဖြင့် တိုးတက်အောင် လုပ်ဆောင်နိုင်သည်။
သို့သော် စိတ်စွမ်းအင် ဆိုသည်မှာ IQ ကဲ့သို့ပင် မွေးရာပါ ပါလာသည့် အရာ ဖြစ်ပြီး ပြောင်းလဲ၍ မရနိုင်ပေ။
နင်ဇောင်ဝူ ပြောပြီးနောက် တုပိုင်က မေးလိုက်သည်။ “ဆရာသခင်ကြီးနင်။ ကျွန်တော့်ရဲ့ စိတ်စွမ်းအင် ပါရမီနဲ့ဆိုရင် ၅ နာရီအတွင်း စိတ်စွမ်းအင် နိုးထဖို့ လုံးဝ မဖြစ်နိုင်တော့ဘူးလား။ အာရုံစိုက် ပစ်ခတ်ခြင်းကို လုပ်ဖို့ မဖြစ်နိုင်တော့ဘူးလား။”
နင်ဇောင်ဝူ စကားမပြောနိုင် ဖြစ်သွားသည်။ အဘယ်ကြောင့်ဆိုသော် တုပိုင်၏ စကားများသည် အလွန်အမင်း အဓိပ္ပာယ်မဲ့လွန်းသောကြောင့် ဖြစ်သည်။
၅ နာရီ အတွင်း စိတ်စွမ်းအင် နိုးထချင်သည်လော။ သာမန်လူအဆင့် ၄၀ သာ ရှိသော စိတ်စွမ်းအင် ပါရမီဖြင့်လော။ စိတ်စွမ်းအင် နိုးထရန် ၅ နှစ် သို့မဟုတ် ၁၀ နှစ် ကြာမည်ဟု ပြောလျှင်ပင် ခက်ခဲနေပြီ ဖြစ်ရာ ၅ နာရီဟု ပြောခြင်းသည် အရူးတစ်ယောက်က သူဘုရင်ပါဟူ၍ ပြောသော စကားနှင့် တူနေသည်။
သို့သော် နင်ဇောင်ဝူသည် သူ့ကို အပြစ်မတင်ရက်ပေ။ အဘယ်ကြောင့်ဆိုသော် တုပိုင်သည် နောက်ဆုံးသော ရုန်းကန်မှုကို ပြုလုပ်နေပြီး နောက်ဆုံးသော ရူးသွပ်မှုကို ပြသနေသည်ဟု သူ ခံစားမိသောကြောင့် ဖြစ်သည်။ တုပိုင်သည် အရှုံးကို လက်မခံလိုသောကြောင့် စွဲလမ်းသော အခြေအနေတစ်ခုသို့ ရောက်ရှိနေခြင်း ဖြစ်သည်။
တုပိုင် တည်ငြိမ်သွားပြီး ပြောလိုက်သည်။ “ဆရာသခင်ကြီးနင်။ ဒါက အဓိပ္ပာယ် မရှိဘူးဆိုတာ ကျွန်တော် သိပါတယ်။ ရူးသွပ်တဲ့ စိတ်ကူးယဉ်မှု ဆိုတာလည်း သိပါတယ်။ ဒါပေမဲ့ ကျွန်တော် ကြိုးစားကြည့်ချင်တယ်။ အဆင့်မြင့် သိုင်းပညာရှင်တွေသာ ပိုင်ဆိုင်တဲ့ ဒီတောင်ကုန်းကို ကျော်ဖြတ်ပြီး ကျွန်တော့်ရဲ့ စိတ်စွမ်းအင်ကို နိုးထစေချင်တယ်။ အာရုံစိုက်ပစ်ခတ်ခြင်းကို လုပ်ချင်တယ်။”
နင်ဇောင်ဝူ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။ “ကောင်းပြီ။ ဒါဆို မင်း စိတ်ဖြောင့်ဖြောင့်နဲ့ ရှုံးနိမ့်နိုင်အောင် ငါ မင်းနဲ့အတူ နောက်ဆုံးအကြိမ် ရူးသွပ်ပေးမယ်။”
အဘယ်ကြောင့် ဆရာသခင်ကြီး နင်ဇောင်ဝူသည် ထိုစကားများကို ဝမ်းနည်းပက်လက်နှင့် မျှော်လင့်ချက်မဲ့စွာ ပြောဆိုခဲ့သနည်း။
ထို့နောက် ဆရာသခင်ကြီးသည် တုပိုင်ကို စိတ်စွမ်းအင် အသုံးပြုနည်း စတင် သင်ကြားပေးလေသည်။
“ပထမဆုံးအနေနဲ့ မင်းကို စိတ်စွမ်းအင်ရဲ့ အံ့ဖွယ်ကောင်းပုံနဲ့ အာရုံစိုက်ပစ်ခတ်ခြင်းရဲ့ အခြေခံတွေကို ခံစားကြည့်ခိုင်းမယ်။”
“အခုကစပြီး ရေတံခွန်ထဲက ရေစက်တစ်စက်ကို အသေကြည့်ထား။ အစကနေ အဆုံးထိ မျက်ခြည်မပြတ် အသေကြည့်ထား။” နင်ဇောင်ဝူ ပြောလိုက်သည်။ “တကယ်လို့ မင်း မျက်ခြည်ပြတ်သွားရင် အသေကြည့်ဖို့ ပျက်ကွက်သွားပြီလို့ ဆိုလိုတယ်။ တကယ်လို့ မင်း အောင်မြင်အောင် အသေကြည့်နိုင်ခဲ့ရင် မင်း ပစ်မှတ်ကို အသေကြည့်နိုင်သွားပြီလို့ ဆိုလိုတာပဲ။ မင်းရဲ့ မြှားပစ်စွမ်းရည်ကလည်း တစ်ရှိန်ထိုး တိုးတက်လာလိမ့်မယ်။ မင်းက စစ်မှန်တဲ့ လက်ဖြောင့်တပ်သား ဖြစ်လာနိုင်ပြီး မြှားပစ်စာမေးပွဲ အောင်ဖို့ဆိုတာ ထမင်းစားရေသောက်သလို လွယ်ကူသွားလိမ့်မယ်။”
သိန်းငှက်လက်ဖြောင့်တပ်သားဟူသော ဘွဲ့ထူးသည် မွန်ဂိုလီးယားမှ ဆင်းသက်လာခြင်း ဖြစ်ပြီး ကျွမ်းကျင်မှု အရှိဆုံး မြှားပစ်သမားများကိုသာ သိန်းငှက်လက်ဖြောင့်တပ်သားဟု ခေါ်ဆိုကြသည်။
လေးဖြင့်ကျော်ကြားသော မွန်ဂိုစစ်တပ်တွင်ပင် စစ်သည်တစ်သောင်း၌ သိန်းငှက်လက်ဖြောင့်တပ်သား ၅ ဦး၊ ၆ ဦးခန့်သာ ရှိတတ်ပြီး တာ့နင်မင်းဆက်၏ စစ်တပ်တွင်မူ ပို၍ပင် ရှားပါးလေသည်။
“စလိုက်တော့။ ရေစက်ကို အသေကြည့်ထား။” နင်ဇောင်ဝူ အမိန့်ပေးလိုက်သည်။
တုပိုင်သည် အသက်ပြင်းပြင်း ရှူလိုက်ပြီး မျက်လုံးများကို ရေစက်တစ်စက်တည်းပေါ်တွင် စူးစိုက်ထားလိုက်သည်။ ရေစက် စတင် ပေါ်ထွက်လာချိန်မှစ၍ စိုက်ကြည့်နေပြီး သူ၏ စိတ်စွမ်းအင် အားလုံးကို အသုံးပြုကာ ထိုရေစက်ကို အသေကြည့်ရန် ကြိုးစားလေသည်။
သို့သော် စက္ကန့်ဝက်ပင် မခံဘဲ ပျက်ကွက်သွားသည်။
အဘယ်ကြောင့်ဆိုသော် ရေစက်များ ကျဆင်းမှုသည် မြန်ဆန်လွန်းပြီး ရေတံခွန်မှ ရေများသည် အရှိန်ဖြင့် ကျဆင်းနေသဖြင့် ရေစက်များသည် အလွန် ရှုပ်ထွေးနေသောကြောင့် ဖြစ်သည်။ ရေစက်များသည် ကွဲထွက်သွားလိုက်၊ ပြန်ပေါင်းသွားလိုက် ဖြစ်နေသဖြင့် တစ်နေရာတည်းတွင် ငြိမ်အောင် အသေကြည့်ရန် မဖြစ်နိုင်ပေ။
ဒုတိယအကြိမ်၊ တတိယအကြိမ်၊ စတုတ္ထအကြိမ် ကြိုးစားကြည့်သည်။
သူ အကြိမ်ပေါင်း ဒါဇင်နှင့်ချီ ကြိုးစားခဲ့သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့ပြီး သူ့မျက်လုံးများနှင့် ဦးနှောက်တို့သည် ပေါက်ကွဲထွက်တော့မတတ် ခံစားလိုက်ရသည်။
“အားလုံး ကျရှုံးသွားတယ် မဟုတ်လား။” နင်ဇောင်ဝူ မေးလိုက်သည်။
တုပိုင် ခေါင်းညိတ်လိုက်သည်။
နင်ဇောင်ဝူက ပြောလိုက်သည်။ “ကျရှုံးတာ ပုံမှန်ပါပဲ။ ဘာလို့လဲဆိုတော့ မင်းရဲ့ စိတ်စွမ်းအင် ပါရမီက အရမ်း နိမ့်လွန်းလို့လေ။ အောင်မြင်ဖို့ဆိုရင် မင်းရဲ့ စိတ်စွမ်းအင်ကို နိုးထရမယ်။ ဒါကြောင့်လည်း စိတ်စွမ်းအင် နိုးထခြင်းက အဆင့်မြင့် သိုင်းပညာရှင် ဖြစ်ဖို့ အရေးအကြီးဆုံး တံခါးတစ်ချပ် ဖြစ်နေတာပေါ့။”
နင်ဇောင်ဝူ ဆက်ပြောလိုက်သည်။ “သီအိုရီအရ ပြောရရင် မင်းက ကိုယ့်ရဲ့ စိတ်စွမ်းအင်ကို အာရုံမခံနိုင်သလို ထိန်းချုပ်စုစည်းနိုင်စွမ်းလည်း မရှိလို့ ဖြစ်တယ်။ အခု မျက်လုံးမှိတ်ထား။ ငါ့ရဲ့ စိတ်စွမ်းအင်ကို မင်းဆီ ခဏလောက် ငှားပေးမယ်။”
တုပိုင် မျက်လုံး မှိတ်လိုက်သည်။
နင်ဇောင်ဝူသည် တုပိုင်၏ နဖူးအလယ်တည့်တည့်တွင် လက်ချောင်းတစ်ချောင်း တင်လိုက်ရာ တုပိုင်သည် သူ့ဦးနှောက်ထဲရှိ ထင်းရှူးသီးပုံဂလင်း လင်းလက်လာသည်ကို ချက်ချင်း ခံစားလိုက်ရပြီးနောက် အရာအားလုံး ပြောင်းလဲသွားလေသည်။
ချက်ချင်း မယုံကြည်နိုင်လောက်အောင် အံ့ဖွယ်အမှုတစ်ခု ဖြစ်ပျက်လာသည်။ မျက်လုံးမှိတ်ထားလျက်နှင့်ပင် သူသည် ပတ်ဝန်းကျင်ကို မြင်တွေ့နိုင်သကဲ့သို့ အာရုံခံစားမိလာသည်။
မြက်ခင်းပြင်ကို ဖြတ်တိုက်လာသော လေပြေကို ခံစားမိသည်။ ထင်းရှူးပင်တန်းများကို အာရုံခံမိသည်။ သူ့နောက်ရှိ နင်ဇောင်ဝူ၏ မျက်နှာ အမူအရာကို ခံစားမိသည်။ သူ့ဘေးပတ်လည်ရှိ မြေကြီးပေါ်မှ မြက်ပင်များ ရှင်သန်ကြီးထွားနေသည်ကိုပင် အာရုံခံမိလေသည်။
“မျက်လုံးဖွင့်လိုက်။” နင်ဇောင်ဝူ ပြောလိုက်သည်။
တုပိုင် မျက်လုံး ဖွင့်လိုက်သည်။
“ရေတံခွန်ထဲက ရေစက်တွေကို ပြန်ပြီး အသေကြည့်။” နင်ဇောင်ဝူ ပြောလိုက်သည်။
တုပိုင်သည် သူ့စွမ်းအင်များကို စုစည်းလိုက်ရာ သူ့ဦးနှောက်အတွင်းရှိ ထင်းရှူးသီးပုံဂလင်း၌ ထူးခြားသော စွမ်းအင်တစ်မျိုး စုဝေးလာသည်ကို ချက်ချင်း ခံစားလိုက်ရသည်။
ထို့နောက် မျက်လုံးများမှတဆင့် ထိုစွမ်းအင်ကို ထုတ်လွှတ်လိုက်သည်။ သူသည် ရေတံခွန်ထဲမှ လျင်မြန်စွာ ကျဆင်းနေသော ရေစက်များထဲမှ သာမန် ရေစက်တစ်စက်ကို စတင် အာရုံစိုက်လိုက်သည်။
ထို့နောက် အံ့ဖွယ်အမှု ထပ်မံ ဖြစ်ပျက်လာပြန်သည်။
အချိန်များ နှေးကွေးသွားသည်ဟု သူ အာရုံခံစားလိုက်ရပြီး ပတ်ဝန်းကျင်ရှိ အရာအားလုံးသည် ရုပ်ရှင်ထဲမှကဲ့သို့ နှေးကွေးသောမြင်ကွင်းဖြစ်သွားသည်။
သူ့မြင်ကွင်းထဲတွင် ထိုရေစက်မှလွဲ၍ ကျန်အရာအားလုံး ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်သွားသည်။ လျင်မြန်စွာ ကျဆင်းနေသော ရေစက်သည် အလွန်တရာ နှေးကွေးသွားသဖြင့် သူသည် လွယ်ကူစွာပင် အသေကြည့်ထားနိုင်လိုက်သည်။
အချိန်သည် ၄ ဆ၊ ၅ ဆခန့် နှေးကွေးသွားသကဲ့သို့ ရှိလေသည်။ နင်ဇောင်ဝူသည် တုပိုင်၏ နဖူးပေါ်မှ လက်ချောင်းကို ဖယ်လိုက်သည်။
ရုတ်တရက် သူ့ဦးနှောက်ထဲရှိ ထင်းရှူးသီးပုံဂလင်း ပြန်လည် မှောင်မိုက်သွားပြီး ထူးဆန်းသော နှေးကွေးမှု အခြေအနေ ပြီးဆုံးသွားကာ အချိန်နှေးကွေးခြင်းလည်း ရပ်တန့်သွားသည်။
“ဘယ်လို ခံစားရလဲ။” နင်ဇောင်ဝူ မေးလိုက်သည်။
“တကယ့်ကို အံ့သြစရာ ကောင်းလိုက်တာ။ လုံးဝ မယုံကြည်နိုင်စရာပဲ။” တုပိုင် ပြောလိုက်သည်။ “အမြင်အာရုံ အားလုံးကို တစ်နေရာတည်းမှာ စုစည်းနိုင်ပြီး အချိန်ကို ၄ ဆ ၅ ဆလောက် နှေးကွေးသွားစေတယ်။”
နင်ဇောင်ဝူက ပြောလိုက်သည်။ “အချိန်နှေးကွေးသွားတယ် ဆိုတာ စိတ်စွမ်းအင် နိုးထခြင်းရဲ့ အရေးအကြီးဆုံး လက္ခဏာပဲ။ သိုင်းပညာရှင် တစ်ယောက်အတွက် အရေးအကြီးဆုံး အခိုက်အတန့်လည်း ဖြစ်တယ်။ စိတ်စွမ်းအင် နိုးထပြီးမှသာ စိတ်စွမ်းအင်ကို စုစည်းနိုင်မယ်။ ပစ်မှတ်ကို အသေကြည့်နိုင်မယ်။ ရန်သူရဲ့ တိုက်ခိုက်မှု လမ်းကြောင်းကို ကြိုတင်ခန့်မှန်းနိုင်မယ်။ အန္တရာယ်ကို အာရုံခံနိုင်မယ်။”
အတိုချုပ်ပြောရလျှင် စိတ်စွမ်းအင် နိုးထခြင်းကို မည်သည့် စကားလုံးဖြင့်မျှ လုံလောက်အောင် ဖော်ပြ၍ မရနိုင်ပေ။ ဤသည်မှာ အမှန်တကယ် ကြီးကျယ်ခမ်းနားသော အခိုက်အတန့် ဖြစ်ပြီး သိုင်းပညာရှင် တစ်ယောက်အတွက် အရေးအကြီးဆုံး ခြေလှမ်း ဖြစ်သည်။
ထို့ကြောင့်လည်း ဤအရာသည် အဆင့်မြင့် သိုင်းပညာရှင်များ၏ အမှတ်အသား ဖြစ်နေခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း စိတ်စွမ်းအင် နိုးထသော သိုင်းပညာရှင်သည် တစ်သောင်းတွင် တစ်ယောက်သာ ရှိခြင်း ဖြစ်သည်။
ဤသည်မှာ ဂိမ်းထဲမှ ဟာကွက်တစ်ခုကဲ့သို့ပင် ဖြစ်သည်။
“အခုလေးတင် ငါ့စိတ်စွမ်းအင်ကို သုံးပြီး မင်းကို အချိန်နှေးကွေးတဲ့ အခြေအနေထဲ ဝင်ရောက်အောင် ကူညီပေးလိုက်တာ။ မင်းရဲ့ စိတ်စွမ်းအင် နိုးထလို့ မဟုတ်ဘူး။” နင်ဇောင်ဝူ ပြောလိုက်သည်။
“ကျွန်တော် သိပါတယ်။” တုပိုင် ပြောလိုက်သည်။
နင်ဇောင်ဝူ၏ အဆိုအရ တုပိုင်၏ ကိုယ်ပိုင် စိတ်စွမ်းအင် ပါရမီကို အားကိုးပါက တစ်ဘဝလုံး ကြိုးစားလျှင်ပင် စိတ်စွမ်းအင် နိုးထရန် မျှော်လင့်ချက် မရှိပေ။
“မင်းရဲ့ စိတ်စွမ်းအင် ပါရမီက အရမ်း ညံ့ဖျင်းတယ်။ အတင်းအကျပ် သင်ယူလည်း အလကားပဲ။” နင်ဇောင်ဝူ ပြောလိုက်သည်။ “ဒါပေမဲ့ မင်းက ဇွတ်တောင်းဆိုနေမှတော့ ငါ သင်ပေးပါမယ်။ ဒါပေမဲ့ ရလဒ်အတွက် ဘာမျှော်လင့်ချက်မှ မထားနဲ့။ ဒါက လူသားရဲ့ စွမ်းအားနဲ့ ပြောင်းလဲလို့ ရတဲ့အရာ မဟုတ်ဘူး။ ငါတောင် မင်းကို နှစ်အနည်းငယ်အတွင်း စိတ်စွမ်းအင် နိုးထအောင် ကူညီမပေးနိုင်ဘူး။”
ထို့နောက် နင်ဇောင်ဝူသည် အခြား ကျမ်းစာအုပ် တစ်အုပ်ကို ထုတ်ယူလိုက်ပြီး ပြောလိုက်သည်။ “ဒါက ငါရေးထားတဲ့ စိတ်စွမ်းအင်နိုးထခြင်းနည်းစနစ်စာအုပ်ပဲ။ မင်း အချိန်ရှိရင် ဖြည်းဖြည်းချင်း လေ့လာပေါ့။ လောဘမကြီးနဲ့။ တစ်ရက်ကို တစ်မျက်နှာ ပြီးအောင် ဖတ်နိုင်ရင်တောင် အောင်မြင်မှုပဲ။ ပါရမီ အရှိဆုံးလူတောင် ငါ့ရဲ့ ဒီကျမ်းစာအုပ်ကို ဖတ်ပြီး နားလည်သဘောပေါက်ဖို့ နှစ်ပေါင်းများစွာ ကြာလိမ့်မယ်။”
ထို့နောက် နင်ဇောင်ဝူ ပြောလိုက်သည်။ “ကဲ။ ငါ အရင် သွားတော့မယ်။ မင်း ဒီမှာ တစ်ယောက်တည်း ကျန်ခဲ့တော့။ နေဝင်ရင် ပြန်လာဖို့ မမေ့နဲ့။ ငါတို့ ဆရာတပည့် ဖြစ်ခဲ့ကြတာ နှုတ်ဆက်ချိန် ရောက်ပြီ။ သေချာပေါက် မင်း ကြိမ်ဒဏ် အချက် ၁၀၀ အြပစ်ပေးမခံချင်ရင် တိတ်တိတ်လေး ထွက်သွားလို့ ရတယ်။ ငါ မင်းကို အပြစ်တင်မှာ မဟုတ်ဘူး။”
ပြောပြီးနောက် နင်ဇောင်ဝူ အမှန်တကယ် ထွက်ခွာသွားလေသည်။ တုပိုင်သည် စိတ်စွမ်းအင်နိုးထခြင်းနည်းစနစ် လျှို့ဝှက်ကျမ်းစာအုပ်ကို စတင် ဖတ်ရှုလေတော့သည်။
အပိုင်း ၁၄၂ ပြီး။