အခန်း (၁၄၅)
Vol. 15 Ch. 145
မင်းသမီးယွီကျိန်း၏ ကိုယ်ရံတော်များသည် ရန်သူကို မုန်းတီးရာတွင် တညီတညွတ်တည်း ရှိကြသည်။ ဤတုပိုင်က သိပ်မုန်းစရာကောင်းသည်။ မင်းသမီးက ကွေ့လင်တွင် ရှိစဉ်က သူ့ကို ကူညီခဲ့ဖူးပြီး အသက်ကိုပင် ကယ်တင်ပေးခဲ့သည်မှာ နှမြောစရာပင်။
ချက်ချင်းပင် ကိုယ်ရံတော်နှစ်ဦးသည် ညှဉ်းပန်းနှိပ်စက်ရာ စင်မြင့်ကို ပြင်ဆင်လိုက်ပြီး မြှားပစ်ပြီးသည်နှင့် တုပိုင်ကို ကြိမ်ဒဏ်ပေးရန် အဆင်သင့် လုပ်လိုက်ကြသည်။
ခါးပတ်ပေါ်ရှိ သားရေကြိုးများနှင့် ကြိုးများသည် သွေးစွန်းနေသဖြင့် ကျောချမ်းစရာ ကောင်းလှသည်။
အပြစ်ပေးရန် တာဝန်ယူထားသူမှာ အမျိုးသားများထက်ပင် အရပ်ရှည်ပြီး သန်မာထွားကျိုင်းသော အမျိုးသမီးတစ်ဦး ဖြစ်သည်။ သူမသည် ကြိမ်လုံးဖြင့် မြေကြီးကို ရိုက်ခတ်လိုက်သည်။
“ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း”
ချက်ချင်းပင် မီးပွားများ လွင့်ပျံတက်လာပြီး မာကျောသော ကျောက်ပြားခင်းကြမ်းပြင်ပေါ်တွင် အရာများ ထင်ကျန်ရစ်သည်။
အကယ်၍ ဤကြိမ်လုံးဖြင့် လူကို ရိုက်ခတ်ပါက အချက် ၁၀၀ ဆိုလျှင် သေချာပေါက် သေလုမြောပါး ဖြစ်သွားပေလိမ့်မည်။
ကြည့်ရှုနေကြသော ဘုန်းကြီးများသည် တုပိုင်အတွက် အလှူငွေများစွာ ဆုံးရှုံးလိုက်ရသော်လည်း ယခုအချိန်တွင် မလိုလားသော အမူအရာများ ပြသနေကြသည်။ မည်သို့ပင်ဖြစ်စေကာမူ သူတို့က ဤကောင်လေးကို သဘောကျနေတုန်းပင်။ အနည်းဆုံးတော့ ဤကောင်လေးကြောင့် သူတို့စိတ်လှုပ်ရှားရပြီး ပျော်ရွင်ခဲ့ကြရသည်။
“မင်း ငါ့ရဲ့အချိန်ကိုဖြုန်းတယ်။ ငါ မင်းကို ကြိမ်ဒဏ် အချက် ၁၀၀ ရိုက်တဲ့အခါ အားလျော့ထားမှာ မဟုတ်ဘူး။ နောက်ပိုင်း လီဝမ်ဟွေ့ လာပြီး ပြဿနာရှာရင်လည်း ကိစ္စမရှိဘူး။” မင်းသမီးယွီကျိန်း အေးစက်စွာ ပြောလိုက်သည်။
တုပိုင်က ပြောလိုက်သည်။ “သေချာတာပေါ့။”
ထို့နောက် တုပိုင် ဆက်ပြောလိုက်သည်။ “တကယ်လို့ ကျွန်တော်နိုင်ရင် ဆရာသခင်ကြီးနင်က ဆက်နေပြီး ကျွန်တော့်ကို သင်ပေးရမယ်။ မင်းသမီးရဲ့ ရိုင်းစိုင်းမှုနဲ့ ကျုပ်ကိုအထင်သေးမှုတွေအတွက် လူတိုင်းရှေ့မှာ ကျွန်တော့်ကို တောင်းပန်ရမယ်။ ဆရာသခင်ကြီးနင်ကို တောင်းပန်ရမယ်။ ပြီးတော့ မင်းသမီးရဲ့ ကောင်းကင်ပြာဓား ကလည်း ကျွန်တော့်ဆီ ရောက်လာရမယ်။ ဟုတ်တယ်မလား။”
မင်းသမီးယွီကျိန်း အံ့အားသင့်သွားသည်။ ဤတုပိုင်ရူးသွားပြီလော။ ယခုအချိန်ရောက်နေသည်တောင်မှ နိုင်ဖို့အကြောင်းကို ဆက်ပြောရဲသေးသည်။ အရှက်မရှိသည်လော။ သို့မဟုတ် ဖိအားများလွန်း၍ အမှန်တကယ် ရူးသွပ်သွားခြင်း ဖြစ်မည်လော။
မနေ့က တုပိုင်၏ စွမ်းဆောင်ရည်ကို သူမ ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့သည်။ သူ့မြှားပစ်ပါရမီသည် အလွန်တရာ သာမန်ကျလွန်းသည်။ နင်ဇောင်ဝူကဲ့သို့ ထိပ်တန်း ဆရာသခင်ကြီး၏ သင်ကြားမှုအောက်၌ပင် သူသည် သုညမှတ်သာ ရရှိခဲ့သည်။
သို့သော် ၁ ရက်သာရှိသေးသည် ဤငနဲက စာမေးပွဲတွင် အမှတ် ၉၀ ကိုရနေချင်လေ၏။ သေလူများ ပြန်ရှင်လာလျှင်တောင် မြောက်ပိုင်းမှ ဂျာချင်လူမျိုးများ ရုတ်တရက် ဦးနှောက်ပျက်ပြီး တာ့နင်အင်ပါယာကို လက်နက်ချပါမည်ဟု ပြောလာလျှင်တောင် ဤကိစ္စ ဖြစ်လာမည် မဟုတ်ပေ။
သို့သော် မင်းသမီးယွီကျိန်းသည် လေးနက်စွာ ခေါင်းညိတ်ပြီး ပြောလိုက်သည်။ “ဟုတ်တယ်။ မင်း ရှုံးရင် နင်ဇောင်ဝူက မင်းနဲ့ လမ်းခွဲပြီး ငါနဲ့အတူ စစ်တပ်ထဲ လိုက်ခဲ့ရမယ်။ ပြီးတော့ မင်း ကြိမ်ဒဏ် အချက် ၁၀၀ အရိုက်ခံရမယ်။ မင်း နိုင်ရင် ငါ လူတိုင်းရှေ့မှာ မင်းကို တောင်းပန်မယ်။ နင်ဇောင်ဝူကို တောင်းပန်မယ်။ ပြီးတော့ ငါ့ရဲ့ ကောင်းကင်ပြာဓားက မင်းအပိုင် ဖြစ်သွားမယ်။”
“ကောင်းပြီ။ ဒါဆို ကျွန်တော်တို့ရဲ့ ပြိုင်ပွဲကို တရားဝင် စလိုက်တော့မယ်။” တုပိုင် ပြောလိုက်သည်။
မင်းသမီးယွီကျိန်းက ပြောလိုက်သည်။ “မြန်မြန်လုပ်။ နေဝင်တော့မယ်။ မင်းနဲ့ အချိန်ဖြုန်းနေဖို့ ငါတို့မှာ အချိန်မရှိဘူး။”
**--**--**--**--**--**--**--**
ယခုအချိန်တွင် နေမင်းသည် တစ်ဝက်ခန့် ဝင်နေပြီ ဖြစ်ပြီး အနီရောင် နေဝင်ဆည်းဆာ အလင်းရောင်သည် ကြာပန်းကျောင်းတော်၏ လေ့ကျင့်ရေးကွင်းပြင်ပေါ်သို့ ကျရောက်နေသဖြင့် အထူးတလည် လှပနေသည်။
သို့သော် လူအများစု၏ မျက်လုံးထဲတွင်မူ အနည်းငယ် ဝမ်းနည်းဖွယ်ကောင်းပြီး သွေးဆာနေသကဲ့သို့ ဖြစ်နေသည်။ ပစ်မှတ်အသစ်ကို တပ်ဆင်ပြီးပြီ ဖြစ်ကာ တုပိုင်သည် မီတာ ၉၀ အကွာတွင် ရပ်နေသည်။
ရာနှင့်ချီသော ပွဲကြည့်ပရိသတ်များသည် တိတ်ဆိတ်နေကြပြီး မျက်လုံးများကို တုပိုင်ထံတွင် စူးစိုက်ထားကြသည်။ ချန်ဖိန်၊ လီစန်းနှင့် လီစစ်တို့သည် မျက်လုံးမှိတ်ပြီး တိတ်တဆိတ် ဆုတောင်းနေကြသည်။
မဖြစ်နိုင်သော တာဝန်တစ်ခုဟု ခံစားရသော်လည်း ဤလူများသည် တုပိုင်အပေါ် ထူးဆန်းသော ယုံကြည်မှုတစ်ခု ရှိနေကြသည်။
မင်းသမီးယွီကျိန်း တစ်ယောက်တည်းသာ မြင်းပေါ်တွင် မာနကြီးသော နှင်းပွင့်တစ်ပွင့်ကဲ့သို့ ခံ့ညားစွာ ရှိနေသည်။ သူမ၏ အကြည့်သည် တုပိုင်ထံတွင် မရှိဘဲ ပစ်မှတ်ဆီတွင်သာ ရှိနေသည်။
သူ မြှားပစ်ပြီးသည်နှင့် သူမ ချက်ချင်း ထွက်ခွာတော့မည် ဖြစ်သည်။ တုပိုင် ကြိမ်ဒဏ် အရိုက်ခံရသည်ကိုပင် ကြည့်ချင်စိတ် မရှိပေ။
ဆရာသခင်ကြီး နင်ဇောင်ဝူသည်လည်း အနားယူရန် မျက်လုံးမှိတ်ထားလိုက်သည်။ သူ မကြည့်ချင်သလို ကြည့်လည်း မကြည့်ရက်ပေ။ အဘယ်ကြောင့်ဆိုသော် ပါရမီရှင်တစ်ယောက် ပျက်စီးသွားသည်ကို မြင်တွေ့ရခြင်းကို သူ လက်မခံနိုင်သောကြောင့် ဖြစ်သည်။
သို့မဟုတ်ပါက သူ့စိတ်ထဲမှ ပါရမီရှင် ဆိုသည်မှာ တကယ်တမ်း ပါရမီရှင် မဟုတ်နေ၍ ဖြစ်ကောင်းဖြစ်မည်။
တစ်ချိန်တည်းတွင် အားလုံး၏ အကြည့်များကို ခံယူထားရသည့် ဇာတ်လိုက်ကျော်ကြီးတုပိုင်သည်လည်း အသက်ပြင်းပြင်း ရှူလိုက်သည်။ ထင်းရှူးသီးပုံဂလင်းကို အသုံးပြု၍ စိတ်စွမ်းအင်များကို အာရုံခံ စုစည်းလိုက်ပြီး မီတာ ၉၀ အကွာမှ ပစ်မှတ်အလယ်တည့်တည့်ကို အသေကြည့်လိုက်သည်။
အသေကြည့်ခြင်း အောင်မြင်သွားကာ အချိန်အာရုံခံစားမှု ၅ ဆ လျော့ကျသွားသည်။ ပြီးနောက်တွင် သူ လေတိုက်နှုန်းနှင့် မြှား၏ ဆွဲငင်အား အချက်အလက်များကို တွက်ချက်လိုက်သည်။ ပစ်ခတ်မည့် ထောင့်ကို ချိန်ညှိလိုက်သည်။ လေးကို ဆွဲ၊ မြှားတပ်၊ ပစ်လွှတ်လိုက်သည်။
“ရွှီးးးး။ ရွှီးးးး။ ရွှီးးးး။ ရွှီးးးး။ ရွှီးးးး။”
စက္ကန့် ၃၀ ပင် မကြာသော အချိန်အတွင်း တုပိုင်သည် မြှား ၁၀ စင်းကို ဆက်တိုက် ပစ်လွှတ်လိုက်သည်။ ချောမွေ့နေဆဲ ဖြစ်ပြီး တစ်ဆက်တည်း ပြီးဆုံးသွားသည်။
ချိန်ရွယ်ခြင်းနှင့် ရပ်တန့်ခြင်းများ လုံးဝ မရှိသလောက်ပင်။
“ဒုတ်... ဒုတ်... ဒုတ်...”
လျင်မြန်ပြီး ချောမွေ့သော အသံများ ဆက်တိုက် ထွက်ပေါ်လာပြီးနောက်။ မြှား ၁၀ စင်းစလုံး ပစ်မှတ်ကို ထိုးဖောက်ဝင်ရောက်သွားသည်။
ချက်ချင်းပင် ကွင်းပြင်တစ်ခုလုံး သေလုမတတ် တိတ်ဆိတ်သွားသည်။
တုပိုင်သည် ပစ်မှတ်ကို လှမ်းပင် မကြည့်ပေ။ အဘယ်ကြောင့်ဆိုသော် ကြည့်စရာ မလိုသောကြောင့် ဖြစ်သည်။ သူ့ရမှတ်ကို သူ သိပြီးသား ဖြစ်သည်။
မြှားပစ်ပြီးနောက် သူသည် တည်ငြိမ်အေးဆေးစွာ ရှိနေပြီး လေးကို သေချာစွာ ချထားလိုက်ကာ အပျိုစင်လေးတစ်ယောက်ကဲ့သို့ ငြိမ်သက်စွာ ရပ်နေလိုက်သည်။
အံ့သြဖွယ်ကောင်းသော ၉၅ မှတ်ပင်။
မြှား ၉ စင်းက ပစ်မှတ်အလယ်တည့်တည့်ကို ထိမှန်ပြီး ၁ စင်းက ပစ်မှတ်ကွင်းကို ထိမှန်ကာ ပစ်မှတ်အလယ်တည့်တည့်နှင့် ဆံခြည်မျှင်တစ်မျှင်စာသာ လွဲချော်သွားခြင်း ဖြစ်သည်။
ဤရလာဒ်သည် လောင်းကြေးသတ်မှတ်ထားသော ၉၀ မှတ်ထက် ကျော်လွန်နေသည်။
မင်းသမီးယွီကျိန်းသည် မြင်းဇက်ကြိုးကို ကိုင်ထားပြီး တုပိုင် မြှားပစ်ပြီးသည်နှင့် ချက်ချင်း ထွက်ခွာရန် ပြင်ဆင်ထားသည်။
အဘယ်ကြောင့်ဆိုသော် ရလဒ်မှာ သံသယ ဖြစ်စရာ မလိုသောကြောင့် ဖြစ်သည်။
သို့သော် တုပိုင် လေးကို ဆွဲပြီး မြှားတပ်လိုက်ချိန်တွင် သူမ ပစ်မှတ်တစ်ခုကို ရှာတွေ့လိုက်သကဲ့သို့ ခံစားလိုက်ရသည်။
အဘယ်ကြောင့်ဆိုသော် တုပိုင်၏ အောင်မြင်လိုစိတ် ပြင်းပြမှုနှင့် မိမိကိုယ်မိမိ ယုံကြည်မှုတို့ကြောင့် ဖြစ်သည်။
အရာအားလုံး အလွန် လျင်မြန်စွာ ဖြစ်ပျက်သွားသည်။ စက္ကန့် ၃၀ ပင် မကြာလိုက်ဘဲ တုပိုင်သည် မြှား ၁၀ စင်းစလုံးကို ပစ်လွှတ်လိုက်သည်။
ချက်ချင်းပင် မင်းသမီးယွီကျိန်း၏ ကြီးမားသော မျက်ဝန်းများသည် အဆုံးစွန်ထိ ပြူးကျယ်သွားသည်။
ထို့နောက် သူမသည် သူမ၏ လှပသော မျက်လုံးများကို လှည့်ပင် မလှည့်နိုင်တော့သလို မျက်တောင်လည်း မခတ်နိုင်တော့ပေ။
လူတစ်ကိုယ်လုံး အေးခဲသွားသကဲ့သို့ ဖြစ်နေပြီး ရင်သပ်ရှုမောဖွယ် ကျောက်ရုပ်တု တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
သူမ အသက်ရှူလို့ မရတော့သလိုပင် ခံစားလိုက်ရသည်။
၉၅ မှတ်။ မြှားတစ်စင်းတည်းသာ ပစ်မှတ်အလယ်တည့်တည့်ကို လွဲချော်ခဲ့သော်လည်း ပစ်မှတ်အလယ်တည့်တည့် အစွန်းနှင့် အလွန် နီးကပ်နေသည်။
ပြီးပြည့်စုံသော ရမှတ်နှင့် ဆံခြည်မျှင်တစ်မျှင်စာသာ ကွာခြားသည်။
မည်သို့ ဖြစ်နိုင်မည်နည်း။ ဤသည်မှာ အိပ်မက်လော။
ဤလောကကြီးတွင် အဘယ်ကြောင့် ဤမျှ အဓိပ္ပာယ်မဲ့သော ကိစ္စရပ်များ ရှိနေရသနည်း။
တစ်ရက်တည်း အတွင်း၌ ဤကောင်လေးသည် မြှားပစ်ပညာ အခြေခံမရှိသူ တစ်ဦးအဆင့်မှ ၉၅ မှတ်ကျော် ရရှိသူအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်လော။
ဤအောင်မြင်မှုသည် အံ့သြဖွယ် ကောင်းရုံမျှ မကပေ။
ဆုန်ယွီကျိန်းကိုယ်တိုင်က မြှားပစ်ပါရမီရှင် တစ်ဦး ဖြစ်သော်လည်း အခြေခံမရှိသူ အဆင့်မှ ငြိမ်သက်ပစ်မှတ် ၉၀ မှတ် ရရှိရန် နှစ်ဝက်ကျော် ကြာမြင့်ခဲ့သည်။
တုပိုင်ကမူ တစ်ရက်တည်းဖြင့်လော။
ဤသည်မှာ ပါရမီရှင် ဟူသော အတိုင်းအတာကို ကျော်လွန်သွားပြီ ဖြစ်သည်။ ဤသည်မှာ ကြောက်မက်ဖွယ် ကောင်းလွန်းလှပေသည်။
မင်းသမီးယွီကျိန်းသည် သစ်ခွပန်းရနံ့သင်းသော အသက်ရှူသံကို ပြန်လည် ရှူရှိုက်နိုင်ရန် အချိန်အတော်ကြာ ယူလိုက်ရပြီး ပထမဆုံးအကြိမ်အဖြစ် တုပိုင်ကို လေးနက်သော အမူအရာဖြင့် ကြည့်လိုက်မိသည်။
မင်းသမီးယွီကျိန်း တစ်ယောက်တည်း လုံးဝ တုန်လှုပ်သွားခြင်း မဟုတ်ပေ။
ရှိနေသူ အားလုံး ယွီကျိန်း၏ ကိုယ်ရံတော်များနှင့် ဘုန်းကြီးများ အားလုံးလည်း တုန်လှုပ်သွားကြသည်။
တုပိုင်ကို ကြိမ်ဒဏ်ပေးရန် ပြင်ဆင်နေသော သန်မာထွားကျိုင်းသည့် အမျိုးသမီးသည် လန့်ဖျပ်သွားပြီး လက်ထဲမှ ကြိမ်လုံး ပြုတ်ကျသွားသည်။
ဘုန်းကြီးများသည် လုံးဝ မှင်သက်သွားပြီး သူတို့၏ နောက်ဆုံးအလှူငွေများ ဆုံးရှုံးသွားသည်ကိုပင် မေ့လျော့နေကြသည်။
သူတို့လည်း သိုင်းပညာ လေ့ကျင့်သူများ ဖြစ်ကြရာ မြှားပစ်ခြင်းသည် မည်မျှ ခက်ခဲကြောင်းနှင့် အချိန်မည်မျှ ပေးရကြောင်း သိထားကြသည်။
တစ်ရက်တည်း အတွင်း၌ တုပိုင်သည် အခြေခံမရှိသူ ဘဝမှ မြှားပစ်ဆရာတစ်ဆူ ဖြစ်လာခဲ့သည်။ ဤသည်မှာ ဒဏ္ဍာရီပုံပြင် တစ်ခုကဲ့သို့ ဖြစ်နေသော်လည်း သူတို့၏ မျက်စိရှေ့မှောက်တွင်ပင် အမှန်တကယ် ဖြစ်ပျက်နေခြင်း ဖြစ်သည်။
အချိန်အတော်ကြာပြီးနောက် ဘုန်းကြီးတစ်ပါးက စကားပြောလာသည်။
“ဆရာတော်။ တပည့်တော်... တပည့်တော် လူထွက်ချင်ပါတယ်။ ကြာပန်းကျောင်းတော်မှာ ဆက်နေရင် နှလုံးရောဂါ ရလိမ့်မယ်။ အရင်တုန်းက တပည့်တော် ကိုယ့်ကိုယ်ကိုယ် တော်တော် ထူးချွန်တယ်လို့ ထင်ခဲ့ဖူးပေမဲ့ အခုတော့ ဝက်တစ်ကောင်လောက်တောင် ဉာဏ်မရှိသလို ခံစားနေရတယ်။”
“ဟုတ်တယ်။ တပည့်တော်လည်း လူထွက်ချင်တယ်။ စိတ်ဓာတ်ကျလွန်းလို့။ ပြီးတော့ ပိုက်ဆံလည်း အကုန်ပြောင်ပြီ။”
ခံစားလွယ်သော ဆရာသခင်ကြီး နင်ဇောင်ဝူသည် မျက်လုံးမှိတ်ထားဆဲ ဖြစ်ပြီး တုပိုင် ကြိမ်ဒဏ် အရိုက်ခံရစဉ် သနားစဖွယ် အော်ဟစ်သံကို စောင့်ဆိုင်းနေသည်။
သို့သော် မြှား ၁၀ စင်း ပစ်လွှတ်သံ ကြားပြီးနောက် ကွင်းပြင်တစ်ခုလုံး တိတ်ဆိတ်သွားပြီး ထူးဆန်းသော လေထုတစ်ခု လွှမ်းခြုံသွားသည်ကို ခံစားလိုက်ရသည်။
ရုတ်တရက် သူ မျက်လုံးဖွင့်လိုက်သည်။
“အွတ်...”
ဆရာသခင်ကြီး နောက်တစ်ကြိမ် သီးသွားပြန်သည်။
သူ့မျက်လုံးသူ အတင်း ပွတ်သပ်လိုက်ပြီး သေချာ ပြန်ကြည့်လိုက်ရာ စိတ်ကူးယဉ်နေခြင်း မဟုတ်ကြောင်း သိလိုက်ရသည်။
၉၅ မှတ်။ အံ့သြဖွယ်ကောင်းသော ၉၅ မှတ်ပင်။ ဘဝ၏ အဓိပ္ပာယ်ကို မေးခွန်းထုတ်လိုသော ခံစားချက်ကြီး ပြန်ရောက်လာပြန်ချေပြီ။
နင်ဇောင်ဝူ အက်ကွဲသော အသံဖြင့် အော်ဟစ်လိုက်သည်။ “ဒီလောကကြီးက ပါရမီရှင်တွေက တကယ်ပဲ သူတို့ လုပ်ချင်တာ လုပ်လို့ ရနေတာလား။ ဘာလို့လဲ။ ဘာအခွင့်အရေးနဲ့မို့လို့လဲ။ ဘယ်သူက အဲအခွင့်အရေးတွေကို ပေးထားလို့လဲ။”
**--**--**--**--**--**--**--**
တုပိုင်သည် မင်းသမီးယွီကျိန်း အနားသို့ လျှောက်သွားပြီး ဦးညွှတ်ကာ ပြောလိုက်သည်။
“မင်းသမီး။ ကျွန်တော် ငြိမ်သက်ပစ်မှတ် မြှားပစ်လေ့ကျင့်ခန်းကို အောင်မြင်စွာ ပြီးမြောက်သွားပါပြီ။”
မင်းသမီးယွီကျိန်းသည် သူ့မျက်နှာကို ဆက်လက် စိုက်ကြည့်နေသည်။
အပိုင်း ၁၄၅ ပြီး။