← Chapters

အခန်း (၁၄၆)

Vol. 15 Ch. 146

အခန်း (၁၄၆)

Vol. 15 Ch. 146

ဤသည်မှာ မင်းသမီးယွီကျိန်းမှ တုပိုင်၏ မျက်နှာကို ယခင်က အာဃာတများ မထားဘဲ ပထမဆုံးအကြိမ်အဖြစ် လေးလေးနက်နက် ကြည့်ခြင်း ဖြစ်သည်။

သေချာသည်မှာ တုပိုင်၏ အသွင်အပြင်သည် သူမ၏ စိတ်ကြိုက်ပုံစံ မဟုတ်ပေ။ ယောကျ်ားလေး တစ်ယောက်အတွက် တုပိုင်သည် လှပလွန်းနေသည်။

သူမက ရဲရင့်ပြတ်သားပြီး ခံ့ညားထည်ဝါသော အမျိုးသား မျက်နှာသွင်ပြင်မျိုးကို နှစ်သက်သည်။

သို့သော် သေချာသည်မှာ တုပိုင်၏ မျက်နှာသည် ပေါ့ပျက်ပျက်နိုင်သော အသွင် မဆောင်ဘဲ ဆန့်ကျင်ဘက်အားဖြင့် လျှို့ဝှက်ဆန်းကြယ်မှု တစ်ခုခု လွှမ်းခြုံနေသကဲ့သို့ ရှိသည်။

သူ့မျက်လုံးများသည် အလွန် တောက်ပနေသော်လည်း ပေါ့ပျက်ပျက်နိုင်ခြင်း မရှိဘဲ အလွန် စူးရှထက်မြက်နေသည်။

အချိန်အတော်ကြာပြီးနောက် မင်းသမီးယွီကျိန်း မြင်းပေါ်မှ ဆင်းလိုက်ပြီး တုပိုင်ကို ဦးညွှတ်ကာ ပြောလိုက်သည်။ “ငါ တောင်းပန်ပါတယ်။ ငါ မှားသွားတယ်။ ငါ့ရဲ့ အရင်က အာဃာတတွေအတွက် အနူးအညွတ် တောင်းပန်ပါတယ်။”

ထို့နောက် မင်းသမီးယွီကျိန်းသည် နင်ဇောင်ဝူကို ဦးညွှတ်ကာ ပြောလိုက်သည်။ “ဆရာသခင်ကြီးနင်။ ကျေးဇူးပြုပြီး ဆက်နေပေးပါ။ ပြီးတော့ တုပိုင်ကို ပြောပြပေးပါ။ ဆရာ မှန်တယ်လို့။ စစ်မြေပြင်မှာ ဆရာက ရဲရင့်တဲ့ ဓားသမားတစ်ယောက် ဖြစ်နိုင်ပေမဲ့ အင်ပါယာအတွက် ထူးချွန်တဲ့ ပါရမီရှင်တစ်ယောက် မွေးထုတ်ပေးတာက ပိုပြီး အသုံးဝင်ကောင်း ဝင်နိုင်ပါလိမ့်မယ်။”

မင်းသမီးယွီကျိန်း၏ စရိုက်မှာ ဤအတိုင်းပင်။ မှန်လျှင် မှန်သည်။ မှားလျှင် မှားသည်ဟု ဝန်ခံတတ်ပြီး သူမကိုယ်တိုင် အပါအဝင် မည်သည့် အားနည်းချက်ကိုမျှ လက်မခံနိုင်ပေ။

သူမသည် ဘေးနားရှိ ကောင်းကင်ပြာဓား ကို ယူလိုက်ပြီး တုပိုင်အား လက်နှစ်ဖက်ဖြင့် ကမ်းပေးကာ ပြောလိုက်သည်။ “ဒီဓားကို ဧကရာဇ်မင်းမြတ်က ငါ့ကို ပေးသနားထားတာ။ သိုင်းပညာ ဓားသိုင်း လေ့ကျင့်ဖို့ သင့်တော်တယ်။ ဒီဓားက မစ်သရယ်လ် ဒဏ္ဍာရီလာနဲ့ သွန်းလုပ်ထားတဲ့ ထိပ်တန်းဓား ဖြစ်ပဲ။ ထက်မြက်ခိုင်ခံ့သလို အတွင်းအား စီးဆင်းမှုလည်း ကောင်းမွန်တယ်။ ငါက စစ်မြေပြင်ကို သွားတော့မှာ။ ဒီလိုဓားမျိုးက ငါနဲ့ မသင့်တော်ဘူး။ ဒါကြောင့် ဒီဓားကို မင်းဆီ ပေးလိုက်မယ်။”

တုပိုင်သည် ဓားကို လက်နှစ်ဖက်ဖြင့် လှမ်းယူလိုက်ပြီး ဓားအိမ်မှ ဆွဲထုတ်လိုက်သည်။ ရုတ်တရက် ဓားသွားမှ တုန်ခါသံ ထွက်ပေါ်လာပြီး လေတိုက်ခတ်ခံရပြီးနောက် ဓားသွား အနည်းငယ် တုန်ခါသွားသည်။

ဓားသွားသည် ရေကဲ့သို့ ချောမွေ့နေပြီး သွေးစွန်းခြင်း မရှိသော်လည်း လူသတ်လိုသော အငွေ့အသက်များ ထွက်ပေါ်နေဆဲ ဖြစ်သည်။ ဤသည်မှာ အမှန်တကယ် တန်ဖိုးမဖြတ်နိုင်သော ထိပ်တန်းဓားတစ်လက် ဖြစ်သည်။

“မင်းသမီးရဲ့ ဆုလာဘ်အတွက် ကျေးဇူးတင်ပါတယ်။ ဒီဓားရဲ့ ဂုဏ်သိက္ခာ မညှိုးနွမ်းစေရပါဘူး။” တုပိုင် ပြောလိုက်သည်။

ထို့နောက် မင်းသမီးယွီကျိန်းသည် တစ်ခုခု ပြောချင်သော်လည်း တုံ့ဆိုင်းနေသည်ကို သတိပြုမိသဖြင့် တုပိုင်က ပြောလိုက်သည်။ “မင်းသမီးယွီကျိန်း။ ပြောစရာရှိရင် ပွင့်ပွင့်လင်းလင်း ပြောပါ။”

မင်းသမီးယွီကျိန်းက ပြောလိုက်သည်။ “မင်း ဘယ်လို လုပ်လိုက်တာလဲ။ မနေ့က မင်းရဲ့ မြှားပစ်စွမ်းရည်က တော်တော် ညံ့ဖျင်းခဲ့တယ်။ အဲဒါက အမှန်အတိုင်း ပြောတာ။ ဘယ်လိုလုပ် တစ်ရက်နဲ့တစ်ည အတွင်းမှာ ဒီလောက်ကြီးမားတဲ့ တိုးတက်မှုမျိုး ရသွားတာလဲ။ ငါ ဒီလိုမျိုး တစ်ခါမှ မမြင်ဖူးသလို မကြားဖူးဘူး။ ဒါက လုံးဝ ယုတ္တိမရှိဘူးလို့ ငါ ခံစားရတယ်။”

တုပိုင်က ပြောလိုက်သည်။ “စိတ်စွမ်းအင်ကို နိုးထစေတယ်။ စိတ်စွမ်းအင်နဲ့ ပစ်မှတ်ကို အသေကြည့်လိုက်တယ်။ ပြီးတော့ အာရုံစိုက်ပစ်ခတ်ခြင်းကို သုံးလိုက်တာ။”

ချက်ချင်းပင် မင်းသမီးယွီကျိန်း၏ လှပသော မျက်လုံးများတွင် မယုံကြည်နိုင်မှု အရိပ်အယောင်များ ပိုမို ပေါ်လွင်လာသည်။

သူမ၏ စိတ်စွမ်းအင်သည်လည်း နိုးထပြီး ဖြစ်ရာ စိတ်စွမ်းအင် စုစည်းခြင်းနှင့် ပစ်ခတ်ခြင်းကို သဘာဝကျကျ သိရှိနားလည်သည်။ စိတ်စွမ်းအင်ဖြင့် ပစ်မှတ်ကို အသေကြည့်လိုက်သည်နှင့် ပစ်မှတ်အလယ်တည့်တည့်ကို အမြဲလိုလို ထိမှန်မည် ဖြစ်ကာ မြှားပစ်ဆရာတစ်ဆူ အဆင့်သို့ တိုက်ရိုက် ရောက်ရှိသွားမည် ဖြစ်သည်။

သို့သော် စိတ်စွမ်းအင် နိုးထခြင်းသည် မြှားပစ်စွမ်းရည် တိုးတက်စေခြင်းထက် အဆပေါင်းများစွာ ပိုမို ခက်ခဲလေသည်။

မင်းသမီးယွီကျိန်း၏ စိတ်စွမ်းအင် ပါရမီသည် ၇၀ ရှိပြီး အလွန် မြင့်မားသော အဆင့် ဖြစ်ကာ ဤလောကရှိ လူ ၉၉.၉၉% ထက် သာလွန်သည်။ သို့တိုင်အောင် သူမသည် စိတ်စွမ်းအင် နိုးထရန် ၅ နှစ်တိတိ အချိန်ယူခဲ့ရသည်။

တုပိုင်ကမူ တစ်ရက်တည်းဖြင့် ဤအရာကို ပြီးမြောက်ခဲ့သည်။

ဤသည်မှာ... ဤသည်မှာ လုံးဝ အံ့သြစရာ ကောင်းလွန်းလှသည်။

မင်းသမီးယွီကျိန်း မေးလိုက်သည်။ “ဆရာသခင်ကြီးနင်က မင်းကို စိတ်စွမ်းအင် နိုးထခြင်း နည်းစနစ် ဘယ်တုန်းက စသင်ပေးတာလဲ။”

ဘေးနားတွင် ရပ်နေသော နင်ဇောင်ဝူက ပြောလိုက်သည်။ “ငါ သူ့ကို မသင်ပေးရသေးပါဘူး။ လွန်ခဲ့တဲ့ ၆ နာရီကမှ ဒီကျမ်းစာအုပ်ကို သူ့ကို ပြခဲ့တာပါ။”

မင်းသမီးယွီကျိန်း နောက်တစ်ကြိမ် တုန်လှုပ်သွားပြန်ပြီး စကားတစ်ခွန်းမျှ မပြောနိုင်တော့ပေ။ အချိန်အတော်ကြာမှ သူမက ပြောလိုက်သည်။ “မင်း... မင်း ဘယ်လို လုပ်လိုက်တာလဲ။”

တုပိုင်က ပြောလိုက်သည်။ “ဆရာသခင်ကြီးနင်ရဲ့ စိတ်စွမ်းအင် နိုးထခြင်း နည်းစနစ် ကျမ်းစာအုပ်က အရမ်း နက်နဲတယ်။ ဒါပေမဲ့ ကျွန်တော် တရားရှုမှတ်ခြင်း ကမ္ဘာထဲ ဝင်ရောက်သွားပြီးနောက် အလွန် အံ့ဖွယ်ကောင်းတဲ့ အခြေအနေ တစ်ခုကို ရောက်ရှိသွားတယ်လေ။”

“ဆရာသခင်ကြီးနင်ရဲ့ ကျမ်းစာအုပ်ထဲမှာ ဖော်ပြထားတဲ့ စွမ်းအင်ကမ္ဘာက မူလက စိတ်ကူးနဲ့ ပုံဖော်ရတာ ဖြစ်ပေမဲ့ ကျွန်တော့်ရဲ့ တရားရှုမှတ်ခြင်း ကမ္ဘာထဲမှာတော့ ကျွန်တော့်ရှေ့မှာ မြင်တွေ့နိုင် ထိတွေ့နိုင်တဲ့ သုံးဖက်မြင်ပုံရိပ်အဖြစ် ပေါ်လာတယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ သင်ယူမှုက မြန်ဆန်သွားတာ။”

မင်းသမီးယွီကျိန်း အံ့သြနေဆဲ ဖြစ်သည်။

ထို့နောက် ဘာမျှ ဆက်မပြောတော့ဘဲ တုပိုင်ကို လက်အုပ်ချီ နှုတ်ဆက်ကာ ပြောလိုက်သည်။ “နောက်မှ ပြန်တွေ့ကြမယ်။”

“နောက်မှ ပြန်တွေ့ကြမယ်။” တုပိုင် ပြောလိုက်သည်။ “ဂရုစိုက်ပါ မင်းသမီး။”

“သွားကြစို့။” မင်းသမီးယွီကျိန်း အမိန့်ပေးလိုက်ပြီး သူမ၏ ကိုယ်ရံတော် ဒါဇင်ပေါင်းများစွာကို ဦးဆောင်ကာ ကြာပန်းကျောင်းတော်မှ ထွက်ခွာသွားလေသည်။

**--**--**--**--**--**--**--**

ထိုနေ့ညနေတွင် ဆရာသခင်ကြီး နင်ဇောင်ဝူသည် စိတ်ငြိမ်သက်သွားပြီးနောက် တုပိုင်နှင့် ထပ်မံ တွေ့ဆုံသည်။

ရိုးရာ တရုတ်စာပေယဉ်ကျေးမှုနှင့် ငြိမ်သက်ပစ်မှတ် မြှားပစ်နည်းစနစ်ဟု ရေးသားထားသော သစ်သားပြားများကို မျဉ်းနီဖြင့် ခြစ်ထုတ်ပြီးသားဖြစ်၏။

စုစုပေါင်း ဘာသာရပ် ၁၁ ခု ရှိရာ တစ်လကျော် ကာလအတွင်း ၆ ခု ပြီးစီးသွားပြီ ဖြစ်ပြီး ၅ ခုသာ ကျန်ရှိတော့သည်။

မိန်းမစိုးအကယ်ဒမီ၏ စာမေးပွဲ ဖြေဆိုရန် ရက်ပေါင်း ၁၀၀ ခန့် ကျန်သေးသည်။

“အင်း...။” ဆရာသခင်ကြီး အံ့သြသွားသည်။ ရက်ပေါင်း ၁၀၀ ခန့်ကျန်သေးသည်ဟု ဆိုသော စကားသည် အနည်းငယ်တော့ ထူးဆန်းလှသည်။ အဘယ်ကြောင့်ဆိုသော် တုပိုင်စပြီး ပညာသင်ကတည်းက ရက်ပေါင်း ၁၀၀ ခန့် အချိန်ကျန်သေးသည်ဟု ပြောခဲ့ပြီး ယခုထက်ထိ ရက်ပေါင်း ၁၀၀ ခန့်ကျန်သေးသည်ဟု ပြောနေရလေ၏။ သောက်ကျိုးနည်းလှသည်။

နင်ဇောင်ဝူ မေးလိုက်သည်။ “နေ့လယ်က မင်းသမီးယွီကျိန်းကို ပြောခဲ့တဲ့ တရားရှုမှတ်ခြင်း ကမ္ဘာ ဆိုတာ တကယ် ရှိတာလား။”

တုပိုင် ခေါင်းညိတ်ပြီး ပြောလိုက်သည်။ “တကယ်ပါ။ ပြီးတော့ တရားရှုမှတ်ခြင်း ကမ္ဘာထဲမှာ အချိန်က ၁၀ ဆကျော် နှေးကွေးသွားပြီး ကျွန်တော့်ဦးနှောက်ရဲ့ နားလည်နိုင်စွမ်းကလည်း ၁၀ ဆကျော် တိုးတက်လာတယ်။”

တုပိုင်သည် အတတ်နိုင်ဆုံး ယုတ္တိရှိအောင် ရှင်းပြလိုက်ခြင်း ဖြစ်သည်။ သူ့တွင် အိပ်မက်စနစ် ရှိနေကြောင်း ပြောပြ၍ မဖြစ်နိုင်ပေ။

နင်ဇောင်ဝူ သက်ပြင်းချလိုက်သည်။ “ငါက တရားရှုမှတ်ခြင်း ကမ္ဘာအကြောင်း ကြားဖူးရုံပဲ ရှိတာ။ တကယ် ရှိလိမ့်မယ်လို့ ထင်မထားဘူး။ တကယ့်ကို မယုံကြည်နိုင်စရာပဲ။ အံ့သြစရာ ကောင်းလွန်းတယ်။”

ထို့နောက် ဆရာသခင်ကြီးသည် ပြန်လည် စိတ်လှုပ်ရှားလာပြီး ပြောလိုက်သည်။ “တုပိုင်။ မင်းက တကယ်ပဲ မိန်းမစိုးအုပ်စုကို ကယ်တင်ဖို့ ကောင်းကင်က စေလွှတ်လိုက်တဲ့ ပါရမီရှင် ဖြစ်ပုံရတယ်။ လီဝမ်ဟွေ့ မင်းကို ရွေးချယ်တာ မှန်ကန်တယ်။ မင်းကို ပြုစုပျိုးထောင်ဖို့ အရာအားလုံး ပေးဆပ်ခဲ့တာ အံ့သြစရာ မဟုတ်တော့ပါဘူး။”

ထို့နောက် နင်ဇောင်ဝူ ပြောလိုက်သည်။ “သင်ယူမှု တိုးတက်မှုက ဇယားထက် နည်းနည်း စောနေတယ်။ နောက်ထပ် ငါတို့ မြင်းစီးသင်ကြမယ်။”

**--**--**--**--**--**--**--**

တာ့နင်မင်းဆက်သည် မြောက်ပိုင်း လူမျိုးစုများနှင့် ရာစုနှစ်ပေါင်းများစွာ တိုက်ခိုက်လာခဲ့ရာ မြင်းစီးတပ်ဖွဲ့သည် အထူး အရေးပါသည်။ ထို့ကြောင့် မြင်းစီးကျွမ်းကျင်မှုကို အလွန် တန်ဖိုးထားကြသည်။

စစ်ဘက်ဆိုင်ရာ စာမေးပွဲ ဖြစ်စေ သိုင်းပညာ အကယ်ဒမီများတွင် ဖြစ်စေ မိန်းမစိုးအကယ်ဒမီတွင်ပင် ဖြစ်စေ မြင်းစီးကျွမ်းကျင်မှုသည် အလွန် အရေးပါသော အစိတ်အပိုင်း ဖြစ်သည်။

ထို့ကြောင့် မိန်းမစိုးအကယ်ဒမီ၏ စာမေးပွဲတွင် မြင်းစီးကျွမ်းကျင်မှုအတွက် အမှတ် ၅၀ နှင့် မြင်းစီးမြှားပစ်ခြင်းအတွက် ၁၅ မှတ် သတ်မှတ်ထားသည်။ ဤသည်မှာ မြင်းစီးကျွမ်းကျင်သော သူများကို ကျယ်ကျယ်ပြန့်ပြန့် မွေးထုတ်ပေးရန်နှင့် မြောက်ပိုင်းသားများနှင့် တိုက်ခိုက်ရာတွင် လူတိုင်း မြင်းပေါ်၌ တိုက်ခိုက်နိုင်စေရန် ရည်ရွယ်ခြင်း ဖြစ်သည်။

မြင်းစီးစစ်ဆေးမှု တစ်ခုလုံးကို အပိုင်း ၃ ပိုင်း ခွဲခြားထားသည်။ အမြန်နှုန်း (၂၀ မှတ်)၊ အတားအဆီး ဖြတ်ကျော်ခြင်း (၁၅ မှတ်) နှင့် ရှောင်တိမ်းပစ်ခတ်ခြင်း (၁၅ မှတ်) တို့ ဖြစ်သည်။

ထို့ပြင် မြင်းစီးကျွမ်းကျင်မှုသည် မမျှတဆုံး စာမေးပွဲဘာသာရပ်ဟု ပြောနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ကျောင်းသားတိုင်းသည် ကိုယ်ပိုင် မြင်းကို ယူဆောင်လာနိုင်သလို အကယ်ဒမီမှ စီစဉ်ပေးသော မြင်းကိုလည်း ရွေးချယ်နိုင်သည်။

ထို့ကြောင့် ထူးချွန်သော ကျောင်းသားအချို့။ နောက်ခံနှင့် အဆက်အသွယ် ရှိသူများသည် လွန်ခဲ့သော နှစ်အနည်းငယ်ကတည်းက ခံ့ညားထည်ဝါသော စစ်မြင်းကောင်းများကို ပိုင်ဆိုင်ထားပြီး နေ့စဉ် အစာကျွေး၊ ရေချိုး၊ ဘီးဖြီးပေးကာ လေ့ကျင့်ပေးခဲ့ကြသည်။ (မြင်းဘဝတောင် ကိုယ်တွေထက် ပိုဇိမ်ကျနေသေးတယ်။ 🙄)

နှစ်များ ကြာလာသည်နှင့်အမျှ ဤလူများနှင့် သူတို့၏ စစ်မြင်းများအကြား နားလည်မှုသည် အလွန် မြင့်မားသော အဆင့်သို့ ရောက်ရှိလာပြီး သူတို့သည် ရှေ့ဆုံးမှ စတင်နိုင်ကြသည်။

သာမန်ကျောင်းသားများမှာမူ စစ်မြင်းကောင်း မဝယ်နိုင်သဖြင့် အကယ်ဒမီမှ ပေးသော သာမန်စစ်မြင်းများကိုသာ ရွေးချယ်ရပြီး စာမေးပွဲ ဖြေဆိုချိန်တွင် မြင်းပေါ်မှ ပြုတ်ကျသူများပင် ရှိကြသည်။

ဥပမာအားဖြင့် ထန်ယန်၏ မြင်းသည် အလွန် သန်မာပြီး ဉာဏ်ကောင်းလှသည်။ သူ သွားလေရာ ခေါ်သွားတတ်သည်။ တုပိုင်လည်း မြင်ဖူးသည်။ ထိုမြင်း၏ ခန္ဓာကိုယ်ပေါ်တွင် အမွေးအမှင် တစ်ပင်မျှ မရှုပ်ထွေးဘဲ မျက်လုံးများသည် ကျောက်မျက်ရတနာကဲ့သို့ တောက်ပနေသည်။ သာမန် စစ်မြင်းများထက် ခေါင်းတစ်လုံးပိုမြင့်ပြီး ခြေတံများသည် လက်မအနည်းငယ် ပိုရှည်သည်။

ဤကဲ့သို့ ခံ့ညားထည်ဝါသော မြင်းမျိုးသည် ခေတ်သစ်ကမ္ဘာတွင် ဆိုလျှင် ဒေါ်လာ သန်းချီ တန်ဖိုးရှိပေလိမ့်မည်။

ထန်ယန်သည် ထိုကဲ့သို့ ခံ့ညားသော မြင်းကို စီးပြီး စာမေးပွဲဖြေလျှင် အခြားသူများကို အပြတ်အသတ် အနိုင်ယူမည်မှာ သေချာသည် မဟုတ်ပါလော။

အပိုင်း ၁၄၆ ပြီး။

All Chapters