← Chapters

အခန်း (၁၄၇)

Vol. 15 Ch. 147

အခန်း (၁၄၇)

Vol. 15 Ch. 147

ဤသည်မှာ အာကီနာတောင်ပေါ်တွင် ပြိုင်ကားမောင်းသကဲ့သို့ ဖြစ်သည်။ အခြားသူများက ဖာရာရီ မောင်းနေချိန်တွင် သင်က ဝူလင်းဟုန်ကွမ်း (ရိုးရိုးသာမန်အိမ်စီးကားထင်တာပဲ 😁) မောင်းနေလျှင် နိုင်နိုင်ပါမည်လော။

ထို့ကြောင့် ထန်ယန်နှင့် ယန်ရှီ အပါအဝင် အခြားသူများသည် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက စတင် လေ့ကျင့်ခဲ့ကြပြီး မည်သည့် စာမေးပွဲတွင်မဆို အမှတ်ကောင်းကောင်း ရနိုင်ကြသည်။ အထူးသဖြင့် ထန်ယန်ဆိုလျှင် ပြီးပြည့်စုံသော ရမှတ်နှင့် နီးစပ်မည်မှာ သေချာသည်။

သေချာပေါက် ကျွန်တော်တို့၏ ဇာတ်လိုက်ကျော်ကြီး တုပိုင်တွင်လည်း အားကိုးစရာ နောက်ခံလူကြီးများ ရှိသည်။ အလွန် အင်အားကြီးသော နောက်ခံလူကြီးများ ဖြစ်သည်။

မြင်းကောင်းတစ်ကောင် ရှိခြင်းသည် စာမေးပွဲတွင် တုပိုင်အတွက် ကြီးမားသော အားသာချက် ဖြစ်စေမည် ဖြစ်ရာ လီဝမ်ဟွေ့သည် တုပိုင် မစဉ်းစားမိခင်ကတည်းက စီစဉ်ပြီးသား ဖြစ်သည်။

တက္ကသိုလ်သုံးခုပူးပေါင်းပြိုင်ပွဲ ပြီးဆုံးသည်နှင့် သူသည် မြောက်ပိုင်းသို့ လူလွှတ်ပြီး မြင်းဝယ်ခိုင်းခဲ့သည်။ ငွေတုံး ၁၅,၀၀၀ တိတိ အသုံးပြုခဲ့သည်။

အမှန်တကယ် တန်ဖိုးမဖြတ်နိုင်သော မျိုးကောင်းမြင်း တစ်ကောင် ဖြစ်ပြီး ထန်ယန်၏ မြင်းထက် မလျော့နည်းစေရဟု အာမခံထားသည်။ လက်ရှိတွင် ကွမ်ရှီးသို့ အမြန်ဆုံး သယ်ဆောင်လာနေသည်။

အရာအားလုံး အဆင်ပြေပါက နောက်ရက်အနည်းငယ် အတွင်း မျိုးကောင်းမြင်း ရောက်ရှိလာတော့မည် ဖြစ်သည်။

“တုပိုင်။ မင်းရဲ့ မြင်းကောင်း ဘယ်မှာလဲ။” နင်ဇောင်ဝူ မေးလိုက်သည်။ “မြင်းမရှိဘဲ ငါ ဘယ်လိုလုပ် မြင်းစီးသင်ပေးရမှာလဲ။”

တုပိုင်က ပြောလိုက်သည်။ “မကြာခင် ရောက်တော့မှာပါ။ အခုဆို ပင်လယ်ပြင်ပေါ် ရောက်နေလောက်ပြီ။”

သူလည်း သူ့မြင်းကောင်းကို အသည်းအသန် လိုချင်နေသည်။ နောက်ခေတ်မှ စူပါကားထက်ပင် ပိုမို မိုက်ဦးမည်။ အဓိကမှာ စပယ်ရှယ်ရုန်းနိုင်မည့် ကိုကိုမြင်းရှိလျှင် ညီမလေးတုပိုင်သည် စာမေးပွဲတွင် အမှတ်ကောင်း ရနိုင်ပြီး ထန်ယန်ကို မရှုံးစေရခြင်း ဖြစ်သည်။

**--**--**--**--**--**--**--**

သင်္ဘောကြီးတစ်စင်းပေါ်တွင် အရှေ့ဘက်ကွပ်ကဲရေးရုံးမှ လျှို့ဝှက်အဖွဲ့သားအချို့သည် ကြမ်းပြင်ပေါ်တွင် အိပ်ပျော်နေသော်လည်း သူတို့၏ နားများသည် အမြဲတမ်း နိုးကြားနေသည်။

သူတို့ဘေးတွင် မြင်းတစ်ကောင် လဲလျောင်းနေသည်။ မြင်းကို ခေါင်းမှ ခြေအဆုံး ဖုံးအုပ်ထားသဖြင့် သာမန်မြင်းတစ်ကောင်နှင့် တူနေပြီး အနည်းငယ် ပိုမြင့်ရုံသာ ရှိသည်။

ဤလူများသည် လီဝမ်ဟွေ့က တုပိုင်အတွက် မြင်းဝယ်ရန် မွန်ဂိုလီးယားသို့ စေလွှတ်လိုက်သော အရှေ့ဘက်ကွပ်ကဲရေးရုံး သူလျှိုများ ဖြစ်သည်။ သူတို့သည် မွန်ဂိုလီးယား တော်ဝင်နန်းတွင်းမှ ထိပ်တန်း မျိုးကောင်းမြင်းကို ခိုးယူရန် ငွေတုံး ၁၃,၅၀၀ အသုံးပြုခဲ့သည်။

ရယ်စရာကောင်းသည်မှာ ဤမြင်းကောင်းကို မွန်ဂိုလီးယား တော်ဝင်နန်းတွင်းက အနောက်ဘက်ဒေသမှ ရွှေတုံး တစ်ထောင် ပေးပြီး ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ထို့နောက် အရှေ့ဘက်ကွပ်ကဲရေးရုံးသူလျှိုများထံ တိတ်တဆိတ် ပြန်လည် ရောင်းချခဲ့ခြင်း ဖြစ်ရာ နေရာတိုင်းတွင် အကျင့်ပျက်ခြစားမှု ရှိနေကြောင်း သက်သေပြနေသည်။

မြင်းကောင်းကို ရရှိပြီးနောက် ဤအရှေ့ဘက်ကွပ်ကဲရေးရုံး လျှို့ဝှက်သူလျှိုများသည် ချက်ချင်း ရုပ်ဖျက်ပြီး ကုန်းလမ်းမှတဆင့် ထျန်ကျင်းဆိပ်ကမ်းသို့ သွားရောက်ကာ ထိုမှတဆင့် သာမန် ပင်လယ်ကူးသင်္ဘောဖြင့် တောင်ဘက်သို့ ရွက်လွှင့်ပြီး လျန်ကျိုးဆိပ်ကမ်းသို့ ဦးတည်လာခဲ့ကြသည်။

မိန်းမစိုးအုပ်စု၏ စစ်သင်္ဘောများဖြင့် မလာဘဲ သာမန် ပင်လယ်ကူးသင်္ဘောများဖြင့် လာရခြင်းမှာ ရေကြောင်းကုန်သွယ်ရေးရုံးနှင့် မိန်းမစိုးအုပ်စု ရေတပ်တို့သည် လီဝမ်ဟွေ့၏ နယ်မြေ မဟုတ်သောကြောင့် ဖြစ်သည်။

ဤတစ်ကြိမ်တွင် လီဝမ်ဟွေ့သည် တုပိုင်အတွက် မြင်းဝယ်ရန် ငွေတုံး တစ်သောင်းကျော် အသုံးပြုခဲ့သည်မှာ ဂုဏ်ယူစရာ ကိစ္စမဟုတ်ပေ။ သူ အထူး သတိထားရန် လိုအပ်ပြီး မဟုတ်လျှင် ရန်သူ တိုက်ခိုက်စရာ လက်ကိုင်တုတ် ဖြစ်သွားနိုင်သည်။

လမ်းတစ်လျှောက်လုံး အထောက်အထားကို ဖုံးကွယ်ပြီး သာမန် ကုန်သည်သင်္ဘောများဖြင့် သွားလာခြင်းသည် အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်။

ခရီးစဉ်တစ်လျှောက်လုံး အရှေ့ဘက်ကွပ်ကဲရေးရုံးမှ လျှို့ဝှက်သူလျှို ၄ ဦးသည် အလွန် သတိထားပြီး စိုးရိမ်ပူပန်နေခဲ့ကြသည်။ တုပိုင်၏ အလားအလာရှိသော ပါရမီကို ထိခိုက်မည့် အမှားမျိုး ဖြစ်သွားမည်ကို ကြောက်ရွံ့နေကြသည်။

ယခုအခါ သင်္ဘောသည် ကွမ်ရှီး ရေပိုင်နက်ထဲသို့ ဝင်ရောက်တော့မည် ဖြစ်ပြီး မနက်ဖြန် ဆိပ်ကမ်းကပ်နိုင်တော့မည် ဖြစ်သည်။ နောက်ဆုံးတော့ သက်ပြင်းချနိုင်ပြီ ဖြစ်သည်။

ဤသင်္ဘော၏ ပိုင်ရှင်မှာ ဝူကျိုးစီရင်စုမှ ထင်ရှားသော ကုန်သည်ကြီး ဝူကျန့်တောက် ဖြစ်သည်။

သင်္ဘောပေါ်ရှိ ကုန်ပစ္စည်းများသည် အများအားဖြင့် မှောင်ခိုဆား၊ ပိုးထည်၊ ဂျင်ဆင်းနှင့် အခြား တားမြစ်ကုန်ပစ္စည်းများ ဖြစ်သည်။ သို့သော် သင်္ဘောပေါ်ရှိ လူတိုင်းကို လာဘ်ထိုးထားပြီး ဖြစ်သည်။ ကုန်သည်တိုင်း မှောင်ခိုလုပ်ကြသည်သာဖြစ်၏။

တရားဝင်လုပ်လျှင် လူချမ်းသာဖြစ်နိုင်၏။ တရားမဝင်လုပ်လျှင်တော့ ပိုပြီးတော့ ချမ်းသာသည့် လူချမ်းသာကြီးဖြစ်လာနိုင်သည်။

သင်္ဘောကုန်းပတ်ပေါ်တွင် လူငယ်တစ်ဦးသည် အဝေးသို့ မျှော်ကြည့်ရင်း ကုန်းမြေ အရိပ်အယောင်ကို ရှာဖွေနေသည်။ ပင်လယ်ပြင်တွင် ရက်ပေါင်းများစွာ မျောပါပြီးနောက် နောက်ဆုံးတော့ အိမ်ပြန်ရောက်တော့မည်။

သူသည် ကုန်သည်ကြီး ဝူကျန့်တောက်၏ သား ဝူယန်မင် ဖြစ်သည်။ သူသည် ရုပ်ရည်ချောမောသော်လည်း ပင်လယ်လေကြောင့် အသားအရေ အနည်းငယ် ညိုနေသည်။ သို့သော် ချမ်းသာကြွယ်ဝမှုနှင့် မြင့်မြတ်သော အငွေ့အသက်များ ထွက်ပေါ်နေဆဲ ဖြစ်သည်။

ကုန်သည်ကြီး ဝူကျန့်တောက် ထွက်လာပြီး ပြောလိုက်သည်။ “ညနက်နေပြီ ဘာလို့ မအိပ်သေးတာလဲ။ ဒီမှာ ဘာလုပ်နေတာလဲ။ ပင်လယ်လေ ရှူနေတာလား။”

ဝူကျန့်တောက်သည် အတော်အတန် ချမ်းသာပြီး အရပ်ရှည်ကာ ခံ့ညားသော်လည်း အသားအရေ မည်းနက်ပြီး ရိုးရှင်းစွာ ဝတ်ဆင်ထားသဖြင့် သာမန်လူနှင့် တူနေသည်။ သို့သော် သိနားလည်သူများကမူ သူ့ခါးတွင် ချိတ်ဆွဲထားသော ကျောက်စိမ်းဆွဲသီးသည် အိမ်အလုံးပေါင်းများစွာ တန်ဖိုးရှိကြောင်း သိရှိကြသည်။

“အဖေ။” ဝူယန်မင် ပြောလိုက်သည်။ “သား အိပ်မပျော်ဘူး။”

ဝူကျန့်တောက် ရယ်မောလိုက်ပြီး ပြောလိုက်သည်။ “မင်း မိန်းမကို လွမ်းနေတာလား။”

ဝူယန်မင် မျက်နှာရဲသွားပြီး ပြောလိုက်သည်။ “သား တကယ် တွေးနေမိတာ။”

ထို့နောက် သူ့ဇနီး တုဖိန်အာ ၏ စိတ်ဆိုးမာန်ဆိုး ဖြစ်တတ်သော လှပသည့် မျက်နှာလေးကို မြင်ယောင်လာပြီး သူ့ရင်ခုန်သံများ မြန်ဆန်လာသည်။

မှန်သည်။ ဤလူတွင် အခြားသော အထောက်အထား တစ်ခု ရှိသေးသည်။ တုပိုင်၏ ယောက်ဖ ဖြစ်သည်။

ဝူမိသားစု၏ ကုန်သည်သင်္ဘောများက တုပိုင်အတွက် မျိုးကောင်းမြင်းများကို သယ်ဆောင်ပေးနေခြင်းသည် တိုက်ဆိုင်မှု တစ်ခုပင်။

သေချာပေါက် အစ်မဖြစ်သူ တုဖိန်အာ သည် ဤလူကို သိပ်ချစ်သည်တော့ မဟုတ်ပေ။

ထို့ကြောင့် ဝူမိသားစုသည် တုဖိန်အာနှင့် လက်ထပ်ခြင်းကို သူတို့ဘက်က နိမ့်ကျသည်ဟု ခံစားနေရသည်။ အထူးသဖြင့် တုဖိန်အာသည် အိမ်ထောင် သုံးခုမှ ငွေများကို မိဘအိမ်သို့ ပို့ပေးနေသောကြောင့် ဖြစ်သည်။ ဝူမိသားစုသည် တုဖိန်အာ၏ မိသားစု တစ်ခုလုံးကို ထောက်ပံ့နေရသည်ဟု ခံစားနေရသည်။ အထူးသဖြင့် အရွယ်ရောက်နေပြီ ဖြစ်သော တုပိုင်ကို အစ်မဖြစ်သူ တုဖိန်အာက ဆက်လက် ထောက်ပံ့နေရခြင်းကို သူတို့ မကျေနပ်ကြပေ။

ထိုအချိန်မှာပင် ရုတ်တရက် မှောင်မိုက်နေသော ပင်လယ်ပြင်မှ ထက်မြက်သော မြှားအများအပြား ပစ်ခတ်ခံလိုက်ရသည်။

“ရွှီးးး။ ရွှီးးး။ ရွှီးးး။”

ကြမ်းတမ်းသော စစ်သင်္ဘော အများအပြားသည် လှိုင်းလေများကို ခွင်းလျက် အရှိန်ပြင်းပြင်းဖြင့် ဝင်ရောက်လာကြသည်။

ထို့နောက် ပြင်းထန်ပြီး စူးရှသော အသံတစ်ခု ထွက်ပေါ်လာသည်။

“သင်္ဘောရပ်။ သင်္ဘောရပ်။”

“မှောင်ခိုသင်္ဘောတွေကို စစ်ဆေးမယ်။ မှောင်ခိုသင်္ဘောတွေကို စစ်ဆေးမယ်။”

“အားလုံး ကုန်းပတ်ပေါ်မှာ စုရုံးနေကြ။ ဘယ်သူမှ ပြန်မခုခံရဘူး။ အမိန့်မနာခံတဲ့သူကို ခွင့်လွှတ်မှာ မဟုတ်ဘူး။ သတ်ပစ်မယ်။”

“ဝုန်း...”

ထို့နောက် စစ်သင်္ဘော၏ ကျောက်ခဲပစ်စက်မှ မီးလုံးကြီးတစ်လုံး ပစ်လွှတ်လိုက်ရာ မီးတန်းရှည်ကြီး တစ်ခု ဖြစ်ပေါ်လာပြီး သင်္ဘောကြီး၏ ဘေးနားသို့ ကျရောက်သွားသည်။

သူတို့သည် ကြောက်မက်ဖွယ် ကောင်းသော ကျောက်ခဲပစ်စက်ကိုပင် အသုံးပြုခဲ့ကြသည်။ ဤသည်မှာ တိုက်ခိုက်ခြင်း မဟုတ်ဘဲ ခြိမ်းခြောက်ခြင်း ဖြစ်သည်။

မနေ့ညက လီစန်းသည် မြင်းကောင်းအကြောင်း စုံစမ်းရန် တောင်အောက်သို့ ဆင်းသွားခဲ့သည်။

တစ်ညတာ ကောင်းမွန်စွာ အိပ်စက်အနားယူပြီးနောက် တုပိုင် နိုးထလာပြီး နင်ဇောင်ဝူထံမှ မြင်းစီးခြင်းဆိုင်ရာ သီအိုရီ ဗဟုသုတများကို စတင် သင်ယူလေသည်။

“မြင်းစီးတာက မြှားပစ်တာနဲ့ နည်းနည်း တူတယ်။ သာမန် မြင်းစီးသမားတွေက ကြိုးကြိုးစားစား လေ့ကျင့်ပြီး စစ်မြင်းနဲ့ ရေရှည် သံယောဇဉ် တည်ဆောက်မှသာ နားလည်မှုရလာတာ။”

“ဒါပေမဲ့ စိတ်စွမ်းအင် ပါရမီ မြင့်မားတဲ့သူတွေကျတော့ စိတ်စွမ်းအင်ကို သုံးပြီး စစ်မြင်းနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်တယ်။ ဒါမှ လူနဲ့မြင်း တစ်သားတည်း ဖြစ်ပြီး မြင်းစီးကျွမ်းကျင်မှုရဲ့ အမြင့်ဆုံး အဆင့်ကို ရောက်ရှိနိုင်တာ။”

“သေချာတာပေါ့။ ငါ အရင်က ပြောသလိုပဲ စိတ်စွမ်းအင် နိုးထသူက တစ်သောင်းမှာ တစ်ယောက်ပဲ ရှိတယ်။ လူအများစုကတော့ ကြိုးကြိုးစားစား လေ့ကျင့်ပြီး သံယောဇဉ် တိုးပွားလာအောင် စစ်မြင်းနဲ့အတူ အိပ်စက်ရတာမျိုးတွေ လုပ်ကြရတာ။”

“စိတ်စွမ်းအင် ပါရမီ မြင့်မားတဲ့သူတွေကတော့ သားရဲဘာသာစကား မှတ်တမ်းကို လေ့လာပြီး စစ်မြင်းရဲ့ စိတ်စွမ်းအင် လှိုင်းတွေကို ဖမ်းယူနိုင်တယ်။ ရှေ့တိုး နောက်ဆုတ်၊ ဘယ်ညာ တိမ်းရှောင်၊ အားယူတာ၊ အရှိန်တင်တာ စတာတွေကို တိုက်ရိုက် ထိန်းချုပ်နိုင်တယ်။”

အတိုချုပ်ပြောရလျှင် စိတ်စွမ်းအင် နိုးထသူများသည် ဂိမ်းထဲမှ လျှို့ဝှက်ကုဒ်ကို ရထားသကဲ့သို့ ဖြစ်နေသည်။

နင်ဇောင်ဝူ ဆက်ပြောလိုက်သည်။ “ဒါပေမဲ့ စိတ်စွမ်းအင် နိုးထရင်တောင် စစ်မြင်းတစ်ကောင်ရဲ့ စိတ်စွမ်းအင် လှိုင်းတွေကို အပြည့်အဝ ကျွမ်းကျင်ဖို့ဆိုတာ သိပ်ခက်ခဲတယ်။ ဒါက စစ်မြင်းရဲ့ စိတ်စွမ်းအင် ဘာသာစကားကို သင်ယူရတာနဲ့ တူတယ်။ လအနည်းငယ် သို့မဟုတ် နှစ်နဲ့ချီ ကြာတတ်တယ်။ ဒါက ပါရမီ မြင့်မားတဲ့ သာမန်လူတွေကို ပြောတာ။ မင်းအတွက်တော့ ငါ မသိဘူး။”

ထို့နောက် နင်ဇောင်ဝူ ပြောလိုက်သည်။ “မင်းရဲ့ မြင်းကောင်းက ဒီမှာ မရှိသေးဘူး။ ဒါက ငါတို့အတွက် ခက်ခဲစေတယ်။ ဘာလို့လဲဆိုတော့ စစ်မြင်းနဲ့ စိတ်စွမ်းအင် ဆက်သွယ်ဖို့ဆိုတာ တိကျတဲ့ အရာဝတ္ထုလိုအပ်တယ်။ စစ်မြင်းတစ်ကောင်ချင်းစီမှာ ကိုယ်ပိုင် စိတ်နေသဘောထားနဲ့ သီးသန့် စိတ်စွမ်းအင် လှိုင်းတွေ ရှိကြတယ်။”

“ပြီးတော့ ထန်ယန်ရဲ့ မြင်းကောင်းက နှစ်အနည်းငယ်လောက် စီးနင်းလာခဲ့တာ ဖြစ်ပြီး သူတို့ကြားက နားလည်မှုက အတော်လေး မြင့်မားနေပြီ။ တုပိုင် မင်းရဲ့ မြင်းကောင်းကတော့ လမ်းမှာပဲ ရှိသေးတယ်။ ပြီးတော့ မင်းက သုညကနေ စတင် သင်ယူရမှာ ဆိုတော့ စမှတ်မှာတင် အများကြီး နောက်ကျကျန်နေခဲ့ပြီ။” နင်ဇောင်ဝူ ပြောလိုက်သည်။ “ဒါကြောင့် မြင်းစီးကျွမ်းကျင်မှုမှာ မင်း သူ့ကို ကျော်ဖြတ်ဖို့ဆိုတာ တကယ် မလွယ်ကူဘူး။”

“ကောင်းပါပြီ။ ဒါဆို မင်းရဲ့ မြင်းကောင်း မရောက်သေးဘူးဆိုတော့ အချိန်မဖြုန်းကြရအောင်။ သားရဲဘာသာစကား မြင်းစီးခြင်း ကဏ္ဍကို စတင် လေ့လာကြမယ်။” နင်ဇောင်ဝူသည် ထူထဲကြီးမားသော လျှို့ဝှက်ကျမ်းစာအုပ်ကြီး တစ်အုပ်ကို ထုတ်ယူလိုက်သည်။

ဤကျမ်းစာအုပ်သည် စစ်မြင်းများ၏ စိတ်ကမ္ဘာ၊ စိတ်စွမ်းအင် လှိုင်းများနှင့် စိတ်စွမ်းအင် ဘာသာစကားတို့ကို ရှင်းပြရန် အထူး ရေးဆွဲထားခြင်း ဖြစ်သည်။

ဤစွမ်းရည်များကို တတ်မြောက်သွားပါက စစ်မြင်း၏ စိတ်ဝိညာဉ်ကို ဆက်သွယ်ထိန်းချုပ်နိုင်မည် ဖြစ်သည်။

အံ့သြစရာ မကောင်းပေဘူးလား။ စိတ်စွမ်းအင် နိုးထသူများသည် အမှန်တကယ်ပင် လျှို့ဝှက်ကုဒ်ရထားသူများနှင့် တူလေသည်။

နင်ဇောင်ဝူသည် သားရဲဘာသာစကား မြင်းစီးခြင်း ကဏ္ဍ အကြောင်း ဟောပြောပို့ချရန် ပြင်ဆင်နေစဉ် အဘိုးအို အစေခံသည် စာပို့ခိုတစ်ကောင်နှင့် လျှို့ဝှက်သတင်းစကား စာလိပ်တစ်ခုကို ကိုင်ဆောင်ကာ ကမန်းကတန်း ဝင်ရောက်လာသည်။

“သခင်ကြီး။ တောင်ဘက်ကနေ အရေးပေါ် လျှို့ဝှက်စာ ရောက်လာပါတယ်။”

နင်ဇောင်ဝူသည် လျှို့ဝှက်စာကို ယူဖတ်လိုက်ရာ သူ့မျက်နှာ အမူအရာ ချက်ချင်း ပြောင်းလဲသွားသည်။

တုပိုင် မေးလိုက်သည်။ “ဆရာသခင်ကြီးနင်။ ဘာဖြစ်လို့လဲ။”

နင်ဇောင်ဝူက ပြောလိုက်သည်။ “ကျန်းနန်နယ်စားမင်း ဆုန်ချွဲ လုပ်ကြံခံရတယ်။ လုပ်ကြံတဲ့သူက ယိုးဒယားနိုင်ငံက သိုင်းပညာရှင် ခူအီပဲ။ သူက အခု အန်နမ် သူပုန်ဘုရင်ဆီမှာ အမှုထမ်းနေတာ။”

ခူအီသည် ဂျပန်အင်ပါယာတွင် မွေးဖွားခဲ့သော်လည်း နောက်ပိုင်းတွင် ယိုးဒယားနိုင်ငံ၌ အခြေချကာ ကိုယ်ပိုင်ဂိုဏ်း တည်ထောင်ခဲ့သူ ဖြစ်သည်။

“ကျန်းနန်နယ်စားမင်း အဆင်ပြေရဲ့လား။ အသက်အန္တရာယ် စိုးရိမ်ရလား။” တုပိုင် ထိတ်လန့်တကြား မေးလိုက်သည်။

အပိုင်း ၁၄၇ ပြီး။

All Chapters