အခန်း (၁၄၈)
Vol. 15 Ch. 148
ကျန်းနန်နယ်စားမင်း သူ့ကို ပခုံးပုတ်လိုက်ခြင်းက အလွန် နာကျင်စေခဲ့သော်လည်း တုပိုင် သူ့ကို ဂရုစိုက်နေဆဲပင်။ သူသည် စစ်မှန်သော သူရဲကောင်းတစ်ဦး ဖြစ်သည့်အပြင် သူနှင့် မွေးစားအဖေ လီဝမ်ဟွေ့တို့သည် သဘောထားချင်း အလွန် တိုက်ဆိုင်သူများ ဖြစ်သည်။
အရေးအကြီးဆုံးမှာ ဤကျန်းနန်နယ်စားမင်းသည် တောင်ဘက်ဒေသ တစ်ခုလုံး၏ ကျောထောက်နောက်ခံ တိုင်မတ်ကြီး ဖြစ်သည်။ သူ့ကို တစ်ခုခု ဖြစ်သွားပါက တောင်ဘက်ဒေသ တစ်ခုလုံး ဖရိုဖရဲ ဖြစ်သွားမည် ဖြစ်ပြီး ငြိမ်သက်ခါစ ဌာနေလူမျိုးစု အင်အားစုများ ပြန်လည် ထကြွလာပေလိမ့်မည်။ ထိုအခါ တုပိုင်သည် သူ၏ စည်းစိမ်ဥစ္စာနှင့် ဂုဏ်အသရေကို မည်သို့ ခံစားနိုင်တော့မည်နည်း။
“ကျန်းနန်နယ်စားမင်းက သိုင်းပညာ အလွန် ကျွမ်းကျင်တယ်။ ခူအီနဲ့ တိုက်ခိုက်ရာမှာ သူ အရေးနိမ့်မသွားဘူး။ ဒါကြောင့် ဒဏ်ရာအနည်းငယ်ပဲ ရပြီး အသက်အန္တရာယ် မစိုးရိမ်ရဘူး။” နင်ဇောင်ဝူ ပြောလိုက်သည်။ “ဒါပေမဲ့ သူ့ဘေးနားက သိုင်းပညာရှင် ဒါဇင်ပေါင်းများစွာ အသတ်ခံလိုက်ရပြီး အကြီးအကျယ် ဆုံးရှုံးသွားတယ်။”
“တော်သေးတာပေါ့။ ကျန်းနန်နယ်စားမင်း ဘာမှမဖြစ်တာ ကောင်းပါတယ်။” တုပိုင် ပြောလိုက်သည်။
နင်ဇောင်ဝူ ဒေါသတကြီး ပြောလိုက်သည်။ “ငါ့ရဲ့ တာ့နင်အင်ပါယာက ကောင်းကင်ဘုံအင်ပါယာကွ။ အခုတော့ ယိုးဒယားနိုင်ငံလောက်ကတောင် ငါတို့အပေါ် အနိုင်ကျင့်နေပြီ။ ဒီခူအီက ယိုးဒယားက သိုင်းပညာရှင် ဖြစ်ပြီးတော့ အန်နမ် သူပုန်ဘုရင်ငုယင်က သူ့ကို အသုံးချပြီး ငါ့တာ့နင်အင်ပါယာရဲ့ နယ်စားမင်းကို လုပ်ကြံခိုင်းတယ်။”
“အန်နမ် သူပုန်တွေကို နှိမ်နင်းဖို့ တာ့နင်က စစ်တပ်မလွှတ်နိုင်အောင် တားဆီးချင်တာ။ တကယ်လို့ ငါတို့သာ သူ့ကို သင်ခန်းစာ မပေးရင် တာ့နင်အင်ပါယာမှာ အားကိုးစရာ လူမရှိတော့ဘူးလို့ စော်ကားရာ မရောက်ပေဘူးလား။ ငါလို သိုင်းပညာရှင် တစ်ယောက်က ဘယ်မျက်နှာနဲ့ နေရတော့မလဲ။”
တုပိုင် မေးလိုက်သည်။ “ဒါဆို ဆရာ့သဘောက ဘယ်လိုလဲ။”
နင်ဇောင်ဝူက ပြောလိုက်သည်။ “ခူအီက ရှားပါးတဲ့ လုပ်ကြံသတ်ဖြတ်ရေး ပညာရှင်ပဲ။ သူက ကျန်းနန်နယ်စားမင်းကို အမြဲ စောင့်ကြည့်နေပြီး လုပ်ကြံဖို့ ကြိုးစားနေတာ။ ဆုန်ချွဲက ဘယ်လိုလုပ် စိတ်ဖြောင့်ဖြောင့်နဲ့ စစ်တိုက်နိုင်တော့မလဲ။ ဒီတိုက်ပွဲက ငါတို့ တာ့နင်မင်းဆက်ရဲ့ ကံကြမ္မာနဲ့ သက်ဆိုင်နေတာ။ နိုင်မှ ဖြစ်မယ်။ ရှုံးလို့ မဖြစ်ဘူး။ ဒါကြောင့် ခူအီကို ရှင်းပစ်ရမယ်။”
တုပိုင် မေးလိုက်သည်။ “ကျန်းနန်နယ်စားမင်းက ခူအီကို သတ်ပေးဖို့ ဆရာ့ကို အကူအညီ တောင်းတာလား။”
“မဟုတ်ဘူး။” နင်ဇောင်ဝူ ပြောလိုက်သည်။ “သူ့လို မာနကြီးတဲ့ လူတစ်ယောက်က ဘယ်တော့မှ အကူအညီ တောင်းမှာ မဟုတ်ဘူး။ ဒါပေမဲ့ သူက တစ်ယောက်ယောက်ကို လွှတ်ပြီး ဒီသတင်း လာပြောခိုင်းတယ်။ ဒါကြောင့် ငါ မသိချင်ယောင်ဆောင်နေလို့ မရတော့ဘူး။ ခူအီက ဆုန်ချွဲကို လုပ်ကြံဖို့ ကြိုးစားတာက ငါ့ကို စိန်ခေါ်လိုက်တာပဲ။”
တုပိုင်သည် ဤဆရာသခင်ကြီးကို အနည်းငယ် ကြောင်တောင်တောင် ကြည့်လိုက်သည်။
သူက တာ့နင်မင်းဆက် ပျက်သုဉ်းတော့မည်ဟု အမြဲ ပြောနေတတ်သည်။ ငါ့သွေးတွေ အေးစက်ကုန်ပြီ။ အရာအားလုံးကို စွန့်လွှတ်ပြီး ကမ္ဘာအနှံ့ လျှောက်သွားချင်တော့တယ်။ တာ့နင်မင်းဆက်ရဲ့ အရှုပ်အထုပ်တွေကို လျစ်လျူရှုထားချင်တယ်ဟု အမြဲစဥ်ဆက် ပြောတတ်သည်။
သို့သော် အခြေအနေ တစ်ခုခု ဖြစ်လာသည်နှင့် သူသည် ဓားဆွဲပြီး တံခါးဝသို့ ပထမဆုံး ပြေးထွက်သွားသူ ဖြစ်နေသည်။ သူ့ခန္ဓာကိုယ်ထဲမှ သွေးများသည် အေးစက်နေသည်လော သို့မဟုတ် ပူနွေးနေသည်လော။
“ငါ ၃ ရက်ပဲ ကြာမှာပါ။ ခူအီကို သတ်ပြီးတာနဲ့ ချက်ချင်း ပြန်လာခဲ့မယ်။” နင်ဇောင်ဝူ ပြောလိုက်သည်။ “မင်းရဲ့ မြှားပစ်သင်တန်းက မူလက ၁၀ ရက် ကြာမှာ။ ဒါပေမဲ့ မင်းက တစ်ရက်တည်းနဲ့ ပြီးသွားတော့ ၉ ရက် သက်သာသွားတယ် မဟုတ်လား။ ဒီ ၃ ရက် အတွင်း မင်းက ငါပေးထားတဲ့ သားရဲဘာသာစကား ကျမ်းစာအုပ်ကို အာရုံစိုက် လေ့လာနေလိုက်။ ပြီးတော့ မင်းရဲ့ မြင်းကောင်းကလည်း မရောက်သေးဘူးလေ။ ငါ ပြန်ရောက်မှ ငါတို့ မြင်းစီးကျွမ်းကျင်မှုကို လေ့လာကြမယ်။ ၁၀ ရက်အတွင်း တတ်မြောက်အောင် ကြိုးစားကြတာပေါ့။ ဘယ်လိုလဲ။”
ထိုကဲ့သို့ ဒေါသထွက်နေသော လူကြီးတစ်ယောက်နှင့် ရင်ဆိုင်ရချိန်တွင် တုပိုင် ငြင်းဆန်နိုင်ပါမည်လော။
ထို့ပြင် အဓိကအချက်မှာ တုပိုင်လည်း ကျန်းနန်နယ်စားမင်းကို တစ်စုံတစ်ရာ ဖြစ်သွားမည်ကို မလိုလားပေ။ ဆုန်ချွဲ၏ သိုင်းပညာ စွမ်းရည်သည် အလွန် မြင့်မားပြီး ခူအီထက် မလျော့နည်းသော်လည်း သူသည် စစ်တပ်၏ တပ်မှူးတစ်ဦး ဖြစ်သည်။
နေ့စဉ်ရက်ဆက် ဆရာတစ်ဆူအဆင့် လုပ်ကြံသတ်ဖြတ်သူကို သတိထား စောင့်ကြည့်နေရန် မဖြစ်နိုင်ပေ။ သူခိုးက တစ်ရက် ခိုးရန် ကြံစည်နေလျှင် မိမိက ရက်ပေါင်းတစ်ထောင် ကာကွယ်စောင့်ကြည့်နေ၍ မဖြစ်နိုင်ပေ။
“ကောင်းပါပြီ။” တုပိုင် ပြောလိုက်သည်။ “ကျန်းနန်နယ်စားမင်းရဲ့ ကိစ္စက တိုင်းပြည် လုံခြုံရေးနဲ့ သက်ဆိုင်နေတာပဲ။ အဲဒါနဲ့ ယှဉ်လိုက်ရင် ကျွန်တော်ရဲ့ အနာဂတ်က ဘာမှ မဟုတ်ပါဘူး။”
ထို့နောက် တုပိုင် မေးလိုက်သည်။ “ဆရာသခင်ကြီး။ အဲဒီ ခူအီက အရမ်း စွမ်းလား။”
နင်ဇောင်ဝူက ပြောလိုက်သည်။ “ဒုတိယအဆင့် သိုင်းပညာရှင် တစ်ဒါဇင်ကျော်နဲ့ ပထမအဆင့် သိုင်းပညာရှင် အများအပြား သူ့လက်ချက်နဲ့ သေဆုံးခဲ့တယ်။ အဲဒါ အံ့သြစရာ မကောင်းဘူးလား။”
တုပိုင် မေးလိုက်သည်။ “ဒီတစ်ခါ ဆရာ အန္တရာယ် ရှိနိုင်လား။”
“သိုင်းပညာ ယှဉ်ပြိုင်မှု အရဆိုရင် ငါက သူ့ထက် သာသင့်တယ်။” နင်ဇောင်ဝူ ပြောလိုက်သည်။ “ဒါပေမဲ့ သူက လုပ်ကြံသတ်ဖြတ်သူလေ။ သူ့ရဲ့ လုပ်ကြံသတ်ဖြတ်မှု စွမ်းရည်က ကာကွယ်ဖို့ မဖြစ်နိုင်လောက်အောင် ကောင်းတယ်။ တကယ်လို့ ငါ ပြန်မလာနိုင်ရင် မင်း ကွေ့လင်ကို ကိုယ့်ဘာသာ ပြန်လိုက်တော့။”
တုပိုင် စကားပြန်မပြောနိုင်ခင်မှာပင် နင်ဇောင်ဝူသည် သားရဲဘာသာစကား မြင်းစီးခြင်း ကဏ္ဍ ကျမ်းစာအုပ်ကို သူ့ဆီ ပစ်ပေးလိုက်သည်။
ထို့နောက် သူသည် ဓားကို ကောက်ကိုင်ကာ မြင်းပေါ်တက်ပြီး အဘိုးအို အစေခံကိုပင် မခေါ်ဘဲ တစ်ကိုယ်တည်း ထွက်ခွာသွားလေသည်။
ဤအခိုက်အတန့်တွင် တုပိုင်သည် နင်ဇောင်ဝူ၏ ဆရာသခင်ကြီး ပီသသော ခံ့ညားထည်ဝါမှုကို အမှန်တကယ် မြင်တွေ့လိုက်ရသည်။
“ဆရာသခင်ကြီးနင်။ ခူအီကို အောင်မြင်စွာ သတ်ဖြတ်ပြီး ဘေးကင်းကင်းနဲ့ ပြန်လာနိုင်ပါစေလို့ ဆုတောင်းပါတယ်။” တုပိုင်သည် ထွက်ခွာသွားသော သူ့ကျောပြင်ကို ဦးညွှတ် နှုတ်ဆက်လိုက်သည်။
**--**--**--**--**--**--**--**
နင်ဇောင်ဝူ ထွက်သွားပြီးနောက် တုပိုင်သည် မြင်းစီးခြင်း သီအိုရီကို ကိုယ်တိုင် လေ့လာလေသည်။
သားရဲဘာသာစကား စစ်မြင်း ကဏ္ဍ ကို ဖွင့်လိုက်သောအခါ နင်ဇောင်ဝူ ရေးသားသည် ဟူသော စာသားကို တွေ့လိုက်ရသည်။
သူ အမှန်တကယ် လေးစားမိသည်။ ဤဆရာသခင်ကြီးသည် တကယ်ကို ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ သူသည် ကြွက်သားနှင့် အရွတ်ပြောင်းလဲခြင်းနည်းစနစ်၊ စိတ်စွမ်းအင် နိုးထခြင်း နည်းစနစ် နှင့် ယခု သားရဲဘာသာစကား မှတ်တမ်း ကျမ်းစာအုပ်ကိုပါ ရေးသားခဲ့သည်။
အရာရာ တတ်ကျွမ်းသော စွယ်စုံရ ပုဂ္ဂိုလ်တစ်ဦးပင်။ တကယ်ကို အံ့သြစရာ ကောင်းလှသည်။
မွေးစားအဖေ လီဝမ်ဟွေ့သည် တုပိုင်ကို ဆရာသခင်ကြီးထံ ပို့ဆောင်ပြီး ပညာသင်စေရန် အဘယ်ကြောင့် အစွမ်းကုန် ကြိုးစားခဲ့ကြောင်း အံ့သြစရာ မရှိတော့ပေ။ သူသည် အမှန်တကယ်ပင် တုပိုင်ကို လျင်မြန်စွာ တိုးတက်လာအောင် လုပ်ဆောင်ပေးနိုင်သူ ဖြစ်သည်။
တုပိုင်သည် အခြား ထိပ်တန်း ကျွမ်းကျင်သူများထံမှ သင်ယူခဲ့လျှင် အိပ်မက်စနစ် ပါရှိလျှင်ပင် သိုင်းပညာရှင် အဆင့် ၇ သို့ ရောက်ရှိရန် ၁ နှစ်၊ ၂ နှစ်ကျော် ကြာမြင့်မည် ဖြစ်သည်။ သို့သော် နင်ဇောင်ဝူထံမှ သင်ယူခြင်းဖြင့် အချိန်ကို အဆပေါင်းများစွာ လျှော့ချနိုင်မည် ဖြစ်သည်။
သားရဲဘာသာစကား စစ်မြင်း ကဏ္ဍ ၏ ပထမဆုံး စာကြောင်းမှာ သင့်စစ်မြင်းကို တိုက်ရိုက် ထိန်းချုပ်ရန် အကောင်းဆုံး နည်းလမ်းမှာ မြင်း၏ စိတ်စွမ်းအင် လှိုင်းနှင့် ပဲ့တင်ထပ်ပြီး မြင်ူ၏ စိတ်ကမ္ဘာထဲသို့ ဝင်ရောက်ခြင်း ဖြစ်သည် ဟူ၍ ဖြစ်သည်။
ထို ပထမဆုံး စာကြောင်းကပင် အလွန် မိုက်နေပြီ ဖြစ်သည်။ သူ့ကျမ်းစာအုပ်များကို ကြည့်ခြင်းအားဖြင့် နင်ဇောင်ဝူသည် တိမ်တိုက်များထက်တွင် ရှိသော ကောင်းကင်ဘုံသား တစ်ပါးကဲ့သို့ ထင်ရသည်။
သို့သော် လူချင်း တွေ့ဆုံသောအခါ ဤဆရာသခင်ကြီးသည် အနည်းငယ် ကလေးဆန်သည်ဟု ရိုးသားစွာ ထင်မြင်မိသည်။ ဤသည်မှာ အလင်းရောင်ကို မြင်တွေ့ပြီးနောက် စိတ်ပျက်သွားခြင်းဟူသော ဖြစ်ရပ်မျိုး ဖြစ်နေသည်။
ညည်းညူနေရင်းပင် တုပိုင်သည် ဆရာသခင်ကြီးကို လေးစားစွာဖြင့် ဤလျှို့ဝှက်ကျမ်းစာအုပ်ကို စတင် လေ့လာလေတော့သည်။ ယခင်အတိုင်း အလွန် ခက်ခဲပြီး နက်နဲနေဆဲပင်။
တုပိုင်သည် ဤကျမ်းစာအုပ်ကို တိရစ္ဆာန်ကမ္ဘာကဲ့သို့ စစ်မြင်းများ၏ အလေ့အထနှင့် ပုံပန်းသဏ္ဍာန်များကို ရှင်းပြထားမည်ဟု ထင်မှတ်ခဲ့သော်လည်း လုံးဝ မဟုတ်ပေ။
စာအုပ်ထဲတွက် လုံးဝ မမြင်နိုင်၊ မထိတွေ့နိုင်သော လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအင်ကမ္ဘာ ဖြစ်သည့် စိတ်စွမ်းအင် လှိုင်းများအကြောင်း ပြောဆိုထားသည်။
စစ်မြင်း၏ စိတ်ကမ္ဘာနှင့် စိတ်စွမ်းအင် အဆင့်များကို ရှင်းလင်းစွာ ရှင်းပြနိုင်ရန် ဤကျမ်းစာအုပ်သည် စစ်မြင်း၏ ဦးနှောက်၊ အာရုံကြောစနစ်နှင့် အခြား စနစ်များကို အသေးစိတ် ပုံများဖြင့် ပြည့်စုံစွာ ခွဲခြမ်းစိတ်ဖြာ ပြသထားသည်။
ထို့ပြင် ဖတ်ရှုနားလည်လွယ်စေရန် နင်ဇောင်ဝူသည် စစ်မြင်းများ၏ စိတ်စွမ်းအင် လှိုင်းများကို ရုပ်ပုံများဖြင့် သရုပ်ဖော်ထားရာ အလွန် သက်ဝင်လှုပ်ရှားနေသကဲ့သို့ ရှိသည်။
ဤဆရာသခင်ကြီးသည် အမှန်တကယ်ပင် တော်ပေသည်။ အပေါ်ယံတွင် ဤသည်မှာ လျှို့ဝှက်ကျမ်းစာအုပ် တစ်အုပ် ဖြစ်သော်လည်း အမှန်တကယ်တွင် ဇီဝဗေဒဆိုင်ရာ နိုဘယ်ဆုအတွက် အမည်စာရင်း တင်သွင်းခံရလောက်အောင် ထိုက်တန်သော စာအုပ် ဖြစ်သည်။
တုပိုင် ဖတ်ရှုရင်း ဆရာသခင်ကြီးကို အမှန်တကယ် လေးစားသွားပြီး ကျမ်းစာအုပ်ထဲတွင် လုံးဝ နစ်မြောသွားလေသည်။
စာအုပ်တွင် ရိုးရှင်းသော ရှင်းပြချက်များနှင့် သရုပ်ဖော်ပုံများ ပါရှိသော်လည်း အလွန် ခက်ခဲနေဆဲ ဖြစ်သည်။ တုပိုင်သည် စာတစ်မျက်နှာကို လေ့လာရန် နာရီပေါင်းများစွာ အချိန်ယူရပြီး တစ်မိနစ် စာဖတ်လျှင် ၁၅ မိနစ်ခန့် တွေးတောဆင်ခြင်ရသည်။
ဤကျမ်းစာအုပ်သည် စာမျက်နှာ ၈၀၀ ကျော် ရှိပြီး ထောင်ပေါင်းများစွာသော စိတ်စွမ်းအင် လှိုင်းများကို လွှမ်းခြုံထားသည်။
လက်တွေ့တွင် သင်ယူရန် မဖြစ်နိုင်သလောက်ပင်။ နင်ဇောင်ဝူက ဤလျှို့ဝှက်ကျမ်းစာအုပ်ကို တတ်မြောက်ရန် နှစ်ပေါင်းများစွာ ကြာမည်ဟု ပြောခဲ့သည်မှာ အံ့သြစရာ မဟုတ်တော့ပေ။
သို့သော် နင်ဇောင်ဝူသည် ဤကဲ့သို့ အံ့မခန်း လျှို့ဝှက်ကျမ်းစာအုပ်ကို ရေးသားနိုင်ခဲ့သည်။ သူက ဘုရားသခင် မဟုတ်လျှင် ဘာဖြစ်နိုင်ဦးမည်နည်း။
နာရီအနည်းငယ် ကြာပြီးနောက် ဆရာသခင်ကြီး၏ အစေခံသည် ထမင်းလာပို့ရင်း အံ့သြတကြီး မေးလိုက်သည်။ “သခင်လေးတုပိုင်။ ဘာလို့ ကြမ်းပြင်ပေါ် ဒူးထောက်နေတာလဲ။”
“ဟင်။” တုပိုင် လန့်သွားပြီး သူ သတိမထားမိဘဲ ဒူးထောက်လျက် စာဖတ်နေမိကြောင်း သိလိုက်ရသည်။
နောက်ခေတ် ကမ္ဘာမြေမှ ဆိုရိုးစကား ဖြစ်သော “အမေက မေးတယ်... သား ဘာလို့ ဗီဒီယိုကြည့်ရင်း ဒူးထောက်နေတာလဲ တဲ့” ဆိုသည်မှာ အမှန်တကယ် ဖြစ်နေသည်။
ညစာ စားပြီးနောက် တုပိုင်သည် သားရဲဘာသာစကား စစ်မြင်း ကဏ္ဍ ကျမ်းစာအုပ်ကို ဆက်လက် ဖတ်ရှုပြီး စာပေကမ္ဘာထဲတွင် နောက်တစ်ကြိမ် လုံးဝ နစ်မြောသွားပြန်သည်။
တုပိုင်သည် ဤလျှို့ဝှက်ကျမ်းစာအုပ်ကို လေ့လာရာတွင် နစ်မြောလေလေ သူ့ကိုယ်ပိုင် မျိုးကောင်းမြင်းကို ပိုမို မျှော်လင့်လာလေလေ ဖြစ်သည်။ ခေတ်သစ် လူငယ်လေး တစ်ယောက်က သူ့ပထမဆုံး ကား။ အထူးသဖြင့် စူပါကား တစ်စီးကို မျှော်လင့်နေသကဲ့သို့ပင်။
ထိုအချိန်မှာပင် အပြင်ဘက်မှ အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ မနေ့ညက မျိုးကောင်းမြင်းအကြောင်း စုံစမ်းရန် တောင်အောက်သို့ ဆင်းသွားသော လီစန်း၏ အသံ ဖြစ်သည်။
“သခင်လေး။ သခင်လေးရဲ့ မြင်းကောင်းက ဒီနေ့ ဆိပ်ကမ်းကို ရောက်လာရမှာ။ ဒါပေမဲ့ မနေ့ညက ကွမ်ရှီး ရေပိုင်နက်ထဲ ဝင်လာတဲ့ လမ်းမှာတင် အခိုးခံလိုက်ရပြီ တဲ့။”
“ဘာ...။”
တုပိုင် ချက်ချင်း ပေါက်ကွဲလုမတတ် ဖြစ်သွားသည်။ တစ်ယောက်ယောက်က သူ့မြင်းကောင်းကို ခိုးရဲသွားသည်လော။ အရှေ့ဘက်ကွပ်ကဲရေးရုံး၏ ပစ္စည်းကို ဓားပြတိုက်ရဲသောသူ ရှိသည်လော။ သူတို့ ဦးနှောက်ပျက်နေကြသည်လော။
အပိုင်း ၁၄၈ ပြီး။