အခန်း (၁၄၉)
Vol. 15 Ch. 149
အရှေ့ဘက်ကွပ်ကဲရေးရုံး၏ ပစ္စည်းကို ဓားပြတိုက်ရဲသောသူ ရှိသည်လော။ သူတို့ ဦးနှောက်ပျက်နေကြသည်လော။
“ငါ့မြင်းကောင်းကို ခိုးယူရဲလောက်အောင် ဘယ်သူကများ မိုက်ရူးရဲဆန်နေရတာလဲ။” တုပိုင် မေးလိုက်သည်။
လီစန်းက ပြောလိုက်သည်။ “ကျွန်တော်တို့ စုံစမ်းနေပါတယ်။ မကြာခင် ရလဒ် ထွက်လာမယ်လို့ ယုံကြည်ပါတယ်။”
ထို့နောက် လီစန်းသည် မျိုးကောင်းမြင်း ဝယ်ယူမှု လုပ်ငန်းစဉ်ကို ပြန်လည် ပြောပြသည်။
“ပိုင်ရှင်က မြင်းကို ပေါ်ပေါ်ထင်ထင် မဝယ်နိုင်တဲ့အပြင် ဒီလို အဖိုးတန် မျိုးကောင်းမြင်း ဆိုတာကလည်း လူအများရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်တယ်။ ဒါကြောင့် အရှေ့ဘက်ကွပ်ကဲရေးရုံးက လျှို့ဝှက်သူလျှိုတွေဟာ ကုန်သည်တွေအဖြစ် ရုပ်ဖျက်ပြီး ကုန်သည်သင်္ဘောကြီး တစ်စင်းပေါ် တက်လိုက်လာကြတာ။ ပြီးတော့ မြင်းကောင်းကိုလည်း သာမန်မြင်းတစ်ကောင်လို ရုပ်ဖျက်ထားတယ်။”
“ရေကြောင်းကုန်သွယ်ရေးရုံးက ကျွန်တော်တို့ နယ်မြေ မဟုတ်ဘဲ ထန်ယန်ရဲ့ နောက်ကွယ်က အုပ်စုပိုင်တဲ့ နယ်မြေ ဖြစ်နေလို့ ကုန်သည်သင်္ဘောတွေပေါ်မှာ ပုန်းခိုပြီး လာတာက အန္တရာယ်ကင်းဆုံး ရွေးချယ်မှုပဲ။”
“အစကတော့ သေချာပေါက် အောင်မြင်မယ့် ကိစ္စပါ။ ဒါပေမဲ့ မထင်မှတ်ဘဲ ကွမ်ရှီး ရေပိုင်နက်ထဲ ဝင်ခါနီးမှာတင် ကုန်သည်သင်္ဘော ပြန်ပေးဆွဲခံလိုက်ရပြီး မြင်းကောင်း အခိုးခံလိုက်ရတာ။”
တုပိုင်၏ ပူးပေါင်းကြံစည်မှု သီအိုရီများချက်ချင်း ပေါ်လာသည်။ ထန်ယန်၏ အုပ်စုသည် လီဝမ်ဟွေ့၏ မွန်ဂိုလီးယား မြင်းဝယ်ယူရေး မစ်ရှင်ကို သိရှိသွားပြီး ပင်လယ်ပြင်တွင် လမ်းဖြတ်လုယူလိုက်ခြင်း ဖြစ်နိုင်မည်လော။
မည်သို့ပင်ဖြစ်စေကာမူ ရေကြောင်းကုန်သွယ်ရေးရုံးသည် သူတို့၏ နယ်မြေ ဖြစ်ပြီး အလုခံရသည့် ဖြစ်ရပ်သည် ကွမ်တုံနှင့် ကွမ်ရှီး ဆုံရာ ပင်လယ်ပြင်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ယခုအချိန်သည် အလွန် အရေးကြီးနေသည်။ မွန်ဂိုလီးယားသို့ သွားပြီး နောက်ထပ် မြင်းကောင်းတစ်ကောင် ဝယ်ယူရန်မှာ အနည်းဆုံး နောက်ထပ် တစ်လ ကြာမြင့်မည် ဖြစ်ပြီး ရှာတွေ့နိုင်မည်ဟုလည်း အာမခံချက် မရှိပေ။
တန်ဖိုးကြီးမားသော မျိုးရိုးစစ် မျိုးကောင်းမြင်း တစ်ကောင်ကို ဝယ်ယူရန် ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်ဘဲ ူကံကောင်းမှသာ ကြုံတွေ့ရနိုင်သည့် အရာ ဖြစ်သည်။
တုပိုင်သည် ယခု မြင်းစီးကျွမ်းကျင်မှုကို သင်ယူရန် လိုအပ်နေပြီ ဖြစ်သည်။ အချိန်ဖြုန်းနေ၍ မရတော့ပေ။
“ငါ့ရဲ့ လီတစ်ထောင်မြင်းကို ဓားပြတိုက်သွားတဲ့သူနဲ့ ပတ်သက်ပြီး သဲလွန်စ တစ်ခုမှ မရှိဘူးလား။” တုပိုင် မေးလိုက်သည်။
လီစန်းက ပြောလိုက်သည်။ “သခင်ကြီးက ဒီမြင်းကောင်းကို သယ်ယူဖို့အတွက် သာမန် ကုန်သည်တွေအဖြစ် ရုပ်ဖျက်ထားတဲ့ အရှေ့ဘက်ကွပ်ကဲရေးရုံး လျှို့ဝှက်သူလျှို ၅ ယောက်ကို စေလွှတ်ခဲ့တာ။ သူတို့အားလုံးက သိုင်းပညာ အလွန် ကျွမ်းကျင်ကြတာကိုတောင် အခိုးခံလိုက်ရသေးတယ်။ ဒါကို ကြည့်ရင် တစ်ဖက်လူရဲ့ သိုင်းပညာက ပိုမြင့်မားတယ် ဆိုတာ သိသာတယ်။”
“အဲဒီ ၅ ယောက်လည်း ပြန်ပေးဆွဲ ခံလိုက်ရတယ်။ စာပို့ခိုနဲ့ ပေးပို့လိုက်တဲ့ သတင်းစကား တစ်ခုပဲ ရလိုက်တယ်။ သခင်လေးရဲ့ မြင်း ပြန်ပေးဆွဲခံလိုက်ရပြီတဲ့။”
“တစ်ဖက်လူက အလွန် အင်အားကြီးပြီး ရွက်တိုင်နှစ်ခုပါ စစ်သင်္ဘောတစ်စင်း ရှိတယ်တဲ့။ နေရာက ကွမ်ရှီး ကမ်းရိုးတန်းနဲ့ လီ ၃၀၀ အကွာမှာ။”
“ဒါပေမဲ့ ကျွန်တော်တို့ အဲဒီ ဖြစ်ပွားတဲ့ ပင်လယ်ပြင်ကို သင်္ဘောအမြန် လွှတ်ပြီး သွားကြည့်တော့ ဘာမှ မရှိတော့ဘူး။ ကုန်သည်သင်္ဘောရော မြင်းကို ပြန်ပေးဆွဲသွားတဲ့ စစ်သင်္ဘောရော ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားပြီ။”
ရွက်တိုင်နှစ်ခုပါ စစ်သင်္ဘော။ ထိုသင်္ဘောများသည် ပင်လယ်ဓားပြသင်္ဘောများ မဟုတ်ပေ။ ရေတပ်နှင့် ရေကြောင်းကုန်သွယ်ရေးရုံးတို့၌သာ ထိုကဲ့သို့ စစ်သင်္ဘောမျိုး ရှိလေသည်။
ထို့ကြောင့် ကွမ်တုံ မိန်းမစိုးအုပ်စုသည် သံသယ အရှိဆုံး ဖြစ်ပြီး ထန်ယန်၏ နောက်ကွယ်က အင်အားစုများသည် လက်သည်တရားခံ ဖြစ်ရန် အလားအလာ အရှိဆုံး ဖြစ်ပေသည်။
ယခု မည်သို့ ဆက်လုပ်ရမည်နည်း။ ကွမ်တုံ ရေကြောင်းကုန်သွယ်ရေးရုံးသို့ တန်းသွားပြီး လူနှင့် မြင်းကို ပြန်တောင်း၍ မရနိုင်ပေ။
သူတို့သည် သေချာပေါက် ဝန်ခံမည် မဟုတ်သလို မိမိတို့ဘက်တွင်လည်း သက်သေအထောက်အထား မရှိပေ။
အဓိက ပြဿနာမှာ လီဝမ်ဟွေ့သည် ယခုအချိန်တွင် မြို့တော်၌ ရောက်ရှိနေခြင်း ဖြစ်သည်။ ထို့အပြင် ဘုရင်ခံချုပ်ရုံး တပ်မှူး ဝမ်ရင် သည် ရန်သူ ဖြစ်နေပြီး လီဝမ်ဟွေ့၏ အုပ်စုသည် ခေါင်းဆောင်မဲ့နေလေသည်။ ကွမ်တုံ ရေကြောင်းကုန်သွယ်ရေးရုံးသည် သေချာပေါက် တုပိုင်ကို နားထောင်မည် မဟုတ်ပေ။
ကွမ်တုံ ရေကြောင်းကုန်သွယ်ရေးရုံး ဟုတ်မဟုတ် ဆိုသည်မှာ အခြား ကိစ္စတစ်ခု ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ တုပိုင်၏ ကိုယ်ပိုင် သုံးသပ်ချက်အရ ထန်ယန်၏ နောက်ကွယ်က အင်အားစုများ၏ လက်ချက်ဟု ခံစားနေရသည်။
“စစ်မြင်းကို သယ်ဆောင်လာတဲ့ အရှေ့ဘက်ကွပ်ကဲရေးရုံးက သူရဲကောင်းတွေက ဘယ်ကုန်သည်သင်္ဘောကို စီးလာတာလဲ။ အဲဒီ ကုန်သည်သင်္ဘောက ဘယ်သူ့ဟာလဲ။” တုပိုင် မေးလိုက်သည်။ “ဒီပင်လယ်ကူး ကုန်သည်ကနေ စပြီး လိုက်ရင် သဲလွန်စ ရနိုင်ပြီး ငါတို့ရဲ့ မြင်းကောင်းတွေကို ဘယ်သူ ပြန်ပေးဆွဲသွားလဲ ဆိုတာ သိနိုင်လောက်တယ်။”
“ကုန်သည်သင်္ဘော ပိုင်ရှင်က ဘယ်သူလဲ ဆိုတာ ကျွန်တော်တို့ စုံစမ်းပြီးပါပြီ။ ဝူကျိုးစီရင်စုက ကုန်သည်ကြီး ဝူကျန့်တောက် ပါ။” လီစန်း ပြောလိုက်သည်။ “သူ သတိထားမိသွားမှာ စိုးလို့ ကျွန်တော်တို့ အရေးယူဆောင်ရွက်မှု မလုပ်ရသေးပါဘူး။ ဒါ့အပြင် ဝူကျန့်တောက်ရဲ့ အထောက်အထားက နည်းနည်း ထူးခြားနေလို့ပါ။”
“ထူးခြားတယ် ဟုတ်လား။ ဘာကို ဆိုလိုတာလဲ။” တုပိုင် မေးလိုက်သည်။
လီစန်းက ပြောလိုက်သည်။ “သူ့သားက သခင်လေးရဲ့ အစ်မ တုဖိန်အာ နဲ့ လက်ထပ်ထားတာပါ။”
တုပိုင် အံ့သြသွားသည်။ အစ်မဖိန်အာ၏ ယောက္ခမအိမ်သည် ဝူကျိုးစီရင်စု၏ မုန်ဆန်းစီရင်စုခွဲမှ သူဌေးကြီးများ မဟုတ်ပေလော။
တကယ်တမ်းကျတော့ သူတို့သည် ကုန်သည်ကြီးများ ဖြစ်နေပြီး အရှေ့ဘက်ကွပ်ကဲရေးရုံးကိုပင် မြင်းကောင်းများ လျှို့ဝှက် သယ်ယူပို့ဆောင်ပေးနေသည်တဲ့လော။ သောက်ကျိုးနည်းလှ၏။
ဝူကျိုးရောက်လျှင် အစ်မဖိန်အာကို သွားတွေ့မည်ဟု တုပိုင် ကတိပေးခဲ့ဖူးသည်။ သို့သော် လွန်ခဲ့သော ရက်များအတွင်း သူ အလုပ်ရှုပ်လွန်းနေသဖြင့် သူမကို သွားတွေ့ရန် တစ်ရက်မျှ အချိန်မရခဲ့ပေ။
နောက်ဆုံးတွင် သူမ၏ ယောက္ခမအိမ်သို့ သွားရလိမ့်မည်ဟု ထင်မထားခဲ့သော်လည်း ဤကဲ့သို့ ပုံစံဖြင့် သွားရလိမ့်မည်ဟုမူ လုံးဝ ထင်မထားခဲ့မိပေ။
“မုန်ဆန်းစီရင်စုခွဲ။ ဝူကျန့်တောက်ရဲ့ အိမ်ကို သွားကြစို့။” တုပိုင် ပြောလိုက်သည်။
“ဟုတ်ကဲ့ သခင်လေး။” လီစန်း ပြန်ဖြေလိုက်သည်။
ထို့နောက် တုပိုင်သည် ကြာပန်းကျောင်းတော်မှ ထွက်ခွာပြီး လီစန်း ပြင်ဆင်ထားသော မြင်းရထားပေါ် တက်ကာ မုန်ဆန်းစီရင်စုခွဲသို့ ဦးတည်ထွက်ခွာလာခဲ့သည်။
တုပိုင် မြင်းမစီးတတ်သေးပေ။ သူ ဖြည်းဖြည်းချင်း လမ်းလျှောက်နိုင်သော်လည်း ဒုန်းစိုင်း မစီးနိုင်သေးပေ။ သို့တိုင်အောင် သူသည် မြင်းစီးကျွမ်းကျင်မှု စာမေးပွဲတွင် အမှတ်ပြည့် ရချင်နေသေးသည်။ ဒပယ်လယ်သောက်ကျိုးနည်းလှ၏။
**--**--**--**--**--**--**--**
မုန်ဆန်းစီရင်စုခွဲသည် ဝူကျိုးစီရင်စုနှင့် လီ ၃၀၀ အပြည့် ကွာဝေးသည်။ အရှိန်ပြင်းပြင်းဖြင့် ခရီးနှင်ပြီးနောက် မြင်းရထားပေါ်တွင် ထိုင်လိုက်လာသော တုပိုင်သည် ကိုယ်လက်များ ပြုတ်ထွက်မတတ် ဖြစ်နေသည်။ ရောက်ရှိရန် ၁၀ နာရီကျော် ကြာမြင့်ခဲ့ပြီး ထိုအချိန်တွင် မိုးလင်းနေပြီ ဖြစ်သည်။
လမ်းသွားလမ်းလာ တစ်ယောက်ယောက်ကို မေးလိုက်လျှင် ဝူကျန့်တောက်၏ အိမ် ဘယ်မှာရှိကြောင်း သိကြသည်။ ဤစီးပွားရေးသမားကြီးသည် မုန်ဆန်းစီရင်စုခွဲတွင် အလွန် ကျော်ကြားပြီး ချမ်းသာသူ တစ်ဦး ဖြစ်ပုံရသည်။
ငယ်စဉ်က အစ်မဖိန်အာသည် ပန်းပွင့်သကြားလုံး စားရသည်ကို နှစ်သက်ကြောင်း တုပိုင် မှတ်မိနေသဖြင့် လမ်းဘေးဆိုင်မှ နှစ်ထုပ် ဝယ်လိုက်ပြီး ဝူကျန့်တောက်၏ ခြံဝင်းဆီသို့ အမြန် သွားလိုက်သည်။
မိုင်ပေါင်းများစွာ လျှောက်လှမ်းပြီးနောက် ကြီးမားခမ်းနားသော အိမ်တော်ကြီး တစ်ခု မြင်ကွင်းထဲသို့ ဝင်ရောက်လာသည်။
ဤနေရာကို အိမ်တော်ကြီးဟု ခေါ်ဆိုနိုင်ပြီး မြင့်မားသော တံတိုင်းများ၊ မျှော်စင်များနှင့် လသာဆောင်များ ပါရှိကာ ဧကပေါင်း ဒါဇင်နှင့်ချီ ကျယ်ဝန်းသည်။ အစ်မဖိန်အာသည် အမှန်တကယ်ပင် ချမ်းသာသော မိသားစုနှင့် လက်ထပ်ခဲ့ခြင်း ဖြစ်သည်။
တုပိုင်က ပြောလိုက်သည်။ “မင်းတို့ ဒီမှာပဲ အရင် စောင့်နေကြ။ ငါ အစ်မကို အရင် သွားတွေ့လိုက်ဦးမယ်။ ပြီးမှ မြင်းအခိုးခံရတဲ့ ကိစ္စကို ဖြေရှင်းမယ်။”
လီစန်း ဦးညွှတ်ပြီး ပြောလိုက်သည်။ “ဟုတ်ကဲ့ သခင်လေး။”
တုပိုင် မြင်းရထားပေါ်မှ ဆင်းလိုက်သည်။ သူသည် တစ်ညလုံး ခရီးနှင်ခဲ့ပြီး အိပ်စက်ခြင်း မရှိခဲ့သဖြင့် အတော်လေး ပင်ပန်းနေသည်။
ဝူအိမ်တော် တံခါးဝသို့ ရောက်သောအခါ အစေခံ နှစ်ယောက် စောင့်ကြပ်နေသည်။
“လူလေး။ ဘာကိစ္စ ရှိလို့လဲ။” ဝူမိသားစု၏ အစေခံ တစ်ယောက်က မေးလိုက်သည်။ “ဘာကိစ္စမှ မရှိရင် ထွက်သွားလိုက်။ ငါတို့ အိမ်တော်ရှေ့မှာ ယောင်လည်လည် လုပ်မနေနဲ့။”
အစေခံသည် ယဉ်ကျေးစွာ ပြောဆိုသော်လည်း သူ့အကြည့်များသည် သိပ်ပြီး သဘောကောင်းပုံ မရပေ။ သူတောင်းစားလေးကို မောင်းထုတ်စဉ်ကထက် အနည်းငယ်သာ ပိုကောင်းရုံသာ ရှိသည်။
တုပိုင်က ပြောလိုက်သည်။ “ခင်ဗျားတို့ အိမ်တော်က သခင်မလေးကို လာတွေ့တာပါ။ ကျွန်တော်က သူ့မောင်လေးပါ။”
ထိုစကားကို ကြားသောအခါ အစေခံသည် တုပိုင်ကို ခေတ္တမျှ သေချာ စိုက်ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။ “ကျေးဇူးပြုပြီး ဒီမှာ ခဏ စောင့်နေပေးပါ။ ကျွန်တော် ဝင်ပြီး သတင်းပို့လိုက်ပါမယ်။”
“ကောင်းပြီ။” တုပိုင် ပြောလိုက်ပြီး အပြင်တွင် စောင့်နေလိုက်သည်။
မိနစ်အနည်းငယ် ကြာပြီးနောက် အစေခံ ပြန်ထွက်လာပြီး ပြောလိုက်သည်။ “ကျေးဇူးပြုပြီး ကျွန်တော့်နောက် လိုက်ခဲ့ပါ။”
တုပိုင်သည် အစေခံနောက်မှ လိုက်ပါပြီး သူ့အစ်မ ယောက္ခမ၏ နေအိမ်ထဲသို့ ဝင်ရောက်သွားလေသည်။
**--**--**--**--**--**--**--**
အိမ်တော်ထဲသို့ ဝင်ရောက်လိုက်သည်နှင့် အပြင်ပန်းတွင် ခမ်းနားထည်ဝါပြီး အတွင်းပိုင်းတွင် ဇိမ်ခံပစ္စည်းများ ပြည့်နှက်နေသော်လည်း အနှစ်သာရ ကင်းမဲ့နေကြောင်း တုပိုင် တွေ့ရှိလိုက်ရသည်။
ဆူးကျိုး မှ ဥယျာဉ် ဗိသုကာ နည်းပညာများကို အပေါ်ယံသာ အတုခိုးထားပုံ ရသည်။ ပန်းများ၊ အပင်များနှင့် အဆင်တန်ဆာများကို ခမ်းနားထည်ဝါဆုံး မျက်နှာပြင်များပေါ်တွင်သာ ထားရှိထားပြီး ကြီးမြတ်သော မိသားစုကြီး တစ်ခု၏ သိမ်မွေ့နက်နဲမှု မရှိပေ။
အစေခံသည် တုပိုင်ကို ဘေးခန်းမဆောင် တစ်ခုသို့ ခေါ်ဆောင်သွားရာ သူ့ကို လေးစားမှု မရှိကြောင်း ပြသနေသည်။ ဧည့်သည်များကို ပင်မခန်းမဆောင်တွင် ဧည့်ခံရမည် မဟုတ်ပါလော။
“ကျေးဇူးပြုပြီး ထိုင်ပါ။” အစေခံက ပြောလိုက်သည်။ “ဒီမှာ ခဏလောက် စောင့်ပေးပါ။ မကြာခင် တစ်ယောက်ယောက် လာတွေ့ပါလိမ့်မယ်။”
ထို့နောက် သူသည် တုပိုင်ကို လက်ဖက်ရည် တစ်ခွက် ငှဲ့ပေးသည်။ ဈေးပေါသော လက်ဖက်ရည်ကြမ်း တစ်ခွက် ဖြစ်သည်။
တုပိုင်သည် အလွန် ရေငတ်နေသဖြင့် ရေမြင်းတစ်ကောင်ကဲ့သို့ မော့သောက်လိုက်သည်။ ထို့နောက် အစေခံသည် ဈေးပေါသော မုန့်ပဲသရေစာ အချို့ကို ယူလာပေးသည်။ တုပိုင်သည် တစ်ညလုံး ခရီးနှင်ခဲ့ပြီး အလွန် ဆာလောင်နေသဖြင့် အငမ်းမရ စားသောက်လိုက်သည်။
ချက်ချင်းပင် အစေခံ၏ မျက်လုံးထဲတွင် အထင်သေးသော အရိပ်အယောင်များ ပိုမို နက်ရှိုင်းသွားသည်။
တုပိုင် စားသောက်နေစဉ် အပြင်ဘက်မှ ခြေသံများ ကြားလိုက်ရပြီး အိမ်တော်ထိန်း တစ်ဦးနှင့်အတူ ခမ်းနားစွာ ဝတ်ဆင်ထားသော အမျိုးသမီးကြီး တစ်ဦး ဝင်ရောက်လာသည်။
“အမြန်ထပြီး သခင်မကြီးကို ဂါရဝပြုလိုက်။” ဘေးနားရှိ အစေခံက ပြောလိုက်သည်။ ထို့နောက် သူ အရင် ဦးညွှတ်ပြီး ပြောလိုက်သည်။ “မင်္ဂလာပါ သခင်မကြီး။ ဒါက သခင်မလေးရဲ့ မောင်လေးပါ။”
ဤဝဝဖိုင့်ဖိုင့် အမျိုးသမီးကြီးသည် အသက် ၅၀ ခန့် ရှိမည်။ ဝူကျန့်တောက်၏ ဇနီးနှင့် ဖိန်အာ၏ ယောက္ခမ ဖြစ်တန်ရာသည်။
တုပိုင်သည် စားသောက်နေရင်း လက်ဖက်ရည် တစ်ငုံ သောက်လိုက်ပြီးနောက် သခင်မကြီးဝူကို ဦးညွှတ်ကာ ပြောလိုက်သည်။ “ကျွန်တော် သခင်မကြီးကို ဂါရဝပြုပါတယ်။”
သခင်မကြီးဝူက ပြောလိုက်သည်။ “ထိုင်ပြီး ဆက်စားပါ။”
လေသံသည် နွေးထွေးမှု မရှိသော်လည်း မာနကြီးလွန်းခြင်းလည်း မရှိပေ။
“မောင်တုက ကွေ့လင်က လာတာလား။” သခင်မကြီးဝူ မေးလိုက်သည်။
“ဟုတ်ပါတယ်။” တုပိုင် ပြန်ဖြေလိုက်သည်။
သခင်မကြီးဝူက ပြောလိုက်သည်။ “ဒုက္ခပေးသလို ဖြစ်သွားရင် ခွင့်လွှတ်ပါ။ တခြား ဘာကိစ္စ ရှိသေးလဲ။”
တုပိုင်က ပြောလိုက်သည်။ “ကျွန်တော် အစ်မကို လာတွေ့ရုံပါပဲ။”
သခင်မကြီးဝူ လက်ကာပြလိုက်ရာ ချက်ချင်းပင် တစ်ယောက်ယောက်က ငွေဗန်းတစ်ဗန်း ယူဆောင်လာသည်။ သူမက ပြောလိုက်သည်။ “ဖိန်အာက မကြာခဏ မိသားစုကို ကူညီထောက်ပံ့ပေးနေတာ ငါ သိပါတယ်။ ဒါပေမဲ့ ငါ မသိချင်ယောင်ဆောင် ပေးထားတယ်။”
“မင်းတို့ မိသားစု တစ်ခုလုံးက သူ့ကို မှီခိုပြီး အသက်ရှင်နေရတာ ငါ သိပေမဲ့ မသိချင်ယောင်ဆောင် ပေးထားတယ်။ ဒီငွေတုံး ၁၀၀ က နည်းတဲ့ပမာဏ မဟုတ်ဘူး။ ယူပြီး ကွေ့လင်ကို ပြန်လိုက်တော့။ မင်း ဖိန်အာကို တွေ့စရာ မလိုတော့ဘူး။”
တုပိုင် အံ့အားသင့်သွားသည်။ သူက ကပ်ပါးကောင် တစ်ကောင်ကဲ့သို့ ဆက်ဆံခံနေရသည်လော။
“ဘာလဲ။ မလောက်ဘူးလား။” သခင်မကြီးဝူက ပြောလိုက်သည်။ “ဒါ လုံလောက်ပါပြီ။ မူလက ငါတို့က မင်းတို့လို မိသားစုမျိုးကို သဘောမကျဘူး။ ငါတို့ ဘယ်တော့မှ လက်ထပ်ပေးစားမှာ မဟုတ်ဘူး။ ဒါပေမဲ့ ငါ့သားက ဖိန်အာကို လက်ထပ်ချင်တယ်လို့ ဇွတ်တောင်းဆိုပြီး ခေါင်းမာနေလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ။”
“ငါလည်း သူ့သဘောအတိုင်း လိုက်လျောပေးလိုက်ရတာ။ ကံကောင်းတာက ဖိန်အာက အိမ်ထောင်ကျပြီးနောက် ထက်မြက်ပြီး လိမ္မာတယ်။ ငါ့အတွက်လည်း အကူအညီကောင်း တစ်ယောက် ဖြစ်လာတယ်။ ဒါကြောင့် ငါ သူ့ကို ချွေးမအဖြစ် လက်ခံလိုက်တာ။”
“သူ တိတ်တဆိတ် ပိုက်ဆံသုံးပြီး မိသားစုကို ထောက်ပံ့နေတာကိုလည်း ငါ လက်ခံပေးထားတယ်။ ဒါပေမဲ့ မင်းတို့က ဆက်ပြီး တောင်းဆိုမနေနဲ့တော့။ မင်းတို့ရဲ့ အဆုံးမရှိတဲ့ တွင်းနက်ကြီးကို ဖြည့်ဆည်းပေးဖို့ ငါတို့မှာ အကြောင်းပြချက် မရှိဘူး။”
အပိုင်း ၁၄၉ ပြီး။