အခန်း (၁၅၀)
Vol. 15 Ch. 150
တုပိုင် ပို၍ပင် အံ့အားသင့်သွားသည်။
“လွန်ခဲ့တဲ့ တစ်လကျော် ချစ်သူများနေ့ တုန်းက ဖိန်အာက မိဘအိမ်ကို ပြန်သွားခဲ့သေးတယ်။ သူ ပြန်ရောက်တော့ ငါ သူ့ကို ကောင်းကောင်း ဆူလိုက်တယ်။” သခင်မကြီးဝူက ပြောလိုက်သည်။
“အခုကစပြီး ၂ နှစ်မှ တစ်ခါပဲ မိဘအိမ် ပြန်ရမယ်လို့ ငါ အမိန့်ထုတ်ထားပြီးပြီ။ မိဘအိမ်ကို နေ့တိုင်း ပြေးပြီး ပိုက်ဆံတွေ ယူသွားနေတာ ဘာအဓိပ္ပာယ် ရှိလို့လဲ။ မင်းမိဘတွေမှာလည်း ခြေလက်တွေ ပါတာပဲ။”
“မင်းမှာလည်း ခြေလက်တွေ ပါတာပဲ။ ငါတို့ ဝူမိသားစုက မင်းတို့ကို ထောက်ပံ့ထားရမယ့် အကြောင်းပြချက် မရှိဘူး။ ငါတို့ ဝူမိသားစုမှာ ပိုက်ဆံ ရှိကောင်း ရှိလိမ့်မယ်။ ဒါပေမဲ့ အလုပ်မလုပ်တဲ့ လူတွေကိုတော့ မကျွေးမွေးနိုင်ဘူး။”
သောက်ကျိုးနည်း။ တုပိုင်က အမြဲတမ်း သူများပါးကို ရိုက်ခဲ့ဖူးသူ ဖြစ်သော်လည်း ယနေ့တော့ သူ ပါးရိုက်ခံလိုက်ရလေ၏။
“ဒီငွေတုံး ၁၀၀ ကို ငါတို့ရဲ့ နောက်ဆုံး ကူညီမှုလို့ သဘောထားလိုက်။ မင်း ဖိန်အာကို တွေ့စရာ မလိုတော့ဘူး။ ဘာပဲဖြစ်ဖြစ် မင်းက ပိုက်ဆံလိုချင်လို့ လာတွေ့တာပဲလေ။လွန်ခဲ့တဲ့ ရက် ၂၀ လောက်ကမှ သူ မင်းတို့ မိသားစုကို ပိုက်ဆံ ပေးခဲ့သေးတာပဲ။” သခင်မကြီးဝူ မတ်တပ်ရပ်လိုက်ပြီး ပြောလိုက်သည်။
“နောက်နောင် ငါတို့အိမ်ကို မလာနဲ့တော့။ ငါတို့က ဖိန်အာကို ချွေးမအဖြစ် အသိအမှတ်ပြုပေမဲ့ မင်းတို့လို အရှက်မရှိတဲ့ အမျိုးတွေကိုတော့ အသိအမှတ် မပြုချင်ဘူး။”
“တစ်ယောက်ယောက် လာကြ။ သူတို့ကို အိမ်ပြန်လိုက်ပို့ပေးလိုက်။”
ပြောပြီးနောက် သခင်မကြီးဝူသည် တုပိုင်ကို ယဉ်ယဉ်ကျေးကျေး နှင်ထုတ်ရန် ကြိုးစားလေသည်။ သူတို့သည် တုပိုင်ကို ပိုက်ဆံလာတောင်းသော ဆင်းရဲသား ဆွေမျိုးတစ်ယောက်လို ဆက်ဆံရုံသာမက နှင်ထုတ်ရန်ပါ ကြိုးစားနေကြသည်။
မူလက အစ်မဖိန်အာကို မျက်နှာထောက်ပြီး တုပိုင်သည် ယဉ်ကျေးစွာ ဆက်ဆံရန် ရည်ရွယ်ထားသော်လည်း ဤကဲ့သို့ အရှက်ခွဲခံရသောအခါ ချက်ချင်း ဒေါသထွက်သွားသည်။
သူ့မျက်နှာ အေးစက်သွားပြီး လှည့်ထွက်သွားကာ လီစန်းကို ဝူကျိုး အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူးရုံးသို့ စေလွှတ်ပြီး စစ်သည်များ စုရုံးကာ ဝူအိမ်တော်ကို တိုက်ရိုက် စီးနင်းခိုင်းရန် ပြင်ဆင်လိုက်သည်။
သောက်ကျိုးနည်း။ သာမန် ကုန်သည်လောက်ကများ ကွမ်ရှီး အရှေ့ဘက်ကွပ်ကဲရေးရုံး၏ သခင်လေး ဖြစ်သော ငါ့ရှေ့တွင် လာပြီး ဆရာကြီး လုပ်ရဲသည်ပေါ့။ ငါ့ကို အရှက်ခွဲရဲသည်ပေါ့။ တကယ် ဒုက္ခရှာခြင်းပင်။ အစ်မဖိန်အာ အတွက်ကမူ ကွာရှင်းပေးလိုက်ရုံပင်။ တုပိုင်က သူမကို ကွေ့လင် ခေါ်သွားပြီး စည်းစိမ်ချမ်းသာနှင့် နေရအောင် ထားပေးမည်ဟု အာမခံသည်။
ထိုအချိန်မှာပင် ပိုးထည်ဝတ်စုံ ကောင်းကောင်း ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ကမန်းကတန်း ပြေးဝင်လာသည်။ သူ့မျက်နှာတွင် ထိတ်လန့်တကြား အမူအရာများ ပြည့်နှက်နေသည်။ အဝေးမှနေ၍ သူ အော်ဟစ်လိုက်သည်။
“မရီး... ပြဿနာကြီး တက်ပြီ။ ပြဿနာကြီး တက်ပြီ။ ကျွန်တော်တို့ရဲ့ ကုန်သည်သင်္ဘောကို ရေကြောင်းကုန်သွယ်ရေးရုံးနဲ့ ကွမ်ရှီး ရေတပ်က သိမ်းလိုက်ပြီ။ အစ်ကိုကြီးနဲ့ တူလေးလည်း ဖမ်းခံလိုက်ရပြီ။”
ထိုစကားကို ကြားသောအခါ တုပိုင် ခြေလှမ်း ရပ်တန့်သွားသည်။
ဘာ...။ ကုန်သည်သင်္ဘောကို သိမ်းလိုက်သည်မှာ ကွမ်ရှီး ရေကြောင်းကုန်သွယ်ရေးရုံး ဟုတ်သည်လော။ ကွမ်တုံ ရေကြောင်းကုန်သွယ်ရေးရုံး မဟုတ်ဘူးလော။
ကွာခြားချက်က ကြီးမားလှသည်။ ကွမ်တုံ ရေကြောင်းကုန်သွယ်ရေးရုံးသည် ထန်ယန်၏ နောက်ကွယ်ရှိ မိန်းမစိုးအုပ်စု၏ နယ်မြေ ဖြစ်သည်။ သို့သော် ကွမ်ရှီး ရေကြောင်းကုန်သွယ်ရေးရုံးမှာမူ မဟုတ်ပေ။
ကွမ်ရှီး ရေကြောင်းကုန်သွယ်ရေးရုံး ကွပ်ကဲရေးမှူး မိန်းမစိုး စွန်းလင်းသည် လီဝမ်ဟွေ့၏ လူ မဟုတ်သော်လည်း လီဝမ်ဟွေ့ကို သေချာပေါက် ပြစ်မှားရဲမည် မဟုတ်ပေ။
ထို့ပြင် ဤမိန်းမစိုး စွန်းလင်းသည် အသက် ၆၀ နီးပါး ရှိနေပြီ ဖြစ်ပြီး မကြာမီ အနားယူတော့မည် ဖြစ်သည်။ ထို့အပြင် ကွမ်ရှီး ရေကြောင်းကုန်သွယ်ရေးရုံးသည် ကွမ်တုံလောက် ဝင်ငွေမကောင်းသလို သူ့ရာထူးအဆင့်အတန်းသည်လည်း လီဝမ်ဟွေ့ထက် များစွာ နိမ့်ကျလေသည်။
ထိုသတင်းကို ကြားသောအခါ သခင်မကြီးဝူ၏ မျက်နှာသည် သွေးဆုတ်ဖြူဖပ်သွားပြီး ယိုင်နဲ့သွားကာ ကြမ်းပြင်ပေါ် လဲကျလုမတတ် ဖြစ်သွားသည်။
“ဘာ... ဘာလုပ်ကြမလဲ။” သခင်မကြီးဝူ တုန်ရီနေသော အသံဖြင့် ပြောလိုက်သည်။ “အဲဒီ သင်္ဘောပေါ်မှာ ဆားအိတ် သောင်းချီနဲ့ ကိုးရီးယားဂျင်ဆင်း ထောင်ချီ ပါတာ။ တန်ဖိုးက ငွေတုံး ၃ သိန်းလောက် ရှိတယ်။ အဓိကက အဲဒီထဲက အများစုက တခြားလူတွေ ပိုင်တာ။ ဒီကုန်ပစ္စည်းတွေအတွက် လျော်ကြေးပေးရရင် ငါတို့ ဒေဝါလီခံရလိမ့်မယ်။”
သံသယ ဖြစ်စရာ မလိုဘဲ ဤကုန်သည်သင်္ဘောသည် မှောင်ခိုသင်္ဘော ဖြစ်သည်။ ငွေတုံး သိန်းချီ တန်ဖိုးရှိသည် ဆိုတော့ ဤပင်လယ်ကူး ကုန်သည်များသည် မှောင်ခိုလုပ်ငန်းတွင် အမှန်တကယ် ကျယ်ပြန့်စွာ လုပ်ကိုင်နေကြခြင်း ဖြစ်သည်။
သေချာပေါက် ဤသည်မှာ တာ့နင်မင်းဆက်တွင် ပုံမှန် ဖြစ်ရိုးဖြစ်စဉ်ပင်။ လူတိုင်း မှောင်ခိုလုပ်ကြသည်သာ။ အခွန်ဆောင်ရလောက်အောင် မည်သူက တုံးအသနည်း။
သို့သော် ဤသို့ဆိုလျှင် တုပိုင်၏ မြင်းကောင်း အခိုးခံရခြင်းမှာ ဘေးထွက်ဆိုးကျိုး သက်သက်သာလော။ ကွမ်ရှီး ရေကြောင်းကုန်သွယ်ရေးရုံးက မှောင်ခိုလုပ်ငန်းကို နှိမ်နင်းရင်း တုပိုင်၏ မြင်းကောင်းကိုပါ သိမ်းဆည်းမိသွားခြင်းလော။
ထို့ကြောင့် ပူးပေါင်းကြံစည်မှု မရှိသလို ထန်ယန်၏ နောက်ကွယ်က မိန်းမစိုးအုပ်စု၏ လက်ချက်လည်း မဟုတ်ပေ။
တုပိုင်သည် အမှန်တကယ်ပင် သံသယ လွန်ကဲပြီး ပူးပေါင်းကြံစည်မှု သီအိုရီများကို တွေးတောလွန်းသူ ဖြစ်ကောင်း ဖြစ်နိုင်လေသည်။
သို့ဖြစ်ရာ ကိစ္စရပ်များ ရိုးရှင်းသွားပြီ ဖြစ်သည်။ လီဝမ်ဟွေ့ ဝင်ပါစရာ မလိုဘဲ ဝူကျိုး အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်မှူးကို ရေကြောင်းကုန်သွယ်ရေးရုံးသို့ စေလွှတ်လိုက်ရုံဖြင့် လီတစ်ထောင်မြင်းကို ပြန်ရနိုင်ပြီး တောင်းပန်စကားပင် ကြားရနိုင်ပေသည်။
ကွမ်ရှီး ရေကြောင်းကုန်သွယ်ရေးရုံး ကွပ်ကဲရေးမှူး စွန်းလင်းသည် သဘောကောင်းသူ တစ်ဦး ဖြစ်သည်။ လီဝမ်ဟွေ့ ဝယ်ယူထားသော မြင်းကောင်းကို သူ မတော်တဆ သိမ်းဆည်းမိကြောင်း သိလျှင် ကြောက်လန့်တကြားဖြင့် ကွေ့လင်သို့ ချက်ချင်း လာရောက် တောင်းပန်လိမ့်မည်မှာ သေချာသည်။
“ဒီကုန်ပစ္စည်း အသုတ်အတွက် အားလုံး စီစဉ်ပြီးပြီ မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး ပြဿနာ တက်ရတာလဲ။” သခင်မကြီးဝူ မေးလိုက်သည်။
လူလတ်ပိုင်းအရွယ် အမျိုးသားက ပြောလိုက်သည်။ “ဟုတ်တယ်လေ။ နှစ်တိုင်း ရေကြောင်းကုန်သွယ်ရေးရုံး၊ ကွမ်ရှီး ရေတပ်နဲ့ ကွမ်တုံ ရေတပ်ကို ဆက်ကြေးပေးနေတာ ငွေတုံး တစ်သောင်း မကဘူး။ သူတို့က မှောင်ခိုလုပ်တာကို မျက်ကွယ်ပြုထားပေးနေကျပဲ။ ဒီတစ်ခါ လူဖမ်းပြီး သင်္ဘောသိမ်းမယ်လို့ ဘယ်သူ ထင်မှာလဲ။”
ထိုအချိန်မှာပင် ကျစ်လျစ်လှပသော အမျိုးသမီးငယ် တစ်ဦး ပြေးဝင်လာပြီး အပြင်ဘက်မှ လှမ်းအော်လိုက်သည်။ “ယောက္ခမကြီး။ ယောက္ခမလေးနဲ့ ယန်မင် အဖမ်းခံလိုက်ရတယ် ဆို။ သင်္ဘောလည်း အသိမ်းခံလိုက်ရတယ် ဟုတ်လား။”
ဝူယန်မင်သည် တုဖိန်အာ၏ ခင်ပွန်း ဖြစ်သည်။ သူမသည် သူ့ကို ယောကျ်ားဟု ဘယ်တော့မှ မခေါ်ဘဲ နာမည်တပ်ပြီးသာ ခေါ်လေ့ရှိသည်။
ဝင်လာသည်နှင့် တုဖိန်အာသည် တုပိုင်ကို တွေ့လိုက်ရပြီး ကျန်အရာအားလုံးကို ချက်ချင်း မေ့လျော့သွားသည်။
သူမ၏ လှပသော မျက်လုံးများ အံ့သြဝမ်းသာမှုဖြင့် ပြူးကျယ်သွားပြီး အော်ဟစ်လိုက်သည်။ “မောင်လေး...။ မင်း ဝူကျိုးကို ဘယ်တုန်းက ရောက်တာလဲ။ မင်း တကယ်ကြီး ငါ့ကို လာတွေ့တာလား။”
ပြောပြီးနောက် သူမသည် ပြေးလာပြီး တုပိုင်ကို ပွေ့ချီလိုက်ကာ နဖူးချင်း အပ်ထားလိုက်သည်။ သူမက တုပိုင်ကို ပွေ့ချီပြီး မတ်တပ်ရပ်လျက် လှည့်ပတ်လိုက်ရာ ထိုမိန်းမသည် အမှန်တကယ် သန်မာလွန်းလှသည်။
‘အစ်မရာ။ ယောက္ခမကြီး ရှေ့မှာ ဒီလောက်ကြီး ချစ်ပြနေဖို့ တကယ် လိုလို့လား။ ကျေးဇူးပြုပြီး မလုပ်ပါနဲ့။’
“အဖေနဲ့ အမေ နေကောင်းကြလား။ အစ်မ မင်းကို သိပ်လွမ်းတာပဲ မောင်လေးရယ်။ ဝူကျိုးကို ဘာကိစ္စနဲ့ လာတာလဲ။ အိမ်မှာ ပိုက်ဆံ လိုနေလို့လား။” အစ်မဖိန်အာ၏ ပါးစပ်သည် ယမ်းဗြောက်အိုး ဖောက်သကဲ့သို့ တရစပ် မေးခွန်းထုတ်နေသည်။ တုပိုင်ကို တွေ့သည်နှင့် သူမ၏ ခင်ပွန်းနှင့် ယောက္ခမ အဖမ်းခံရသည့် အရေးကြီး ကိစ္စကို လုံးဝ မေ့လျော့သွားလေသည်။
ယခုအခါ သူမ၏ ယောက္ခမကြီး သခင်မကြီးဝူသည် မကျေမနပ် ဖြစ်လာပြီး အေးစက်စွာ ပြောလိုက်သည်။ “ယောကျ်ားနဲ့ မိန်းမ ကွာခြားမှု ရှိတယ်။ ဒါ ဘယ်လို အပြုအမူမျိုးလဲ။ ဖိန်အာ... မင်း ဒီမိသားစုကို ဂရုစိုက်ရဲ့လား။ မင်းရဲ့ ယောက္ခမ ဖြစ်တဲ့ ငါ့ကိုရော ဂရုစိုက်ရဲ့လား။ မင်း ယောကျ်ားကိုရော ဂရုစိုက်ရဲ့လား။”
တုဖိန်အာ ရှက်သွားပြီး တုပိုင်ကို အမြန် ပြန်ချပေးလိုက်သည်။ သူမ လျှာထုတ်လိုက်ပြီး သခင်မကြီးဝူ၏ လက်ကို ဆုပ်ကိုင်ကာ ပြောလိုက်သည်။ “တောင်းပန်ပါတယ် ယောက္ခမကြီး။ မောင်လေးကို တွေ့လိုက်ရလို့ စိတ်လှုပ်ရှားပြီး ပျော်လွန်းသွားတာပါ။”
“တော်စမ်းပါ” သခင်မကြီးဝူ ဆူငေါက်လိုက်သည်။ “ငါတို့ အိမ်ကြီး ပြိုကျတော့မယ်။ ဝူမိသားစုသာ ပျက်စီးသွားရင် မင်း နေ့တိုင်း မိဘအိမ်ကို ပိုက်ဆံ ပို့ပေးနိုင်တော့မှာ မဟုတ်ဘူး။ မင်းတို့ မိသားစု တစ်ခုလုံး ငတ်သေကုန်လိမ့်မယ်။”
ထို့နောက် သခင်မကြီးဝူ ပြောလိုက်သည်။ “သခင်ကြီးနဲ့ သခင်လေးကို အရင် ကယ်ထုတ်ဖို့ နည်းလမ်း အမြန် ရှာရမယ်။ ပြီးမှ သင်္ဘောကို ပြန်ရအောင် နည်းလမ်း ရှာရမယ်။ ဒီငွေတုံး သိန်းချီသာ ဆုံးရှုံးသွားရင် ငါတို့ မိသားစု မွဲသလောက် ဖြစ်သွားလိမ့်မယ်။”
ပိုးထည်ဝတ် လူလတ်ပိုင်း အမျိုးသားသည် ဝူကျန့်တောက်၏ ညီ။ ဝူမိသားစု၏ ဒုတိယသခင် ဝူကျန့်လုံ ဖြစ်သည်။
“ဟုတ်တယ်။ ဝူကျိုးစီရင်စုကို သွားပြီး သခင်ကြီးရွှီကို ရှာကြမယ်။ သူက ဝူကျိုးစီရင်စု စစ်ဆေးရေးမှူး ဖြစ်ရုံတင်မကဘူး။ ရေကြောင်းကုန်သွယ်ရေးရုံးက မိန်းမစိုး စွန်းလင်းရဲ့ မွေးစားသားလည်း ဖြစ်တယ်။” ဒုတိယသခင် ဝူကျန့်လုံ ပြောလိုက်သည်။ “သခင်ကြီးရွှီကို ရှာရင် အစ်ကိုကြီးနဲ့ တူလေးကို သေချာပေါက် ကယ်ထုတ်နိုင်လိမ့်မယ်။ ဒါပေမဲ့ ပိုက်ဆံ ကုန်လိမ့်မယ်။”
ဤစစ်ဆေးရေးမှူးသည် ရာထူးကြီးကြီးမားမား မရှိသော်လည်း ဝူကျိုးစီရင်စု၏ ဒေသခံ အာဏာရှင် တစ်ဦး ဖြစ်သည်။
သူသည် ဝူမိသားစု၏ ကျောထောက်နောက်ခံများထဲမှ တစ်ဦး ဖြစ်ပြီး နှစ်စဉ် ငွေတုံး တစ်ထောင်ကျော် ဆက်ကြေးပေးရသည်။
“ပိုက်ဆံကုန်မှာ မကြောက်နဲ့။ လူတွေကို ကယ်ထုတ်ဖို့က အရေးအကြီးဆုံးပဲ။” သခင်မကြီးဝူ ပြောလိုက်သည်။ “ငွေစက္ကူ ၁ သောင်း ယူသွား။ အရင်ဆုံး လူကယ်ဖို့ ငွေတုံး ၂ ထောင် ပေး။ ပြီးရင် သင်္ဘောကို ရွေးဖို့ ၈ ထောင် ပေး။ ကိစ္စပြီးရင် နေရာတိုင်းကို လာဘ်ထိုးဖို့ နောက်ထပ် ငွေတုံး ၁ သောင်း ထပ်ထုတ်။”
ဖိန်အာ၏ ယောက္ခမသည် ပြတ်သားသူ တစ်ဦး ဖြစ်သည်။ ချက်ချင်းပင် ငွေတုံး ၂ သောင်း ထုတ်ပေးလိုက်သည်။
ထိုအချိန်တွင် သခင်မကြီးဝူနှင့် ဒုတိယသခင် ဝူကျန့်လုံတို့သည် ငွေများကို ယူပြီး ဝူကျိုးစီရင်စုသို့ အမြန်သွားကာ စစ်ဆေးရေးမှူး ရွှီချန်ထျန် ထံ အကူအညီ တောင်းရန် ပြင်ဆင်လိုက်ကြသည်။
တုဖိန်အာက ပြောလိုက်သည်။ “အမေ။ ကျွန်မ မောင်လေးကလည်း မိန်းမစိုးအုပ်စုထဲမှာ လူသိတယ်။ သူ့ကိုလည်း လိုက်ကူညီခိုင်းရင် မကောင်းဘူးလား။”
“သူလား...” သခင်မကြီးဝူသည် အထင်သေးသော အကြည့်ဖြင့် ကြည့်လိုက်သည်။ “သူ့အိမ်မှာ လုပ်စရာတွေ အများကြီး ရှိဦးမှာပါ။ သူ့ကို ဒုက္ခမပေးပါနဲ့တော့။ သူ့ကို ငွေတုံး ၁၀၀ ပေးပြီး ကွေ့လင်ကို ပြန်ခိုင်းလိုက်ပါ။”
သူမ တုပိုင်ကို အထင်သေးသည်တော့ မဟုတ်ပေ။
သို့သော် ဖုန်မှုန့်များ ပေကျံနေသော အဝတ်အစားများနှင့် ဖရိုဖရဲ ဖြစ်နေသော ပုံစံ။ ထို့အပြင် အစာငတ်ပြီးသေသွားသည့် သရဲ တစ်ကောင်ကဲ့သို့ မုန့်များကို အငမ်းမရ စားသောက်နေပုံများကို ကြည့်ပြီး သခင်မကြီးဝူက ဘာမှမမျှော်လင့်မိချေ။
ဝူကျိုးသို့ ပိုက်ဆံလာတောင်းသော သူကဲ့သို့ လူလိမ်လူကောက်များကို သူမ အများကြီး တွေ့ဖူးသည်။ လေကြီးမိုးကြီး ပြောရုံကလွဲပြီး ဘာမှ သုံးစားမရပေ။
ထို့နောက် သခင်မကြီးဝူသည် တုပိုင်ကို လျစ်လျူရှုပြီး မြင်းများ ပြင်ဆင်ကာ ဝူကျိုးစီရင်စုသို့ သွားရန် လူများကို တိုက်ရိုက် အမိန့်ပေးလိုက်သည်။
သခင်မကြီးဝူ ထွက်သွားပြီးနောက် တုဖိန်အာက ပြောလိုက်သည်။ “မောင်လေး။ ဒီကိစ္စကို ကူညီပေးနိုင်မလား။”
“ရပါတယ်။” တုပိုင် ပြန်ဖြေလိုက်သည်။
ကူညီတာတော့ ကူညီမည် ဖြစ်သည်။ သို့သော် အရင်ဆုံး သူတို့ ပါးကို ရိုက်ရမည်။ နောက်ကျောကို ဓားနှင့် ထိုးသင့်လျှင် ထိုးရမည်။ အရေးအကြီးဆုံးက သူ့မြင်းကောင်းကို ပြန်ယူရမည်။
တုဖိန်အာက ပြောလိုက်သည်။ “ဒါဆို သွားကြစို့။”
ထို့နောက် သူမနှင့် တုပိုင်တို့သည် မြင်းရထားဖြင့် ဝူကျိုးစီရင်စုသို့ လိုက်ပါသွားကြသည်။
တကယ့်ကို ကံဆိုးမိုးမှောင်ကျခြင်းပင်။ ဝူကျိုးစီရင်စုမှ မုန်ဆန်းစီရင်စုခွဲသို့ တစ်ညလုံး ခရီးနှင်လာခဲ့ပြီး ခဏလေးပင် မနားရသေးဘဲ နောက်ထပ် လီ ၃၀၀ ခရီးကို ပြန်လှည့်သွားရဦးမည်။
သို့သော် အကျိုးအမြတ် အချို့တော့ ရှိသည်။ သူ့မြင်းကောင်းကို သိမ်းဆည်းသွားသူမှာ ကွမ်ရှီး ရေကြောင်းကုန်သွယ်ရေးရုံး ဖြစ်ကြောင်း သိလိုက်ရပြီး ဤအရာများ အားလုံးက နားလည်မှုလွဲခြင်း သက်သက်သာ ဖြစ်ကြောင်း သိလိုက်ရသည်။
ရေကြောင်းကုန်သွယ်ရေးရုံးက အဓိကအားဖြင့် ပင်လယ်ကူး ကုန်သည်ကြီး ဝူကျန့်တောက်ကို ဓားပြတိုက်ချင်တာ ဖြစ်ပြီး တုပိုင်၏ မြင်းကောင်းက ကြားညပ်ပြီး ပါသွားခြင်း ဖြစ်သည်။
အချိန်ကိုက်ပင်။ သူသည် ဝူကျိုး အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူးရုံး သို့ သွားပြီး မိန်းမစိုး ကျုံးထိန်ကို ရေကြောင်းကုန်သွယ်ရေးရုံးသို့ စေလွှတ်ကာ လီတစ်ထောင်မြင်းကို ပြန်ယူခိုင်းနိုင်သည်။
အသက် ၃၉ နှစ်အရွယ် ဝူကျိုးစီရင်စု အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်မှူး ကျုံးထိန်သည် လီဝမ်ဟွေ့၏ ယုံကြည်ရဆုံး လက်ရုံးတစ်ဦး ဖြစ်သည်။ သူသာ လှုပ်ရှားလျှင် မည်သူမျှ တုံ့ဆိုင်းနေမည် မဟုတ်ပေ။
ကွမ်ရှီး ရေကြောင်းကုန်သွယ်ရေးရုံး ကွပ်ကဲရေးမှူး စွန်းလင်း ဆိုလျှင် အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်မှူး ကျုံးထိန်ကိုတောင် ပြစ်မှားလိုသူ မဟုတ်ပေ။
ထို့ပြင် တုပိုင်သည် မကြာသေးမီက ကွေ့လင်တွင် မွှေနှောက်ခဲ့ပြီး လီကျင်းဌာနမှ လင်းကျန်းချောင် နှင့် အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်မှူး ဝမ်ရင် တို့ကို အကြီးအကျယ် ဆုံးရှုံးစေခဲ့သည်။
အခြားသူများ မသိလျှင်တောင် ကွမ်ရှီး ရေကြောင်းကုန်သွယ်ရေးရုံး အကြီးအကဲ မိန်းမစိုး ဖြစ်သော စွန်းလင်းသည် တုပိုင်၏ ကြောက်မက်ဖွယ် ဂုဏ်သတင်းကို ကောင်းကောင်း သိရှိနေမည်မှာ သေချာသည်။
အပိုင်း ၁၅၀ ပြီး။