နဂါးနှင့်ဖီးနစ် ဗိုလ်လုပွဲ
Vol. 19 Ch. 274
ကျင်းယွဲ့လင်းအကြောင်း ဆွေးနွေးနေကြရာမှ အာရုံစိုက်မှုအားလုံးသည် အဓိကပွဲစဉ်ဖြစ်သော နဂါးနှင့်ဖီးနစ်ပြိုင်ပွဲ ဗိုလ်လုပွဲဆီသို့ လျင်မြန်စွာ ကူးပြောင်းသွားခဲ့သည်။
ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ယန်မင်လန်သည် စင်မြင့်ထက်သို့ တက်လှမ်းလာချိန်တွင် ပရိသတ်များ၏ အသံသည် အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။
သူ၏အသံသည် မိုးကြိုးပစ်သံကဲ့သို့ ကွင်းတစ်ခုလုံးကို လွှမ်းမိုးသွား၏။
“ဂုဏ်သရေရှိ ဧည့်သည်တော်များ၊ အစွမ်းထက် ကျင့်ကြံသူများနှင့် အင်ပါယာ၏ ပြည်သူအပေါင်းတို့... ဒီနေ့မှာ ဒီမျိုးဆက် ပါရမီရှင်ရဲ့အထွတ်အထိပ်စွမ်းရည်ကို မျက်ဝါးထင်ထင် မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်”
သူ၏စကားများကြောင့် ပရိသတ်များသည် ထပ်မံ၍ တစ်ခဲနက် အားပေးကြပြန်သည်။
အဝေးဆီမှ ဗုံသံများ ဟိန်းထွက်လာသလို အခမ်းအနားသုံး ခရုသင်းမှုတ်သံကလည်း လိုက်ပါလာသည်။
မျှော်လင့်ချက်များ၏ အရှိန်အဝါကြောင့် ကွင်းပြင်ကြီးတစ်ခုလုံးပင် တုန်ခါနေသယောင် ထင်မှတ်ရ၏။
“နဂါးနှင့်ဖီးနစ်ပြိုင်ပွဲဟာ တကယ့်ကို ပြင်းထန်ခဲ့ပါတယ်”
ယန်မင်လန်သည် အသံနေအသံထားကို ထိန်းညှိပြီး ဆက်ပြောသည်။
“ယှဉ်ပြိုင်သူ ၁၂၈ ယောက်ထဲကနေ သွေးနဲ့ချွေးတွေ ရင်းနှီးပြီး... တိုက်ပွဲကျွမ်းကျင်မှု၊ ခံနိုင်ရည်နဲ့ စိတ်ဓာတ်ခိုင်မာမှုတွေ ပြသရင်း တိုက်ပွဲပေါင်းများစွာကို ကျော်ဖြတ်လာခဲ့တာ အခုဆိုရင် နှစ်ယောက်တည်းပဲ ကျန်ပါတော့တယ်”သူသည် ခဏမျှ အရှိန်သတ်လိုက်ပြီးနောက် လက်တစ်ဖက်ကို မြှောက်လိုက်သည်။
“လောကကြီးကို တုန်လှုပ်စေခဲ့တဲ့ နာမည်နှစ်ခု၊ တစ်ချိန်က ကံကြမ္မာချင်း ဆက်နွယ်ခဲ့ဖူးပေမဲ့ အခုတော့ ပြိုင်ဘက်တွေအဖြစ် ရင်ဆိုင်ရတော့မဲ့ ပါရမီရှင်နှစ်ယောက်”
ပရိသတ်များ၏ အသံသည် ကောင်းကင်ကြီး ကွဲအက်သွားမတတ် ကျယ်လောင်လှသည်။
“ပထမတစ်ယောက်ကတော့ အနှိုင်းမဲ့တဲ့ ခက်ထန်မှုတွေနဲ့အတူ သူ့ရှေ့က ပြိုင်ဘက်တိုင်းကို အနိုင်ယူလာခဲ့သူ..နီဖန်းကျိုး “
အနောက်ဘက်အရပ်မှ ပုံရိပ်တစ်ခု လမ်းလျှောက်ထွက်လာသည်။
နီဖန်းကျိုး၏ အနက်ရောင်နှင့် အနီရောင်စပ်ထားသော ဝတ်ရုံစများသည် မုန်တိုင်းကဲ့သို့ နောက်တွင် လွင့်ပါးနေသည်။
သူ၏စူးရှသော မျက်လုံးများတွင် အေးစက်သော မီးလျှံများ တောက်လောင်နေပြီး ခြေလှမ်းတိုင်းသည် တည်ငြိမ်နေကာ တုန်လှုပ်ခြင်းမရှိပေ။
သူ့ထံမှ ဖိအားပေးနိုင်သော အရှိန်အဝါတစ်ခု ဖြာထွက်နေ၏ ၎င်းသည် လွှမ်းမိုးလိုစိတ်ပြင်းထန်ပြီး အရှက်ရမှုများကို အံတုကာ မိမိ၏ဂုဏ်သိက္ခာကို ပြန်လည်ဆုပ်ကိုင်နိုင်ခဲ့သူတစ်ဦး၏ မလျော့သောဇွဲမာန်ပင် ဖြစ်သည်။
သို့သော်ငြားလည်း ချုကျီယန်နှင့် တိုက်ခိုက်ခဲ့စဉ်က ရရှိခဲ့သော ဒဏ်ရာအချို့ကတော့ သိသာစွာ ကျန်ရှိနေသေးသည်။
သူသည် ကောင်းကင်ငှါးရမ်း ဖြတ်ကျော်ခြင်းကို အသုံးပြုခဲ့ရသဖြင့် ယင်း၏ ဘေးထွက်ဆိုးကျိုးများသည် သုံးရက်တာ အနားယူရုံ၊ ဆေးလုံးအချို့ သောက်ရုံမျှဖြင့် ပျောက်ကွယ်သွားမည် မဟုတ်ပေ။ သို့သော်လည်း သူသည် တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေသည့်ပုံပေါ်သည်။
ပရိသတ်များသည် သူ၏နာမည်ကို ဟစ်ကြွေးကာ အားပေးကြသလို တစ်ဖက်တွင်လည်း လှောင်ပြောင်သံများနှင့် သံသယဖြစ်ဖွယ်တီးတိုး ပြောဆိုသံများ ရောယှက်နေသည်။
သို့သော် နီဖန်းကျိုး၏ မျက်နှာတွင် မည်သည့်ခံစားချက်မျှ ဖော်ပြခြင်းမရှိဘဲ သူ၏အကြည့်များသည် စင်မြင့်ထက်သို့သာ စူးစိုက်လျက် ရှိသည်။
“သူနဲ့ ရင်ဆိုင်ရမဲ့သူကတော့...” ကြေညာသူ၏အသံသည် ပရိသတ်အသံကို ဖြတ်ကျော်ကာ ပိုမိုမြင့်မားလာသည်။ “သူမက ကံကြမ္မာရဲ့ သမီးတော်၊ နှစ်ပေါင်းများစွာတိုင်အောင် နံပါတ်တစ် ပါရမီရှင်ဘွဲ့ကို ဆုပ်ကိုင်ထားနိုင်သူပါ။ သူမက ဒီဘွဲ့နဲ့ ထိုက်တန်ကြောင်း တစ်ခါတည်းနဲ့ အပြတ်အသတ် သက်သေပြနိုင်မလား? အနှိုင်းမဲ့ ပါရမီ၊ ငြင်းပယ်လို့မရတဲ့ ခွန်အားနဲ့ မယိုင်လဲတဲ့ စိတ်ဓာတ်တွေနဲ့အတူ သူမ ဒီနေရာကို နောက်တစ်ကြိမ် ရောက်ရှိလို့လာသူကတော့ ပိုင်ရွှယ်ချင်း “
ပိုင်ရွှယ်ချင်းသည် တည်ငြိမ်အေးဆေးသော အမူအရာဖြင့် ထွက်ပေါ်လာပြီး သူမ၏မျက်နှာတွင် ခံစားချက်ကြီးကြီးမားမား ဖော်ပြခြင်းမရှိပေ။
ပရိသတ်များသည် မတ်တတ်ရပ်လျက် နားကွဲမတတ် အားပေးကြတော့သည်။
အများစုသည် သူမ၏နာမည်ကို အော်ဟစ်နေကြပြီး အချို့က ရိုသေစွာဖြင့် ဦးညွှတ်ကြသလို အချို့ကလည်း တိုးတိုးတိတ်တိတ် ပြောဆိုနေကြသည်—သူမသည်ကား ဤမျိုးဆက်၏ စစ်မှန်သော ဖီးနစ်ငှက်ပင် ဖြစ်သည်။
ကြေညာသူသည် ကောင်းကင်ဘုံမှ ရွေးချယ်ထားသူကို ဖော်ပြသည့်အလား လက်နှစ်ဖက်ကို မြှောက်လျက် ထပ်မံ၍ ဟိန်းဟောက်လိုက်ပြန်သည်။
“နီဖန်းကျိုး၊ ပိုင်ရွှယ်ချင်း။ ကံကြမ္မာပါတဲ့ ပြိုင်ဘက်နှစ်ယောက်၊ ပြိုင်ဘက်ကင်းတဲ့ ပါရမီရှင်နှစ်ယောက်။ ဒါပေမဲ့ ဒီနေ့မှာတော့ တစ်ယောက်တည်းသာ ထိပ်ဆုံးကို တက်လှမ်းနိုင်မှာဖြစ်ပြီး... တစ်ယောက်တည်းသာ ချန်ပီယံဘွဲ့ကို ရရှိမှာဖြစ်ပါတယ်။ ကောင်းကင်အောက်မှာ အငြင်းပွားစရာမရှိတဲ့ နံပါတ်တစ်အဖြစ် တစ်ယောက်တည်းသာ ရပ်တည်နိုင်မှာပါ”
နောက်ဆုံးကြေညာချက်သည် စစ်ဗုံတီးသံကဲ့သို့ လူတိုင်း၏ ရင်ထဲတွင် ပဲ့တင်ထပ်သွားသည်။
လူပေါင်းသောင်းချီ၏ အော်သံများကြောင့် ကွင်းပြင်ကြီးတစ်ခုလုံး တုန်ခါသွား၏။
“နဂါးနှင့်ဖီးနစ် ဗိုလ်လုပွဲကို စတင်ပါပြီ”
ပရိသတ်များ၏ အော်သံများသည် ဝေးကွာသွားသလို ခံစားရသည်။
အလံများနှင့် တောက်ပသော အလင်းတန်းများအကြား ကျယ်ပြောလှသည့် စင်မြင့်ထက်တွင် လောကကြီးတစ်ခုလုံးသည် နီဖန်းကျိုးနှင့် ပိုင်ရွှယ်ချင်းဟူသော ပုံရိပ်နှစ်ခုအဖြစ်သို့ ကျုံ့ဝင်သွားသည်။
သူတို့နှစ်ဦး အကြည့်ချင်း ဆုံမိကြသည်။
တစ်ဖက်၏အကြည့်သည် အေးစက်စူးရှနေပြီး နှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရသော အရှက်ရမှုများကြောင့် လေးလံနေလေသည်။
အခြားတစ်ဖက်မှာတော့ တည်ငြိမ်ပြီး ဂုဏ်ယူဝံ့ကြွားမှု အပြည့်ရှိနေသော်လည်း ပိုမိုနက်ရှိုင်းသည့် အရာတစ်ခုက လက်ခနက် ဖြစ်သွားသည်။
နီဖန်းကျိုး၏ နှုတ်ခမ်းများသည် ပြုံးယောင်သန်းသွားသော်လည်း ထိုအပြုံးတွင် နွေးထွေးမှု အလျဉ်းမရှိပေ။
ပရိသတ်သောင်းချီ၏ အော်သံများကြားတွင် သူ၏အသံသည် စင်မြင့်တစ်ခုလုံးကို ဖြတ်ကျော်ကာ ပျံ့လွင့်သွားသည်။
“ပြောစမ်းပါဦး ပိုင်ရွှယ်ချင်း... ငါက လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက မင်းထင်ခဲ့သလို အမှိုက်တစ်စပဲ ဖြစ်နေတုန်းပဲလား?”
သူ၏စကားလုံးများသည် ဓားတစ်လက်ကဲ့သို့ စူးရှနေပြီး နာကျည်းမှုများဖြင့် လေးလံနေသော်လည်း သူ၏မာနကြောင့် တည်ငြိမ်နေဆဲပင်။
ပိုင်ရွှယ်ချင်းသည် တုန်လှုပ်သွားခြင်း မရှိပေ။
“မင်းကိုယ်မင်း သက်သေပြနိုင်ခဲ့ပြီပဲ” သူမက တိုးညှင်းစွာ ပြောလိုက်သည်။ သူမ၏အသံသည် စင်မြင့်ထက်၌သာမက နားထောင်နေသူတိုင်း၏ နားထဲသို့ ရောက်ရှိသွား၏။
“မင်းကို အထင်သေးခဲ့မိတာ ငါမှားခဲ့ပါတယ်။ အဲဒီအတွက် နီဖန်းကျိုး... ငါ တောင်းပန်ပါတယ်”
အမြဲတမ်း မာနထောင်လွှားနေတတ်သော ပိုင်ရွှယ်ချင်းသည် တောင်းပန်စကား ဆိုလာသည့်အတွက် ပရိသတ်များမှာ အံ့အားသင့်သွားကြသည်။
သို့သော် သူမသည် ခေါင်းငုံ့မသွားပေ။ ယင်းအစား သူမ၏အသံသည် ပိုမိုခိုင်မာလာပြီး သူမ၏ ခန္ဓာကိုယ်ပတ်လည်တွင် ရွှေရောင်မီးလျှံများ ဝိုင်းရံလာကာ အရောင်အဝါများသည်လည်း ပိုမိုတောက်ပလာသည်။
“ဒါပေမဲ့... ငါလုပ်ခဲ့တဲ့ကိစ္စကိုတော့ နောက်တစ်ကြိမ်ဆိုရင်တောင် ငါ ထပ်လုပ်မှာပဲ”
နီဖန်းကျိုး၏ မျက်လုံးများ ကျဉ်းမြောင်းသွားသော်လည်း သူ စကားဖြတ်မပြောခဲ့ပေ။
“တခြားသူတွေ ပေးခဲ့တဲ့ ကတိတွေ၊ စေ့စပ်ကြောင်းလမ်းမှုတွေနဲ့ ငါ့ကို အကျဉ်းချထားလို့ မရဘူး” ပိုင်ရွှယ်ချင်းက ပြတ်သားသော စကားလုံးများဖြင့် ဆက်ပြောသည်။
“အဲဒီတုန်းက ငါက နုနယ်ခဲ့တာ ဖြစ်နိုင်သလို... ဆင်ခြင်တုံတရား ကင်းမဲ့ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒါက ငါ့ရဲ့ ရွေးချယ်မှုပဲ။ ငါ အလိုရှိတဲ့အရာကြောင့် ဘယ်လို အကျိုးဆက်မျိုးပဲ ကြုံရပါစေ ငါ လုပ်မှာပဲ”
သူမ၏ စကားလုံးများသည် ရက်စက်ကြမ်းကြုတ်မနေသော်လည်း နူးညံ့သိမ်မွေ့ခြင်းလည်း မရှိပေ။
၎င်းတို့မှာ သူမ၏ မယိုင်လဲသော စိတ်ဓာတ်အတိုင်းပင် သူမအတွက်တော့ စစ်မှန်သော အမှန်တရားများသာ ဖြစ်သည်။
သူတို့နှစ်ဦးကြားရှိ လေထုသည် အတိတ်နှင့် ပစ္စုပ္ပန်၏ ဝန်ထုပ်ဝန်ပိုးများကြောင့် လေးလံလာပြီး တင်းမာမှုများ မြင့်တက်လာသည်။
နီဖန်းကျိုး၏ အပြုံးသည် ပိုမိုကျယ်ပြန့်လာသော်လည်း သူ၏မျက်ဝန်းထဲမှ မီးလျှံများမှာမူ ယခင်ကထက် ပိုမိုပြင်းထန်စွာ တောက်လောင်
နေ၏။
နီဖန်းကျိုး၏ မျက်လုံးများသည် စူးရှစွာ ဝင်းလက်နေပြီး သူ၏နှုတ်ခမ်းထောင့်တွင်လည်း လှောင်ပြုံးတစ်ခုက အရိပ်အယောင်မျှ ပေါ်လွင်နေသည်။
“မှန်တာပေါ့...” သူ၏တိုးညှင်းသောအသံသည် ပိုးသားကို ဓားဖြင့်ခွဲလိုက်သကဲ့သို့ ကွင်းပြင်တစ်ခုလုံးသို့ ပျံ့လွင့်သွားသည်။ “မင်းကတော့ အကျိုးဆက်တွေကို ဂရုစိုက်မှာမဟုတ်ဘူး ပိုင်ရွှယ်ချင်း။ မင်းကတော့ မင်းအလိုရှိတာကို အရယူဖို့၊ မင်းရဲ့ဆန္ဒတွေအကြောင်းကိုပဲ ပြောနေတာ... ဒါပေမဲ့ မင်းရဲ့ရွေးချယ်မှုတွေကြောင့် ဖြစ်လာတဲ့ ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးခဲ့ရတာ မင်းမှမဟုတ်တာ။
ပရိသတ်များသည် ငြိမ်သက်သွားကြသည်။ လေထုကြီးကိုယ်တိုင်ပင် အသက်ရှူအောင့်ထားရသယောင် ထင်ရ၏။
“မင်းရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ ဆုံးဖြတ်ချက်ကြောင့် နာကျင်ခံစားခဲ့ရတာ ငါနဲ့ နီမျိုးနွယ်စုပဲ။ လောကကြီးက ဘာတွေတောင်းဆိုနေသလဲဆိုတာကို မင်းရဲ့ မသိနားမလည်မှုတွေကြောင့် ငါတို့ခံခဲ့ရတာ။”
သူသည် အဆိပ်လူးအပ်များကဲ့သို့ စူးရှသော ထိုစကားလုံးများကို လေထုထဲ၌ ပဲ့တင်ထပ်
စေလိုက်သည်။
“ဒါပေမဲ့...” သူ၏ လေသံသည် အနည်းငယ် ပြောင်းလဲသွားပြီး ပိုမိုနူးညံ့သွားသော်လည်း မယိုင်လဲသော မာနများကတော့ ရောယှက်နေဆဲပင်။ “မင်း နားလည်ပေးဖို့ ငါမမျှော်လင့်ပါဘူး။ မင်းရဲ့ နားလည်မှုကို လာတောင်းခံနေတာလည်း မဟုတ်ဘူး။ ငါဒီကိုလာတာက—ငါက တစ်ချိန်က လူတွေလှောင်ပြောင်ခဲ့တဲ့ အမှိုက်တစ်စ မဟုတ်တော့ဘူးဆိုတာကို တစ်လောကလုံး သိအောင် အပြတ်အသတ် သက်သေပြဖို့ပဲ”
သူ၏အကြည့်များသည် ပိုင်ရွှယ်ချင်းထံသို့ စူးစိုက်ထားသည်။ “တကယ်တော့ ငါ မင်းကို ကျေးဇူးတင်သင့်တာလည်း ဖြစ်နိုင်တယ်။ မင်းကြောင့်သာ လောကကြီးရဲ့ ရက်စက်တဲ့ အမှန်တရားကို ငါသိခဲ့ရတာ။ အဲဒီအတွက်ကြောင့်လည်း ငါ ဒီနေ့ ဒီစင်မြင့်ထက်မှာ မတ်တတ်ရပ်နေနိုင်တာ။”
နီဖန်းကျိုး၏ အရောင်အဝါများသည် ရုတ်ချည်း ထွက်ပေါ်လာပြီး လွှမ်းမိုးနိုင်စွမ်းရှိလှသည်။ ၎င်းသည် တိုက်ခိုက်ရန် အသင့်ဖြစ်နေသည့် နဂါးတစ်ကောင်ကဲ့သို့ ဝဲလှည့်နေ၏။
သူသည် နောက်ဆုံးအနေဖြင့် ခေါင်းကို အနည်းငယ် ငြိမ့်ပြလိုက်ပြီး သူ၏မျက်ဝန်းများထဲတွင် စိန်ခေါ်မှုနှင့် သရော်မှုများ ယှဉ်တွဲလျက် ဝင်းလက်နေသည်။
“ကဲ... အတိတ်တွေ ပြန်ပြောင်းသတိရနေတာ တော်လောက်ပြီ” သူ၏အသံသည် တင်းမာမှုများကို ဖြတ်ကျော်ကာ စစ်ခရုသင်းသံကဲ့သို့ ဟိန်းထွက်သွားသည်။
“ဘယ်သူက ပိုသန်မာသလဲဆိုတာ ကြည့်ကြတာပေါ့။ တိုက်ကြစို့”
လူပေါင်းသောင်းချီ၏ အော်ဟစ်သံများသည် မုန်တိုင်းတစ်ခုကဲ့သို့ ဟိန်းထွက်လာကာ ကွင်းတစ်ခုလုံးကို လွှမ်းမိုးသွားသည်။
ထိုသူနှစ်ဦးသည် မတ်တတ်ရပ်လျက် သူတို့၏ အရောင်အဝါများကို စတင်ထုတ်ဖော်လိုက်ကြပြီး တိုက်ပွဲမစတင်မီကပင် နဂါးနှင့် ဖီးနစ်ငှက်တို့ ထိပ်တိုက် တွေ့ဆုံနေကြပြီ ဖြစ်သည်။