နီဖန်းကျိုး၏ ပြန်လည်ထမြောက်မှု
Vol. 19 Ch. 276
ပိုင်ကျီဟန်ကတော့ တည်ငြိမ်အေးဆေးစွာ ကြည့်ရှုနေသော်လည်း သူ့ဘေးနားရှိ ကျင်းယွဲ့လင်းသည် တိုက်ပွဲဝင်နေသူ နှစ်ဦးကို ကြည့်ပြီး စိတ်လှုပ်ရှားစွာ အားပေးနေလေသည်။
ပိုင်ရွှယ်ချင်းသည် ပိုင်ကျီဟန်၏ အစ်မဖြစ်ကြောင်း သိလိုက်ရပြီးနောက်တွင်တော့ သူမသည် ပိုင်ရွှယ်ချင်းဘက်မှ ပို၍ အားတက်သရော အားပေးနေတော့သည်။
သူမ၏ ကျင့်စဉ်အဆင့်နှင့် လက်ရှိစွမ်းအားအရ တိုက်ပွဲအခြေအနေကို နားလည်ရန် အဆင့်မြင့်ပညာရှင်တစ်ဦး၏ ရှင်းပြချက်ကို စောင့်ဆိုင်းနေရသည့် အားနည်းသော ကျင့်ကြံသူများနှင့်မတူဘဲ တိုက်ပွဲကို အသေးစိတ် ကြည့်ရှုခံစားနိုင်ရန် လုံလောက်နေပြီ ဖြစ်သည်။
သာမန်ကျင့်ကြံသူများ၏ မျက်စိထဲတွင်မူ စင်မြင့်ပေါ်ရှိ တိုက်ခိုက်သူနှစ်ဦးသည် အရှိန်အဟုန်ကြောင့် ပျောက်ကွယ်သွားလိုက်၊ ပြန်ပေါ်လာလိုက် ဖြစ်နေသည်ဟုသာ ထင်မှတ်ရပေမည်။
အစပိုင်းတွင် ပိုင်ကျီဟန်အဖို့ ဤတိုက်ပွဲသည် ရှည်လျားပြီး ငြီးငွေ့စရာကောင်းလိမ့်မည်ဟု ထင်မှတ်ခဲ့သည်။ နီဖန်းကျိုးသည် လူအများကို အကြိမ်ကြိမ် အံ့အားသင့်စေပြီးမှ နောက်ဆုံးတွင် အနိုင်ရသွားလိမ့်မည်ဟု သူ ယူဆခဲ့ခြင်းဖြစ်သည်
သို့သော် အခြေအနေက သူထင်သလောက် မရိုးရှင်းခဲ့ပေ။
ပထမဦးစွာ သူ၏အစ်မဖြစ်သူသည် တိုက်ပွဲကို အလွယ်တကူ လွှမ်းမိုးထားနိုင်သည်။ သာမန်မျက်စိဖြင့် ကြည့်လျှင် နှစ်ဦးသား အခြေအနေတူညီနေသည်ဟု ထင်ရသော်လည်း အနီးကပ် သေချာကြည့်မည်ဆိုပါက ပိုင်ရွှယ်ချင်းသည် အင်တိုက်အားတိုက်ပင် ရုန်းကန်နေရခြင်း မရှိသည်ကို သတိပြုမိပေလိမ့်မည်။
တစ်ဖက်တွင်မူ နီဖန်းကျိုး၏ ဟန်ချက်သည် အကောင်းဆုံး အခြေအနေတွင် ရှိမနေခဲ့ပေ။
(သူ ဒဏ်ရာရထားတာလား?)
ပိုင်ကျီဟန်သည် ယနေ့တိုက်ပွဲတွင် နီဖန်းကျိုး၏ လှုပ်ရှားမှုများ အနည်းငယ် ပုံမှန်မဟုတ်သည်ကို ချက်ချင်းပင် ရိပ်မိလိုက်သည်။
နီဖန်းကျိုးနှင့် ချူကျီယန်တို့ တိုက်ခိုက်စဉ်က သူ ရှိမနေခဲ့သဖြင့် အသေးစိတ်ကို မသိသော်လည်း ပြန်လည်စဉ်းစားကြည့်ပြီးနောက် အဖြေထုတ်နိုင်ခဲ့သည်။
သူ့၏ အမည်ခံစေ့စပ်ထားသူ ချူကျီယန်ကြောင့်သာ ဖြစ်ရမည်။
သူမကို အထင်သေး၍ မရမှန်း သူသိသည်။ အလွန်ပါရမီထူးသူဖြစ်ကြောင်းလည်း သူ ဝန်ခံရပေမည်။
သူကိုယ်တိုင်လည်း ကြုံတွေ့ခဲ့ဖူးသဖြင့် သူမသည် မည်မျှ ကြောက်စရာကောင်းကြောင်း သိထားသည်။
သို့သော်လည်း သူမသည် ကြယ်လေးပွင့် ကောင်းကင်ရွေးချယ်သူတစ်ဦးကို ပြင်းထန်စွာ ဒဏ်ရာရစေနိုင်လောက်အောင် သန်မာလာလိမ့်မည်ဟုတော့ သူ မမျှော်လင့်ထားခဲ့မိပေ။
သို့သော် သူ ခန့်မှန်းထားသည့်အတိုင်း သူမ ရှုံးနိမ့်သွားခဲ့ရသည်။
နီဖန်းကျိုးအတွက် အခြေအနေ ဆိုးဝါးနေသော်လည်း မကြာမီတွင် ထိုအခြေအနေကို ပြောင်းလဲပစ်နိုင်လိမ့်မည်ဟု တွေးနေမိသည်။
ထင်သည့်အတိုင်းပင် နီဖန်းကျိုးသည် ဇာတ်လိုက်တစ်ဦး၏ ပုံစံအတိုင်း သူ၏ ကျင့်စဉ်နှင့် ခွန်အားကို မြှင့်တင်ပေးနိုင်သည့် ကောင်းကင်ငှါးရမ်းဖြတ်ကျော်ခြင်း စွမ်းရည်ကို သုံးလိုက်ရာ တိုက်ပွဲအခြေအနေသည် သူ့ဘက်သို့ ပြန်လည်ဦးတည်လာခဲ့သည်။
သို့သော် ပိုင်ကျီဟန်ကို စိုးရိမ်စေသည့်အချက် တစ်ခုရှိသည်။
(ဒီအကွက်ကို သူ အရင်ကတည်းက ထုတ်သုံးပြခဲ့ပြီးသား ထင်တယ်)
ပရိသတ်များ၏ ပြောဆိုသံများအရ နီဖန်းကျိုးသည် ထိုစွမ်းရည်ကို ချူကျီယန်နှင့် တိုက်ခိုက်စဉ်ကတည်းက တစ်ကြိမ် အသုံးပြုခဲ့ကြောင်း သူ ကြားလိုက်ရသည်။
(ဝှက်ဖဲဆိုတာ ပုံမှန်အားဖြင့် ဘယ်သူမှ မသိအောင် ထိမ်ချန်ထားရတာမျိုး မဟုတ်လား)
ဇာတ်လိုက်များအတွက်မူ ထိုသို့ ဖြစ်လေ့ရှိသည်။ သို့သော်လည်း စွမ်းအားကြီးသော ပညာရပ်တစ်ခုသည် စွမ်းအားကြီးမြဲသာ ဖြစ်ပြီး ၎င်းသည် အနိုင်ရရန် လုံလောက်သင့်ပါသည်။
အနည်းဆုံးတော့ ပိုင်ကျီဟန် ထိုသို့ ယူဆခဲ့သည်။
နီဖန်းကျိုး၏ ဝိညာဉ်စွမ်းအင် ချီများ အထွတ်အထိပ်သို့ ရောက်ရှိလာသည်နှင့်အမျှ တိုက်ပွဲစင်မြင့်တစ်ခုလုံး တုန်ခါသွားတော့သည်။
နက်မှောင်သော သွေးရောင်အလင်းတန်းများသည် သူ့အနီးတွင် အသက်ဝင်နေသော မီးလျှံများကဲ့သို့ ဝန်းရံလာပြီး သူ၏ တည်ရှိမှုသည် စင်မြင့်ပေါ်သို့ တောင်တန်းကြီးတစ်ခု ပြိုကျလာသကဲ့သို့ ခံစားရစေသည်။
သူ၏ ဓားသည် အားနည်း၍ တုန်ယင်နေခြင်းမဟုတ်ဘဲ ထွက်ပေါ်လာတော့မည့် ကြောက်မက်ဖွယ် စွမ်းအားများကြောင့် တုန်ခါနေခြင်းဖြစ်သည်။
ထို့နောက် သူ လှုပ်ရှားလိုက်သည်။
ဝူးးး
လောကကြီးတစ်ခုလုံး ဝေဝါးသွားသလို ခံစားလိုက်ရသည်။ သူ၏ ဓားချက်သည် ကောင်းကင်ယံကြီး နှစ်ခြမ်းကွဲထွက်သွားသကဲ့သို့ ကျဆင်းလာသည်။
ဘုန်း
ပြင်းထန်လှသော ဖိအားကြောင့် စင်မြင့်ကြမ်းပြင်သည် ကွဲအက်သွားပြီး ကျောက်စိုင်ကျောက်ခဲများ လွင့်စင်လာသည်။ ပိုင်ရွှယ်ချင်းသည် အရိပ်ကိုးပါးကို အသုံးပြုကာ ရှောင်တိမ်းလိုက်သော်လည်း နီဖန်းကျိုး၏ ဓားစွမ်းအင်အောက်တွင် သူမ၏ ပုံရိပ်များသည် တစ်ခုပြီးတစ်ခု ပျက်စီးသွားရတော့သည်။
သူမ၏ ငွေရောင်ဓားသည် နောက်ထပ်ကျရောက်လာသော တိုက်ခိုက်မှုကို တားဆီးရန် အားကိုးတကြီး မြည်ဟည်းသွားသည်။
ချလွမ်းးး
သို့သော် ရိုက်ခတ်မှုကြောင့် ဖြစ်ပေါ်လာသော တုန်ခါမှုသည် သူမကို ခြေလှမ်းအတော်များများ နောက်သို့ လွင့်ထွက်သွားစေပြီး လက်မောင်းအတွင်းရှိ သွေးကြောများသည်လည်း နာကျင်မှုကို ခံစားလိုက်ရသည်။
နီဖန်းကျိုးသည် အေးစက်သော မျက်လုံးများဖြင့် ရှေ့သို့ အရှိန်အဟုန်ဖြင့် တိုးဝင်လာ၏
ရရှိလာသော ခွန်အားအပေါ် မာန်မာနထောင်လွှားခြင်း သို့မဟုတ် ပေါ့ဆခြင်းမျိုး လုံးဝမရှိပေ။ သူ၏ ဓားချက်တိုင်းတွင် ရည်ရွယ်ချက်အပြည့် ပါဝင်ပြီး ရက်စက်တိကျကာ ဟာကွက်တစ်ကွက်မှ မချန်ထားခဲ့ပေ။
နီဖန်းကျိုးကဲ့သို့ ရုတ်တရက် စွမ်းအားများ တိုးလာသူအဖို့ ပေါ့ဆသွားခြင်းနှင့် စွမ်းအားအပေါ် ယစ်မူးသွားခြင်းမျိုး ဖြစ်တတ်သော်လည်း နီဖန်းကျိုးကမူ ထိုသို့မဟုတ်ပေ။ သူသည် စွမ်းအားများ တိုးလာသည့်တိုင်အောင် တည်ငြိမ်ပြီး သတိရှိနေဆဲပင်။
ခဏအကြာတွင်တော့ ဤတိုက်ပွဲသည် တူညီသော အဆင့်အတန်းရှိသူနှစ်ဦး၏ ယှဉ်ပြိုင်မှု မဟုတ်တော့ပေ။
ပိုင်ရွှယ်ချင်း၏ အသက်ရှူသံများ မြန်ဆန်လာသည်။
သူမ၏ ပုံရိပ်များသည် ပြန်လည်ဖြစ်ပေါ်လာလိုက်၊ ပျောက်ကွယ်သွားလိုက် ဖြစ်နေပြီး သူမ၏ ခြေလှမ်းများသည် ပြေပြစ်နေဆဲ ဖြစ်သော်လည်း ခုခံမှုတိုင်းသည် တုန်ခါနေကာ ပြန်လည်တိုက်စစ်ဆင်မှုတိုင်းသည်လည်း မစတင်နိုင်ခင်မှာပင် ရိုက်ချိုးခံနေရသည်။
ဤကွာဟချက်သည် အသက်ရှူကျပ်စရာ ကောင်းလှသည်။
(ဒီစွမ်းအားက... အနည်းငယ် တိုးလာတာမျိုး မဟုတ်ဘူး)
သူမ အနည်းငယ်အကြာက တိုက်ခိုက်ခဲ့သည့် နီဖန်းကျိုး မဟုတ်တော့ပေ။
ယခုသူမ ရင်ဆိုင်နေရသည်မှာ သူမထက် အဆင့်များစွာမြင့်မားသော ကျင့်ကြံသူတစ်ဦးနှင့် တူနေပြီး ဝိညာဖွဲ့စည်းခြင်းအဆင့်ကို ကျော်လွန်ကာ သူမကို ကျင့်စဉ်စွမ်းအားဖြင့် ဖိနှိပ်နေသကဲ့သို့ ခံစားနေရသည်။
သူမ၏ ဓားသည် ငွေရောင်ရေစီးကြောင်းကဲ့သို့ ဝေဝါးစွာ လှုပ်ရှားနေသော်လည်း တစ်ဖက်လူ၏ နက်မှောင်သော သွေးရောင်ဓား ကျဆင်းလာတိုင်း နုနယ်သော လှေငယ်လေးကို ပင်လယ်လှိုင်းလုံးကြီးက ရိုက်ခတ်လိုက်သကဲ့သို့သာ ဖြစ်နေတော့သည်။
သူမ၏ လက်ချောင်းများသည် ဓားရိုးပေါ်တွင် တုန်ယင်နေပြီး အဆက်မပြတ် ကျရောက်နေသော ရိုက်ခတ်မှုများကြောင့် ပုခုံးနှစ်ဖက်သည်လည်း နာကျင်ကိုက်ခဲနေပြီ ဖြစ်သည်။
(တင်းမာလိုက်တာ)
သူမ၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး နားထင်မှ ချွေးစက်များမှာသည်လည်း လည်ပင်းတိုင်အောင် စီးကျနေတော့သည်။
(ငါကိုယ်တိုင် ကြိုတင်ပြင်ဆင်ထားခဲ့ပေမဲ့အဆင်သင့်မဖြစ်ခဲ့ဘူး)
ဓားချင်း ထိခိုက်မိတိုင်း သူမ၏ လက်မောင်းများသည် ထုံကျဉ်သွားရပြီး သူ့အရောင်အဝါကြောင့် သူမ၏ ဝိညာဉ်စွမ်းအင် ချီလှည့်ပတ်မှုများပင် အနှောင့်အယှက် ဖြစ်နေရသည်။
သူမအနေဖြင့် ဓားချက်များအကြားတွင် အမှီလိုက်နိုင်ရန်နှင့် မတော်တဆ ထိခိုက်မိခြင်း မရှိစေရန် အစွမ်းကုန် ကြိုးစားနေရုံသာ တတ်နိုင်တော့သည်။
သို့သော် နီဖန်းကျိုးသည် သူမကို အသက်ရှူချောင်ခွင့် သို့မဟုတ် အနားယူခွင့် လုံးဝမပေးပေ။ သူ၏ ခွန်အား၊ သူ၏ သတိရှိမှုနှင့် သူ၏ အေးစက်သော ပြတ်သားမှုတို့သည် သူမကို အရပ်မျက်နှာအနှံ့မှ ဝန်းရံပိတ်ဆို့ထားတော့သည်။
ပွဲကြည့်ပရိသတ်များသည်လည်း မယုံကြည်နိုင်စွာဖြင့် ဟစ်အော်နေကြသည်။
"သူ... သူက သူမကို လွှမ်းမိုးထားတာပဲ”
"နံပါတ်တစ် ပါရမီရှင် ပိုင်ရွှယ်ချင်းက တကယ်ပဲ အဖိနှိပ်ခံနေရတာလား”
"ဒါ ရူးစရာပဲ၊ မထင်မှတ်တဲ့ ရလဒ်နဲ့များ ပြီးဆုံးသွားမလား”
"မဖြစ်နိုင်တာ။ ငါ့ရဲ့ ပိုင်ဆိုင်မှု အကုန်လုံးကို
ပိုင်ရွှယ်ချင်းဘက်မှာ ပုံအောပြီး လောင်းထားတာကွ”
နက်မှောင်သော သွေးရောင်လွှမ်းမိုးမှုသည် ငွေရောင်အလင်းတန်းကို ရိုက်ခတ်နေပြီး ဓားချက်တိုင်းသည် ပွဲ၏ရလဒ်ကို အဆုံးအဖြတ်ပေးနိုင်လောက်အောင် စိုးရိမ်စရာ ကောင်းနေသည်။
သူတို့၏ ဓားများ ထပ်မံထိခိုက်မိပြီး မီးပွါးများတောက်ပသွားပြီးနောက် သူတို့၏ သတ်ဖြတ်လိုသော အရှိန်အဝါများအကြား ပျောက်ကွယ်သွားပြန်သည်။
နီဖန်းကျိုး၏ မျက်လုံးများ ကျဉ်းမြောင်းသွားကာ သူ့ပတ်ဝန်းကျင်တွင် မုန်တိုင်းထန်နေသော်လည်း သူ၏ အသက်ရှူသံမှာ တည်ငြိမ်နေဆဲပင်။
သူ၏ ဓားချက်တိုင်းတွင် တောင်တန်းကြီးများ၏ အလေးချိန်နှင့် ကမ်းပါးကို ရိုက်ခတ်နေသော မြစ်ရေများ၏ ဖိအားတို့ ပါဝင်နေသည်။ သို့သော် သူမကို နောက်သို့ ဆုတ်သွားအောင် ဖိအားပေးနေစဉ်မှာပင် အေးစက်သော အတွေးတစ်ခုသည် သူ့ကို နှောက်ယှက်နေသည်။
(... ဒါက သူမရဲ့ အကန့်အသတ် မဟုတ်သေးဘူး)
ဓားချင်းထိသံများကို ဖောက်ထွက်လျက် သူ၏ အသံ ထွက်ပေါ်လာတော့သည်။
"ပိုင်ရွှယ်ချင်း” သူက အော်ဟစ်လိုက်ပြီး သူ၏ဓားသည် သတ်ဖြတ်လိုသော အရှိန်အဝါများဖြင့် တုန်ယင်နေ၏။ "မင်းရဲ့ စွမ်းအားတွေကို ထိန်းမထားနဲ့တော့။ မင်းရဲ့ အကောင်းဆုံးအကွက်ကို ထုတ်ပြ၊ မဟုတ်ရင်တော့ ငါ့လက်ထဲမှာ မင်း ရှုံးနိမ့်သွားရလိမ့်မယ်။"
သူသည် ကျောက်ချန်ကို တစ်ချက်တည်းဖြင့် အပြတ်အသတ် အနိုင်ယူခဲ့စဉ်က သူမ အသုံးပြုခဲ့သည့် ပညာရပ်ကို တွေးတောနေခြင်းဖြစ်သည်။
သူမ၏ အရိပ်ကိုးပါး စီးဆင်းနေသောဓားထက် ပိုမို၍ ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအားကို ဆိုလိုသည်။
"..."
သို့သော် ပိုင်ရွှယ်ချင်း၏ ခြေလှမ်းများသည် ခဏတာမျှ တုံ့ဆိုင်းသွားခဲ့သည်။
နီဖန်းကျိုး၏ နှိုးဆွပေးမှုရှိနေသော်လည်း သူမသည် ထိုပညာရပ်ကို အသုံးပြုမည့် အရိပ်အယောင် လုံးဝမပြသလို၊ အသုံးပြုရန်လည်း အစီအစဉ်မရှိပေ။
ရွှေလျန်အာ၏ ထင်ယောင်ထင်မှား ပုံရိပ်သည် သူမ၏ နှလုံးသားကို တည့်တည့်မတ်မတ် ထိုးနှက်ခဲ့ပြီးဖြစ်သည်။
သူမ၏ စွမ်းအားများသည် သူမ ချစ်ရသူများကို ဝါးမြိုပစ်လိုက်သည့် ပုံရိပ်လွှာများ...။
ထိုအရာကို သူမ ကျော်လွှားနိုင်ခဲ့ပြီဟု ထင်ခဲ့မိသည်။ သူမ၏ တိုးတက်လာမှု၊ သူမ၏ ခွန်အားများဖြင့် ထိုစွမ်းအားကို ထိန်းချုပ်နိုင်လိမ့်မည်၊ သူမ စိတ်ကြိုက် အသုံးချနိုင်လိမ့်မည်ဟု ယူဆခဲ့သည်။
သို့သော် ရွှေလျန်အာသည် မြှုပ်နှံထားသော ထိုဒဏ်ရာဟောင်းကို ပြန်လည် ဆွခဲ့ပြီး ဝေခွဲမရဖြစ်မှုနှင့် ကြောက်ရွံ့မှုကို သူမ၏ စိတ်ထဲသို့ ပြန်လည် ထည့်ပေးခဲ့သည်။
သူမ၏ အသံသည် တိုးညင်းသော်လည်း တည်ငြိမ်နေပြီး ပြတ်သားသော သန္နိဋ္ဌာန်များ ပါဝင်နေသည်။
"နင့်ကို အနိုင်ယူဖို့ အဲဒီစွမ်းအားကို သုံးဖို့ မလိုဘူး။"
နီဖန်းကျိုး၏ မျက်ခုံးများ တွန့်သွားပြီး သူ၏ အရောင်အဝါများသည်လည်း မယုံကြည်နိုင်မှုတို့ဖြင့် တဟုန်ထိုး မြင့်တက်လာသည်။
ပိုင်ရွှယ်ချင်းသည် သူမ၏ဓားကို မြှောက်လိုက်ရာ ငွေရောင်အလင်းတန်းများသည် လှိုင်းထနေသော လရောင်အလား ကခုန်နေကြသည်။ သူမ၏ အနေအထားသည် တည်ငြိမ်နေသည့်အပြင် သူမ၏ အကြည့်များသည်လည်း ခိုင်မာနေသည်။
"နင့်ကို ဒီထက် ပိုသန်မာတဲ့အရာတစ်ခု ငါ ပြပေးမယ်" သူမက ကြေညာလိုက်သည်။
(ဒီထက် ပိုသန်မာတဲ့အရာ ဟုတ်လား?)
ပိုင်ကျီဟန်ကတော့ ထိုအရာကို မဖြစ်နိုင်ဟု ယူဆနေသည်။ ပိုင်ရွှယ်ချင်းသည် ကြွားလုံးထုတ်နေခြင်းသာ ဖြစ်လိမ့်မည်ဟု သူ ထင်နေမိသည်။
(ကောင်းပြီ။ အသာတကြည် မထုတ်ပြဘူးဆိုရင်လည်း ငါကပဲ အတင်းအကျပ် ထုတ်သုံးလာအောင် လုပ်ရမှာပေါ့)
နီဖန်းကျိုး၏ ဝိညာဉ်စွမ်းအင် ချီများ ထပ်မံ မြင့်တက်လာပြီး သူ၏ဓားကို အမြင့်သို့ မြှောက်လိုက်သည်။ နက်မှောင်သော သွေးရောင်အလင်းတန်းများသည် ဓားသွားပေါ်တွင် စုစည်းလာပြီး ကောင်းကင်နှင့် မြေကြီးကို နှစ်ခြမ်းခွဲနိုင်လောက်အောင် ထက်မြက်လှသည်။
တိုက်ပွဲစင်မြင့်သည် ထိုဖိအားအောက်တွင် မြည်ဟည်းနေပြီး စင်မြင့်ကို ကာကွယ်ထားသော အခင်းအကျင်းများသည်လည်း ဖြစ်ပေါ်လာတော့မည့် အရာကို ကြောက်ရွံ့နေသည့်အလား အပြင်းအထန် တောက်ပလာတော့သည်။
"ဒါဆိုရင်လည်း... ကြည့်ကြသေးတာပေါ့”
သူက ဟိန်းဟောက်လိုက်သည်
"အဆုံးမဲ့ ဖြတ်တောက်ခြင်း”