← Chapters

ဇာတ်လိုက်က မြန်မြန်ကျရှုံးသောအခါ

Vol. 19 Ch. 278

ဇာတ်လိုက်က မြန်မြန်ကျရှုံးသောအခါ

Vol. 19 Ch. 278

ဖြစ်ပျက်နေသမျှကို ကြည့်ရင်း ပိုင်ကျီဟန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

ပိုင်ရွှယ်ချင်း ရှုံးတော့မည်ဟု သူထင်မှတ်နေစဉ်မှာပင် သူမသည် ရှေးဟောင်း အပျက်အစီးများကြားမှ ရရှိခဲ့သော လျှို့ဝှက်ပညာရပ်ကို ထုတ်သုံးလိုက်လေသည်။

ပိုင်ရွှယ်ချင်းထံမှ ငွေပြာရောင် နှင်းခဲများ ဝုန်းကနဲ ထွက်ပေါ်လာပြီး သူမ၏ အကြွင်းမဲ့ နှင်းခဲနယ်ပယ်သည် နီဖန်းကျိုးကို ချိုးနှိမ်ရန် ပြင်းထန်စွာ လှည့်ပတ်လာသည်။

သူမ၏ ကောင်းကင်ဘုံ ရေခဲခန္ဓာကိုယ်ကြောင့် ဤရေခဲနည်းစနစ်၏ စွမ်းပကားသည် အခြားသူများ အသုံးပြုသည်ထက် ပိုမိုပြင်းထန်လှချေသည်။

(ဟင်? နီဖန်းကျိုး ရှုံးတော့မှာလား?)

ပိုင်ရွှယ်ချင်းသည် နောက်မဆုတ်ဘဲ အကြွင်းမဲ့ရေခဲနယ်ပယ်ကို ထုတ်သုံးလိုက်သဖြင့် ကောင်းကင်ရွေးချယ်ခံရသူ နီဖန်းကျိုး ရှုံးနိမ့်သွားရန် အခွင့်အလမ်း အလွန်များသွားပြီ ဖြစ်သည်။

ဤအချက်သည် ပိုင်ကျီဟန်ကို အံ့အားသင့်စေခဲ့သည်။

ပိုင်ရွှယ်ချင်း၏ စွမ်းအားသည် သူထင်ထားသည်ထက် ပိုသန်မာနေခြင်း ဖြစ်သည်။

သူမသည် နီဖန်းကျိုးထက် သိသိသာသာ သာလွန်နေပြီး နီဖန်းကျိုးသည် စွမ်းအားတိုးလာသည်ဟု ထင်ရသော်လည်း သူမကို ယှဉ်ရန် လိုအပ်နေသေးသည်။

(ဇာတ်လိုက်တစ်ယောက်က သူ့ရဲ့ ကလဲ့စားချေပွဲ စင်မြင့်ပေါ်မှာမှ ရန်သူထက် ဘယ်လိုလုပ် အားနည်းနေနိုင်ရတာလဲ?)

နောက်ထပ်အချက်တစ်ခုအရ နီဖန်းကျိုးသည် ယခင်ပွဲစဉ်ကတည်းက ဒဏ်ရာရထားခြင်း ဖြစ်သည်။

၎င်းမှာ ဖြစ်နိုင်ခြေနည်းလှသည်။

ဇာတ်လိုက်တစ်ဦးအဖို့ နောက်ဆုံးဗိုလ်လုပွဲအထိ တိုက်ပွဲတိုင်းသည် အလွယ်တကူ အနိုင်ရရမည် သို့မဟုတ် မိမိစွမ်းအားကို ပိုမိုမြှင့်တင်ပေးနိုင်သည့် တိုက်ပွဲများသာ ဖြစ်ရပေမည်။

သို့သော် ယခုမူ သူသည် ဒဏ်ရာများ ရရှိထားသဖြင့် အနိုင်ရရန် အခွင့်အလမ်းမှာ ပို၍ပင် နည်းပါးသွားတော့သည်။

(ငါက နီဖန်းကျိုးရဲ့ ကောင်းကင်ရွေးချယ်ခံဂုဏ်ပုဒ်ကြောင့်ပဲ သူ့ကို အထင်ကြီးလွန်းခဲ့တာလား?)

မဟုတ်ပေ။ သူ၏ စွမ်းအားသည် ယခင် နဂါးနှင့် ဖီးနစ်ပြိုင်ပွဲ၏ ချန်ပီယံဟောင်းအားလုံးကို အလွယ်တကူ အနိုင်ယူနိုင်လောက်အောင် လုံလောက်ပေသည်။

နီဖန်းကျိုးကို အထင်ကြီးခဲ့ခြင်း မဟုတ်ပေ

(ငါက ချူကျီယန် နဲ့ ပိုင်ရွှယ်ချင်းတို့ကို အထင်သေးခဲ့မိတာပဲ။)

ပုံမှန်အားဖြင့် ချူကျီယန်ကဲ့သို့ ဘေးထွက် ဇာတ်ကောင်တစ်ဦးသည် ဇာတ်လိုက်ကို ဒဏ်ရာအပြင်းအထန် ရစေပြီး သူ၏ဝှက်ဖဲဖြစ်သော ကောင်းကင် ငှါးရမ်း ဖြတ်ကျော်ခြင်းကိုပင် ထုတ်သုံးလာအောင် ဖိအားပေးနိုင်ခဲ့သည်။

ထိုမျှ မြင့်မားသော ပညာရပ်မျိုးတွင် ပြန်လည်ခံစားရမည့် နောက်ဆက်တွဲဆိုးကျိုး များ ရှိစမြဲပင်။ နီဖန်းကျိုးသည် ယခုတိုင် ထိုဒဏ်ကို ခံစားနေရခြင်း ဖြစ်နိုင်သည်။

ထိုအပြောင်းအလဲများစွာဖြင့် သတ်မှတ်ထားသည့် ကံကြမ္ဘာကို ပြောင်းလဲနိုင်မည်လား

"တောက်”

သူသည် နီဖန်းကျိုးဘက်မှ ရွှေ ၅ သန်းအထိ လောင်းကြေး ထပ်ထားခဲ့ပြီး တစ်ညတည်းနှင့် ချမ်းသာကြွယ်ဝလာမည်ဟု မျှော်လင့်ခဲ့၏

ယခုမူ ထိုရွှေပြား ၅ သန်းသည် အလကား ဖြစ်သွားရတော့မည်။

ထို့ထက် ပိုသည်မှာ ပိုင်ရွှယ်ချင်း၏ ပွစိပွစိ ပြောဆိုခြင်းမှ လွတ်မြောက်ရန် သူမနှင့် လောင်းကြေးထပ်ခဲ့မိခြင်း ဖြစ်သည်။

ကောင်းကင်ရွေးချယ်ခံရသူတစ်ဦးသည် အနိုင်ရရန် သေချာသည်ဟု ယူဆကာ မည်သည့်လောင်းကြေးကိုမဆို လက်ခံခဲ့မိ၏

ယခုမူ သူ နောင်တရနေမိသည်။

နီဖန်းကျိုးသည် ပိုင်ရွှယ်ချင်း၏ ရေခဲနယ်ပယ်အတွင်း ပိတ်မိနေပြီး ကုန်ခမ်းလုနီးပါးဖြစ်နေသော ဝိညာဉ်စွမ်းအင်များဖြင့် အခြေအနေကို ပြောင်းလဲနိုင်ရန် မဖြစ်နိုင်တော့ပေ။

ခဏတာအတွင်း အောင်ပွဲသည် သူ၏အစ်မဆီသို့ ရောက်ရှိတော့မည်ဟု ထင်မှတ်ရသည်။

သို့သော်လည်း

ဂျွတ် ဘုန်း

နက်မှောင်သော သွေးရောင် ဝိညာဉ်စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး ရေခဲပြင်ကြီးကို အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေကာ ကြယ်ကြွေများအလား စင်မြင့်တစ်ခုလုံး လွင့်စင်သွားတော့သည်။

နီဖန်းကျိုးသည် ပျက်စီးသွားသော နှင်းခဲများကြားမှ ပြန်လည်ထွက်ပေါ်လာပြီး သူ၏ ဓားမှ ထွက်ပေါ်နေသော အရှိန်အဝါသည် ယခင်ကထက် ပိုမိုလေးလံပြီး ဖိအားပေးနိုင်စွမ်း ပိုရှိလာသည်။

ပရိသတ်များသည်လည်း မှင်သက်သွားကြသည်။

"မဖြစ်နိုင်တာ... သူ ဘယ်လိုလုပ်ပြီး”

"သူက တစ်ချိန်လုံး သူ့စွမ်းအားတွေကို ဖုံးကွယ်ထားတာလား?"

"သူက ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်းအဆင့် ကို ရောက်သွားတာလား...”

ပိုင်ကျီဟန်၏ နှုတ်ခမ်းများ တင်းတင်းစေ့သွားသည်။ ပရိသတ်၏ ခန့်မှန်းချက်များကို သူ နားထောင်နေရန် မလိုပေ။ သူ သိနှင့်ပြီးသား ဖြစ်သည်။

သူ၏ မျက်မှောင်ကြုတ်မှုသည် ပို၍ နက်ရှိုင်းလာသည်။

(ဒါက...)

သူ့အကြည့်သည် နီဖန်းကျိုးဆီသို့ ရောက်သွားပြီး နီဖန်းကျိုး၏ အရောင်အဝါသည်လွတ်မြောက်လာသော အာဏာရှင်တစ်ဦးကဲ့သို့ ဖြစ်နေသည်။

နက်မှောင်သော သွေးရောင်မီးလျှံများသည် ကြမ်းတမ်းစွာ ထွက်ပေါ်နေသော်လည်း တိုက်ခိုက်မှု ပုံစံများမှာမူ ဖရိုဖရဲ မဖြစ်ဘဲ အပြည့်အဝ ထိန်းချုပ်ထားနိုင်သည့် တိကျမှုမျိုး ရှိနေသည်။

သူ၏ ကျင့်စဉ်အဆင့်သည် ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်းအဆင့်သို့ ရောက်ရှိသွားသလို သူ၏ ဝိညာဉ်စွမ်းအင်များသည်လည်း အပြည့်အဝနီးပါး ပြန်လည်ကောင်းမွန်လာသည်။

(တူချန်ရှန့်က သူ့ကို စွမ်းအားတွေ ငှားပေးနေတာပဲ။)

နီဖန်းကျိုး၏ ကိုယ်ပိုင်စွမ်းအားဖြင့် ဤအရာအားလုံး ဖြစ်နိုင်စရာ အကြောင်းမရှိပေ။

စနစ်စစ်ဆေးစဉ်တွင် သူသည် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သာ ဖြစ်ကြောင်း ပြသခဲ့သဖြင့် စွမ်းအားဖုံးကွယ်ထားသည်မှာလည်း မဖြစ်

နိုင်ပေ။

"တောက်..အရှုံးကို မခံနိုင်ဘူးပဲ”

ပိုင်ကျီဟန်သည် စိတ်ပျက်လက်ပျက် ပြောလိုက်သည်။

“ဒါကို ငါ သဘောမကျဘူး”

သူ၏ဘေးနားရှိ မသေမျိုးဝိညာဉ် ဖေးလိန်၏ အသံက ဒေါသတကြီးဖြင့် ထွက်ပေါ်လာသည်။

"ဒီအရှုံးသမားက ကိုယ်ပိုင်အားနဲ့တောင် မတိုက်နိုင်ဘူး။ ကျောက်ဖြစ်ရုပ်ကြွင်း အိုကြီးတစ်ယောက်ဆီကနေ အစွမ်းငှားနေတာ... သနားစရာပဲ”

ပိုင်ကျီဟန်သည် ရယ်ရခက်၊ ငိုရခက် ဖြစ်သွားသည်။

တုချန်ရှန့်၏ ဝိညာဉ်ကို ကျောက်ဖြစ်ရုပ်ကြွင်းအိုဟု ခေါ်ခြင်းသည် စော်ကားရာရောက်သော်လည်း သူမကိုယ်တိုင်သည်လည်း ဝိညာဉ်တစ်ခု ဖြစ်နေသဖြင့် မိမိကိုယ်ကိုယ် ပြန်လည် စော်ကားသကဲ့သို့ ဖြစ်နေသည်။

သို့သော် ဖေးလိန် ဒေါသထွက်နေသဖြင့် သူ ဘာမှပြန်မပြောခဲ့ပေ။

"ဒါဆို အဲဒီဝိညာဉ်က နီဖန်းကျိုးကို တကယ်ပဲ ကူညီနေတာပေါ့”

ဖေးလိန်သည် ခေါင်းညိတ်ပြပြီး နီဖန်းကျိုးကို စိုက်ကြည့်နေသည်။

နီဖန်းကျိုးသည် ဇာတ်လိုက်တစ်ဦးပီပီ မျှော်လင့်မထားသော ဝှက်ဖဲများ ရှိလိမ့်မည်ဟု ထင်ခဲ့သော်လည်း ယခုမူ သူသည် လိမ်လည်နေခြင်းသာ ဖြစ်သည်။

ဤသည်မှာ လိမ်လည်လှည့်ဖြားခြင်း ဖြစ်သည်။

အကယ်၍ ၎င်းသည် အသက်အန္တရာယ်စိုးရိမ်ရသော အခြေအနေမျိုးဖြစ်ပြီး နီဖန်းကျိုးသည် ရသမျှနည်းလမ်းဖြင့် အသက်လုရခြင်းဆိုလျှင် ပိုင်ကျီဟန် ဂရုစိုက်မည်

မဟုတ်ပေ။

သို့သော် ယခုသည် ပြိုင်ပွဲတစ်ခုဖြစ်ပြီး ရွယ်တူတန်းတူ ရန်သူချင်း ယှဉ်ပြိုင်နေခြင်းဖြစ်သည်။

အကယ်၍ ရှုံးနိမ့်ခဲ့လျှင် ယောက်ျားပီပီ လက်ခံသင့်သည်။

သို့သော် အနိုင်ရရှိရန်အတွက် သူတစ်ပါးထံမှ စွမ်းအားကို ငှားရမ်းသည့် နည်းလမ်းကို အသုံးပြုခဲ့သည်။

ထို့ကြောင့် ပိုင်ကျီဟန်သည် နီဖန်းကျိုးအပေါ်ထားရှိသော လေးစားမှုများ အကုန်လုံး ပျောက်ကွယ်သွားတော့သည်။

နီဖန်းကျိုးသည် ကောင်းကင်ရွေးချယ်သူဖြစ်သည့်တိုင် ပိုင်ကျီဟန်အဖို့တော့ ရူးသွပ်သောကံကြမ္မာရှိသည့် သာမန်ကျင့်ကြံသူသာ

သူ့တွင် ကောင်းမွန်သောစိတ်ထားမရှိသဖြင့် စနစ်မှ ကြယ်လေးပွင့် ကောင်းကင်ရွေးချယ်သူဟုသတ်မှတ်သည့်တိုင် အကန့်အသတ်ရှိနေ၏ (ဟင်း..လူသေကို ပြန်ရှင်စေတဲ့ နည်းလမ်းကို ပေးဖို့ သူ့ကို အတင်းအကျပ် ဖိအားပေးရမယ်) ပိုင်ကျီဟန် ဆုံးဖြတ်ချက်ချလိုက်သည်။ နီဖန်းကျိုးသည် ထိုလူသေပြန်ရှင်စေသော နည်းလမ်းမှလွဲ၍ အခြားနေရာများတွင် အသုံးမကျသူ ဖြစ်သွားပြီဖြစ်သည်။

"ပိုင်ကျီဟန်..ငါသွားပြီး အဲဒီ ကျောက်ဖြစ်ရုပ်ကြွင်းအိုကို သင်ခန်းစာပေးလိုက်ဦးမယ်”

ဖေးလိန်က ပြောသည်။

ပိုင်ကျီဟန်သည် သူမ၏ ဆုံးဖြတ်ချက်ကို ဂရုမစိုက်သကဲ့သို့ လက်ခါပြလိုက်သည်။

နီဖန်းကျိုးနှင့် တုချန်ရှန့်တို့ကို ၎င်းတို့၏ ကစားကွက်အတိုင်း ပြန်လည်သင်ခန်းစာပေးရသည်မှာ ကျေနပ်စရာ ကောင်းလိမ့်မည်ဟု သူတွေးမိသည်။

စင်မြင့်ပေါ်တွင် ပိုင်ရွှယ်ချင်းသည် သူမ၏ စွမ်းအားများကို ထိန်းချုပ်မှု လွတ်ကွာနေပုံရသည်။

"အခွင့်အရေးပဲ”

တုချန်ရှန့်သည် ပိုင်ရွှယ်ချင်း ဘာဖြစ်နေသည်ကို မသိသော်လည်း ဤသည်မှာ အဆုံးသတ်ရန် ရွှေရောင်အခွင့်အရေးဖြစ်ကြောင်း သိလိုက်သည်။

ပိုင်ရွှယ်ချင်း၏ စွမ်းအင်သွေးကြောမှ ပြင်းထန်သော ရေခဲစွမ်းအင်များ ထွက်ပေါ်လာပြီး သူမ၏ ဒူးများ ညွတ်ကျသွားသည်။

သူမ၏ သွေးကြောများသည် နာကျင်စွာ အော်ဟစ်နေရပြီး နှုတ်ခမ်းထောင့်မှ သွေးစများ စီးကျလာကာ လက်မောင်းများပေါ်တွင် ရေခဲအက်ကြောင်းများ ပေါ်လာတော့သည်။

သူမ၏ အသက်ရှူသံသည် မြန်ဆန်ပြီး ထိတ်လန့်တုန်လှုပ်နေသည်။

"မဖြစ်ဘူး... မဟုတ်ဘူး... ငါ မလုပ်နိုင်ဘူး...”

ရေခဲစွမ်းအင်များသည် ချုပ်နှောင်မှုမဲ့သော သားရဲတစ်ကောင်အလား ပိုမိုမြင့်တက်လာပြီး သူမကို ထိတ်လန့်မှုထဲတွင် နစ်မွန်းသွားစေသည်။

ထိုစဉ်

"စိတ်အေးအေးထား”

ရင်းနှီးသော အသံတစ်ခု ဖြစ်သည်။ တစ်နေရာရာတွင် ကြားဖူးသလိုရှိသော်လည်း သူမ မမှတ်မိတော့ပေ။

"နင်... နင်က..."

၎င်းမှာ ရန်သူ၏ တိုက်ခိုက်မှုလား သို့မဟုတ် အခြားအရာလားဆိုသည်ကို သူမ မသိသော်လည်း ထိုတည်ရှိမှုသည် သူမ၏ ခန္ဓာကိုယ်အတွင်းရှိ ရေခဲဝိညာဉ်စွမ်းအင်များကို ငြိမ်သက်သွားအောင် ကူညီပေးနေသည်ကို သူမ သတိပြုမိလိုက်သည်။

"မကြောက်နဲ့”

ထိုအသံသည် သူမ၏ အသိစိတ်ပင်လယ်အတွင်း ဟိန်းထွက်သွားသည်။

“ဒါက မင်းရဲ့ စွမ်းအားပဲ”

ထိုအချိန်တွင် သူမ၏ ရမ်းကားနေသော ရေခဲစွမ်းအင်များ ငြိမ်သက်သွားခဲ့ပြီ ဖြစ်သည်။

(ဘယ်သူလဲ?)

ဘာတွေဖြစ်နေမှန်း သူမ မသိသေးသော်လည်း သူမ၏ စွမ်းအင်များကို ငြိမ်သက်အောင် ကူညီပေးခဲ့သဖြင့် သူမ မစိုးရိမ်ခဲ့ပေ။

ထို့နောက် သူမ မေးခွန်းမမေးနိုင်ခင်မှာပင်

"ကဲ... အခု သေချာကြည့်ပြီး သင်ယူထားလိုက်”

ထိုအသံနှင့်အတူ ပိုင်ရွှယ်ချင်းသည် သူမ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ခွင့် ဆုံးရှုံးသွားသလို ခံစားလိုက်ရသဖြင့် သူမ ပြန်လည် သတိကြီးစွာ ထားလိုက်သည်။

သို့သော် တိုက်ပွဲကြောင့် မောပန်းနေခြင်းနှင့် ရေခဲစွမ်းအင်များ ထိန်းမနိုင်သိမ်းမရ ဖြစ်မည်ကို ကြောက်ရွံ့နေခြင်းတို့ကြောင့် ဖေးလိန်၏ အတင်းအကျပ် ဝင်ရောက်ထိန်းချုပ်မှုကို သူမ မတွန်းလှန်နိုင်ခဲ့ပေ။

"နင့်ရဲ့ ကောင်းကင်ဘုံ ရေခဲခန္ဓာကိုယ်ရဲ့ အစွမ်းအကုန်ကို ငါ ပြသပေးမယ်”

All Chapters