အကြီးအကဲဝူကို တိုက်ခိုက်ခြင်း
Vol. 19 Ch. 283
အကယ်၍ ပိုင်ကျီဟန်သာ သိသွားခဲ့ပါက သူ့ကိုလည်း တစ်ခါတည်း ရှင်းပစ်သင့်သည်ဟု အကြီးအကဲဝူက တွေးလိုက်သည်။ ဂိုဏ်း၏ လျှို့ဝှက်ချက်ကို အခြားသူများ သိသွားမည့် အန္တရာယ်ကို သူ အဖြစ်မခံနိုင်ပေ။
ပိုင်ကျီဟန်ကို ဖမ်းဆီးနိုင်ခြင်းအားဖြင့် လီ-ကျောက် မျိုးနွယ်စုများနှင့် အပေးအယူ လုပ်နိုင်မည်ဖြစ်သလို၊ ဤအခွင့်အရေးကို အသုံးချကာ ပိုင်မျိုးနွယ်စုတစ်ခုလုံးကိုပါ တစ်ခါတည်း နှိမ်နင်းနိုင်လိမ့်မည်ဟု မိုက်မဲစွာ ကြံစည်နေမိသည်။
ပိုင်ကျီဟန်ကို လက်ဝယ် ရရှိထားလျှင် ပိုင်မျိုးနွယ်စု သို့မဟုတ် ပိုင်ထျန်းဟန်ကို ခြိမ်းခြောက်ရန်လည်း ဖြစ်နိုင်ချေ ရှိလာပေမည်။
ထို့အပြင် ကျင်းယွဲ့လင်းလည်း ရှိသေးသဖြင့် သူမကိုပါ ဖမ်းထားနိုင်လျှင် ကျင်းယွမ်ကျန်းကို နှုတ်ပိတ်ထားရန် အာမခံချက် ရသွားမည်
ဖြစ်သည်။
အကြီးအကဲဝူသည် အလျင်စလိုနှင့် မိုက်မဲစွာ တွေးတောရင်း စဉ်းစားလေလေ ပို၍ အဓိပ္ပာယ်ရှိလေလေဟု မိမိကိုယ်ကို ယုံကြည်လာမိတော့သည်။
သူ၏ သတ်ဖြတ်လိုသော အရှိန်အဝါများသည် ဟုန်းဟုန်းတောက်လာပြီး စင်္ကြံလမ်းတစ်လျှောက် သူ၏ ချီများသည် မုန်တိုင်းတစ်ခုသဖွယ် လှုပ်ခတ်သွားကာ တိုက်ပွဲ မစရသေးမီ သူ၏ စိတ်ထဲတွင် အောင်ပွဲခံနေသည့် ပုံရိပ်ကို မြင်ယောင်နေမိသည်။
သို့သော် သူ၏ ရှေ့တည့်တည့်တွင်မူ ပိုင်ကျီဟန်၏ မျက်လုံးများသည် စူးရှကာ လှောင်ပြောင်သည့် အရိပ်အယောင်များဖြင့် တောက်ပနေပြီး အကြီးအကဲဝူ၏ မျက်နှာပေါ်ရှိ စိတ်ကူးယဉ်မှုများကို သူက ထွင်းဖောက်
မြင်နေသည့် အတိုင်းပင်။
"ကောင်းပြီလေ၊ ဒါကလည်း မဆိုးတဲ့ အကြံပဲ”
ပိုင်ကျီဟန်ကိုယ်တိုင်လည်း အကြီးအကဲဝူ၏ နေရာတွင် ဤအတိုင်းပင် လုပ်ဆောင်မိမည် ဖြစ်သည်။
"ကျင်းယွဲ့လင်း၊ ဟိုဘက်ကိုသွားပြီး ခုန်းကျန်းဟုန် ဘေးမှာ ခဏနေလိုက်ဦး။ အခြေအနေက နည်းနည်းတော့ ဆူညံသွားလိမ့်မယ်”
ကျင်းယွဲ့လင်းသည် ခေါင်းညိတ်ပြကာ အမြန်ပြေးထွက်သွားသည်။
ကျင်းယွဲ့လင်း၏ ကျင့်စဉ်အဆင့်သည် ပို၍ မြင့်မားသော်လည်း သူမသည် မည်သည့် တိုက်ခိုက်ရေး နည်းစနစ်ကိုမှ သင်ယူထားခြင်း မရှိသေးတာကြောင့် ခုန်းကျန်းဟုန်၏ ကာကွယ်မှုက လိုအပ်နေဆဲပင် ဖြစ်သည်။
အကြီးအကဲဝူသည် အားနည်းသူ တစ်ယောက်တော့ မဟုတ်ပေ။
အထင်ကရ ဂိုဏ်းကြီးတစ်ခု၏ အကြီးအကဲ ဖြစ်သည့်အတွက် သူသည် ဗလာသန့်စင်ခြင်း အဆင့်၏ အစောပိုင်း အဆင့်တွင် ခိုင်ခိုင်မာမာ ရပ်တည်နေသူဖြစ်သည်။
ထိုမျှအထိ ကျင့်စဉ်အဆင့် ရှိသောကြောင့် အကြီးအကဲဝူသည် ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်တွင်သာ ရှိသေးသည်ဟု ယူဆထားသော ပိုင်ကျီဟန်ထက် အဆပေါင်းများစွာ ပို၍ သန်မာသည်ဟု ထင်မှတ်နေသည်။
အခြားသူများ ရောက်မလာမီနှင့် အနှောင့်အယှက် မဖြစ်မီ လျင်မြန်သော တစ်ချက်တည်းဖြင့် အဆုံးသတ်ရန် သူ စီစဉ်
လိုက်သည်။
သူ၏ ကျင့်စဉ်စွမ်းအားများသည် မုန်တိုင်းတစ်ခု ကျရောက်တော့မည့်အလား သူ၏ ပတ်ပတ်လည်တွင် လှည့်ပတ်နေပြီး သတ်ဖြတ်လိုသည့် အာဏာစက်ဖြင့် ပိုင်ကျီဟန်ကို ပိတ်ဆို့ထားလိုက်သည်။
"ထောင်လွှားတဲ့ ကလေးမိုက်၊ မင်းကိုယ်မင်း အဆုံးစီရင်တာပဲ” သူက အေးစက်စွာ ရေရွတ်လိုက်သည်။
သူ၏ လက်ဝါးတွင် အင်အားများ စုစည်းပြီးမြင့်တက်လာကာ ပိုင်ကျီဟန် တုံ့ပြန်ဖို့ အချိန် မရလိုက်ခင် တစ်ချက်တည်းနှင့် ချေမှုန်းပစ်ရန် သူ ပြင်ဆင်လိုက်သည်။
သို့သော် သူ၏ သတ်ဖြတ်လိုစိတ်များ ထက်သန်လာသည့် ခဏတွင်ပင် ပိုင်ကျီဟန်၏ မျက်လုံးများမှာ မှေးစင်းသွားပြီး နှုတ်ခမ်းတွင် တွက်ချက်ထားသည့် အပြုံးတစ်ချက် ပေါ်လာသည်။
(ကြည့်ရတာ သူကတော့ လက်တွန့်နေဦးမှာပဲ။)
မည်သို့ပင်ဖြစ်စေ အကြီးအကဲဝူသည် သူ့ကို သတ်ပစ်ချင်သည်ထက် အရှင်ဖမ်းချင်နေခြင်းဖြစ်သည်။ ပိုင်ကျီဟန်ကို သတ်ပစ်လိုက်ခြင်းက အကြီးအကဲဝူ မဖြေရှင်းနိုင်သော ပြဿနာများကိုသာ ဆောင်ကြဉ်းလာလိမ့်မည်သာ
ထို့ကြောင့် သဘာဝကျကျပင် မိမိထက် အားနည်းသည်ဟု ထင်ရသူတစ်ဦးအပေါ်တွင် အကြီးအကဲဝူသည် အင်အား အကုန်သုံးလိမ့်မည် မဟုတ်ပေ။
၎င်းသည်ပင် ပိုင်ကျီဟန် လိုချင်သည့် အခွင့်အရေး ဖြစ်ကာ တစ်ဖက်လူသည် မိမိကို အထင်သေးကာ လျှော့တွက်ထားသည့် အချိန်ပင်။
ဝူး
အကြီးအကဲဝူသည် လျင်မြန်စွာပင် ပိုင်ကျီဟန်၏ ရှေ့မှောက်သို့ ရောက်ရှိလာပြီး ခြေထောက်များကို ရိုက်ချိုးကာ လှုပ်ရှား၍မရအောင် ပြုလုပ်ရန် ပြင်လိုက်သည်။
သို့သော် သူရလိုက်သည်က သူ၏ မေးစေ့ဆီသို့ တည့်တည့် ရောက်လာသည့် ဒူးတိုက်ချက် တစ်ချက်သာ ဖြစ်ပြီး သူ၏ သွားများပင် ကျိုးလုနီးပါး ဖြစ်သွားရသည်။
"အား”
သူသည် ထိုတိုက်ခိုက်မှုကြောင့် အံ့အားသင့်သွားပြီး နာကျင်သွားရသည်။ ပိုင်ကျီဟန်သည် သူ့ကို မည်သို့ ဒဏ်ရာရအောင် လုပ်နိုင်ခဲ့သည်ကို သူ နားမလည်နိုင်အောင် ဖြစ်နေရသည်။
သူတို့နှစ်ဦးကြားရှိ ကျင့်စဉ်အဆင့် ကွာခြားချက်နှင့် သူ၏ သန်မာလှသော ခန္ဓာကိုယ်ကြောင့် လက်နက်များဖြင့် တိုက်ခိုက်လျှင်ပင် သူ့ကို ခြစ်ရာထင်အောင် မလုပ်နိုင်
သင့်ပေ။
သို့သော် ယခုမူ သူ၏ ပါးစပ်မှ သွေးများ စီးကျနေလေပြီ။
ပိုင်ကျီဟန် စတင်မည်ဟု မတွေးပေ။
သူသည် ထာဝရဝိညာဉ်ဓားကို အသုံးပြုကာ အကြီးအကဲဝူ၏ ခြေလက်အင်္ဂါများကို ချက်ချင်းပင် ပစ်မှတ်ထား တိုက်ခိုက်
တော့သည်။
အကြီးအကဲဝူကဲ့သို့ပင် ပိုင်ကျီဟန်သည်လည်း သူ့ကို လွှတ်ပေးရန် ရည်ရွယ်ချက်မရှိပေ။ မိမိကို အရင်စတင် တိုက်ခိုက်လာသူအား အလွယ်တကူ ခွင့်လွှတ်မည့်သူ မဟုတ်ပေ
ကလန်
ထာဝရဝိညာဉ်ဓားသည် မျက်စိကျိန်းမတတ် လင်းလက်သွားပြီး ဓားသွားသည် အကြီးအကဲဝူ၏ လက်မောင်းများဆီသို့ ဦးတည်သွားသည်။
သူသည် အသည်းအသန် ရှောင်တိမ်းလိုက်ရသဖြင့် ဝတ်ရုံအင်္ကျီစသည် စုတ်ပြတ်သွားပြီး
ဓားနှင့် ချီတို့ ထိတွေ့မှုကြောင့် မီးပွားများပင် လွင့်စင်သွားရသည်။
"မဖြစ်နိုင်တာ”
အကြီးအကဲဝူသည် သွေးတစ်ချက် ထွေးထုတ်လိုက်ပြီး မျက်နှာသည် ပို၍ မှောင်မည်းသွားကာ တောင်တစ်လုံး၏ အလေးချိန်ကဲ့သို့ ပြင်းထန်သော လက်ဝါးရိုက်ချက်ဖြင့် ပြန်လည် တုံ့ပြန်လိုက်သည်။
ပိုင်ကျီဟန်သည် ရှောင်တိမ်းခြင်း မရှိဘဲ ထိုတိုက်ခိုက်မှုကို တည့်တည့်ရင်ဆိုင်လိုက်သည်။
ဘုန်း
ပြင်းထန်သော ရိုက်ခတ်မှုကြောင့် စင်္ကြံလမ်းတစ်ခုလုံး တုန်ခါသွားပြီး ဖုန်မှုန့်များနှင့် ကျောက်စလစ်မှန်သမျှ လွင့်စင်ကုန်သည်။
သို့သော်လည်း ဖုန်များ လွင့်ပြယ်သွားချိန်တွင် အကြီးအကဲဝူသည် နောက်သို့ တစ်လှမ်း ဆုတ်ခွာသွားရသော်လည်း ပိုင်ကျီဟန်မှာမူ ဝတ်ရုံစလေးများ လွင့်နေသည်မှအပ လုံးဝ ထိခိုက်ဒဏ်ရာရခြင်းမရှိဘဲ ငြိမ်သက်စွာ ရပ်နေဆဲပင်။
(ဒါ... ဒါက ဘယ်လိုဖြစ်တာလဲ...?)
အကြီးအကဲဝူ၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ သူ၏ နည်းစနစ်သည် အရိုးများကို ကြေမွစေပြီး သွေးကြောများကို ဖျက်ဆီးကာ ကြမ်းပြင်ပေါ်တွင် ဒုက္ခိတအဖြစ် လဲကျစေမည် မဟုတ်ပါလော
ယင်းအစား ပိုင်ကျီဟန်သည် ခေါင်းကို အနည်းငယ် စောင်းလိုက်ကာ ပုခုံးပေါ်ရှိ ဖုန်များကို ခါထုတ်လိုက်ပြီး နှုတ်ခမ်းတွင် လှောင်ပြုံးတစ်ခု ရှိနေသည်။
"ဒါပဲလား ဝူကျန်းခုန်း?"
သူက ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။
"မင်း... မင်းက ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်း အဆင့် ရောက်နေတာလား”
ထိုအမှန်တရားကို သိရှိသွားချိန်တွင် အကြီးအကဲဝူ၏ မျက်လုံးများ ပြူးကျယ်သွားသည်။
သူသည်လည်း အခြားသူများကဲ့သို့ပင် ပိုင်ကျီဟန်၏ ကျော်ကြားမှုသည် ချဲ့ကားထားခြင်းသာ ဖြစ်သည်ဟု ယူဆခဲ့ပြီး ထိုယူဆချက်ကို ထောက်ခံနေသည်မှာ ပိုင်ကျီဟန်သည် လူငယ်များအတွက် အထင်ကရဖြစ်သော ပြိုင်ပွဲကြီးများတွင် ဝင်ရောက် ယှဉ်ပြိုင်ခြင်း မရှိခဲ့သောကြောင့် ဖြစ်သည်။
ထိုအချက်အရ ပိုင်ကျီဟန် ကြောက်ရွံ့နေခြင်းဖြစ်သည်ဟု သူ ထင်မှတ်ခဲ့သည်။
သို့သော် ယခု ပိုင်ကျီဟန်၏ ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်း အဆင့် ကျင့်စဉ်စွမ်းအားအရ သူတို့၏ ယူဆချက်များ လုံးဝ မှားယွင်းနေကြောင်း ထင်ရှားသွားလေပြီ။
ဤကျင့်စဉ်အဆင့်မျိုးနှင့်ဆိုလျှင် ထိုပြိုင်ပွဲများသည် သူ့အတွက် ကလေးကစားစရာမျှသာ ဖြစ်ပေလိမ့်မည်။
(သူက တကယ်ပဲ ဘယ်သူလဲ?)
သူ့အရွယ် လူငယ်များသည် အခြေတည် ဝိညာဉ်အဆင့်သို့ ရောက်ရန်ပင် ခဲယဉ်းလှပြီး နှစ်တစ်ထောင်မှ တစ်ယောက်ပေါ်သော ပါရမီရှင်များပင်လျှင် ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်သို့သာ ရောက်နိုင်ကြသည်။
သို့သော် အသက် ၁၈ နှစ်အရွယ်နှင့် ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်း အဆင့်
၎င်းသည် တစ်ခါမှ မကြားဖူးသော ကိစ္စပင် ဖြစ်သည်။
မည်သို့ပင် ဖြစ်စေကာမူ အကြီးအကဲဝူ၏ မျက်လုံးများမှာမူ ဆုံးဖြတ်ချက် ခိုင်မာစွာဖြင့် တောက်လောင်နေဆဲ ဖြစ်သည်။
ဗလာသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးအနေဖြင့် ပိုင်ကျီဟန်သည် ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်း အဆင့်တွင် ရှိနေသည့်တိုင် ကိုင်တွယ်နိုင်သည်ဟု အကြီးအကဲဝူက ယုံကြည်မှုအပြည့် ရှိနေဆဲဖြစ်သည်။
အကြီးအကဲဝူ၏ မျက်နှာသသည် ဒေါသကြောင့် ရှုံ့မဲ့သွား၏
"မင်း ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်း ဖြစ်နေလည်း ငါ့အောက်မှာပဲ ရှိသေးတယ်”
သူ၏ ချီများသည် ဒီရေလှိုင်းကြီးတစ်ခုအလား တိုးထွက်လာပြီး စင်္ကြံလမ်းတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်လောက်သော လေလက်ဝါးအဟုန်ပြင်းများဖြင့် တိုက်ခိုက်လိုက်သည်။
သို့သော် ပိုင်ကျီဟန်၏ ကိုယ်ဟန်သည် ဝေဝါးသွားပြီး အရိပ်ကိုးခုအဖြစ် ကွဲထွက်သွား၏ တစ်ခုချင်းစီသည် ရေကဲ့သို့ စီးဆင်းနေပြီး အကြီးအကဲဝူ၏ တိုက်ကွက်များကြားတွင် ကျွမ်းကျင်စွာ ရှောင်တိမ်းနေကြသည်။
ရွှမ် ရွှမ် ရွှမ်
အရိပ်ကိုးပါး စီးဆင်းနေသော အလင်းဓားသိုင်း၏ ပုံရိပ်ယောင်များသည် အလွန်ပင် ချောမွေ့သပ်ရပ်လွန်းသဖြင့် ဗလာသန့်စင်ခြင်းအဆင့် ကျင့်ကြံသူ၏ မျက်လုံးများပင် လိုက်မကြည့်နိုင်တော့ပေ။
"တောက်”
အကြီးအကဲဝူသည် ကျိန်ဆဲရင်း ပုံရိပ်ယောင်များကိုသာ တိုက်ခိုက်မိနေပြီး သူ၏ တိုက်ကွက်များသည် လေဟာနယ်ထဲတွင်သာ ပျံ့လွင့်ကုန်သည်။
တစ်ချက်ကလေးပင် မထိမိပေ။
ပိုင်ကျီဟန် အစစ်ကို ပိတ်မိပြီဟု ထင်လိုက်တိုင်း သူ၏ လက်ဝါးရိုက်ချက်သည် မြူခိုးများအဖြစ် ပျောက်ကွယ်သွားသော အရိပ်များကိုသာ ထိမှန်နေသည်။
(ဒါ... ဒါက ဘယ်လိုဖြစ်တာလဲ? သူက ငါ့ထက်တောင် ပိုမြန်နေတာလား?)
အကြီးအကဲဝူ၏ နှလုံးသားသည် မယုံကြည်နိုင်မှုတို့ဖြင့် တုန်လှုပ်သွားသည်။
(ငါ့ရဲ့ ကျင့်စဉ်အဆင့်နဲ့ဆိုရင် အမြန်နှုန်းက ပြဿနာမဖြစ်သင့်ဘူး။ အဲဒီ ခြေလှမ်းသိုင်းဟုတ်တယ်၊ ငါ အရင်က မြင်ဖူးတယ်။
ပိုင်ရွှယ်ချင်း အဲဒါကို သုံးခဲ့တာပဲ။ ဒါပေမဲ့ သူမ သုံးတာက ဒီလောက်အထိ မဟုတ်ဘူး)
ဤသည်မှာ သာမန် အရိပ်ကိုးပါး စီးဆင်း နေသော အလင်းဓားသိုင်း မဟုတ်တော့ဘဲ ပြီးပြည့်စုံသည့် အဆင့်ထက်ပင် ကျော်လွန်နေကာ ကြောက်မက်ဖွယ်ကောင်းသော တိကျမှုဖြင့် ထိန်းချုပ်ထားခြင်း ဖြစ်သည်။ သူ၏ ပတ်ပတ်လည်တွင် ဝန်းရံနေသော အရိပ်တစ်ခုချင်းစီတွင် သတ်ဖြတ်လိုစိတ်များ ပါရှိနေပြီး သူ၏ အားနည်းချက်အားလုံးကို ဗလာကျင်းပြနေသကဲ့သို့ပင်။ သူ၏ ကျောပြင်တွင် ချွေးစေးများ ပျံလာတော့သည်။
"ဒီလို လှည့်ကွက်တွေ တော်လောက်ပြီ”
အကြီးအကဲဝူသည် ဟိန်းဟောက်လိုက်သည်။
သူ၏ ကျင့်စဉ်စွမ်းအားများသည် အရှိန်အဟုန်ဖြင့် ပေါက်ကွဲထွက်လာပြီး သူ၏ ခန္ဓာကိုယ်မှ မီးတောက်များသည် ငရဲမီးအလား ဟုန်းဟုန်းတောက်လောင်လာသည်။
လက်ဝှေ့ယမ်းလိုက်သောအခါ ကြက်သွေးရောင် မီးလျှံများမှာ မုန်တိုင်းတစ်ခု ထွက်ပေါ်လာပြီး စင်္ကြံလမ်းတစ်လျှောက်ရှိ မြင်သမျှအရာအားလုံးကို ဝါးမြိုလောင်ကျွမ်းပစ်လိုက်သည်။
ဘုန်း
ထိုမီးတောက်များသည် အရိပ်များကို တစ်ခုပြီးတစ်ခု ဖျက်ဆီးပစ်လိုက်ပြီး တောက်လောင်နေသော မီးလျှံများအလယ်တွင် တည်ငြိမ်စွာ ရပ်နေသည့် ပိုင်ကျီဟန် အစစ်အမှန် တစ်ဦးတည်းသာ ကျန်ရစ်တော့သည်။ အကြီးအကဲဝူ၏ နှုတ်ခမ်းများတွင် ရက်စက်သော အပြုံးတစ်ခု ပေါ်လာသည်။
"မိပြီ..ဒီတစ်ခါတော့ မင်း ဘယ်လိုရှောင်မလဲ ကြည့်ကြသေးတာပေါ့”
သူသည် လက်ဝါးကို ရှေ့သို့ ပစ်သွင်းလိုက်ရာ ဖျက်ဆီးအားပြင်းသော မီးလုံးကြီးသည် နေမင်းတစ်စင်းအလား ဟုန်းဟုန်းတောက် ထွက်ပေါ်လာပြီး ပိုင်ကျီဟန်ကို တစ်ကိုယ်လုံး ဝါးမြိုပစ်လိုက်တော့သည်။ အပူရှိန်ကြောင့် စင်္ကြံလမ်းတစ်ခုလုံး တုန်ခါသွားပြီး နံရံများ မည်းတူးကာ ကျောက်တုံးများပင် အက်ကွဲကုန်တော့သည်။
ပေါက်ကွဲသဲသည် မိုးကြိုးပစ်သည့်အလား ဟိန်းထွက်သွားပြီး မည်သည့်အရာကိုမျှ မမြင်နိုင်တော့သည့်အထိ မီးလျှံများ ပြင်းထန်စွာ တိုးထွက်လာသည်။
အကြီးအကဲဝူသည် အသက်ကို ပြင်းပြင်းရှူရင်း ကိုယ်ကို မတ်လိုက်ကာ အေးစက်သော ကျေနပ်မှုတို့ဖြင့် ပြည့်နှက်နေသည့် လှောင်ပြုံးတစ်ခု ပေါ်နေသည်။
"ဟင်း... နောက်ဆုံးတော့လည်း မင်းမှာ အမြန်နှုန်းပဲ ရှိတာပါလား။"
သို့သော်လည်း မီးလျှံများသည် ဘေးသို့ လွင့်စင်သွားတော့သည်။
တောက်လောင်နေသော ငရဲမီးများထဲမှ လူရိပ်တစ်ခု ထွက်ပေါ်လာပြီး ဝတ်ရုံသည် မီးမလောင်၊ အရေပြား ခြစ်ရာပင်မရှိဘဲ သူ၏ အရောင်အဝါသည်လည်း တည်ငြိမ်အေးဆေးလျက်ပင်
ပိုင်ကျီဟန်
လုံးဝ ဒဏ်ရာအနာတရ မရှိပေ။
အကြီးအကဲဝူ၏ မျက်လုံးများ ပြူးကျယ်သွားပြီး တစ်ကိုယ်လုံး သွေးများ ခဲသွားသကဲ့သို့ ခံစားလိုက်ရသည်။
(ဒါက ငါ့ဂိုဏ်းရဲ့ မီးလျှံဖြတ်တောက်ခြင်း လက်ဝါးပဲ... ဗလာသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်တောင် ပြာဖြစ်သွားရမှာ။ သူက ဘာမှမဖြစ်သလိုမျိုး ဘယ်လိုလုပ် အဲဒီမှာ ရပ်နေနိုင်ရတာလဲ)
ပိုင်ကျီဟန်သည် သူ၏ ဝတ်ရုံပေါ်မှ မီးစလေးကို ခါထုတ်လိုက်ပြီး အကြီးအကဲဝူအား စိုက်ကြည့်ကာ လှောင်ပြုံးလိုက်ပြန်သည်။
(သနားစရာပဲ။ ငါ့ရဲ့ ခန္ဓာကိုယ်ကို သန့်စင်တုန်းက ဒီထက်အဆပေါင်းများစွာ ပူတဲ့ မီးလျှံတွေကို တောင့်ခံခဲ့ရတာ။ အခုဆို ငါက မီးဒဏ်ကိုတောင် ခံနိုင်ရည်ရှိနေပြီလို့ ခံစားရတယ်။)
သူသည် မီးဒဏ်ကို လုံးဝ ခံနိုင်ရည်ရှိသူ တစ်ယောက် မဟုတ်မှန်း သိသော်လည်း သူ့ကို အပူရှိန် ခံစားရစေရန်အတွက် အလွန်အစွမ်းထက်သော မီးလျှံနည်းစနစ်မျိုးကို အသုံးပြုရန် လိုအပ်ပေလိမ့်မည်။
အကြီးအကဲဝူ၏ နည်းစနစ်သည် ထိုအဆင့်သို့ မရောက်သေးပေ။
ပိုင်ကျီဟန်၏ အပြုံးသည် ပို၍ နက်ရှိုင်းလာပြီး မျက်လုံးများသည် အေးစက်သော ကြယ်ပွင့်များအလား တောက်ပနေသည်။
"ငါ့အလှည့်ပဲ”
သူ၏ လက်ထဲရှိ ထာဝရဝိညာဉ်ဓားသည် တုန်ခါသွားပြီး ၎င်း၏ တုန်ခါသံသည် ကောင်းကင်ဘုံမှ ခေါင်းလောင်းသံအလား ဟိန်းထွက်သွားသည်။
သူ၏ ပတ်ပတ်လည်တွင် အဆုံးအစမဲ့သော ဓားရည်ရွယ်ချက်များ တိုးထွက်လာသည်။ လေထုသည်ပင် ဓားများ၏ ဘုရင်တစ်ပါးကို အသိအမှတ်ပြုသည့်အလား တုန်လှုပ်နေတော့သည်။
အကြီးအကဲဝူ၏ အသက်ရှူသံများ ရပ်တန့်လုနီးပါး ဖြစ်သွားသည်။
(ဒါ... ဓားရည်ရွယ်ချက်လား)
သူ၏ မျက်လုံးများသည် အပ်ဖျားခန့်အထိ ကျဉ်းမြောင်းသွားသည်။
ပိုင်ကျီဟန်တွင် ဓားရည်ရွယ်ချက်ရှိကြောင်း သူ ကြားဖူးသော်လည်း ယခုအချိန်အထိ မယုံကြည်ခဲ့ပေ။
၎င်းသည် ပိုင်ရွှယ်ချင်း၏ ဓားရည်ရွယ်ချက်ထက်ပင် အဆပေါင်းများစွာ ပို၍ အစွမ်းထက်နေပုံရသည်။
စူးရှလှသော အရှိန်အဝါလှိုင်းများသည် ဘေးပတ်ပတ်လည်သို့ ပျံ့နှံ့သွားပြီး ကျောက်နံရံများ၊ မျက်နှာကြက်နှင့် လေထုထဲတွင်ပင် မမြင်နိုင်သော မျဉ်းကြောင်းများကို ထွင်းထုသွားသည်။
မိုင်ပေါင်းများစွာအတွင်းရှိ ချီအစိတ်အပိုင်းတိုင်းသည် ထိုကြီးစိုးသော စိတ်ဆန္ဒအောက်တွင် ဦးညွှတ်သွားကြပြီး ဧကရာဇ်တစ်ပါးကို အရိုအသေပေးသည့်အလား ဒူးထောက်သွားကြသည်။
ပိုင်ကျီဟန်၏ လက်ထဲရှိ ဓားသည် ပို၍ တောက်ပလာကာ အေးစက်လှသော တုန်ခါမှုနှင့်အတူ စင်္ကြံလမ်းတစ်ခုလုံးကို ဆောင်းရာသီ၏ အလယ်ဗဟိုသို့ ရောက်သွားသကဲ့သို့ ခံစားရစေသည်။
သူ၏ အသံသည် တည်ငြိမ်ပြီး ဂရုမစိုက်သကဲ့သို့ ရှိသော်လည်း အကြီးအကဲဝူ၏ ရင်ဘတ်ထဲတွင်မူ မိုးခြိမ်းသံကဲ့သို့ ဟိန်းထွက်သွားသည်။
"ကံကြမ္မာဖြတ်တောက်ခြင်း ဓားချက်”