← Chapters

အငြိုးဟောင်းများကို အဆုံးသတ်ခြင်း

Vol. 19 Ch. 280

အငြိုးဟောင်းများကို အဆုံးသတ်ခြင်း

Vol. 19 Ch. 280

"အဟွတ်”

နီဖန်းကျိုးသည် ပါးစပ်မှ သွေးများအန်ထုတ်လိုက်ပြီး မျက်နှာသည် သေလူကဲ့သို့ ဖြူလျော်သွားတော့သည်။

သူ့အရှိန်အဝါသည် ကျောက်ခဲတစ်လုံးကဲ့သို့ ထိုးကျသွားပြီး သူ၏ နာကျင်ထိခိုက်နေသော အသိစိတ်အတွင်းပိုင်းမှ တုချန်ရှန့်၏ လွှမ်းမိုးထားသော တည်ရှိမှုကြီးသည် နောက်သို့ ဆုတ်ခွာသွားခဲ့ပြီ ဖြစ်သည်။

တစ်ချိန်က လွှမ်းမိုးထားခဲ့သော ဝိညာဉ် ခွဲခြမ်းစိတ်ဖြာခြင်းနယ်ပယ်၏ ဖိအားသည် ပျောက်ကွယ်သွားပြီး အသက်ရှူရန် အလူးအလဲ ကြိုးစားနေရသည့် ကြေမွနေသော လူငယ်တစ်ဦးသာ ကျန်ရစ်တော့သည်။

နီဖန်းကျိုးသည် ဖြစ်ပျက်သမျှ အရာအားလုံးကို မြင်တွေ့ခဲ့ရသည်။

သူ၏ ဆရာဖြစ်သူ စွမ်းအားကို အတင်းအကျပ် အားကိုးခဲ့ရသည့်တိုင် သူ ရှုံးနိမ့်သွားခဲ့သည်။

ကမ္ဘာကြီးတစ်ခုလုံး သူ့အပေါ်သို့ ပြိုကျလာသကဲ့သို့ သူ ခံစားလိုက်ရသည်။ အနိုင်ရသင့်သည့် သူကိုယ်တိုင်သည် သူ အမုန်းဆုံးရန်သူ၏ လက်ထဲတွင် ရှုံးနိမ့်သွားခဲ့ရခြင်းပင်။

သူ မြေပြင်ပေါ်တွင် အလဲလဲအကွဲကွဲဖြင့် လဲကျနေစဉ် ပွဲကြည့်ပရိသတ်များသည် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။

"သူမ... ပိုင်ရွှယ်ချင်း နိုင်သွားပြီ”

"ဟုတ်တယ်..ပိုင်ရွှယ်ချင်း နိုင်သွားပြီ။ နီဖန်းကျိုးက အင်အားကြီးပေမဲ့ ပိုင်ရွှယ်ချင်းက အနိုင်ယူနိုင်ခဲ့တယ်”

"ဟားဟားဟား... ငါ သိသားပဲ။ ငါတော့ ချမ်းသာပြီဟေ့”

ပိုင်မျိုးနွယ်စု၏ အထူးဧည့်သည်ခန်းမှ အကြီးအကဲများသည် မအောင့်အီးနိုင်ဘဲ အောင်ပွဲခံနေကြပြီး အချို့မှာမူ သက်ပြင်းကို အားပါးတရ ချလိုက်ကြသည်။

အမှန်စင်စစ် နီဖန်းကျိုးသည် သူတို့ကို ထိတ်လန့်သွားစေခဲ့ပြီး သူတို့၏ ပါရမီရှင်ကိုပင် အနိုင်ရလုနီးပါး ဖြစ်ခဲ့ခြင်းကြောင့်ပင်။

အကယ်၍ ပိုင်ရွှယ်ချင်းသာ နီဖန်းကျိုးကို ရှုံးနိမ့်ခဲ့လျှင် အလွန် အရှက်ရစရာ ဖြစ်ပေလိမ့်မည်။

ပိုင်ရွှယ်ချင်း၏ စွမ်းအားများ ထိန်းချုပ်မှု လွတ်ကွာစပြုလာချိန်တွင် အားလုံးသည် ပြီးဆုံးသွားပြီဟု ထင်မှတ်ခဲ့ကြပြီး အချို့သည် ဝင်ရောက်စွက်ဖက်ရန်ပင် ပြင်ဆင်ခဲ့ကြသည်။

သို့သော်လည်း သူတို့ကို ပိုင်ကျီဟန်သည် တားဆီးခဲ့ပြီး ငြိမ်ကြည့်နေရန်သာ အမိန့်ပေးခဲ့သည်။

သူတို့အနေဖြင့် သူတို့၏ သခင်လေးအမိန့်ကို မနာခံဘဲ မနေနိုင်ခဲ့ကြပေ။

ထို့နောက် အံ့ဖွယ်တစ်ခုကဲ့သို့ပင် ပိုင်ရွှယ်ချင်းသည် သူမ၏ ရေခဲစွမ်းအားကို ထိန်းချုပ်နိုင်ခဲ့ရုံသာမက တစ်ခါမျှ မမြင်ဖူးသည့် ရေခဲဓားသိုင်းကိုပါ ထုတ်ဖော်နိုင်ခဲ့သည်။

အခြားတစ်ဖက်ရှိ ကျောက်မျိုးနွယ်စုနှင့် လီမျိုးနွယ်စုများ၏ ထိုင်ခုံနေရာများတွင်မူ တိတ်ဆိတ်ငြိမ်သက်နေသည်။ မည်သူမျှ စကားမပြောရဲကြပေ။

သူတို့သည် အကောင်းဆုံး ၈ ယောက်စာရင်းမှ ထွက်ခွာခဲ့ရခြင်းကြောင့် အရှက်ရပြီးသား ဖြစ်သည်။

သူတို့၏ ရန်သူဖြစ်သူ ပိုင်ရွှယ်ချင်းအနေဖြင့် နဂါးနှင့် ဖီးနစ်ပြိုင်ပွဲတွင် အနိုင်မရပါစေနှင့်ဟု ဆုတောင်းခဲ့ချေ၏

သို့တိုင် ထိုဆုတောင်းသည် အချည်းနှီး ဖြစ်သွားခဲ့ရပြီ။

ယခုမူ သူတို့၏ ခါးသီးသောရန်သူသည် နဂါးနှင့် ဖီးနစ်ပြိုင်ပွဲတွင် အနိုင်ရသွားခဲ့ပြီး ပိုင်မျိုးနွယ်စု၏ ပါရမီရှင်သည် လီနှင့် ကျောက်မျိုးနွယ်စုထက် သာလွန်ကြောင်း သက်သေပြလိုက်ပြီ ဖြစ်သည်။

"မင်း ဒီဖြစ်ရပ်ကနေ တစ်ခုခု သင်ယူနိုင်လိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်။ မှတ်ထားပါ၊ ကိုယ့်ရဲ့ စွမ်းအားတွေကို မကြောက်ပါနဲ့”

ဖေးလိန်သည် ပိုင်ရွှယ်ချင်း၏ ခန္ဓာကိုယ်မှ မထွက်ခွာမီ ပြောကြားခဲ့သည်။

ပိုင်ရွှယ်ချင်းသည် သူမ၏ ခန္ဓာကိုယ်ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။

ထိုဝိညာဉ်သည် သူမ၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ရန် ကြိုးစားနေသည်ဟု သူမ ထင်မှတ်ခဲ့သော်လည်း သူမ မှားယွင်းခဲ့ပုံရသည်။

ထိုဝိညာဉ်မှာ အမှန်တကယ်ပင် မိတ်ဆွေတစ်ဦး ဖြစ်သည်။

"ဒါပေမဲ့ သူက ဘယ်သူလဲ? ပြီးတော့ ဘာလို့ သူ့အသံက ရင်းနှီးနေရတာလဲ?"

ပိုင်ရွှယ်ချင်းသည် ဇဝေဇဝါဖြင့် ရေရွတ်လိုက်သည်။

သို့သော် မည်မျှပင် စဉ်းစားသော်လည်း အဖြေက ထွက်မလာခဲ့ပေ။

သူမသည် မြေပြင်ပေါ်တွင် လဲကျနေသည့် နီဖန်းကျိုးကို ကြည့်လိုက်သည်။ ဤကဲ့သို့ အနိုင်ရရှိမှုအပေါ် သူမ ဝမ်းသာသင့်၊ မသာသင့် မသိတော့ပေ။

သူမကိုယ်တိုင် တိုက်ခိုက်ခဲ့ခြင်း မဟုတ်သည့်အတွက် ဤအောင်ပွဲနှင့် ထိုက်တန်သည်ဟု သူမ မခံစားရပေ။

သို့သော် ဖေးလိန်သည်လည်း သူမ၏ ကိုယ်ပိုင်စွမ်းအားများမှလွဲ၍ အခြားဘာကိုမျှ အသုံးမပြုခဲ့ပေ။

ထိုဝိညာဉ်သည် သူမ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်းရှိပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများကို လွယ်ကူစွာ အသုံးပြုနိုင်ပုံကို သူမ အထင်ကြီးသွားမိသည်။

(ငါသာ အဲဒီလို လုပ်နိုင်မယ်ဆိုရင် ငါ့ရဲ့ ရေခဲချီတွေ ထိန်းချုပ်မှုလွတ်သွားမှာကို စိုးရိမ်စရာ လိုမှာမဟုတ်တော့ဘူး။)

ပိုင်ရွှယ်ချင်း တွေးတောနေမိသည်။

ထိုစဉ် ယန်မင်လန်သည် နီဖန်းကျိုး၏ အခြေအနေကို လာရောက်စစ်ဆေးပြီးနောက် ရလဒ်ကို ကြေညာလိုက်တော့သည်။

"အနိုင်ရရှိသူ ကောင်းကင်ဓားဂိုဏ်းမှ ပိုင်ရွှယ်ချင်း”

သူ ကြေညာလိုက်သည်။

ကွင်းတစ်ခုလုံး မိုးခြိမ်းသံကဲ့သို့ ဆူညံသွားတော့သည်။

အောင်ပွဲခံသံများ၊ မယုံကြည်နိုင်သံများနှင့် ဟိန်းဟောက်သံများသည် တစ်ခုတည်းအဖြစ် ရောယှက်သွားပြီး ကောင်းကင်သို့ ပဲ့တင်ထပ်သွားသည်။

"ပိုင်ရွှယ်ချင်း”

"ပိုင်ရွှယ်ချင်း”

"ပိုင်ရွှယ်ချင်း”

နီဖန်းကျိုးသည် ဒူးထောက်လျက် လဲကျသွားပြီး သူ၏ မျက်ဝန်းများသည် ဗလာနတ္ထိ ဖြစ်နေသည်။

သူသည် အတားအဆီးများစွာကို ကျော်ဖြတ်လာခဲ့သည်မှာ သူ၏ စေ့စပ်ထားသူဟောင်းကို ရင်ဆိုင်အနိုင်ယူပြီး သူမ၏ ဆုံးဖြတ်ချက် မှားယွင်းကြောင်း သက်သေပြရန်အတွက်သာ ဖြစ်သည်။

သို့သော် ယခုမူ သူသည် ရှုံးနိမ့်သူတစ်ယောက်ကဲ့သို့ မြေပြင်ပေါ်တွင် လဲကျနေပြီး သူမ၏ စေ့စပ်မှုကို ဖျက်သိမ်းခဲ့သည့် ဆုံးဖြတ်ချက် မှန်ကန်ကြောင်းကိုသာ သက်သေပြလိုက်သလို ဖြစ်သွားခဲ့သည်။

သူသည် အရေးအကြီးဆုံးအချိန်တွင် ကျရှုံးခဲ့ရပြီ။

ယခုဆိုလျှင် ကမ္ဘာကြီးသည် သူ့ကို ဗိုလ်လုပွဲ၌ ပိုင်ရွှယ်ချင်းကို ရှုံးနိမ့်ခဲ့သော စေ့စပ်ထားသူဟောင်းအဖြစ်သာ မှတ်မိနေတော့မည်

ဖြစ်သည်။

"အဟွတ်..အဟွတ်၊တောက်”

ခန္ဓာကိုယ်မှ နာကျင်မှုသည် နှလုံးသားမှ ဒဏ်ရာနှင့် ယှဉ်လျှင် ဘာမှမဟုတ်တော့ပေ။ သူသည် ပြိုင်ဘက်ကို အနိုင်ယူရန် လိမ်လည်လှည့်ဖျားဖို့ ကြိုးစားခဲ့ရုံသာမက ဆိုးရွားစွာပါ ရှုံးနိမ့်ခဲ့ရသည်။

သူ၏ တာအိုနှလုံးသားတွင် အက်ကြောင်းတစ်ခု ဖြစ်ပေါ်သွားခဲ့ပြီး ထိုအခိုက်အတန့်မှာပင် စိတ်အမှောင်ဝိညာဉ် တစ်ခု စတင်မွေးဖွားလာခဲ့ပြီ ဖြစ်သည်။

ယန်မင်လန်သည် လက်ကိုမြှောက်ကာ အာဏာစက်အပြည့်ရှိသော အသံဖြင့် ကွင်းတစ်ခုလုံးသို့ ကြေညာလိုက်သည်။

"ဂုဏ်ယူပါတယ် ပိုင်ရွှယ်ချင်း။ ပြီးတော့ နဂါးနှင့် ဖီးနစ်ပြိုင်ပွဲရဲ့ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ ကောင်းကင်ဓားဂိုဏ်းကိုလည်း ဂုဏ်ယူပါတယ်”

ပိုင်ရွှယ်ချင်းသည် ပိုင်မျိုးနွယ်စုမှ ဖြစ်သော်လည်း သူမသည် ပိုင်မျိုးနွယ်စုကို ကိုယ်စားမပြုဘဲ ကောင်းကင်ဓားဂိုဏ်း၏ ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ပိုင်မျိုးနွယ်စုသည် ထိုအချက်ကို ဂရုမစိုက်ပေ။ အဘယ်ကြောင့်ဆိုသော် ပိုင်ရွှယ်ချင်းသည် ပိုင်မျိုးနွယ်စုမှ ဖြစ်ကြောင်း လူတိုင်း သိကြသောကြောင့်ပင်။

လူအုပ်ကြီးသည် အော်ဟစ်အားပေးသံများဖြင့် တုံ့ပြန်ကြသည်။

အချို့က မယုံကြည်နိုင်စွာ အော်ဟစ်ကြပြီး အချို့က အံ့သြတကြီး ဖြစ်နေကြသော်လည်း အားလုံး ငြင်းမရသော အမှန်တရားတစ်ခုသည် ထူးခြားဆန်းပြားသော အရာတစ်ခုကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရခြင်းပင် ဖြစ်သည်။

ကောင်းကင်ဓားဂိုဏ်း၏ ထိုင်ခုံနေရာများတွင် တပည့်များသည် ခုန်ပေါက်ကာ ရူးသွပ်စွာ အောင်ပွဲခံနေကြသည်။

သူတို့၏ မျက်နှာတွင် ပျော်ရွှင်မှုများ ပြည့်နှက်နေပြီး အချို့မှာ ဂုဏ်ယူလွန်း၍ မျက်ရည်ပင် ကျနေကြသည်။

သူတို့သည် ပိုင်၊ ကျောက်နှင့် လီ မျိုးနွယ်စုများမှ ပါရမီရှင်များအပြင် အခြားဂိုဏ်းများမှ အသစ်ထွက်ပေါ်လာသော အစွမ်းထက်သူများနှင့် ရင်ဆိုင်ခဲ့ရသည်။

သို့သော် နောက်ဆုံးတွင် သူတို့၏ ဂိုဏ်းကသာ ထိပ်ဆုံးတွင် ရပ်တည်နိုင်ခဲ့သည်။

အဖွဲ့၏အလယ်တွင် အကြီးအကဲ ချင်းလန်သည် မတ်မတ်ရပ်နေပြီး သူမ၏ ခါးသီးလေ့ရှိသော မျက်နှာထက်တွင် ရှားပါးလှသော အပြုံးတစ်ခု ပေါ်လွင်နေကာ စင်မြင့်ပေါ်တွင် အောင်နိုင်သူအဖြစ် ရပ်နေသည့် ပိုင်ရွှယ်ချင်းကို ကြည့်ကာ ကျေနပ်အားရနေသည်။

"ပိုင်ရွှယ်ချင်း..." အကြီးအကဲ ချင်းလန်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် တိုးတိုးလေး ရေရွတ်လိုက်သည်။ "မင်းက ငါ့ရဲ့ မျှော်လင့်ချက်တွေကိုတောင် ကျော်လွန်သွားခဲ့ပြီ။"

သူမသည် ပိုင်ရွှယ်ချင်း၏ ဆရာဖြစ်သည့်အတွက် အလွန်ပင် ဂုဏ်ယူနေသလို ပိုင်ရွှယ်ချင်း အနိုင်ရရန် အသုံးပြုခဲ့သည့် နည်းစနစ်ကိုလည်း သိချင်နေသည်။

သူမသည် ထိုကဲ့သို့သော ပညာရပ်ကို တစ်ခါမျှ မမြင်ဖူးသော်လည်း ၎င်းမှာ ပိုင်မျိုးနွယ်စု၏ လျှို့ဝှက်နည်းစနစ်တစ်ခု ဖြစ်နိုင်သည်ဟု ထင်မှတ်နေသည်။

ထို့အပြင် ချူကျီယန်သည် အကောင်းဆုံး ၄ ယောက်ထဲသို့ ဝင်ရောက်နိုင်ခဲ့ပြီး ပိုင်ရွှယ်ချင်းသည် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သဖြင့် ယခုနှစ်တွင် ကောင်းကင်ဓားဂိုဏ်းအတွက် အမှန်တကယ်ပင် အောင်ပွဲခံရမည့်နှစ် ဖြစ်သည်။ ၎င်းတို့နှစ်ဦးစလုံးသည် သူမ၏ တပည့်များ ဖြစ်နေခြင်းက အကြီးအကဲ ချင်းလန်အတွက် အတော် ဂုဏ်ယူစရာ ကောင်းလှသည်။

ယခုအကြိမ် ပြိုင်ပွဲသည် ယခင်ကထက် ပိုမိုပြင်းထန်ခဲ့သည်ကို ထည့်သွင်းစဉ်းစားလျှင် သူတို့၏ စွမ်းဆောင်ရည်သည် ကောင်းကင်ဓားဂိုဏ်း၏ ရပ်တည်မှုကို ပိုမိုခိုင်မာစေခဲ့သည်။

ယခုဆိုလျှင် ကောင်းကင်အင်ပါယာ၏ နံပါတ်တစ်ဂိုဏ်းအဖြစ် သူတို့၏ အနေအထားကို မည်သူ ငြင်းဆိုရဲတော့မည်နည်း။

အမှန်တရားသည် ငြင်းမရနိုင်ပေ။ ချူကျီယန်သည် ဆီမီးဖိုင်နယ်တွင် သူမ၏ ပြင်းပြသော စိတ်ဓာတ်နှင့် တောက်ပသော တိုက်ခိုက်မှုများဖြင့် သက်သေပြခဲ့ပြီး ဖြစ်သည်။

ယခုမူ ပိုင်ရွှယ်ချင်းသည် ဗိုလ်လုပွဲတွင် နီဖန်းကျိုးကို အနိုင်ယူကာ သူမ၏ အမည်ကို ဒဏ္ဍာရီအဖြစ် ရေးထိုးနိုင်ခဲ့ပြီ ဖြစ်သည်။

အင်ပါယာ၏ အကြီးကျယ်ဆုံးသော ပါရမီရှင်များကြားတွင် ကောင်းကင်ဓားဂိုဏ်း၏ တပည့်နှစ်ဦးသည် ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်နေကြပြီ ဖြစ်သည်။

တစ်ဦးသည် အကောင်းဆုံး ၄ ယောက် စာရင်းဝင်ခဲ့ပြီး နောက်တစ်ဦးကမူ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သည်။

ဤသည်မှာ ရိုးရိုးတန်းတန်း အောင်ပွဲတစ်ခုသာမကဘဲ သူတို့၏ လွှမ်းမိုးမှုကို ကြေညာလိုက်ခြင်းလည်း ဖြစ်သည်။ ချူကျီယန်သည်လည်း လက်ခုပ်တီးအားပေးနေပြီး သူမ၏ အရင်းနှီးဆုံး သူငယ်ချင်း၏ အောင်ပွဲအတွက် စိတ်ရင်းဖြင့် ဝမ်းသာပီတိဖြစ်နေသည်။

သို့သော် သူမ၏ စိတ်ထဲတွင် မေးခွန်းတစ်ခုကတော့ ကျန်ရစ်နေဆဲပင်။ ဘယ်တုန်းက သူမ ဒီလောက် ကြောက်စရာကောင်းသည် နည်းစနစ်ကို သင်ယူလိုက်သနည်း?

ပိုင်ရွှယ်ချင်းသည် ထိုကဲ့သို့သော ပညာရပ်မျိုးကို လေ့ကျင့်နေသည့် အရိပ်အယောင် စိုးစဉ်းမျှပင် မပြခဲ့ဖူးပေ။

သို့သော် လူတိုင်းတွင် ကိုယ်ပိုင်လျှို့ဝှက်ချက် ရှိစမြဲ ဖြစ်သည်။ ချူကျီယန်သည် ထိုအကြောင်းကို ဆက်လက်မတွေးတော့ရန် ဆုံးဖြတ်လိုက်သည်။

ပွဲကြည့်စင်တစ်ခုလုံး တုန်ဟိန်းသွားစေသည့် အော်ဟစ် အားပေးသံများကြား၌ပင် ပိုင်ရွှယ်ချင်းသည် ရေခဲပြင်ဖြစ်နေသော စင်မြင့်ပေါ်မှ ဖြည်းညင်းစွာ လျှောက်လာခဲ့သည်။

သူမ၏ ခြေလှမ်းများသည် တည်ငြိမ်နေပြီး သူမ၏ ကိုယ်ဟန်သည် မှိန်ဖျော့ဖျော့ တောက်နေဆဲဖြစ်သော ရေခဲအရောင်အဝါများအောက်တွင် မြင့်မားထည်ဝါနေသည်။

နီဖန်းကျိုးမှာမူ ဒူးတစ်ဖက်ထောက်လျက် လဲကျနေပြီး နှုတ်ခမ်းထောင့်တွင် သွေးစများ စွန်းထင်းနေကာ မျက်နှာသည်လည်း နှင်းကဲ့သို့ ဖြူလျော်နေသည်။

တစ်ချိန်က မာန်မာနများဖြင့် ထက်မြက်ခဲ့သော သူ၏ မျက်ဝန်းများတွင် ယခုအခါ မကျေနပ်မှုနှင့် မျှော်လင့်ချက်မဲ့မှုများသာ လောင်မြိုက်နေတော့သည်။

သူမ၏ အရိပ်သည် သူ့အပေါ်သို့ ကျရောက်လာချိန်တွင် သူ ခေါင်းမော့ကြည့်လိုက်ပြီး ထိုအခိုက်အတန့်တွင် သူတို့နှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြသည်။

ပရိသတ်၏ ဆူညံသံများကို ဖုံးလွှမ်းသွားသည့် တိတ်ဆိတ်မှုတစ်ခု သူတို့ကြားတွင် ပျံ့နှံ့သွားသည်။ ပိုင်ရွှယ်ချင်းသည် သူ့ကို တည်ငြိမ်စွာ ကြည့်နေခဲ့ပြီး သူမ၏ အမူအရာတွင် ဂုဏ်ယူဝင့်ကြွားမှု သို့မဟုတ် နှိမ်ချလိုသည့် သဘောထားမျိုး မရှိပေ။ ခဏအကြာတွင် သူမသည် တိတ်ဆိတ်မှုကို ဖြတ်ကျော်ကာ တိုးညင်းသော်လည်း ပြတ်သားသော အသံဖြင့် ပြောလိုက်သည်။

"နီဖန်းကျိုး... မင်း တကယ်ကို သန်မာပါတယ်။ အခုတော့ အဲဒါကို ငါ မြင်ပါပြီ။ အရင်တုန်းက ငါ မှားခဲ့တယ်—ငါ မင်းကို အထင်သေးခဲ့မိတယ်။"

သူမ၏ စကားများကြောင့် သူ အံ့အားသင့်သွားရသည်။ သူ၏ မျက်လုံးများ တုန်ရင်သွားသော်လည်း သူ၏ မျက်ဝန်းထဲမှ မကျေနပ်မှုများသည် ပျောက်ကွယ်မသွားခဲ့ပေ။

ပိုင်ရွှယ်ချင်းသည် တည်ငြိမ်ပြီး စိတ်ရင်းမှန်သော လေသံဖြင့် ဆက်ပြောသည်။

"အဲဒါအတွက် ငါ တောင်းပန်ပါတယ်။ ဒီနေ့ မင်း ငါ့ကို မင်းရဲ့ အစွမ်းတွေကို ပြသနိုင်ခဲ့တယ်။ ဒီတိုက်ပွဲက ငါတို့ကြားက အငြိုးအတေးတွေကို အဆုံးသတ်နိုင်လိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်။"

ဤသည်မှာ သူမ၏ စိတ်ရင်းအမှန်ပင် ဖြစ်သည်။ သူမ၏ ဆုံးဖြတ်ချက်ကို မှားယွင်းသောနေရာနှင့် မှားယွင်းသောအချိန်တွင် ပြုလုပ်ခဲ့မိကြောင်း သူမ နားလည်သွားပြီ ဖြစ်သည်။ အကယ်၍ သူမသာ အနည်းငယ် ပိုပြီး ဂရုစိုက်ခဲ့လျှင် ရလဒ်သည် ယခုထက် ပိုမိုကောင်းမွန်ခဲ့ပေလိမ့်မည်။

နီမျိုးနွယ်စုကဲ့သို့ လူများကို သို့မဟုတ် တစ်ချိန်က ကျင့်ကြံခြင်းပင် မပြုလုပ်နိုင်ခဲ့သော နီဖန်းကျိုးကဲ့သို့ လူမျိုးကို အလေးအနက်ထားရန် မလိုဟု ယူဆခဲ့မိသည့် သူမ၏ ကိုယ်ပိုင် မာန်မာနများကြောင့်သာ သူတို့ကြားတွင် ရန်ငြိုးများ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ကြောင်း သူမ သဘောပေါက်သွားခဲ့သည်။

ထိုစကားလုံးများသည် ရိုးရှင်းသော်လည်း မည်သည့်ဓားထက်မဆို ပိုမိုနက်ရှိုင်းစွာ ထိုးနှက်လိုက်သကဲ့သို့ ဖြစ်သွားသည်။

အောင်ပွဲ၏ ထိပ်ဆုံးသို့ ရောက်နေသူတစ်ဦးအနေဖြင့် သူမ၏ မာန်မာနကို လျှော့ချကာ ရှုံးနိမ့်သွားသော ပြိုင်ဘက်ကို အသိအမှတ်ပြုလိုက်ခြင်းသည် မည်သူမျှ မမျှော်လင့်ထားသော လုပ်ရပ်ပင် ဖြစ်သည်။

နီဖန်းကျိုး၏ နှုတ်ခမ်းများ တုန်ရင်နေသည်။ သူသည် ဟိန်းဟောက်ချင်ပြီး ပိုင်ရွှယ်ချင်း၏ စိတ်ရင်းဖြင့် တောင်းပန်မှုကို ငြင်းပယ်ချင်

နေသည်။

ထိုစကားမျိုးကို ပြောရမည့်သူမှာ သူမ မဟုတ်ဘဲ သူကိုယ်တိုင်သာ ဖြစ်သင့်သည်ဟု ယုံကြည်နေဆဲပင်။

သူ့ရင်ဘတ်သည် နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး မကျေနပ်မှုများသည် မီးကဲ့သို့ လောင်မြိုက်နေသည်။ သို့သော် ရလဒ်ကို ပြောင်းလဲ၍ မရတော့ပေ။

ပိုင်ရွှယ်ချင်းသည် ထိုနေရာတွင် ဆက်လက်မနေတော့ပေ။

ထိုနောက်ဆုံးစကားများကို ပြောပြီးနောက် သူမသည် သူ့ကို ထားရစ်ခဲ့ကာ ကျောခိုင်းထွက်ခွာသွားတော့သည်။

ရေခဲရောင်အရှိန်အဝါများ လွှမ်းခြုံထားသော သူမ၏ ကိုယ်ဟန်သည် သူမ၏ အမည်ကို ဟိန်းဟောက်အော်ဟစ်နေကြသည့် ကြားမှာပင် စင်မြင့်ပေါ်မှ တည်ငြိမ်စွာ ဆင်းသွားခဲ့သည်။

နီဖန်းကျိုးမှာမူ မလှုပ်မယှက် ကျန်ရစ်ခဲ့သည်။

သူ၏ လက်သီးများကို တင်းတင်းဆုပ်ထားသဖြင့် လက်ဆစ်များမှ သွေးများပင် ထွက်လာခဲ့ပြီး သူ၏ နှလုံးသားသည် လက်တွေ့ဘဝကို ဆန့်ကျင်ကာ အော်ဟစ်နေခဲ့သော်လည်း—သူ လုပ်နိုင်သမျှသည် ဝေးကွာသွားသော သူမ၏ ကျောပြင်ကိုသာ ကြည့်နေရတော့သည်။

All Chapters