အခန်း (၁၅၃)
Vol. 16 Ch. 153
“အဟွတ်။ အဟွတ်။”
ထိုခဏ၌ အောက်ထပ်မှ ခြေသံများ ထွက်ပေါ်လာ၏။ ထိုအသံကို ကြားလိုက်ရသောအခါ ရွှီချန်ထျန်၏ မျက်နှာထားသည် အနည်းငယ် ပြောင်းလဲသွားပြီးနောက် ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။
“အစ်ကိုကျုံးထိန်။ ခင်ဗျားရဲ့ ခြေသံက ခင်ဗျားကို သစ္စာဖောက်နေသလို ခင်ဗျားရဲ့ ချောင်းဟန့်သံကလည်း ခင်ဗျားကို သစ္စာဖောက်သွားပြီ။ ခင်ဗျားမှန်း ကြားတာနဲ့ ကျုပ် သိလိုက်ပြီ။ လာ။ လာ။ အတူတူ သောက်ကြမယ်။”
ရောက်ရှိလာသူမှာ ကွမ်ရှီးပြည်နယ်၊ ဝူကျိုး အရှေ့ဘက်ကွပ်ကဲရေးရုံး၏ တပ်မှူး ကျုံးထိန်ပင် ဖြစ်သည်။ ကျုံးထိန်နှင့် ရွှီချန်ထျန်တို့သည် အမြဲတမ်း ဆက်ဆံရေး ကောင်းမွန်ခဲ့ကြပြီး မကြာခဏ အတူတူ စားသောက်လေ့ ရှိကြသည်။
လင်းယွမ်အခန်း၏ တံခါး ပွင့်သွားပြီး ငွေရောင်ဝတ်ရုံကို ဆင်မြန်းထားသော လူလတ်ပိုင်း မိန်းမစိုးတစ်ဦး ဝင်ရောက်လာသည်။
သူ၏မျက်နှာသည် အနည်းငယ် ဖြူဖျော့နေသော်လည်း စတုဂံပုံ မျက်နှာထား ရှိသဖြင့် သူရဲကောင်းဆန်သလို ပိန်လှီသော ပုံစံလည်း ပေါက်နေပြီး ဆန့်ကျင်ဘက် ခံစားချက်ကို ပေးစွမ်းနေသည်။
သူသည် လီဝမ်ဟွေ့၏ လူယုံတစ်ဦး ဖြစ်ပြီး ဝူကျိုးစီရင်စု အရှေ့ဘက်ကွပ်ကဲရေးရုံး၏ ခေါင်းဆောင်လည်း ဖြစ်ပေသည်။
တုပိုင် မေးလိုက်သည်။ “ဦးလေးကျုံးလား။”
ကျုံးထိန်က ပြန်ဖြေသည်။ “ဟုတ်တယ်။ မင်းက တူလေးတုပိုင် ဖြစ်မယ်။”
“ဟုတ်ပါတယ်” တုပိုင် ပြောလိုက်သည်။
သူတို့၏ စကားပြောဆိုမှုကို ကြားလိုက်ရသောအခါ ရွှီချန်ထျန်၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားပြီးနောက် ကျယ်လောင်စွာ ရယ်မောလိုက်ပြန်သည်။
“ဒီကလေးက အစ်ကိုကျုံးထိန်ရဲ့ တူလေးလား။ ကိုယ့်လူအချင်းချင်း ပြန်တိုက်ခိုက်မိတော့မလို့ ဖြစ်နေပြီပဲ။”
“ဒါပေမဲ့ ဒီကလေးက တကယ်ကို မောက်မာပြီး ကြွားဝါလွန်းတယ်။ အနာဂတ်မှာ အစ်ကိုကျုံးထိန်အတွက် ပြဿနာ ရှာပေးလိမ့်မယ်။ ဒီနေ့ သူ ကျုပ်ကို ပြစ်မှားခဲ့တဲ့အတွက် သေဒဏ်ကနေ ကင်းလွတ်ခွင့် ပေးလိုက်မယ်။ ဒါပေမဲ့ သူ အပြစ်ဒဏ်တော့ ခံရမယ်။ မဟုတ်ရင် ကျုပ် ဘယ်လို မျက်နှာပြရတော့မလဲ။”
ကျုံးထိန်က မေးလိုက်သည်။ “ဒါဆို အစ်ကိုရွှီက သူ့ကို ဘယ်လို အပြစ်ပေးချင်လို့လဲ။”
“သူ့ပါးကို အချက် ၃၀ ရိုက်။” ရွှီချန်ထျန်က ပြောလိုက်သည်။
“ပြီးရင် လက်ချောင်း ၃ ချောင်း ဖြတ်ပစ်လိုက်။ ဒါဆို သူ့အသက်ကို ချမ်းသာပေးမယ်။ ဘာပဲဖြစ်ဖြစ် အစ်ကိုကျုံးထိန်ကိုတော့ မျက်နှာသာ ပေးရဦးမယ်လေ။”
“တကယ်ပါပဲ။ အစ်ကိုရွှီက တော်တော် သဘောထားကြီးတာပဲ။” ကျုံးထိန် ပြောလိုက်သည်။
“တူလေးတုပိုင်။ မင်း ဘယ်လို ထင်လဲ။”
တုပိုင်က ပြောလိုက်သည်။ “ဦးလေးကျုံး။ ကျွန်တော် လီစန်းကို မေးဖူးတယ်။ စစ်ဆေးရေးမှူး တစ်ယောက်ကို သတ်လို့ ရမလားလို့။ သူက ရတယ်လို့ ပြောတယ်။ အခု ဦးလေး ရောက်လာပြီ ဆိုတော့ ကျွန်တော် ဦးလေးကိုလည်း အလားတူ မေးခွန်း မေးပါရစေ။ ဒီ ဝူကျိုးစီရင်စုရဲ့ ဒေသခံ အာဏာရှင်၊ စစ်ဆေးရေးမှူး ရွှီချန်ထျန်ကို သတ်ဖို့ လွယ်ကူရဲ့လား။”
ထိုစကားကို ကြားသောအခါ ရွှီချန်ထျန်၏ မျက်နှာထား လုံးဝ ပြောင်းလဲသွားလေသည်။ သူ့မျက်လုံးများထဲတွင် လူသတ်ချင်စိတ်များ ပြည့်နှက်သွားပြီး စူးရှစွာ ပြောလိုက်သည်။
“ဒီကောင်လေး ဒီနေ့ အသက်ရှင်ရမှာ မဟုတ်ဘူး။ အစ်ကိုကျုံးထိန်။ ကျုပ် ခင်ဗျားကို မျက်နှာသာ မပေးဘူးလို့ အပြစ်မတင်နဲ့တော့။”
ကျုံးထိန်သည် တုပိုင်ကို ကြည့်ပြီး ခါးသီးသော အပြုံးဖြင့် ပြောလိုက်သည်။ “တကယ်ပဲ ဒီလို လုပ်ရမှာလား။”
တုပိုင် ပြောလိုက်သည်။ “ဟုတ်တယ်။ ဒီလို လုပ်ကို လုပ်ရမယ်။ သူတို့ကို သတ်ကို သတ်ရမယ်။”
ကျုံးထိန်သည် ပြုံးလိုက်ပြီး ပြောလိုက်သည်။ “သူ့ကို သတ်လို့ မရတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ပြဿနာ တက်လိမ့်မယ်။ သူ့ရဲ့ မွေးစားအဖေ စွန်းလင်းက ကွမ်ရှီး အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်မှူး ဝမ်ရင်ရဲ့ မွေးစားသားပဲ။ အမတ်မင်းလီဆီက အမိန့်မရဘဲနဲ့ ငါတို့ စိတ်မြန်လက်မြန် မလုပ်သင့်ဘူး။”
တုပိုင်က ပြောလိုက်သည်။ “ကွေ့လင်မှာတုန်းက ဝမ်ရင်က ကျွန်တော့်ကို သတ်ချင်ခဲ့တာ။ ဒါပေမဲ့ ကျွန်တော့် မွေးစားအဖေက ဝမ်ရင်ကို အသက်ကြီးပြီမို့ အိမ်ပြန်နားတော့လို့ ပြောလိုက်တယ်။”
“ဝမ်ရင်က သူ့စကားကို ချက်ချင်း ပြန်ရုတ်သိမ်းပြီး သူ့မျက်နှာသူ တံတွေးနဲ့ထွေး၊ အဲဒီတံတွေး ခြောက်တဲ့အထိ စောင့်ပြီး သူ ဘာမှမပြောခဲ့သလို ဟန်ဆောင်ခဲ့ရတာ။ ပြီးခဲ့တဲ့ ရက်နည်းနည်းက ဖြစ်သွားတဲ့ စာမေးပွဲ မသမာမှု ကိစ္စကို ဦးလေးကျုံး သိမှာပါ။ ဝမ်ရင်က သူ့ရဲ့ မွေးစားသားကို ကျွန်တော့်ရှေ့တင် သတ်ပြခဲ့တယ်။”
“ဒါဆို သူတို့တွေ အဆင်မပြေကြတော့ဘူး ဆိုတဲ့ သဘောလား။” ကျုံးထိန် မေးလိုက်သည်။
“ဟုတ်တယ်။ သူတို့တွေ တစ်ယောက်နဲ့တစ်ယောက် ရန်သူတွေ ဖြစ်သွားကြပြီ။” တုပိုင် ဖြေလိုက်သည်။
ကျုံးထိန်က ပြောလိုက်သည်။ “ကောင်းပြီလေ။ ဒါဆိုရင်တော့ သူ့ကို သတ်လို့ ရပြီ။”
တုပိုင်က ပြောလိုက်သည်။ “ဦးလေးကျုံး။ ကျွန်တော့် သိုင်းပညာက အတော်ညံ့တယ်။ အဲတော့ ဦးလေး သူ့ကို ဖမ်းချုပ်ထားပေး။ ကျွန်တော် သူ့ကို သတ်မယ်။”
“ကောင်းပြီလေ။” ကျုံးထိန်က အေးစက်သော အပြုံးဖြင့် ပြောလိုက်သည်။
ရွှီချန်ထျန် ဒေါသအိုး ပေါက်ကွဲသွားလေသည်။ သူသည် ကျုံးထိန်ကို စူးစိုက်ကြည့်ပြီး အော်ဟစ်ပြောဆိုလိုက်သည်။
“ကျုံးထိန်။ ခင်ဗျားက အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်မှူးမို့လို့သာ ကျုပ်က မျက်နှာသာ ပေးပြီး လေးစားနေတာ။ ခင်ဗျားကို ကြောက်တယ်လို့တော့ မထင်နဲ့။ ဝူကျိုးမှာ ကျုပ်က ဒေသခံ အာဏာရှင်ပဲ။”
“ဝူကျိုးတရားသူကြီးတောင် ကျုပ်ကို မထိရဲဘူး။ ကွေ့မင်းသားအိမ်တော်တောင် မထိရဲဘူး။ ခင်ဗျားကျုပ်ကို ထိချင်ပြီဆိုတာ သေချာပြီလား”
ဤ ရွှီချန်ထျန်သည် ဒေသခံ အာဏာရှင်အဖြစ် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ရသဖြင့် မည်သူ့ကိုမျှ လေးစားမှု မရှိတော့ပေ။ ကျုံးထိန်သည် လက်ကို ဝှေ့ယမ်းလိုက်ပြီး ပြောလိုက်သည်။
“စကြစို့။”
ချက်ချင်းပင် သူ ခေါ်ဆောင်လာခဲ့သော အရှေ့ဘက်ကွပ်ကဲရေးရုံးမှ ကျွမ်းကျင်ပညာရှင်များသည် လျှပ်စီးလက်သကဲ့သို့ လျင်မြန်စွာဖြင့် ဓားများကို ဆွဲထုတ်လိုက်ကြသည်။ လီစန်းနှင့် လီစစ်တို့သည် သရဲတစ္ဆေများကဲ့သို့ ပို၍ပင် လျင်မြန်ကြသည်။
ရွှပ်… ရွှပ်… ရွှပ်…
တစ်မိနစ်မျှသာ ကြာမြင့်ပြီးနောက် ရွှီချန်ထျန် ခေါ်ဆောင်လာသော အစောင့် ဒါဇင်ပေါင်းများစွာ အားလုံး သုတ်သင်ခံလိုက်ရလေသည်။
နယ်စားမင်းလေး လျူမန်ယွီသည် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ “ငါ့ရဲ့ မြူခိုးမျှော်စင်ထဲမှာ မင်းတို့ ဘယ်လိုလုပ် ပြဿနာ လာရှာရဲတာလဲ။ ငါ ဘယ်သူလဲ ဆိုတာ မသိကြဘူးလား။ အစောင့်တွေ။ အရေးယူကြစမ်း။”
ကျုံးထိန်သည် သူ့ကို ကြည့်ကာ ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။ “ငတုံးလေး။ မင်းအဖေကို ဒုက္ခမပေးစမ်းပါနဲ့။ သူ အခုမှ သေမင်းလက်ထဲက လွတ်လာတာ။ သူ့ကို ကယ်ခဲ့တာ ငါတို့ အရှေ့ဘက်ကွပ်ကဲရေးရုံးပဲ။ မင်းကသာ ဘာမှမသိဘဲ တစ်ထောင်ထောင်ဖြစ်နေတာ။”
မျှော်လင့်ထားသည့်အတိုင်းပင် မြူခိုးမျှော်စင်မှ စစ်သည်များထဲက မည်သူမျှ မလှုပ်ရှားရဲကြပေ။ ဤနယ်စားမင်းလေးသည် ငတုံးတစ်ယောက် ဖြစ်သော်လည်း သူတို့က ငတုံးများ မဟုတ်ကြပေ။
အရှေ့ဘက်ကွပ်ကဲရေးရုံးသည် မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်း ဤစစ်သည်များ ကောင်းကောင်း သိထားကြသဖြင့် သူတို့၏ အသက်ကို စွန့်စားစရာ အကြောင်း မရှိပေ။
လီစန်းနှင့် လီစစ်တို့သည် ရွှီချန်ထျန်ကို ဖမ်းဆီးရန် ရှေ့သို့ တိုးလာကြသည်။ ဤစစ်ဆေးရေးမှူးသည် သိုင်းပညာကို နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့သူ ဖြစ်ပြီး အလွန် သန်မာလေသည်။
သို့သော် သူသည် လီစန်းနှင့် လီစစ်တို့၏ ပြိုင်ဘက် မဟုတ်ချေ။ ထို့ကြောင့် နှစ်မိနစ်ခန့် အပြင်းအထန် တိုက်ခိုက်ပြီးနောက် သူ့ကို လီစန်းနှင့် လီစစ်တို့က စားပွဲပေါ်တွင် ဖိချထားလိုက်နိုင်လေသည်။ သူသည် အသည်းအသန် ရုန်းကန်ရင်း အော်ဟစ်နေသည်။
“ကျုံးထိန်။ ငါ့မွေးစားအဖေက စွန်းလင်းကွ။ ငါက ကွမ်ရှီး အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်မှူး မိန်းမစိုးဝမ်ရင်ရဲ့ တူတော်မောင်ပဲ။ ငါက ပေမင်ဓားဂိုဏ်းရဲ့ တပည့်ပဲ။ မင်းကိုယ်မင်း ပြဿနာဖြစ်အောင် မလုပ်နဲ့။” ရွှီချန်ထျန် ဟိန်းဟောက်လိုက်သည်။ “ကွေ့မင်းသားအိမ်တော်တောင် ငါ့ကို မသတ်ရဲဘူး။ ဝူကျိုးတရားသူကြီးတောင် ငါ့ကို မထိရဲဘူး။ မင်းက လုပ်ရဲတယ်ပေါ့။”
ကျုံးထိန် ရှေ့သို့ တိုးလာပြီး ပြောလိုက်သည်။ “ဟုတ်တယ်။ ကွေ့မင်းသားအိမ်တော်ကို မရေမတွက်နိုင်တဲ့ မျက်လုံးတွေက စောင့်ကြည့်နေကြတာ။ သူတို့က လူမသတ်ရဲကြဘူး။ သူတို့ကနာမည်ကြီး ထမင်းငတ်တွေ။”
သူတို့က လူမသတ်ရဲရုံသာမက ကွေ့မင်းသား၏ အမွေခံ သားတော် နင်းချုံးယောင်သည် အလွန်သတိကြီးလွန်းသဖြင့် ပုရွက်ဆိတ်တစ်ကောင်ကိုပင် တက်နင်းရဲသူ မဟုတ်ပေ။
ကျုံးထိန် ဆက်ပြောလိုက်သည်။
“တရားသူကြီးက အရပ်ဘက် အရာရှိ ဖြစ်တဲ့အတွက် မင်းလို ဒေသခံ အာဏာရှင်မျိုးကို သုံးပြီး ညတ်ပတ်တဲ့ ကိစ္စတွေကို ကိုင်တွယ်ခိုင်းဖို့ လိုအပ်တယ်။ ဒါကြောင့် သူက မင်းကို မသတ်ရဲဘူး။”
“ဒါပေမဲ့ အရှေ့ဘက်ကွပ်ကဲရေးရုံးအတွက်တော့ မင်းလိုကောင်ကို သတ်ရတာက ခွေးတစ်ကောင်ကို သတ်ရတာနဲ့ ဘာမှ မခြားနားဘူး။ မင်းရဲ့ စစ်ဆေးရေးမှူး ရာထူးဆိုတာ အဆင့် ၉ အရာရှိလို့ ပြောကြပေမဲ့ တကယ်တော့ ဒေသခံ လူမိုက်တွေကို ထိန်းချုပ်ဖို့ နန်းတော်က သုံးထားတဲ့ နယ်ရုပ်တစ်ခုပဲ။ အနှစ်ချုပ်ပြောရရင် မင်းက လူမိုက်ဂိုဏ်းခေါင်းဆောင် တစ်ယောက် သက်သက်ပဲ။”
ရွှီချန်ထျန်၏ မျက်နှာ ဖြူဖျော့သွားပြီး ရုန်းကန်ရင်း ပြောလိုက်သည်။ “ငါက အဖိုးစွန်းလင်းရဲ့ မွေးစားသား။ အဖိုးဝမ်ရင်ရဲ့ မွေးစားတူ။”
ကျုံးထိန် ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။ “သူတို့ မင်းကို မွေးစားသား၊ မွေးစားတူအဖြစ် လက်ခံထားတာက မင်းရဲ့ ဒေသခံ အဆက်အသွယ်တွေကို အသုံးချချင်လို့ပဲ။ ပြီးတော့ နှစ်တိုင်း မင်းဆီက ဆက်ကြေးငွေ အမြောက်အမြား ရတာကိုး။”
“သူတို့က မင်းကို တကယ် ဂရုစိုက်တယ်လို့ ထင်နေတာလား။ မင်းက ခွေးတစ်ကောင်ပဲ။ ဒါ့အပြင် မင်းက ကွမ်ရှီးပြည်နယ်က မိန်းမစိုးဂိုဏ်းရဲ့ အခြေအနေကိုတောင် ရှင်းရှင်းလင်းလင်း မမြင်နိုင်ဘူး။ ဝမ်ရင်က အာဏာအရှိဆုံးလို့ မင်း ထင်နေတာလား။ မင်းက ဝမ်ရင်ရဲ့ မွေးစားတူ မဟုတ်ဘဲ သားအရင်း ဖြစ်နေရင်တောင် ငါတို့က မင်းကို သတ်ပစ်နိုင်တယ်။ သူ ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး။”
ကျုံးထိန် မတ်တပ်ရပ်လိုက်ပြီး ပြောလိုက်သည်။
“ဟူးးး။ ငတုံးတစ်ယောက်ကို လူလိုသူလို ဖြစ်လာအောင် သင်ပေးရတာ တော်တော် ခက်တာပဲ။ အထူးသဖြင့် ဒီလို မသိနားမလည်တဲ့ တောသားတွေပေါ့။ အရက်ဝိုင်းမှာ အတူ ခဏလောက် ထိုင်သောက်ဖူးရုံနဲ့ တကယ် ညီအစ်ကိုတွေ ဖြစ်သွားပြီလို့ ထင်နေကြတာ။”
“ထမင်းစားပွဲပေါ်မှာ ပြောတဲ့ စကားတွေကို ဘယ်လိုလုပ် အတည်ယူလို့ ရမှာလဲ။ ထမင်းစားပွဲပေါ်က ညီအစ်ကို သံယောဇဉ်ကို ဘယ်လိုလုပ် အလေးအနက် ထားလို့ ရမှာလဲ။ ကဲ တူလေးတုပိုင်။ မင်း လုပ်ချင်တာ လုပ်တော့။”
“ကောင်းပါပြီ။” တုပိုင် ပြောလိုက်သည်။
“အစ်မဖိန်အာ။ ဟိုဘက် လှည့်နေလိုက်။”
“မလှည့်ဘူး။ ငါ ကြည့်ချင်တယ်။” တုဖိန်အာ ပြောလိုက်သည်။
“ကောင်းပြီလေ။ ဒါပေမဲ့ ကျွန်တော်က အရမ်း ရက်စက်လွန်းနေတယ် ဆိုပြီး မောင်လေးကို လာဆိတ်တာ။ လာရိုက်တာမျိုး မလုပ်ရဘူးနော်။”
တုပိုင် ပြောလိုက်သည်။ ထို့နောက် တုပိုင်သည် ရွှီချန်ထျန် အနားသို့ ရောက်သွားပြီး မင်းသမီးနင်းရွှဲ့ ပေးထားသော ရွှေရောင်နှင်း ဓားမြှောင်ကို ထုတ်လိုက်သည်။ ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် အိတ်ထဲသို့ ပြန်ထည့်လိုက်သည်။
“လီစန်း။ မင်း ဓားမြှောင် ပေး။” တုပိုင် ပြောလိုက်သည်။
လီစန်းသည် တုပိုင်လက်ထဲသို့ ဓားမြှောင်တစ်ချောင်း ထည့်ပေးလိုက်သည်။ တုပိုင်သည် ရွှီချန်ထျန်၏ တုန်ရီနေသော မျက်နှာကို စိုက်ကြည့်လိုက်ပြီး ဓားမြှောင်ဖြင့် ပါးကို ပုတ်ကာ မေးလိုက်သည်။
“မင်း ကြောက်နေလား။”
ရွှီချန်ထျန် တုန်ရီစွာဖြင့် ပြောလိုက်သည်။ “ငါက ဝမ်ရင်ရဲ့ မွေးစားတူနော်။ မင်း ငါ့ကို မထိရဲဘူး။ မင်း ငါ့ကို မထိရဲဘူး။”
တုပိုင်က ပြောလိုက်သည်။ “ကျွန်တော်က အခုတလော သူများတွေကို သင်းကွပ်ရတာ သဘောကျနေတာ။ အကြာကြီး လေ့ကျင့်ထားလို့ လက်ရာလည်း တော်တော် ကောင်းနေပြီ။ ခင်ဗျားကို စမ်းသပ်ခွင့် ပေးမယ်နော်။”
တုပိုင်သည် ပေါ့ပါးစွာပင် လက်ကို ဝှေ့ယမ်းလိုက်လေသည်။
ဝူကျိုး စစ်ဆေးရေးမှူး ရွှီချန်ထျန်သည် အောက်ပိုင်းမှ အေးစက်သွားသည်ကို ခံစားလိုက်ရသည်။ သူ သင်းကွပ်ခံလိုက်ရလေ၏။
“အားးးး။” သူ့ခမျာ လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားပြီး အလွန် သနားစဖွယ်ကောင်းသော အသံဖြင့် အော်ဟစ်လိုက်လေသည်။
သင်းကွပ်ခံလိုက်ရပြီးနောက် ရွှီချန်ထျန်သည် ယုံကြည်မှုနှင့် သတ္တိအားလုံး ဆုံးရှုံးသွားလေသည်။ မျက်ရည်များနှင့် နှပ်များ မျက်နှာအနှံ့ စီးကျနေပြီး အော်ဟစ်လိုက်သည်။
“ငါ့ကို လွှတ်ပေးပါ။ ငါ့ကို လွှတ်ပေးပါ။ ငါ အရှုံးပေးပါပြီ။ ငါ အရှုံးပေးပါပြီ။ ငါ့မိသားစု ပိုင်ဆိုင်မှုတွေ အကုန် ပေးပါ့မယ်။ ငွေတွေ အများကြီး ပေးပါ့မယ်။ ကျေးဇူးပြုပြီး ငါ့ကို လွှတ်ပေးပါ။”
တုပိုင်က ပြောလိုက်သည်။ “ခင်ဗျား သေသွားရင် ခင်ဗျားမိသားစု ပိုင်ဆိုင်မှုတွေက လွတ်မယ်လို့ ထင်နေတာလား။”
ကျုံးထိန်က ပြောလိုက်သည်။ “မင်းကို သတ်ဖို့အတွက် ငါတို့မှာ သက်သေအထောက်အထား လိုတယ်။ ဒါကြောင့် မင်းရဲ့ ပိုင်ဆိုင်မှုတွေကို ငါတို့ သိမ်းဆည်းရလိမ့်မယ်။”
ရွှီချန်ထျန်သည် မျှော်လင့်ချက်မဲ့စွာဖြင့် အော်ဟစ်လိုက်သည်။
“ငါ့မွေးစားအဖေက မိန်းမစိုးစွန်းလင်း။ ငါက ကွမ်ရှီး အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်မှူး မိန်းမစိုးဝမ်ရင်ရဲ့ တူ။ သူတို့ မင်းတို့ကို လွှတ်ထားမှာ မဟုတ်ဘူး။ ကျေးဇူးပြုပြီး။ ကျေးဇူးပြုပြီး ငါ့ကို လွှတ်ပေးပါ။”
“ခင်ဗျားက သိပ်နုံအပြီး အမြင်မရှိတာပဲ။”
တုပိုင် ပြောလိုက်သည်။ “ကွမ်ရှီးပြည်နယ်က မိန်းမစိုးဂိုဏ်းခေါင်းဆောင်က ဘယ်သူလဲဆိုတာတောင် ခင်ဗျား မသိဘဲနဲ့ ဒီလောက် မောက်မာ ရိုင်းစိုင်းရဲသေးတယ်။ ဒီလောက် အသုံးမကျတဲ့ ဦးနှောက်နဲ့ ခင်ဗျား ဘယ်လိုလုပ်ပြီး ဒီလောက်ကြာကြာ အသက်ရှင်ခဲ့တာလဲ။”
အပိုင်း ၁၅၃ ပြီး။