← Chapters

အခန်း (၁၅၅)

Vol. 16 Ch. 155

အခန်း (၁၅၅)

Vol. 16 Ch. 155

လူငယ်နယ်စားလေး လျူမန်ယွီသည် သူ့အဖေ ရောက်လာသည်ကို မြင်သောအခါ ကယ်တင်ရှင်ကို တွေ့လိုက်ရသကဲ့သို့ ဖြစ်သွားသည်။ သူသည် ချက်ချင်းပင် အော်ဟစ်လိုက်သည်။

“အဖေ။ ကယ်ပါဦး။ ကယ်ပါဦး။ ဒီမိန်းမစိုးတွေက ကျွန်တော့်ရဲ့ မြူခိုးမျှော်စင်မှာ လူသတ်ရုံတင် မကဘူး။ ကျွန်တော့်ကိုပါ ရိုက်ရဲတယ်။”

“သူတို့က အဖေ့လို နယ်စားမင်း တစ်ယောက်ကို လေးစားမှု မရှိဘူး။ ဒီမိန်းမစိုးလေးကို ဖမ်းပြီး လီဝမ်ဟွေ့ သေဒဏ်ကျအောင် တိုင်စာပို့ပေးပါ။ သူက ဒီမတရားမှုရဲ့ နောက်ကွယ်က ကြိုးကိုင်သူပဲ။”

ဖုန်းဝူနယ်စားမင်း လျူဝူဟွမ်းသည် သူ့သားအနားသို့ သွားလိုက်ပြီးနောက် တုပိုင်ကို ကြည့်လိုက်သည်။

“ဟုတ်တယ်။ သူ့ကို ဖမ်း။ လွတ်မသွားစေနဲ့။ သူ့လက်တွေကို သားဖြတ်ပစ်ချင်တယ်။ ဖြတ်ပစ်။” လူငယ်နယ်စားလေးက ဒေါသတကြီး ပြောလိုက်သည်။ “အဖေ။ အခုပဲ လုပ်လိုက်။ သူ့လက်တွေကို ဖြတ်ပစ်လိုက်။”

ဖုန်းဝူနယ်စားမင်း လျူဝူဟွမ်းသည် ကောင်းကင်ကို မော့ကြည့်ကာ သက်ပြင်းချလိုက်သည်။ ထို့နောက် ဝိုင်အိုးကို ကောက်ကိုင်ပြီး ဝိုင်တစ်ခွက်ကို တစ်ဝက်လောက် သောက်လိုက်သည်။ ပြီးနောက် သူ၏ နယ်စားမင်း ဝတ်ရုံကို ချွတ်လိုက်ပြီး အင်္ကျီလက်မောင်းများကို ပင့်တင်ကာ လက်သီးများကို ဆုပ်လိုက်သည်။

ထိုအရာကို မြင်သောအခါ လူငယ်နယ်စားလေးသည် စိတ်လှုပ်ရှားစွာ ပြုံးလိုက်ပြီး ပြောလိုက်သည်။

“ခွေးကောင်… မင်း မောက်မာရဲသေးလား။ ငါ့အဖေရှေ့မှာ မောက်မာရဲသေးလား။ အဖေ… သူ့ကို သေအောင် ရိုက်ပြီး သားအတွက် ကလဲ့စားချေပေးပါ။”

“စိတ်မပူနဲ့။ ငါ မင်းအတွက် ကလဲ့စားချေပေးမယ်။”

ဖုန်းဝူနယ်စားမင်း လျူဝူဟွမ်း ပြောလိုက်သည်။

ထို့နောက် ဟိန်းဟောက်သံနှင့်အတူ သူ့သား လျူမန်ယွီဆီသို့ ပြေးသွားပြီး လက်သီးများဖြင့် ရက်စက်စွာ စတင် ရိုက်နှက်လေတော့သည်။

“ဘုန်း… ဘုန်း… ဘုန်း… ဘုန်း…”

နယ်စားမင်းကြီးသည် အမှန်တကယ် ရိုက်နှက်ခြင်း ဖြစ်သည်။ သို့သော် တုပိုင်ကိုရိုက်နှက်နေခြင်းမဟုတ်ပဲ သူ့သားကို သူပြန်တီးနေခြင်းဖြစ်လေ၏။

သူ့လက်သီးများသည် မိုးစက်များကဲ့သို့ ကျရောက်လာပြီး အစောက တုပိုင် ရိုက်နှက်ခဲ့သည်ထက် ပို၍ ရက်စက်ကြမ်းကြုတ်သေးသည်။ သောက်ကျိုးနည်းလှသည်။

သူသည် လက်သီးဖြင့် ထိုးရုံသာမက ခြေထောက်ဖြင့်ပါ ကန်ကျောက်နေသည်။ နယ်စားမင်းကြီးသည် သူ့သားအရင်းကို အမှန်တကယ် အသေရိုက်သတ်တော့မည့် ပုံစံပေါက်နေသည်။

ထိုးချက်တိုင်းက ထိထိမိမိ ရှိပြီး ကန်ချက်တိုင်းက အရိုးထိအောင် နာကျင်စေသည်။ ဘေးနားမှ ရပ်ကြည့်နေသော တုပိုင်ပင်လျှင် နာကျင်မှုကို ခံစားနေရသည်။

လူငယ်နယ်စားလေး လျူမန်ယွီသည် အစပိုင်းတွင် ထိတ်လန့်သွားပြီးနောက် အလွန်အမင်း အရိုက်ခံရသဖြင့် ကြောင်အမ်းအမ်း ဖြစ်သွားကာ ဘဝ၏ အဓိပ္ပာယ်ကိုပင် မေးခွန်းထုတ်လာမိသည်။

“အား… အား…” တစ်ချိန်က ချောမောခဲ့သော လူငယ်နယ်စားလေးသည် အသတ်ခံရတော့မည့် ဝက်တစ်ကောင်ကဲ့သို့ စူးရှစွာ အော်ဟစ်နေလေသည်။

ရိုက်နှက်မှုသည် နာရီဝက်တိတိ ကြာမြင့်ခဲ့သည်။ လူငယ်နယ်စားလေးသည် ဆီးထွက်ကျသည်အထိ အရိုက်ခံလိုက်ရပြီး သူ့အော်သံများမှာလည်း တဖြည်းဖြည်း တိုးဝင်ပျောက်ကွယ်သွားသည်။ ဖုန်းဝူနယ်စားမင်း လျူဝူဟွမ်း၏ လက်သီးများပင် ပေါက်ပြဲပြီး သွေးထွက်နေလေ၏။

တုပိုင် ရှေ့တိုးသွားပြီး လျူဝူဟွမ်းကို ဆွဲကာ ပြောလိုက်သည်။

“နယ်စားမင်း။ ဆက်ရိုက်လို့ မဖြစ်တော့ဘူး။ ဆက်ရိုက်ရင် လူသေသွားလိမ့်မယ်။”

“ငါ သူ့ကို သေအောင် ရိုက်မယ်။ ငါ သူ့ကို သေအောင် ရိုက်မယ်။” လျူဝူဟွမ်း အော်ဟစ်လိုက်သည်။ “ငါ့မှာ ဒီလိုသား မရှိဘူးလို့ပဲ သဘောထားလိုက်မယ်။ ငတုံးကောင်။ မျိုးမစစ်ကောင်။ မျက်ကန်းကောင်။ တခြားသူတွေက မင်းအဖေကို အနိုင်ကျင့်နေတာတောင် မင်းက သူတို့ကို ညီအစ်ကိုတွေလို့ ခေါ်နေတုန်းပဲ။”

“မင်းက လော့ဝမ်ရဲ့သားကို ညီအစ်ကိုလို ဆက်ဆံတယ်။ သူတို့က မင်းကို ပြန်ပေးဆွဲပြီး မင်းအဖေကို ခြိမ်းခြောက်တယ်။ အရှေ့ဘက်ကွပ်ကဲရေးရုံးသာ ဝင်မပါရင် မင်းရဲ့ ညီလေးနှစ်ယောက် သေတာ ကြာပြီ။”

“သောက်ကျိုးနည်း။ အဲဒီတုန်းက နံရံပေါ် ပန်းထည့်လိုက်တာကမှ မင်းလို ငတုံးကောင်ကို မွေးတာထက် ပိုကောင်းဦးမယ်။”

လျူဝူဟွမ်းသည် ပြောရင်းဆိုရင်း ဒေါသပိုထွက်လာပြီး သူ့သား လျူမန်ယွီကို ခြေထောက်ဖြင့် အငြိုးတကြီး ကန်ကျောက်လိုက်လေသည်။

ထို့နောက် သူသည် ယိုင်နဲ့နဲ့ဖြင့် ကုလားထိုင်ပေါ်တွင် ဝင်ထိုင်လိုက်သည်။ ဒေါသကြောင့် တုန်ရီနေဆဲ ဖြစ်ပြီး မျက်လုံးများတွင် မျက်ရည်များ ပြည့်နေသည်။

တုပိုင် သူ့ကို ဝိုင်တစ်ခွက် ငှဲ့ပေးလိုက်သည်။ လျူဝူဟွမ်း ဝိုင်ကို ယူသောက်လိုက်ပြီး ပြောလိုက်သည်။

“တူလေး။ ဦးလေး ရယ်စရာဖြစ်အောင် လုပ်မိလို့ တောင်းပန်ပါတယ်။ ဒါ ဦးလေးတို့ မိသားစုရဲ့ ကံဆိုးမှုပါပဲ။ မင်းရဲ့ ငဲ့ညာမှုအတွက် ကျေးဇူးတင်ပါတယ်။”

တုပိုင် ပြုံးလိုက်သော်လည်း ဘာမှ မပြောပေ။

လျူဝူဟွမ်းက ပြောလိုက်သည်။

“တက္ကသိုလ်သုံးခု ပူးပေါင်းပြိုင်ပွဲ ပြီးသွားတော့ ပြန်ပေးဆွဲခံထားရတဲ့ ဦးလေးရဲ့ မိသားစုဝင်တွေ ပြန်လွတ်လာတယ်။”

“ဒါပေမဲ့ ဦးလေးရဲ့ သားနှစ်ယောက်ကို မင်းတို့ အရှေ့ဘက်ကွပ်ကဲရေးရုံးက ကယ်တင်ပေးလိုက်လို့ မဟုတ်ရင် သူတို့ အခုဆို စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေလောက်ပြီ။ “

“ဦးလေးက ကျန်းနန်နယ်စားမင်းအပေါ် အကြွေးတင်နေတယ်လို့ ခံစားရတာကြောင့် သူ့အတွက် စစ်သုံးငွေတွေ ရှာပေးဖို့ ကူညီရင်း အိမ်ပြန်ပြီး ဒီငတုံးသားကို ဆုံးမဖို့ အချိန်မရခဲ့ဘူး။”

“အကယ်ဒမီသုံးခု ပူးပေါင်းပြိုင်ပွဲ မတိုင်ခင် တစ်ရက်အလိုမှာ ဒီငတုံး လျူမန်ယွီက လော့ဝမ်ရဲ့သားနဲ့ သောက်စားရင်း မူးပြီး ပြန်ပေးဆွဲခံလိုက်ရတယ်။ ပြန်လွတ်လာတာတောင် သူ ဘာမှ မဖြစ်ခဲ့သလို မူးပြီး အိပ်ပျော်သွားတယ်လို့ ထင်နေပြီး သူများတွေကို ညီအစ်ကိုလို ဆက်ဆံနေတုန်းပဲ။”

ထို့နောက် လျူဝူဟွမ်းသည် သူ့ကိုယ်သူ ဝိုင်တစ်ခွက် ငှဲ့လိုက်ပြီး တုပိုင်အတွက်ပါ တစ်ခွက် ငှဲ့ပေးကာ ပြောလိုက်သည်။

“ဒီနေ့ သူ ပြဿနာ ထပ်ရှာမယ်လို့ ဦးလေး ထင်မထားမိဘူး။ စိတ်မပူပါနဲ့ တူလေးရယ်။ ဦးလေး ပြန်ရောက်တာနဲ့ ချက်ချင်းပဲ ဧကရာဇ်မင်းမြတ်ဆီ လျှောက်လွှာတင်ပြီး တခြားသားတစ်ယောက်ကို ဦးလေးရဲ့ ရာထူး ဆက်ခံခိုင်းပါ့မယ်။”

“အဲဒီသားက အသက်ငယ်ပေမဲ့ ကြင်နာတယ်။ အသိဉာဏ် ရှိပြီး ရိုးသားတယ်။ ဦးလေးရဲ့ လျူမိသားစုက အသုံးမကျတော့ နောင်ကျရင် အနိုင်ကျင့်ခံရမှာ သေချာတယ်။ ဒါကြောင့် နောင်ကျရင် ဦးလေးတို့ မိသားစုကို စောင့်ရှောက်ပေးဖို့ တူလေးကို မေတ္တာရပ်ခံပါရစေ။”

တုပိုင် အလျင်အမြန် ခွက်မြှောက်လိုက်ပြီး ပြောလိုက်သည်။

“နယ်စားမင်းက နှိမ့်ချလွန်းနေပါပြီ။ ကျွန်တော်တို့ သိပ်မတွေ့ဖြစ်ကြပေမဲ့ ကျွန်တော်တို့ကြားမှာ နက်ရှိုင်းတဲ့ ဆက်ဆံရေး ရှိပါတယ်။ ကျွန်တော် စိတ်ထဲ မှတ်ထားပါ့မယ်။”

လျူဝူဟွမ်း၏ သားကို စောင့်ရှောက်ပေးမည်ဟု ပြောရာတွင် တုပိုင် နောက်ပြောင်နေခြင်း မဟုတ်ပေ။ သူ့အနာဂတ် အလားအလာကို ခဏထားပြီး လီဝမ်ဟွေ့၏ ဆက်ခံသူအဖြစ် သတ်မှတ်ရုံဖြင့် လျူဝူဟွမ်း၏ မျိုးဆက်များကို စောင့်ရှောက်ရန် လုံလောက်ပေသည်။

အာဏာမရှိသော ဤနယ်စားမျိုးနွယ်များသည် ပိုင်ဆိုင်မှုအချို့နှင့် ဘွဲ့ထူးဂုဏ်ထူးများမှလွဲ၍ ဘာမှ မကျန်တော့ပေ။

“ဒါဆို ဦးလေး ဘာမှ ထပ်မပြောတော့ဘူး။ အားလုံး ဝိုင်ခွက်ထဲမှာပဲ ထားလိုက်ပါတော့။”

လျူဝူဟွမ်းသည် တုပိုင်နှင့်အတူ နောက်ထပ် ဝိုင်တစ်ခွက် သောက်လိုက်ပြီးနောက် ပြောလိုက်သည်။ “တူလေး။ မင်းကိစ္စ မင်းဆက်လုပ်ပါ။ ဦးလေးက ဒီမိဘစကား နားမထောင်တဲ့ သားဆိုးကို အိမ်ခေါ်သွားလိုက်ဦးမယ်။”

“ဂရုစိုက်ပါ နယ်စားမင်း။” တုပိုင် အလျင်အမြန် ထပြီး လိုက်ပို့လိုက်သည်။

လျူဝူဟွမ်းက လက်ဝှေ့ယမ်းလိုက်ရာ စစ်သည်နှစ်ဦး ရှေ့တိုးလာပြီး လူငယ်နယ်စားလေး လျူမန်ယွီကို သယ်ဆောင်သွားကြသည်။

“ကျွတ်… ကျွတ်… ကျွတ်…” ဘေးနားမှ ကျုံးထိန်က ပြောလိုက်သည်။ “ဒီ လျူနယ်စားမင်းက သာမန်မိန်းမစိုးတွေကို အထင်သေးတုန်းပါပဲလား။ ပါရမီရှင် ဖြစ်တဲ့ မင်းနဲ့ကျတော့ ရယ်မော စကားပြောပြီး ငါတို့ကိုကျတော့ လျစ်လျူရှုထားတယ်။”

ဤသည်က အမှန်ပင်ဖြစ်လေ၏။ လျူဝူဟွမ်းသည် ခံစားချက် ပြင်းထန်သော လူတစ်ယောက် ဖြစ်သည်။ သူသည် တုပိုင်၏ ဂီတ၊ စစ်တုရင်၊ စာရေးအလှ၊ ပန်းချီ စွမ်းရည်များကို သဘောကျသဖြင့် အထူးလေးစားခြင်း ဖြစ်သည်။

ကျုံးထိန်သည် ဝူကျိုးစီရင်စုတွင် အာဏာကြီးမားသော ရာထူးကို ရယူထားသည့် အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်မှူး ဖြစ်သော်လည်း လျူဝူဟွမ်းက သူ့ကို အလေးအနက် မထားပေ။ ငါ မင်းကို မမုန်းဘူး။ ဒါပေမဲ့ မင်းနဲ့လည်း မပတ်သက်ချင်ဘူးဟူသော သဘောထားမျိုး ဖြစ်သည်။

တုပိုင် ရယ်မောလိုက်ပြီး ပြောလိုက်သည်။ “ဦးလေးကျုံးရာ။ အရမ်းလည်း သဘောထား မသေးသိမ်ပါနဲ့။”

ထို့နောက် သူ၏ အကြည့်များသည် ဖိန်အာ၏ ယောက္ခမ သခင်မကြီးဝူထံသို့ ကျရောက်သွားလေသည်။

ယခုလေးတင် ဖြစ်ပျက်ခဲ့သော အရာများသည် နာရီဝက်ကျော်သာ ကြာမြင့်ခဲ့သော်လည်း သခင်မကြီးဝူနှင့် ဒုတိယသခင် ဝူကျန့်လုံတို့အတွက်မူ တစ်နှစ်လောက် ကြာမြင့်သကဲ့သို့ ခံစားလိုက်ရသည်။

ဤအရာအားလုံးသည် ရုတ်တရက် ဆန်လွန်းသည်။ မျှော်လင့်မထားလွန်းသည်။ ထိတ်လန့်စရာ ကောင်းလွန်းလှပေသည်။

သူတို့သည် တုပိုင်ကို ဆင်းရဲသော ဆွေမျိုးတစ်ဦးဟု ထင်မှတ်ထားခဲ့သော်လည်း ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ကြပေ။

ဝူမိသားစုသည် ငွေကြေးသိန်းချီ ပိုင်ဆိုင်သော ချမ်းသာကြွယ်ဝသည့် မိသားစု ဖြစ်သော်လည်း သူတို့၏ မျက်လုံးထဲတွင် ရွှီချန်ထျန်နှင့် နယ်စားမင်းလေး လျူမန်ယွီတို့သည် လက်တစ်ချောင်းတည်းဖြင့် ဝူမိသားစုကို ချေမှုန်းပစ်နိုင်သည့် အလွန် အရေးပါသော ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြသည်။

ဆန့်ကျင်ဘက်အားဖြင့် တုပိုင်သည် သူမ၏ အမြင်တွင် အလကား ဆင်းရဲသား ဆွေမျိုးတစ်ယောက်သာ ဖြစ်သည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် ထိုကဲ့သို့ အလုပ်လက်မဲ့ တစ်ယောက်သည် ဝူမိသားစုမှ အစေခံများလောက်ပင် အဆင့်အတန်း မရှိပေ။

သို့သော် ကပ်ပါးရပ်ပါးဟု သူတို့ ထင်မှတ်ထားခဲ့သော ထိုဆင်းရဲသား ဆွေမျိုး တုပိုင်ကပင် ရွှီချန်ထျန်ကို သတ်ဖြတ်ခဲ့ပြီး နယ်စားမင်းလေး လျူမန်ယွီကို ခေါင်းကြီး ဖူးရောင်သွားသည်အထိ ရိုက်နှက်ခဲ့သည်။ အထူးအဆန်းဆုံးနှင့် အရေးအကြီးဆုံးမှာ ဖုန်းဝူနယ်စားမင်း လျူဝူဟွမ်းကပင် သူ့ကို ကျေးဇူးတင်နေခြင်း ဖြစ်သည်။

ထို့ပြင် သူမ၏ မျက်လုံးထဲတွင် အလွန် အရေးပါလှသော ပုဂ္ဂိုလ်ကြီး ဖြစ်သည့် ရွှီချန်ထျန်သည် အသတ်ခံလိုက်ရပြီး သူ၏ ပိုင်ဆိုင်မှုများသည်လည်း ဘဏ္ဍာသိမ်းဆည်းခြင်း ခံလိုက်ရသည်။

ရွှီမိသားစုသည် ဝူကျိုးတွင် နှစ်ပေါင်း ၁၀၀ ကျော်ကြာ အခြေချလာခဲ့သော အစွမ်းထက်သည့် ဒေသခံ မိသားစုကြီး တစ်ခု ဖြစ်သည်။ သို့သော် သူတို့သည် သတိပေးချက် တစ်စုံတစ်ရာ မရှိဘဲ သုတ်သင်ရှင်းလင်း ခံလိုက်ရပြီး နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၃ ခုဖြင့်ပင် စွဲချက်တင်ခံလိုက်ရသည်။

ဤသည်မှာ တကယ့်ကို လက်ဖဝါးတစ်ဖက်ယမ်းလိုက်ရုံဖြင့် မိုးနှင့်လေကို ဖန်ဆင်းနိုင်စွမ်း ရှိခြင်းပင်။

ရုတ်တရက် ဆိုသလိုပင် သခင်မကြီးဝူ၏ မျက်လုံးထဲ၌ တုပိုင်သည် မယုံကြည်နိုင်လောက်အောင် လျှို့ဝှက်ဆန်းကြယ်ပြီး စွမ်းအားကြီးမားသူ တစ်ယောက် ဖြစ်လာခဲ့သည်။

သေချာပေါက် သခင်မကြီးဝူ အထင်လွဲနေခြင်း ဖြစ်သည်။

ရွှီချန်ထျန်သည် အတော်အတန် အာဏာကြီးမားသော်လည်း သူ၏ အမည်ဖြင့် ကျူးလွန်ထားသော ပြစ်မှုစာရင်းမှာ အလွန် ရှည်လျားပြီး စနစ်တကျ လေ့ကျင့်ထားသော အရာရှိတစ်ဦး မဟုတ်ပေ။

သူ့တွင် ကြီးမားသော ရာဇဝတ်မှု နောက်ကြောင်းရာဇဝင် ရှိသည်။ ထိုကဲ့သို့သော လူမျိုးသည် မည်မျှပင် အစွမ်းထက်ပါစေ အရှေ့ဘက်ကွပ်ကဲရေးရုံးသည် သူ့ကို အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနိုင်သည်။

ရွှီချန်ထျန်သည် ၂၁ ရာစုမှ လူဆိုးဂိုဏ်းခေါင်းဆောင် အချို့နှင့် တူညီလေသည်။ သူတို့သည် အစွမ်းထက်ပြီး ဩဇာညောင်းပုံ ပေါက်နေကာ ပြည်နယ်အရာရှိများနှင့်ပင် ရယ်မော စကားပြောဆိုနိုင်ကြသည်။ သို့သော် အာဏာပိုင်များက သူတို့ကို ဖြုတ်ချရန် ဆုံးဖြတ်လိုက်ပါက အပြတ်ဖြုတ်ရန် မြို့တော်အဆင့် ရဲမှူးတစ်ယောက်လောက်နှင့်ပင် လုံလောက်လေ၏။

အပိုင်း ၁၅၅ ပြီး။

All Chapters