လတ်စသတ်တော့ သူပဲ။
Vol. 16 Ch. 183
ထိုလူနေဝေးသောနေရာသို့ ပြန်ရောက်သောအခါ နှစ်ယောက်သား နေရာလပ်နယ်မြေထဲသို့ လျှပ်တပြက် ဝင်သွားပြီး အဝတ်အစားများကို လဲလှယ်ဝတ်ဆင်ကာ နွားလှည်းနှင့်အတူ အပြင်သို့ ပြန်ထွက်လာကြသည်။
ဘာမှမဖြစ်ခဲ့သလို မော့ကျိုးယွီသည် နွားလှည်းကို ခရိုင်အစိုးရရုံးဆီသို့ မောင်းနှင်သွားခဲ့သည်။
ခရိုင်တရားသူကြီးမင်းအသစ်ကို တွေ့ဖို့ ခရိုင်အစိုးရရုံး အဆောက်အဦး အဝင်ဝမှာ လူတွေ အများကြီး ရှိနေကြသည်။
ဒါက ခရိုင်တရားသူကြီးမင်း ရောက်မလာသေးကြောင်းကို ပြသနေသည်။
မော့ကျိုးယွီသည် နွားလှည်းကို ဘေးနားတွင် ရပ်လိုက်ပြီး ဟဲကျစ်ယန်၏ လက်ကို ကိုင်ကာ လူအုပ်ဘေးတွင် ဝင်ရပ်နေလိုက်သည်။
သူတို့နှစ်ယောက်သား ဝင်ရပ်ပြီးသည်နှင့် အရှေ့ဘက်မှ လူတစ်စု လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။
ရှေ့ဆုံးမှ လျှောက်လာသူသည် တရားဝင် ခရိုင်တရားသူကြီးမင်း ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူရဲကောင်းဆန်သော အသွင်အပြင်ဖြင့် ခပ်မတ်မတ် လျှောက်လာခဲ့ပေ၏။
ထို့အပြင် သူသည် အမှန်တကယ်ပင် သူတို့နှင့် ရင်းနှီးနေသောလူဖြစ်သည်။
မော့ကျိုးယွီနှင့် ဟဲကျစ်ယန်တို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ နှစ်ယောက်စလုံး သူ့နာမည်ကို တစ်ချိန်တည်းမှာပင် နှုတ်ကနေ တိုးတိုးလေး ထွက်သွားကြသည်။
“မုန့်ဟွေ့နင်”
တကယ် သူပဲ။
“သူက ယွင်ချန်မြို့ရဲ့ ခရိုင်တရားသူကြီးမင်း ဘယ်လိုဖြစ်လာတာလဲ။”
သူတို့စိတ်ထဲ မေးခွန်းတွေ ပြည့်နေခဲ့သည်။
မုန့်ဟွေ့နင်ရဲ့ နံဘေးကို ကြည့်လိုက်တော့ ရွှေရောင်ဆံပင်နှင့် မျက်လုံးပြာ နိုင်ငံခြားသား တစ်ဦးက သူ့နောက်ကို လိုက်လာပြီး သူ့ကို တစ်ခုခု ပြောနေဟန်ဖြင့် ခြေလက်အမူအရာများ ခုန်ပေါက်ပြသနေခဲ့သည်။
မုန့်ဟွေ့နင်သည် မျက်မှောင်ကြုတ်ထားပြီး ခေါင်းခါပြနေသည်။
လူတန်းနားနီးလာသည်နှင့်အမျှ အရာရှိများသည် ခရိုင်တရားသူကြီးမင်းကို မထိခိုက်စေရန် သူတို့ရှေ့က လူတွေကို တားဖို့ အရာရှိတွေက တန်းစီပြီး ရှေ့တက်ခဲ့ကြသည်။
ရွှေရောင်ဆံပင်နှင့် မျက်လုံးပြာ နိုင်ငံခြားသားကသာ မုန့်ဟွေ့နင်အား တစ်စုံတစ်ခုကို ပြောဆိုရန် ခေါင်းမာစွာ ကြိုးစားနေဆဲဖြစ်သည်။
နိုင်ငံခြားသားပြောတာကို မုန့်ဟွေ့နင် လုံးဝ နားမလည်တာကို ဟဲကျစ်ယန် သိလိုက်ရသည်။
ထိုအခိုက်အတန့်တွင် မုန့်ဟွေ့နင်သည် လူအုပ်ကြီးဆီသို့ လှမ်းကြည့်လိုက်ရာ မော့ကျိုးယွီနှင့် ဟဲကျစ်ယန်တို့ကို တွေ့လိုက်ရသည်။
သူတို့နှစ်ယောက်ကိုမြင်တော့ မုန့်ဟွေ့နင်သည် သူ့ဘေးနားရှိ နိုင်ငံခြားသားကို ဂရုမစိုက်တော့ဘဲ သူတို့ဘက်သို့ လျှောက်လာသည်။
ခရိုင်တရားသူကြီးမင်းက ဘာကြောင့် ဒီဘက်ကို လျှောက်လာတာလဲလို့ သာမန်ပြည်သူတွေက မှန်းဆနေကြတုန်းမှာပဲ မုန့်ဟွေ့နင်က စကားပြောလာခဲ့သည်။
“ညီလေးမော့၊ ခယ်မလေးမော့၊ မင်းတို့နှစ်ယောက် ကျုပ်ထက်စောပြီး ဒီကို ရောက်နေမယ်လို့ မထင်ထားဘူး။”
မော့ကျိုးယွီနှင့် ဟဲကျစ်ယန်တို့သည် မူလက မုန့်ဟွေ့နင်ကို သီးသန့်တွေ့ဆုံလိုသော်လည်း တစ်ဖက်လူက မဆိုင်းမတွဘဲ သူတို့ကို ဦးစွာ နှုတ်ဆက်လာလိမ့်မည်ဟု မမျှော်လင့်ထားကြပေ။
မော့ကျိုးယွီက လက်ဖဝါးကို လက်သီးဖြင့် ထိကပ်ကာ ဂါရဝပြုလိုက်သည်။
“မတွေ့တာကြာပြီနော် အစ်ကိုကြီးမုန့်”
သာမန်ပြည်သူများသည် မော့ကျိုးယွီ၏ ကိုယ်ပိုင်လက္ခဏာကို မသိခဲ့ကြဘဲ ခရိုင်တရားသူကြီးမင်း၏ ဇာတိမြို့မှ အသိအကျွမ်းဟောင်းတစ်ဦးဟုသာ ထင်မြင်ခဲ့ကြသည်။
သို့သော် အရာရှိများသည်ကား ကွဲပြားခြားနားသည်။
မနေ့က မော့မိသားစုဟာ လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့၏ အနိုင်ကျင့်ခြင်းကို ခံခဲ့ရပြီး အများစုဟာ သူတို့ကိုယ်တိုင် တွေ့မြင်ခဲ့ရသည်။ ပြီးတော့ ရှီလင်ကျေးရွာသို့ သူတို့ကို လိုက်လံပို့ဆောင်ပေးခဲ့သော မာကျွင်းရှန့် အပါအဝင် အရာရှိ အများအပြားမှာ အခင်းဖြစ်နေရာတွင် ဒဏ်ရာရရှိခဲ့သည်။
ဒီမှာ ဘာတွေ ဖြစ်နေတာလဲ။
မော့ကျိုးယွီသည် ခရိုင်တရားသူကြီးမင်းအသစ်နှင့် သိရုံမျှမက၊ ခရိုင်တရားသူကြီးမင်းကို အစ်ကိုကြီးအဖြစ် ခင်မင်ရင်းနှီးစွာ ပြောဆိုခဲ့သည်။ သူတို့နှစ်ဦးမှာ ရင်းနှီးသော ဆက်ဆံရေးရှိကြောင်း ဒါက ပြသပေသည်။
ဒါကို တွေးကြည့်လိုက်တော့ အရာရှိ တော်တော်များများ သက်ပြင်းချရုံမှတပါး အခြား မတတ်နိုင်ပေ။
ကံကောင်းထောက်မစွာဖြင့်၊ မနေ့က မော့မိသားစုကို အနိုင်ကျင့်ဖို့ လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့နှင့် မပူးပေါင်းမိခဲ့ဘူး။ မဟုတ်ရင် ခရိုင်တရားသူကြီးမင်းနှင့် အဲဒီလူတွေရဲ့ ဆက်ဆံရေးကြောင့် သူတို့ ဒုက္ခရောက်မှာ သေချာတယ်။
မော့ကျိုးယွီသည် လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့ကို ထိခိုက်စေသော တရားခံ ဖြစ်ကြောင်း ယနေ့ လမ်းပေါ်တွင် အတည်ပြုခဲ့သော အရာရှိများသည် ယခုအခါ စကားမပြောနိုင်ဘဲ ဆွံ့အကုန်ကြသည်။
အမှုကို အမြန်ပိတ်သိမ်းနိုင်ရန် အပြစ်တင်လို့ရမယ့်သူကို ရှာဖွေချင်ခဲ့သော်လည်း နောက်ဆုံးတွင် သူတို့ နံရံကို ကန်မိသွားပုံရသည်။
အမှားလုပ်မိသော အရာရှိများသည် အပြစ်မကင်းစိတ်ဖြင့် သူတို့၏ တည်ရှိမှုကို မဖော်ထုတ်မိအောင် တတ်နိုင်သမျှ ခေါင်းငုံ့ထားခဲ့ကြသည်။
မုန့်ဟွေ့နင်သည် မော့ကျိုးယွီနှင့် ဟဲကျစ်ယန်တို့ကို စကား အေးအေးဆေးဆေး ပြောဆိုလိုသည့် ရည်ရွယ်ချက်ဖြင့် သူတို့ကို နွေးထွေးသော အမူအရာဖြင့် ဖိတ်ခေါ်လိုက်သည်။
ထိုအချိန်တွင် နိုင်ငံခြားသားက ချဉ်းကပ်လာပြန်သည်။
သူက အင်္ဂလိပ်လို ကျွမ်းကျင်စွာ ပြောသည်။ “လူကြီးမင်း၊ ကျွန်တော့်ကို ကူညီပါဦး။”
မုန့်ဟွေ့နင်သည် စိတ်ရှုပ်ထွေးသော မျက်နှာထားဖြင့် နိုင်ငံခြားသားဘက်သို့ လှည့်ကြည့်လိုက်သည်။
“တောင်းပန်ပါတယ်၊ ကျွန်တော် ခင်ဗျားပြောတာကို နားမလည်ဘူး။”
ဟဲကျစ်ယန်က ခပ်ဖျော့ဖျော့ပြုံးကာ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်၊ “ခွင့်ပြုပါ လူကြီးမင်း၊ ရှင့်မှာ ဘာအခက်အခဲတွေ ကြုံလို့လဲ။”
နိုင်ငံခြားသားသည် ရင်းနှီးသော ဘာသာစကားကို ကြားသောအခါ ချက်ချင်းဆိုသလိုပင် စိတ်လှုပ်ရှားသွားသည်။
ဟဲကျစ်ယန်ဆီသို့ သူ့လက်များကို ဆန့်တန်းကာ ပြုံးရယ်၍ စကားပြောလာခဲ့သည်၊ “အိုး…၊ နောက်ဆုံးတော့ အင်္ဂလိပ်လိုသိတဲ့သူတစ်ယောက်နဲ့ ငါ တွေ့ခဲ့ရပြီ။ မင်းက မိန်းမလှလေးပဲ။”
ထိုသို့ပြောရင်း နိုင်ငံခြားသားက ရှေ့သို့ လှမ်းကာ ဟဲကျစ်ယန်ကို ပွေ့ဖက်နှုတ်ဆက်ဖို့ပြင်သည်။
ဒါကိုမြင်တော့ မော့ကျိုးယွီက ဟဲကျစ်ယန်ရှေ့မှာ မပျော်မရွှင် ရပ်နေပြီး နိုင်ငံခြားသားကို စိုက်ကြည့်နေခဲ့သည်။
တစ်ဖက်သားက သူပြောတာကို နားလည်နိုင်သည်ဖြစ်စေ နားမလည်နိုင်သည်ဖြစ်စေ ဒေါသတကြီး ပြောသည်။ “ခင်ဗျားရဲ့ အပြောအဆိုနဲ့ အပြုအမူတွေကို အာရုံစိုက်ပါ။ မဟုတ်ရင် ကျုပ် ခင်ဗျားကို ရိုင်းစိုင်းတယ်ဆိုပြီး အပြစ်မတင်ပါနဲ့။”
နိုင်ငံခြားသားများသည် သူတို့ စိတ်လှုပ်ရှားချိန် သို့မဟုတ် ကျေးဇူးတင်ကြောင်း ဖော်ပြလိုသည့်အခါမျိုးတွင် အခြားသူများကို ပွေ့ဖက်ခြင်းအား နှစ်သက်ကြောင်း ဟဲကျစ်ယန်က သိသည်။
ဒီလုပ်ရပ်ကို မော့ကျိုးယွီက နားလည်မှုလွဲနေသည်မှာ သေချာသည်။
သူမသည်လည်း အရှေ့တိုင်းယဉ်ကျေးမှုတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေသော အမျိုးသမီးတစ်ဦးအနေဖြင့် အနောက်တိုင်းယဉ်ကျေးမှုပုံစံကို လုံးဝ လက်မခံနိုင်ပါဘူး။
မော့ကျိုးယွီက သူမရှေ့တွင် ရပ်ပိတ်ခြင်းမရှိခဲ့ဘူးဆိုရင်တောင် သူမကိုယ်တိုင် နိုင်ငံခြားသားရဲ့ ပွေ့ဖက်မှုကို ရှောင်တိမ်းနိုင်ပါလိမ့်မည်။
ထိုနိုင်ငံခြားသားမှာ မကောင်းသော ရည်ရွယ်ချက် မရှိကြောင်း သူမ သိသည်။ သူမ မော့ကျိုးယွီအား ရှင်းပြပေးခဲ့သည်၊ “ဒါက သူတို့ အနောက်နိုင်ငံတွေရဲ့ နှုတ်ခွန်းဆက်တဲ့ ကျင့်ဝတ်ပုံစံတစ်ခုဖြစ်ပြီး ကျွန်မကလည်း သူနဲ့ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ပါဘူး။”
မော့ကျိုးယွီသည် ဟဲကျစ်ယန်က အဘယ်ကြောင့် နိုင်ငံခြားဘာသာစကားကို တတ်ကျွမ်းသည်ကို သေသေချာချာ စဉ်းစားရန် အချိန်မရှိသည့်အပြင် သူသည် နိုင်ငံခြားသားကို ဒေါသတကြီး စိုက်ကြည့်နေဆဲဖြစ်သည်။
ထိုလူက ရုတ်တရက် ပေါ်လာပြီး သူ့အပေါ် အလွန်မဖော်ရွေသောပုံပေါက်နေသည်ကို မြင်သောအခါ နိုင်ငံခြားသားက စိတ်ရှုပ်သွားသည်။
“လူကြီးမင်း၊ ဒါက ကျွန်တော်တို့ ပထမဆုံးအကြိမ် တွေ့တာလေ။ လူကြီးမင်းက ကျွန်တော့်ကို ဘာဖြစ်လို့ ဒီလိုဆက်ဆံတာလဲ။”
နိုင်ငံခြားသားက သူ့ကို စကားပြောနေတာကို မော့ကျိုးယွီ သိပေမယ့် နားမလည်တာကြောင့် ဟဲကျစ်ယန်ကို လှည့်မေးလိုက်သည်။
“သူ ဘာပြောနေတာလဲ။”
ဟဲကျစ်ယန်က ပြုံးပြီး နိုင်ငံခြားသားရဲ့ စကားကို သူ့ကို ပြန်ပြောပြပေးသည်။
မော့ကျိုးယွီက အေးစက်သော မျက်နှာထားဖြင့် “ကိုယ်တို့ တာ့ရွှင်းနိုင်ငံမှာ အမျိုးသမီးတွေကို သူတိုရဲ့ ခင်ပွန်းသည်ကသာ ပွေ့ဖက်နိုင်တယ်ဆိုတာ သူ့ကို ပြောပြပေးပါ” ဟု ပြောလိုက်သည်။
ဟဲကျစ်ယန်သည် သူမ၏ စိတ်ထဲတွင် တိတ်တဆိတ် ရယ်မောလိုက်သည်။ - ဒီလူက ဒီလောက် ပိုင်ဆိုင်လိုစိတ်ကြီးမားလိမ့်မယ်လို့ သူမ မထင်ထားခဲ့ဘူး…။
သူမသည် မော့ကျိုးယွီ၏ စကားများကို နိုင်ငံခြားသားထံ အလွန်ကျွမ်းကျင်စွာ ဘာသာပြန်ဆိုပေးခဲ့သည်။
ပြီးတော့ တာ့ရွှင်းနိုင်ငံရှိလူများဟာ ရှေးရိုးဆန်တဲ့ အတွေးအခေါ်တွေ ရှိပြီး သူတို့ကို ကျေးဇူးတင်ကြောင်း သို့မဟုတ် အခြားအရာများကို ဖော်ပြချင်သည့်အခါတွင်လည်း နှုတ်ဖြင့်သာ ပြောဆိုဖော်ပြနိုင်ကြောင်း အင်္ဂလိပ်လို ရိုးရိုးရှင်းရှင်း ရှင်းပြပေးခဲ့သည်။
နိုင်ငံခြားသားတွေက အရမ်းထက်မြက်တယ်။ ဟဲကျစ်ယန်၏ ရှင်းပြမှုအပြီးတွင် တာ့ရွှင်းနိုင်ငံ၏ ယဉ်ကျေးမှုကျင့်ဝတ်နှင့် ပတ်သက်၍ နားလည်မှုအသစ်ကို ချက်ချင်း ရရှိသွားသည်။
သူတို့က တောင်းပန်လိုသည့်ဟန်ဖြင့် လက်တစ်ဖက်ကို ရင်ဘတ်ပေါ် တင်ပြီး ဟဲကျစ်ယန်ကို ဦးညွှတ်အရိုသေပေးလိုက်သည်။
“ဒါက မင်းကို အဆင်မပြေဖြစ်သွားစေလို့ တောင်းပန်ပါတယ်။”
နောက်ဆုံးတွင် သူနှင့် ဆက်သွယ်နိုင်သည့်သူနှင့် တွေ့ဆုံပြီးနောက် နိုင်ငံခြားသားက မနှောင့်နှေးဘဲ စိတ်အားထက်သန်စွာ ပြောဆိုခဲ့သည်။
“သခင်မလေး၊ မင်း ငါ့ကို ရက်အနည်းငယ်လောက် ဘာသာပြန်ပေးနိုင်မလား။ ငါ မင်းကို လစာမြင့်မြင့် ပေးပါ့မယ်။”
ဟဲကျစ်ယန်က လစာကို လုံးဝ ဂရုမစိုက်ဘူး။
ဒီနိုင်ငံခြားသားကို ကူညီဖို့ သူမ ဆုံးဖြတ်လိုက်သည်။
အခြားကိစ္စ မဟုတ်ပါ၊ နိုင်ငံခြားသားတစ်ဦးနှင့် အမှန်တကယ် သိကျွမ်းခြင်းသည် သူမ၏ နေရာလပ်မှ ပစ္စည်းများကို ထုတ်ယူနိုင်ရန်အတွက် ကြီးမားသော အကူအညီ ဖြစ်မည်မှာ သေချာပါသည်။
“ဒါက ပြဿနာမရှိဘူး။ လူကြီးမင်းရဲ့ နာမည်ကို ဘယ်လိုခေါ်ဆိုရမလဲရှင့်။”
“ကျွန်တော့်နာမည်က ဟင်နရီဖြစ်ပြီး ပင်လယ်တစ်ဖက်ကမ်းက လာခဲ့တာပါ။ ဒီမိန်းမလှလေးရဲ့ နာမည်က ဘာလဲဆိုတာ သိခွင့်ရှိပါရစေ။”
ဟဲကျစ်ယန်က ယဉ်ကျေးစွာ နှုတ်ဆက်ပြီး သူမ၏ နာမည်ကို ပြောပြလိုက်သည်။
အပြန်အလှန် မိတ်ဆက်ပြီးနောက် ဟင်နရီသည် သူ ကြုံတွေ့ခဲ့ရသော အခက်အခဲများကို ပြောပြဖို့ မစောင့်နိုင်တော့ဘူး။
“မိန်းကလေး ဟဲကျစ်ယန်၊ ကျွန်တော့်သင်္ဘော ယွင်ချန်ဆိပ်ကမ်းအနီးမှာ ကျောက်ချဖို့လုပ်စဉ်မှာပဲ သင်္ဘောပျက်သွားတယ်။ ပြီးတော့ ကျွန်တော် အိမ်ကနေ ခေါ်လာတဲ့ ဘာသာပြန်သူကလည်း လမ်းခရီးမှာ နာမကျန်းဖြစ်ပြီး ဆုံးပါးသွားခဲ့တယ်။ ဒါကြောင့် ဒီမှာ ကျွန်တော် သင်္ဘောပြင်တတ်တဲ့သူကို ရှာချင်ပေမယ့် ဘာသာစကား အခက်အခဲကြောင့် ရှာမတွေ့ခဲ့ဘူး။ ကျေးဇူးပြုပြီး သင်္ဘောပြင်တတ်တဲ့ ကျွမ်းကျင်သူကို ရှာဖွေပေးဖို့ ဒီနေရာက တာဝန်ရှိသူတွေကို အကူအညီတောင်းပေးလို့ရမလား။”
ဟဲကျစ်ယန်သည် စကားပြန်အဖြစ် လုပ်ဆောင်ခဲ့သည်။ သင်္ဘောကို ပြုပြင်ရန် တစ်စုံတစ်ဦးကို ရှာဖွေခြင်းသည် မုန့်ဟွေ့နင်၏ အကူအညီပေါ်တွင်သာ မူတည်ပေသည်။
***