← Chapters

ဒီလှည့်ကွက်က ဘာကြောင့် အလုပ်မဖြစ်တာလဲ

Vol. 16 Ch. 186

ဒီလှည့်ကွက်က ဘာကြောင့် အလုပ်မဖြစ်တာလဲ

Vol. 16 Ch. 186

မုန့်ဟွေနင်၏ ရုတ်တရက် လုပ်ရပ်ကြောင့် သခင်မလျို့ အနည်းငယ် စိတ်ရှုပ်ထွေးသွားခဲ့သည်။

“အရှင်၊ ကျွန်မက တရားမျှတမှု ရှာဖွေဖို့ ဒီကို ရောက်လာခဲ့တာပါ။ အရှင်က ကျွန်မကို ဘာဖြစ်လို့ ဒီလိုဆက်ဆံရတာလဲ။”

မုန့်ဟွေ့နင်၏ မျက်နှာက အေးစက်နေခဲ့သည်၊ “မင်းက ကျုပ်လို အရာရှိတစ်ဦးကိုတောင် ပွင့်ပွင့်လင်းလင်း လာဘ်ထိုးဖို့ သတ္တိကောင်းလွန်းနေတာကိုး။ မင်းကို ဘယ်လိုပြစ်မှုမျိုးနဲ့ အပြစ်ပေးသင့်လဲ။”

အမျိုးသမီးလျို့ ချက်ချင်းဆိုသလို အံ့အားသင့်သွားခဲ့သည်။

များသောအားဖြင့် လူတွေက လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့၏ အိမ်သို့ လာရောက်အကူအညီတောင်းသောအခါတွင် သူတို့က အမြဲတမ်း ဒီလို ပြုမူလေ့ရှိသည်။

ထို့အပြင် လက်ဆောင်ပဏ္ဍာများက များပြားနေသရွေ့ မစွမ်းဆောင်နိုင်သည့် ကိစ္စ မရှိပေ။

ခရိုင်တရားသူကြီးမင်းအသစ်ရောက်လာသည့်အခါ ဒီလှည့်ကွက်က ဘာဖြစ်လို့ အလုပ်မဖြစ်ရတာလဲ။

ဒါက အလုပ်မဖြစ်ရုံသာမက လူသိရှင်ကြား လာဘ်ပေးလာဘ်ယူနှင့်လည်း စွဲချက်တင်ခံရပေသည်။

အိမ်ရှိ သိုလှောင်ရုံသည် လုံးဝ ခိုးယူခံခဲ့ရပြီး လက်ဆောင်အဖြစ် ဆက်သခဲ့သော ပစ္စည်းမှာ သူမ၏ လက်ကောက်ဝတ်မှ ချွတ်ယူလိုက်သော ကျောက်စိမ်းလက်ကောက် ဖြစ်ပေသည်။

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဒီကျောက်စိမ်းလက်ကောက်ကို သူမ ဝယ်ယူဖို့ ငွေကြေး အမြောက်အများ ကုန်ကျခဲ့သည်။ ခရိုင်တရားသူကြီးမင်းထံမှ မျက်နှာသာရအောင် မလုပ်ချင်ဘူးဆိုရင်တော့ ဒါကို ဆက်သဖို့ တွန့်ဆုတ်နေမိလိမ့်မည်။

အခု လက်ကောက်သည် အခြားသူ၏ လက်ထဲတွင် ရှိနေပြီး သူမကိုယ်တိုင်ကတော့ ၎င်းအတွက် အပြစ်ပေးခံရမည်ဖြစ်သည်။

အမျိုးသမီးလျို့သည် ရုတ်တရက် ဝမ်းနည်းလာသည်။

“အရှင်၊ အရှင် ကျွန်မကို ဒီလို ဆက်ဆံလို့ မရဘူး။ ကျွန်မ တကယ်ပဲ မှားယွင်းအပြစ်တင်ခံရတာပါ။”

အမျိုးသမီးလျို့၏ မတရားဘူးဟု အော်ဟစ်ငိုကြွေးသံကို ကြားတော့ အရာရှိများသည် ချက်ချင်းဆိုသလို သူတို့၏ လှုပ်ရှားမှုများကို နှေးကွေးစေပြီး အားလုံးက မုန့်ဟွေနင်ဆီသို့ လှမ်းကြည့်ကာ သူ့အမိန့်ကို စောင့်မျှော်နေကြသည်။

မုန့်ဟွေနင်သည် အမျိုးသမီးလျို့ကို ကြည့်ပင်မကြည့်ဘဲ အရာရှိများကို လက်ဟန်ပြလိုက်သည်။

“သူ့ကို အထဲခေါ်လာခဲ့”

အရာရှိများသည် လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့နှင့် အချိန်အတော်ကြာ လက်တွဲခဲ့ပြီး သူ့အတွက် သမာသမတ် မကျသော ကိစ္စရပ်များကို လုပ်ဆောင်ရန် ကူညီပေးခဲ့သော်လည်း ယခုအခါ လက်ရှိအခြေအနေကို ရှင်းရှင်းလင်းလင်း မြင်တွေ့နေရပြီဖြစ်သည်။

ခရိုင်တရားသူကြီးမင်းသည် ယခု ယွင်ချန်မြို့တွင် အကြီးဆုံးအရာရှိဖြစ်လာပြီး သူ့စကားအတိုင်း လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့ကို ရာထူးမှ ထုတ်ပယ်မည်မှာ သေချာပေါက်ပင်။ ယခုလို အရေးကြီးသော အခိုက်အတန့်မှာ သူတို့ရဲ့ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ဖော်ပြရမည်ဖြစ်သည်။

ထို့ကြောင့် မုန့်ဟွေနင် အမိန့်ပေးပြီးသည်နှင့် အရာရှိများသည် အမျိုးသမီးလျို့ကို ခရိုင်အစိုးရရုံးထဲသို့ တွန်းပို့ခဲ့သည်။

ဒါကိုမြင်တော့ အစေခံတွေက ထွက်ပြေးဖို့ ကြိုးစားခဲ့ပေမယ့် ဘေးကနေ စောင့်ကြည့်နေသူတွေက တားမြစ်ခဲ့ကြသည်။

မုန့်ဟွေ့နင်၏ နောက်ကွယ်မှာ ပျင်းရိနေတဲ့ အရာရှိတွေ မရှိတာကိုမြင်တော့ ဟဲကျစ်ယန်သည် ရှေ့ကို လှမ်းဖို့ အစပြုပြီး အစေခံနှစ်ယောက်ရဲ့ အင်္ကျီလည်ပင်းကို ဆွဲပြီး ခရိုင်အစိုးရရုံးထဲကို ပစ်ချလိုက်သည်။

မုန့်ဟွေနင်သည်လည်း အချောင်ခိုခြင်း မရှိပေ။ သူက အစေခံ သူ့လက်ထဲကို ထည့်ပေးလာတဲ့ ကျောက်စိမ်းလက်ကောက်ကို လူအများမြင်သာအောင် ပြသလိုက်သည်။

“အားလုံး ဒါကို သေချာကြည်ပါ။ ဒါက အမျိုးသမီးလျို့က သူ့အစေခံကို ကျုပ်ဆီ ခိုးကြောင်ခိုးဝှက်ပေးစေခဲ့တဲ့ ကျောက်စိမ်းလက်ကောက်ပဲ။ ဒါက သူ ကျုပ်ကို လာဘ်ထိုးဖို့ ကြိုးစားတဲ့ သက်သေပဲ။”

ဒီလှုပ်ရှားမှုကို ပြည်သူတွေက လက်ခုပ်ဩဘာသံတွေနှင့် ကြိုဆိုခဲ့ကြသည်။

“ကောင်းကင်ဘုံက ကျုပ်တို့ကို သနားငဲ့ညှာတယ်။ နောက်ဆုံးတော့ ကောင်းကင်ဘုံက ကြီးမြတ်ပြီး ဖြောင့်မတ်တဲ့ တရားသူကြီးမင်းကို ကျုပ်တို့ ယွင်ချန်မြို့ဆီ စေလွှတ်ခဲ့ပြီ။”

“ယွင်ချန်မြို့သူမြို့သားတွေ နောင်မှာ ကောင်းချီးမင်္ဂလာတွေ ခံစားရတော့မယ်။”

“အနာဂတ်မှာ ကျုပ်တို့ မတရားမှုတွေ ကြုံလာတဲ့အခါ တရားသူကြီးမင်းက တရားမျှတမှုကို ရှာဖွေပေးလိမ့်မယ်။”

“…”

မုန့်ဟွေနင်သည် သူ ရုံးတက်သည့် ပထမဆုံးနေ့တွင် လူအများ၏ အသိအမှတ်ပြုမှုကို လက်ခံရရှိသည့်အတွက် ဝမ်းသာမိသည်။

ခရိုင်အစိုးရရုံးရှေ့တွင် အသံကျယ်ကျယ်မပြုစေရန် တာဝန်ရှိသူများက ပြည်သူများကို လက်ဟန်အမူအရာဖြင့် သတိပေးသည်။

မုန့်ဟွေ့နင်က ကောင်းကင်ကို မော့ကြည့်လိုက်သည်။ လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့ထံ စေလွှတ်ခဲ့သော အရာရှိများသည် တစ်နာရီနီးပါး အချိန်ကြာမြင့်နေပြီဖြစ်သော်လည်း ပြန်မရောက်လာသေးပေ။ အဲဒီအစား သူ့ဇနီးသည်က အခိုးခံရပါတယ်လို့ လာရောက်တိုင်ကြားခဲ့သည်။ ဤအချက်က လက်ထောက်ခရိုင်တရားသူကြီးချွေ့က သူ့အပေါ် ညစ်ပတ်တဲ့ လှည့်ကွက်တွေ ပြုမူနေတာလားဟု မုန့်ဟွေနင်အား သံသယဖြစ်စေခဲ့သည်။

သူ စဉ်းစားနေတုန်းမှာပင် လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့ကို အစေခံတွေက ထမ်းစင်ပေါ် တင်လာပြီး ခရိုင်အစိုးရရုံးအပေါက်ဝသို့ ရောက်လာခဲ့သည်။

ထိုအချိန်တွင် လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့သည် ဘာတွေ ဖြစ်ပျက်သွားခဲ့သည်ကို အတိအကျ မသိသေးပေ။

မုန့်ဟွေ့နင်ကို တွေ့လိုက်သည်နှင့် ဖားယားပြောဆိုဖို့ သူက မမေ့ခဲ့ပေ။

“ဒီနေ့ ခရိုင်တရားသူကြီးမင်း ယွင်ချန်မြို့ကို ရောက်ရောက်ချင်းမှာ ဒီအရာရှိကလည်း ဒဏ်ရာ အပြင်းအထန်ရနေတော့ ကိုယ်တိုင်ကိုယ်ကျ လာရောက်မကြိုဆိုမိဘူး။ ကျေးဇူးပြုပြီး၊ ဒီအရာရှိကို ခွင့်လွှတ်ပါ အရှင်”

မုန့်ဟွေ့နင်သည် လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့ကို အထင်တသေး ကြည့်ရှုလိုက်သည်။

လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့သည် သူ့တစ်ကိုယ်လုံးအား ဘရိုကိတ်စောင်ဖြင့် တင်းတင်းကြပ်ကြပ် ထုပ်ပိုးထားသည်ကို မြင်ရကာ သူနှင့် စကားပြောဆိုရန် ခေါင်းကိုသာ အပြင်ကို မနည်းထုတ်ထားနေရသည်။

သူ့လေသံတွင် မြှောက်ပင့်ပေးလိုသည့် အရိပ်အမြွက်ရှိသော်လည်း မုန့်ဟွေ့နင်သည် သူ့အကြည့်တွေထဲမှ အထင်သေးမှု အရိပ်အယောင်ကိုလည်း ဖမ်းမိခဲ့သည်။

မုန့်ဟွေ့နင်က လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့ကို သူ့စိတ်ထဲမှ လှောင်ရယ်လိုက်မိသည်။ လူကဖြင့် သေတော့မှာကို မာနကြီးချင်နေတုန်းပဲ။

မုန့်ဟွေ့နင်က တင်းမာသော မျက်နှာထားဖြင့် “သူ့ကို တရားရုံးထဲခေါ်လာခဲ့” ဟု အရာရှိများကို အမိန့်ပေးခဲ့သည်။

လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့သည် သူ့ကို လျစ်လျူရှုတာကို မြင်ရတဲ့အခါ တစ်ခုခုတော့ မှားနေပြီဟု ချက်ချင်း ခံစားလိုက်ရသည်။

“အရှင်၊ ကျွန်တော့်ဦးလေး ချင်ကျိုးစီရင်စု အုပ်ချုပ်ရေးမှုးပါ” ယခုအခါ လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့သည် သူ့ဝှက်ဖဲကို အသုံးပြုခဲ့ရပြီး ဒါကိုကြားပြီးနောက် မုန့်ဟွေ့နင်က သူ့သဘောထားကို ပြောင်းလဲလိမ့်မည်ဟု မျှော်လင့်ခဲ့သည်။

ချင်ကျိုးစီရင်စု အုပ်ချုပ်ရေးမှုးလား။

မုန့်ဟွေ့နင်သည် အဆိုပါ နေရာနှင့် ပတ်သက်၍ မစိမ်းသက်ပေ။

သူ ယွင်ချန်မြို့ကို တာဝန်ယူရန် လာရောက်သည့်အခါ ချင်ကျိုးစီရင်စုကို ဖြတ်လာရပေသည်။ ထိုအချိန်တွင် ဖြစ်ပျက်ခဲ့သည်များကို သူ မမေ့သေးပေ။

အုပ်ချုပ်ရေးမှုးလျို့သည် တစ်စုံတစ်ဦးအား စော်ကားခဲ့ပြီး လာဘ်ငွေလက်ခံမှုကို မြို့တော်သို့ အတိုင်ကြားခံရကာ သူ့ရဲ့ တရားဝင်ရာထူးကို ရုတ်သိမ်းခံခဲ့ရပြီးပြီဖြစ်သည်။

လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့၏ မျက်နှာကို အကဲဖြတ်ကြည့်ရှုခြင်းအားဖြင့် သူသည် အဆိုပါ သတင်းကို မရရှိသေးလောက်ပေ။

ထို့အပြင် မုန့်ဟွေ့နင်၏ စိတ်ထဲတွင် အုပ်ချုပ်ရေးမှုးလျို့ ထုတ်ပယ်ခြင်း ခံရကြောင်းကိုပင် မပြောသေးနှင့်ဦး၊ သူက အဆိုပါ ရာထူး၌ ရှိနေရင်တောင် လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့ကဲ့သို့ အရာရှိတစ်ဦးကို သေချာပေါက် ပြင်းထန်စွာ အပြစ်ပေးဦးမှာပင်ဖြစ်လေ၏။

ဒေသခံ အရာရှိတစ်ဦးအနေနှင့် ပြည်သူတွေအတွက် ထိခိုက်နစ်နာမှုတွေကို မဖြေရှင်းပေးနိုင်ရင် ဒီရာထူးမှာ ထိုင်ဖို့ မထိုက်တန်ပါဘူး။

ဤအခိုက်အတန့်တွင် မုန့်ဟွေ့နင်သည် လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့ကို တွေ့ရသောအခါ လူရွှင်တော်တစ်ဦးကို မြင်လိုက်ရသလိုပင် ခံစားရသည်။

သူက ရှေ့ကို ဆက်လှမ်းပြီး အလျင်မလိုစွာ ပြောလိုက်သည်၊ “ဒီနေ့ ကျုပ် ရုံးတက်တဲ့ ပထမနေ့မှာ မင်းကို ပြောစရာ သတင်းကောင်း တစ်ခု ရှိတယ်။”

လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့က သူ့ဦးလေးနာမည်ကို ပြောပြီးနောက် မုန့်ဟွေ့နင်က ထိတ်လန့်သွားကာ သူ့ကို နှစ်သိမ့်ဖို့ ကြိုးစားလိမ့်မည်ဟု ထင်မြင်နေခဲ့သည်။

“အရှင်၊ ဘာသတင်းကောင်းလဲ။ ဒီအရာရှိကို မြန်မြန်လေး ပြောပြပေးပါ။”

မုန့်ဟွေ့နင်၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။ သူက သူ့လက်ကို မြှောက်ပြီး လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့ရဲ့ ထမ်းစင်ကို မှောက်လှန်လိုက်သည်။

“မင်းလို ခွေးတစ်ကောင်က ကျုပ်ရှေ့မှာ ဦးမညွှတ်ဘဲ ဒီလောက်တောင် ရဲတင်းနေရလား။ မင်းရဲ့ အထက်လူကြီးကို မရိုမသေပြုမူတဲ့ ရာဇဝတ်မှုနဲ့ ကျုပ်မင်းကို အပြစ်ပေးရလိမ့်မယ်။”

လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့သည် “သတင်းကောင်း” ကို ကြားရန် ဂုဏ်ယူဝံ့ကြွားစွာဖြင့် စောင့်ဆိုင်းနေခဲ့သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် ထမ်းစင်ပေါ်မှ ပစ်ချခံခဲ့ရသည်။

ကံမကောင်းချင်တော့ သူက မှောက်လျက် လဲကျသွားပြီး ဒဏ်ရာရတဲ့ အပိုင်းက မြေကြီးနှင့် နီးကပ်စွာ ရိုက်မိသွားခဲ့သည်။

လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့သည် အလွန်နာကျင်ပြီး မူးမေ့လုနီးပါး ဖြစ်သွားခဲ့သည်။

ခဏလောက် ဝိညာဉ်လွှင့်သွားသလို ခံစားလိုက်ရပြီးနောက် နောက်ဆုံးတွင် သူသည် နာကျင်စွာ အော်ဟစ်လာခဲ့သည်။

“အား… နာလွန်းလို့ သေပါတော့မယ်…”

မုန့်ဟွေ့နင်သည် ဒေါသတကြီးဖြင့် ရှေ့တက်သွားပြီး သူ့ကို ကန်ချက် တစ်ချက် ပစ်ကြွေးလိုက်သည်။ “ကျုပ်ရှေ့မှာ မင်းကိုယ်မင်း “ဒီအရာရှိ” လို့ ခေါ်ဝေါ်သုံးစွဲဖို့ မင်းကို ဘယ်သူက သတ္တိပေးခဲ့တာလဲ။”

ထို့နောက် သူက လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့အနားသို့ ကပ်သွားပြီး တိုးတိုးလေး ပြောလိုက်သည်၊ “မင်းအတွက် သတင်းကောင်းကတော့ ကျုပ် မနေ့က ချင်ကျိုးကို ဖြတ်လာတုန်းက အုပ်ချုပ်ရေးမှုးလျို့က လာဘ်ငွေလက်ခံတဲ့အတွက် တရားရုံးက ထုတ်ပယ်ခံခဲ့ရတာကို ကျုပ်မျက်စိနဲ့ ကိုယ်တိုင်ကိုယ်ကျမြင်ခဲ့မိတဲ့အကြောင်းလေးကို ပြောပြချင်လို့လေ။”

ဒါကိုကြားတော့ လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့သည် နေရာ၌ပင် ကြက်သေ သေသွားခဲ့သည်။ သူ့ခန္ဓာကိုယ်က နာကျင်မှုကို ဂရုမစိုက်နိုင်လောက်သည့်အထိ ထိတ်လန့်သွားခဲ့လေသည်။

“ခင်ဗျား ဘာပြောလိုက်တာလဲ။ ဒါ မဖြစ်နိုင်ဘူး။ ကျုပ်ဦးလေးက ဘာဖြစ်လို့ ရာထူးကနေ ထုတ်ပယ်ခံရမှာလဲ။ ခင်ဗျား ကျုပ်ကို လိမ်နေတာပဲ ဖြစ်ရမယ်။”

မုန့်ဟွေ့နင်သည် သူ့ကို ရှင်းပြရန် အလွန်ပျင်းရိပြီး သူ့နောက်ကျောသို့ လက်နှစ်ဖက် ပစ်ပြီး အစိုးရရုံးထဲသို့ လျှောက်ဝင်သွားခဲ့သည်။

“ဘယ်သူမှ သူ့ကို မကူညီပေးရဘူး။ အမွှေးတိုင်တစ်တိုင်ထွန်းစာအချိန်အတွင်း တရားရုံးထဲကို တွားသွားပြီး ဝင်ရဝင်ရ မဖြစ်ဖြစ်အောင် အရောက်လာရမယ်၊ အဲ့အချိန်အတွင်း မရောက်ရင် ကြိမ်ဒဏ်အပေးခံရမယ်။”

အရာရှိတွေ အားလုံးက အခွင့်အရေးသမားတွေပါ။ အခု အခြေအနေက အရမ်းကို ရှင်းလင်းနေပြီ။ လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့ကို ဘယ်သူက ကူညီပေးပါတော့မလဲ။

မုန့်ဟွေ့နင် ထွက်ခွာသွားပြီးနောက် အရာရှိများသည် လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့ထံ ပြေးလာပြီး ခပ်မြန်မြန် သွားဖို့ တိုက်တွန်းခဲ့သည်။

တချို့က သူ နှေးရင် တုတ်နဲ့ ရိုက်မယ်လို့တောင် ခြိမ်းခြောက်ခဲ့တယ်။

လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့သည် ထိုကဲ့သို့သော မြင်ကွင်းများကို ယခင်က အကြိမ်ပေါင်းများစွာ မြင်ဖူးပြီး ယခု ခရိုင်တရားသူကြီးမင်းကို ဒေါသထွက်နေလို့မရကြောင်းကို သူသိသည်။

သူ့ခန္ဓာကိုယ်အောက်ပိုင်း၌ မခံမရပ်နိုင်သော နာကျင်မှုကို ခံစားနေခဲ့ရသော်လည်း ဧည့်ခန်းထဲသို့ တွားသွားဝင်ရုံမှတပါး ရွေးချယ်စရာ မရှိပေ။

လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့ ခရိုင်အစိုးရရုံးထဲသို့ တွားသွားဝင်လာသည်နှင့် တပြိုင်နက် မော့ကျိုးယွီတို့လင်မယားဟာ မုန့်ဟွေ့နင်ဘေးမှာ ထိုင်နေတာကို တွေ့လိုက်ရပေသည်။

***

All Chapters