အရည်အချင်းစစ်ပွဲနှင့် မထင်မှတ်ထားသော ဆုံစည်းမှု
Vol. 2 Ch. 16
ကျောက်စိမ်းဓားဂိုဏ်း၏ လေ့ကျင့်ရေးကွင်းပြင်ကြီးမှာ စည်ကားလှသည်။ ယနေ့သည် အောက်ခြေဝန်ထမ်းများနှင့် အပြင်တပည့်များအတွက် ဂိုဏ်းဝင်ဖြစ်ခွင့်ရမည့် "အရည်အချင်းစစ်ပွဲ" နေ့ဖြစ်သည်။
"ဟေ့... အာဖန်! နင် ရှုံးနိမ့်ပြီး ငါ့ကို အလုပ်ဖြုတ်ခံရအောင် မလုပ်နဲ့နော်"
ယွဲ့အာက သူမရဲ့ ရုပ်ဆိုးမလေးမျက်နှာကြီးနဲ့ မိုဖန်ကို ဆူပူနေပေမဲ့ တကယ်တမ်းတော့ သူမရဲ့ ဝတ်စုံအိတ်ထဲမှာ မိုဖန်အတွက် ခိုးလာတဲ့ "အားဖြည့်ဆေးလုံး" တွေ အပြည့်ပါပဲ။
မိုဖန်ကတော့ စုတ်ပြတ်နေတဲ့ အဝတ်အစားတွေနဲ့ ကွင်းထဲမှာ ရပ်နေပါတယ်။ သူက လူသားတွေရဲ့ 'ချီ' (Qi) စွမ်းအင်လို ဟန်ဆောင်ထားတဲ့ အနက်ရောင်ဖျော့ဖျော့ နတ်ဆိုးစွမ်းအားတွေကို သူ့ရဲ့ ဓားအိုကြီးထဲကို စီးဝင်စေလိုက်ပါတယ်။
"နောက်တစ်ပွဲ... ဝန်ထမ်း အာဖန် နှင့် အပြင်တပည့် ကျောက်ဖုန်း!"
ကျောက်ဖုန်းဆိုတာ ညက တဲအိုထဲမှာ ဘောင်းဘီကျွတ်ပြီး ထွက်ပြေးသွားတဲ့ကောင်ပါ။ သူက မိုဖန်ကို မြင်တာနဲ့ ဒေါသတကြီး ရယ်လိုက်ပါတယ်။ "ဟားဟား... ဒီအစေခံလေးလား။ မင်းကို ငါ အခု လူပုံအလယ်မှာ အလဲထိုးပြမယ်!"
တိုက်ပွဲစသည်နှင့် ကျောက်ဖုန်းက သူ၏ ကျောက်စိမ်းဓားကို ဝှေ့ယမ်းကာ မိုဖန်ထံသို့ ခုန်ဝင်လာသည်။ မိုဖန်ကတော့ အေးအေးဆေးဆေးပင်။ သူသည် ညက ခိုးယူထားသည့် 'တိမ်ပြာဓားသိုင်း' ကို နတ်ဆိုးစွမ်းအားနှင့် ပေါင်းစပ်ကာ အသုံးပြုလိုက်သည်။
မိုဖန်၏ ဓားချက်က မြန်လွန်းလှသဖြင့် လူအများမှာ အရိပ်တစ်ခုကိုသာ မြင်လိုက်ရသည်။ ကျောက်ဖုန်း၏ ဓားမှာ လက်ထဲမှ လွင့်စင်သွားရုံတင်မကဘဲ သူ၏ ခါးပတ်မှာလည်း (ညကအတိုင်း) ပြတ်ကျသွားပြန်သဖြင့် ဘောင်းဘီမှာ လူပုံအလယ်မှာ ကျွတ်ကျသွားပါတော့သည်။
"အား! ငါ့ဘောင်းဘီ!" ကျောက်ဖုန်းက ကွင်းပြင်ထဲမှာ ဘောင်းဘီကို ဆွဲမရင်း ကစဉ့်ကလျား ဖြစ်နေချိန်မှာပဲ မိုဖန်က ခြေဖျားလေးနဲ့ အသာလေး ပုတ်လိုက်ရာ ကျောက်ဖုန်းတစ်ယောက် ကွင်းပြင်အပြင်ဘက်သို့ ဖင်ထိုင်လျက် လွင့်စင်သွားတော့သည်။
ကွင်းပြင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ ထိုစဉ်... စင်မြင့်အထက်မှ ကြည်လင်သော်လည်း အေးစက်လှသော မိန်းကလေးတစ်ဦး၏ အသံထွက်ပေါ်လာသည်။
"စိတ်ဝင်စားစရာပဲ... သူ့ရဲ့ ဓားသိုင်းက 'တိမ်ပြာဓားသိုင်း' နဲ့ တူပေမဲ့ စွမ်းအားစီးဆင်းမှုက တစ်မျိုးပဲ"
မိုဖန် မော့ကြည့်လိုက်သောအခါ စင်မြင့်ပေါ်တွင် အဖြူရောင်ဝတ်စုံနှင့် နတ်သမီးတစ်ပါးကဲ့သို့ လှပသော မိန်းကလေးတစ်ဦးကို တွေ့လိုက်ရသည်။ သူမကား ကျောက်စိမ်းဓားဂိုဏ်း၏ ပါရမီရှင်နှင့် ဂိုဏ်းချုပ်၏ သမီး 'လင်ရွှယ်' (Lin Xue) ပင် ဖြစ်သည်။ သူမ၏ မျက်ဝန်းများက မိုဖန်ကို စူးစမ်းစွာ စိုက်ကြည့်နေသည်။
ယွဲ့အာသည် ကွင်းဘေးမှနေ၍ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ သူမ၏ မျက်ခုံးများ တွန့်သွားသည်။
"ဘာလဲ... အဲဒီ အဖြူရောင် ဝတ်ထားတဲ့ မိန်းကလေးက ငါ့ရဲ့ နွားကျောင်းသားကို ဘာလို့ အဲဒီလို စိုက်ကြည့်နေတာလဲ?" ယွဲ့အာက သူမ၏ လက်ထဲက ပေါက်စီကို ဒေါသတကြီး ကိုက်လိုက်ရင်း ရေရွတ်လိုက်သည်။ "ဟွန်း... ရုပ်ကလေး လှတာနဲ့ လာပြီး ဖြားယောင်းချင်နေတာလား"
မိုဖန်ကတော့ ဘာမှမသိဘဲ လင်ရွှယ်ကို ပြန်ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။ လင်ရွှယ်ကလည်း မသိမသာ ပြုံးပြလိုက်ရာ...
"ဟေ့! အာဖန်! နင် တိုက်ပွဲပြီးရင် ချက်ချင်း ပြန်လာခဲ့စမ်း!" ယွဲ့အာက ကွင်းဘေးကနေ အော်ဟစ်ကာ ဝန်တိုမှုကို စတင်ပြပါတော့သည်။
မိုဖန်ခမျာမှာတော့ ဘာမှနားမလည်ပေ ယွဲ့အာကဘာလို့ဒေါသထွက်နေရတာလဲ ဒေါသထွက်နေတဲ့ နတ်ဆိုးမင်းသမီးလေးကြောင့် ဇောချွေးတွေ ပြန်လာပါတော့တယ်