← Chapters

တွင်းနက်ထဲမှပျံသန်းထွက်ခွာလာသည့်နဂါးတစ်ကောင်ပမာ

Vol. 11 Ch. 148

တွင်းနက်ထဲမှပျံသန်းထွက်ခွာလာသည့်နဂါးတစ်ကောင်ပမာ

Vol. 11 Ch. 148

အခန်း (၁၄၈) တွင်းနက်ထဲမှပျံသန်းထွက်ခွာလာသည့်နဂါးတစ်ကောင်ပမာ

နှစ်ယောက်သားထိပ်တိုက်တွေ့သည်နှင့် မိုးကြိုးသံများနှင့် ပေါက်ကွဲသံများထွက်ပေါ်လာပြီး ရန်ကျောက်ကဲ၏မျက်လုံးများ အေးစက်တုန်ခါသွားသည်။

သူ့လက်သီးချက်က ကြီးမားလှသည့်တောင်ကြီးတစ်တောင်ကို ထိုးနှက်မိသည့်အလား ခံစားရပြီး ပေါက်ကွဲထွက်နေသည့် လျှပ်စီးကြောင်းများဖြင့် ထိခိုက်မိကာ ထုံကျဉ်မှုကို ခံစားလိုက်ရသည်။

သူ၏ ချီစွမ်းအားနှင့် သွေးစွမ်းအားများ ရုတ်ချည်း တုန်လှုပ်သွားကာ လက်တစ်ဖက်လုံး သူ့လက်မဟုတ်တော့သလို ခံစားလိုက်ရ၏။

သူ၏ညာဘက်လက်သည်လည်း ထိုသို့ပင်ဖြစ်သည်။

စောစောက သူအသုံးပြုလိုက်သည့် နတ်နဂါးအမြီးရိုက်ခတ်သိုင်းကွက်သည် လင်ကျိုး၏ အစိမ်းရောင်မိုးကြိုးလက်သီးနှင့် ထိပ်တိုက်တွေ့သွားပြီး သူ၏ညာဘက်လက်က လင်ကျိုး၏လက်မောင်းနှင့် ထိမိသွားသည်။ ထိုအချိန် လင်ကျိုး၏လက်သီးမှ ပေါက်ကွဲထွက်လာသော လျှပ်စီးကြယ်တာရာချီစွမ်းအားများကြောင့် သူ၏ညာဘက်လက် ထုံကျဉ်သွားခြင်းပင်။

ကောင်းကင်မိုးကြိုးခန်းမသည် တိုက်စစ်သာအသုံးပြုပြီး ခံစစ်တိုက်ခိုက်လေ့ မရှိပေ။ ထို့ကြောင့် တိုက်ပွဲတွင် အားနည်းချက်တစ်ခု ကျရောက်သည်နှင့် ထိုအားနည်းချက်က ပို၍ပို၍ ကြီးမားလာမည် ဖြစ်သည်။

လင်ကျိုးက လက်ဦးမှုဆုံးရှုံးသွားသော်လည်း နောက်ပြန် မဆုတ်ပေ။ တန်ပြန်တိုက်ခိုက်ရန် အရှေ့ဆီသို့ ခုန်ဝင်လာသည်။ တိုက်ပွဲက နှစ်ဖက်လုံးအထိနာမည့် အခြေအနေ ဖြစ်၏။

“ဒီကောင် အခုအသုံးပြုနေတဲ့သိုင်းပညာက ကောင်းကင်မိုးကြိုးခန်းမက သိုင်းပညာ မဟုတ်ဘူး ၊ ... ကြည့်ရတာ မဟာကပ်ဘေးမတိုင်ခင်က ကြယ်လိုက်နဂါးခြေကန်သိုင်း မူကွဲတစ်ခုပဲ”

ထိုအတွေးက ရန်ကျောက်ကဲစိတ်ထဲ ဖျတ်ခနဲလက်သွားသည်။

နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး ရန်ကျောက်ကဲကလည်း နောက်မဆုတ်ဘဲ ရှေ့သို့ခုန်ဝင်ကာ သူ့ဒူးကိုမြှောက်လိုက်ပြီး ဒိုင်းပမာ ကာကွယ်လိုက်သည်။ သူ့ခန္ဓာကိုယ်အတွင်းမှ မရေမတွက်နိုင်သည့် အရွတ်များရောထွေးကာ အရေပြားကို တွန်းထုတ်လိုက်ပြီး သူ့အရေပြားက မူလကထက် ပိုမိုသန်မာလာသည်။

ထိုနောက် ဝိညာဉ်မိစ္ဆာလက်သီးသိုင်းပညာ (၆)ခုထဲမှ ကြံ့မိစ္ဆာလက်သီးသိုင်းကို ထုတ်ဖော်လိုက်၏။

ဤလက်သီးသိုင်း အယူအဆသည် ရှေးယခင်အတိတ်ကာလက မိစ္ဆာသားရဲတစ်ကောင်ဖြစ်သော ဒဏ္ဍာရီလာကြံ့သတ္တဝါကို အတုယူကာ တီထွင်ထားခြင်း ဖြစ်သည်။ ထိုလက်သီးသိုင်း၏ အမြင့်ဆုံးသော ခုခံစွမ်းအားကြောင့် မိုးအောက်မြေပြင်တစ်ခွင် အလွန်ကျော်ကြားခဲ့သည်။

ရန်ကျောက်ကဲက ဒူးကိုမြှောက်ရင်း နောက်မဆုတ်ဘဲ လင်ကျိုး၏ ကြယ်လိုက်နဂါးခြေကန်ချက်ကို တိုက်ရိုက်ရင်ဆိုင်လိုက်သည်။

တစ်ချိန်တည်းပင် အသက်တစ်ချက် ရှူသွင်းရှူထုတ်ပြုလုပ်လိုက်ပြီး ထုံကျဉ်နေသည့် ညာဘက်လက်မှ သွေးကြောများကို ပြန်ဖွင့်လိုက်သည်။

ရန်ကျောက်ကဲ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ကြယ်တာရာချီစွမ်းအားများ မြင့်တက်လာသည်။ သူက လင်ကျိုးကို လုံးဝအခွင့်အရေးမပေးဘဲ လက်သီးသိုင်းမှ လက်ဝါးသိုင်းသို့ ပြောင်းလဲတိုက်ခိုက်လိုက်သည်။ သူ့လက်ဖဝါးက ခရမ်းနီရောင်သမ်းလျှက် ရှိ၏။

တုရှိတလက်ဝါးရိုက်ချက်က လင်ကျိုးကို လွှမ်းမိုးဖိနှိပ်ထားသည်။

တုရှိတလက်ဝါးသိုင်းကို ရင်ဆိုင်ရသည်နှင့် လင်ကျိုးက ဒုတိယအကြိမ် တန်ပြန်တိုက်စစ်ဆင်ရန် ဟန်ပြင်သည်။ သို့သော် ရန်ကျောက်ကဲက သူ့ထက်လျှင်မြန်သည်ကို သိလိုက်ရသဖြင့် ကူရာကယ်ရာမဲ့သွားသည်။

ဤသို့ သူတို့ (၂)ယောက် အပြင်းအထန် တိုက်ခိုက်ကြမည်ဆိုလျှင် ရန်ကျောက်ကဲ၏ ထိုးနှက်ချက်ကို ပထမဆုံးခံရမည့်သူမှာ သူကိုယ်တိုင်ပင် ဖြစ်သည်။

ရန်ကျောက်ကဲ၏ ကြံ့မိစ္ဆာလက်သီးနှင့် သူ၏ခြေကန်ချက် ရင်ဆိုင်တွေ့ခဲ့ပြီးသည့်နောက် လင်ကျိုး တစ်စုံတစ်ခုကို ရှင်းရှင်းလင်းလင်း နားလည်သွားသည်။

သူက ကျင့်ကြံခြင်းအဆင့် ပိုမိုမြင့်မားသည့်တိုင် တကယ်တမ်းသူသေကိုယ်သေ တိုက်ခိုက်ပါက ပိုပြီအထိနာပြီး ဒဏ်ရာအပြင်းအထန်ရမည့်သူမှာ သူကိုယ်တိုင်သာ ဖြစ်သည်။

လင်ကျိုး မျက်ခုံးများကို တင်းတင်းကျပ်ကျပ် တွန့်ချိုးထားသည်။ ရန်ကျောက်ကဲ၏ တုရှိတလက်ဝါးသိုင်းကို ခုခံရန် လက်သီးချက်ကို ပြန်ဆုတ်ပြီး လက်မောင်းကိုအသုံးပြုရန်မှလွဲပြီး ရွေးချယ်စရာ မရှိပေ။

တိုက်ပွဲတွင် ရန်ကျောက်ကဲက အားသာချက်ကို လုံးဝဆုပ်ကိုင်ထားပြီဖြစ်သည်။

လင်ကျိုးမှာ အရှိန်အဟုန်ကို ထိန်းချုပ်မရဖြစ်နေချိန် ရန်ကျောက်ကဲ၏ နောက်ဆက်တွဲတိုက်ခိုက်မှုများက အဆုံးမရှိသည့် လှိုင်းလုံးကြီးများပမာ မြင့်တက်လာသည်။ လှိုင်းလုံးတစ်ခုချင်းစီတိုင်းက လင်ကျိုးကို ဖုံးလွှမ်းသွားပြီး ကောင်းကင်ကိုဖျက်စီး မြေပြင်ကိုတိုက်စားသွားမည့်အလား ထင်မှတ်ရ၏။

လင်ကျိုးသည် ကောင်းကင်မိုးကြိုးခန်းမမှ သိုင်းသမားများတွင် တွေ့မြင်ရခဲသည့် ကြံ့ကြံ့ခံနိုင်မှုစွမ်းရည် ပြည့်ဝသည်။ သူ၏ လျှင်မြန်မှုသိုင်းပညာကိုလည်း အကန့်အသတ်ပြည့်သည်အထိ တွန်းထုတ်အသုံးပြုနိုင်သည်။ သူ့ထံမှ တောက်ပသည့် လျှပ်စီးကြောင်းများထွက်ပေါ်လာပြီး ရန်ကျောက်ကဲ၏ တိုက်ခိုက်မှုကို ချေမှုန်းပစ်လိုက်သည်။

နှစ်ယောက်သား လေထဲသို့ ခုန်ဝင်သွားကြပြီး သူတို့ပုံရိပ်များက ကောင်းကင်ထက်တွင် ရိပ်ခနဲ ရိပ်ခနဲ အဆက်မပြတ် လှုပ်ရှားနေသည်။ ပုံရိပ်များက မြေပြင်ထက်ပြန်ကျလာလိုက် ကောင်းကင်ထက် ပြန်ခုန်ဝင်သွားလိုက်ဖြင့် မြေကြီးတစ်ခုလုံး အက်ကွဲကြောင်းများ ပြည့်နက်သွားသည်။

နှစ်ယောက်လုံးအသုံးပြုသည့် မှော်ဝင်လက်နက်များမှာလည်း ရောထွေးနေပြီး လက်နက်များမှ အလင်းရောင်က ခဏချင်း ပြောင်းလဲနေသည်။

ရန်ကျောက်ကဲ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ကြယ်တာရာချီစွမ်းအားများ ဆူပွက်နေပြီး ကျယ်လောင်သည့် နဂါးဟိန်းသံကြီးတစ်သံနှင့် ကျားဟိန်းသံတစ်သံ ထွက်ပေါ်လာသည်။

လင်ကျိုး၏ ကြယ်တာရာချီစွမ်းအားကတော့ ကောင်းကင်မိုကြိုးခန်းမ၏ အခိုင်မာဆုံးနှင့် အပြင်းထန်ဆုံး အမှတ်အသားဖြစ်သည်။ ထိုစွမ်းအားများက အလေးလံဆုံးနှင့် အားအင်အပြည့်ဝဆုံးဖြစ်ပြီး ကောင်းကင်မိုးကြိုးခန်းမမှ ကျင့်ကြံခြင်းအဆင့်တူသူများလျှင်ပင် ဖိနှိပ်ရန် အလွန်ဝေးကွာပေသည်။

သူ၏ ဝိညာဉ်စွမ်းအားတွင် ကြယ်တာရာချီစွမ်းအားများ ပြည့်နက်နေပြီး ကြီးမားသည့် ခြိမ်းခြောက်မှုများထွက်ပေါ်လာကာ ပုံရိပ်ယောင်လောကတစ်ခု ဖြစ်တည်လာပြီး ရန်ကျောက်ကဲကို ဖုံးအုပ်ထားသည်။ ရန်ကျောက်ကဲမှာ သူ၏အားသာချက်ကို ဆက်လက်ချဲ့ထွင်နိုင်ခြင်း မရှိတော့ပေ။

နက်ရှိုင်းသည့်တိုက်ပွဲအလယ် ရန်ကျောက်ကဲက ခုနစ်စဉ်ကြယ်ဓားသိုင်းကိုထုတ်ဖော်လိုက်ပြီး လေထဲသို့ခုန်ဝင်ကာ လင်ကျိုး၏ နဖူးတည့်တည့်သို့ ထိုးစိုက်ချလိုက်သည်။

လင်ကျိုး၏ အေးစက်သည့်မျက်ဝန်းများက ချက်ချင်း ပူလောင်ပြင်းပြသွားသည်။

သူက ခန္ဓာကိုယ်ကို ရုတ်တရက်လှည့်ပတ်လိုက်ပြီး ပြင်းထန်ကြမ်းတမ်းသောဓားသိုင်းကို ရေကဲ့သို့ အေးစက်နူးညံ့သည့်ဓားသိုင်းအဖြစ် ပြောင်းလဲလိုက်သည်။

မိုးကြိုးသွားများ လွှမ်းခြုံထားသည့် ကမ္ဘာကြီးထဲတွင် ရေစီးကြောင်းတစ်ခု ရုတ်ချည်း ထွက်ပေါ်လာသည်။

ထိုရေစီးကြောင်းက မျဉ်းကြောင်းတစ်ခုပမာ သိပ်သည်းသွားပြီး ဘယ်သောအခါမှ ပျက်စီးနိုင်မည်မဟုတ်ဟု ထင်မှတ်ရသည်။ သို့သော် ဓားလမ်းကြောင်းက ထက်မြက်လွန်းပြီး များစွာသော လမ်းကြောင်းများဖြင့် ဝင်ရောက်လာလေရာ ခန့်မှန်းရခက်လှသည်။

ရန်ကျောက်ကဲမျက်ဆံများ ကြုံ့သွား၏။

“ကျောက်စိမ်းပင်လယ်မြို့တော်ရဲ့ ယဉ်စွန်းတန်းဓားသိုင်း”

ကောင်းကင်နှင့်ပယ်လယ်ကြား မျဉ်းဖြောင့်တစ်ကြောင်းတည်ရှိပြီး ထိုအရာကို မည်သူရင်ဆိုင်ရဲပါမည်နည်း။

ထိုသိုင်းပညာက ရေနယ်မြေ ၊ ကျောက်စိမ်းပင်လယ်မြို့တော်၏ ကိုယ်ပိုင်သိုင်းပညာဖြစ်သော “ယဉ်စွန်းတန်းဓားသိုင်း” ပင် ဖြစ်သည်။

ယခုတော့ ထိုဓားသိုင်းကို ကောင်းကင်မိုးကြိုးခန်းမ၏ ပင်မတိုက်ရိုက်တပည့် လင်ကျိုးက ထုတ်ဖော်အသုံးပြုနေသည်။ သူအသုံးပြုနေသည်က ယဉ်စွန်းတန်းဓားသိုင်းကို မှီငြိမ်းထားသည့် ဆင်တူရိုးမှားဓားသိုင်းတစ်ခု မဟုတ်ဘဲ ယဉ်စွန်းတန်းဓားသိုင်း အစစ်အမှန် ဖြစ်သည်။

လင်ကျိုးတွင် ဝှက်ဖဲများစွာရှိမည်ဟု သေချာပေါက် ခန့်မှန်းထားသော်လည်း ယဉ်စွန်းတန်းဓားသိုင်းကို ထုတ်ဖော်အသုံးပြုလိုက်ခြင်းက ရန်ကျောက်ကဲ မျှော်လင့်ထားသည်ထက် ကျော်လွန်နေသည်။

လင်ကျိုးအနေဖြင့် အချိန်ကြာြမင့်စွာ တိမ်မြုပ်ပျောက်ကွယ်သွားသည့် မဟာကပ်ဘေးမတိုင်ခင်က သိုင်းပညာများ အသုံးပြုမည်ဟု ရန်ကျောက်ကဲ ထင်မှတ်ထားခဲ့သည်။ ယခုတော့ သူထင်မှတ်ထားသည့်အခြေအနေနှင့် ပိုမိုဝေးကွာသွားပြီ ဖြစ်သည်။

ရန်ကျောက်ကဲက ထူးဆန်းပြီး ခန့်မှန်းရခက်သည့် ယဉ်စွန်းတန်းဓားသိုင်း ရေမျဉ်းကြောင်းကို အတင်းအကျပ်တွန်းလှန်ရန် ခုနစ်စဉ်ကြယ်ဓားသိုင်းကို ပြောင်းလဲအသုံးပြုလိုက်သည်။

ထိုအခွင့်အရေးကို အသုံးချပြီး လင်ကျိုးက ခံစစ်မှ တိုက်စစ်သို့ပြောင်းလဲရန် အခွင့်အရေးရသွား၏။

သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ စွမ်းအားများ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။

လင်ကျိုးက ဘယ်လက်ရော ညာလက်ပါ အသုံးပြုကာ အဆက်မပြတ် ထိုးနှက်တိုက်ခိုက်ရင်း သူ၏ ကြယ်တာရာချီစွမ်းအားများက ဓားသွားအသွင် ပြောင်းလဲသွားကာ လက်တစ်ဖက်က နှစ်ဖက်သွားဓားကို ဝှေ့ယမ်းကာ ကျန်တစ်ဖက်ကတော့ တစ်ဖက်သွားဓားကို ဆုပ်ကိုင်ထားသည်။

မိုးခြိမ်းသံက တဟုန်ထိုးမြည်ဟည်းထွက်ပေါ်လာပြီး မိုးနဲ့မြေကြားတွင် လင်ကျိုး၏ဓားရောင်များနှင့် လျှပ်စီးများမှလွဲပြီး အခြား မည်သည့်အရာကိုမှ တွေ့မြင်ရခြင်း မရှိပေ။

လင်ကျိုးက ကောင်းကင်မိုးကြိုးခန်းမ၏ ကိုယ်ပိုင်သိုင်းပညာဖြစ်သော လျှပ်စီးဓားသိုင်း (၇၂)ကွက်နှင့် မိုးကြိုးဓားသိုင်း (၃၆)ကွက်ကို အဆက်မပြတ် ထုတ်‌ဖော်လိုက်သည်။

ထိုတိုက်ကွက်ကိုတွေ့မြင်သည့်အခါ မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစကို တည်ငြိမ်အောင်ထိန်းထားသည့် အားဟူက အံ့အားသင့်စွာ ရေရွတ်လိုက်သည်။

“မိုးကြိုးလျှပ်စီးယှဥ်နွယ်ကို သူ ဘယ်လိုအောင်မြင်ထားတာလဲ”

ကောင်းကင်မိုးကြိုးခန်းမ၏ နှစ်ဖက်သွားဓားသိုင်းနှင့် တစ်ဖက်သွားဓားသိုင်း ပေါင်းစပ်အသုံးပြုသည့် ထိပ်တန်းအဆင့် ဓားသိုင်းပညာရပ်ကို “မိုးကြိုးလျှပ်စီးယှက်နွယ်”ဟု ခေါ်ဆိုသည်။

ကောင်းကင်မိုးကြိုးနန်းတော်ကို တည်ထောင်ပြီးကတည်းက သိုင်းပညာရှင်အဆင့်ကျင့်ကြံသူများတွင် ထိုပညာကို ကျင့်ကြံနိုင်သူ တစ်ယောက်မှ မရှိပေ။

လင်ကျိုးက ပထမဆုံး ထိုသို့လေ့ကျင့်နိုင်သည့် ရှေ့ဆောင်လမ်းပြတစ်ယောက် ဖြစ်သည်။

လျှပ်စီးများဖြင့် ပြည့်နက်နေသော မိုးမြေတစ်ခုလုံး ပေါက်ကွဲထွက်သွားသည်။

လင်ကျိုး၏ မျက်ဝန်းများက အေးစက်နေသည့်တိုင် ထိန်းမနိုင်သိမ်းမရ ပူလောင်တောင်ပလျှက် ရှိသည်။

“... ရန်ကျောက်ကဲရေ မင်းတော့ သေလူဖြစ်နေပြီ”

“ဒီကမ္ဘာမှာ မင်းရဲ့တည်ရှိမှုကို မလိုအပ်ပါဘူးကွာ ၊ ကံတရားအတိုင်း မင်းသွားရမယ့်လမ်းကိုသာ သွားလိုက်တော့”

ဓားအလင်းရောင်များနှင့် မိုးကြိုးလျှပ်စီးအလင်းတန်းများသည် ကောင်းကင်ထက် မိုင်ထောင်ပေါင်းများစွာသို့ ပျံတက်သွားပြီး အရပ်ရပ်သို့ လွှမ်းခြုံသွားသည်။

စွမ်းအားနှစ်ခု တိုက်မိသွားသည်နှင့် အစကပင်ပြင်းထန်သည့် သူတို့၏စွမ်းအားများမှာ ခဏအတွင်း ပေါက်ကွဲထွက်သွားသည်။

ရန်ကျောက်ကဲ၏မျက်ဝန်းများ တည်ငြိမ်နေသည်။

အဆက်မပြတ်ထိုးနှက်နေသည့် သူ၏လက်သီးချက်များက ပင်လယ်ပြင်ပမာ ရုတ်ချည်းတည်ငြိမ်သွားပြီး ဝိညာဉ်စွမ်းအားများလည်း ငြိမ်သက်သွားသည်။

သူ၏ စွမ်းအင်ဗဟိုချက်ချီပင်လယ်မှ ကြည်လင်သည့်ချီစွမ်းအားများ ပြိုကွဲပျံ့နှံ့သွားပြီး ပရမ်းပတာချီစွမ်းအားအစုအဝေးက တုန်လှုပ်သွားသည်။

နဂါးများအလား သူ့ခန္ဓာကိုယ်အတွင်းလှည့်ပတ်နေသော ကြယ်တာရာချီစွမ်းအားများက တစ်ညီတစ်ညွတ်ထဲ ပြောင်းလဲသွားသည်။

တစ်ခဏအတွင်း မီးတောက်ကဲ့သို့ပူလောင်သည့် ချီစွမ်းအားမျာက အေးစိမ့်သည့်ချီစွမ်းအားများနှင့် အပြည့်အဝပေါင်းစပ်သွားပြီး ထူးခြားသည့် အေးခဲကြယ်တာရာချီစွမ်းအားတစ်ခု ထွက်ပေါ်လာသည်။

ရန်ကျောက်ကဲ၏ ခန္ဓာကိုယ်ပတ်ဝန်းကျင်တွင် အေးစက်သောမြူခိုးများတရိပ်ရိပ်ထွက်ပေါ်လာသည်။

ပင်လယ်ကဲ့သို့တည်ငြိမ်သည့် ဝိညာဉ်လက်သီးကို တွန်းကန်ထုတ်ဖော်လိုက်စဉ် အေးခဲကြယ်တာရာချီစွမ်းအားများက အဆုံးမဲ့ ထိုးဖောက်ထွက်ပေါ်လာပြီး ရန်ကျောက်ကဲ၏ ခြေထောက်အောက်တွင် အောက်ခြေမရှိသော ပင်လယ်တစ်စင်း ဖြစ်တည်လာသည်။

ထိုပင်လယ်က သေမင်းတမာန်တစ်ပါးအလား မည်သည့်အရာနှင့်မှ နှိုင်းယှဉ်မရအောင် ငြိမ်သက်ခြင်းအတိ ရှိသည်။

အသူရာချောက်တမျှနက်ရှိုင်းသော ထာဝရနက်နဲရာ ပင်လယ်ပြင်အောက်သို့ လူတစ်ယောက်အား ဆွဲခေါ်သွားတော့မည့်အလား ထင်မှတ်ရသည်။

ရန်ကျောက်ကဲထံသို့ ကျရောက်လာသည့် မိုးကြိုးသွားများနှင့် လျှပ်စီးကြောင်းများသည် သူ့ကိုအန္တရယ်မပြုနိုင်ဘဲ ပင်လင်နက်ရှိုင်းရာအတွင်းသို့ ဝင်ရောက်သွားသည်။

ရန်ကျောက်ကဲ၏ ပင်လယ်ပမာတည်ငြိမ်သည့် လက်သီးချက်ကိုကာကွယ်ရန် လင်ကျိုးက နှစ်ဖက်သွားဓားဖြင့် ထိုးဖောက်လိုက်ပြီး တစ်ဖက်သွားဓားသွားဖြင့် အတင်းအကျပ် တားဆီးလိုက်သည်။

ရန်ကျောက်ကဲ၏ ကြံ့မိစ္ဆာလက်သီးသိုင်းနှင့် ဓားရိပ်များထိမှန်ကာ ပတ်ဝန်းကျင်တစ်ခုလုံး ပေါက်ကွဲထွက်သွားပြီး အရာအားလုံး ကျဆုံးပျက်စီးသွားသည်။

လင်ကျိုး၏ မိုးကြိုးလျှပ်စီးယှက်နွယ်သည် နှိုင်းယှဉ်မရအောင် ပြင်းထန်ကြမ်းတမ်းပြီး ရန်ကျောက်ကဲထံသို့ လျှင်မြန်စွာ ဝင်ရောက်လာသည်။

ထိုအချိန် ရန်ကျောက်ကဲ၏ သိုင်းကွက်က ပင်လယ်ပမာတည်ငြိမ်သောဝိညာဉ်လက်သီးမှ ကြံ့မိစ္ဆာလက်သီးအဖြစ် ရုတ်ချည်း ပြောင်းလဲသွားသည်။

အပြင်းအထန်ခံစစ်မှ အပြင်းအထန်တိုက်စစ်သို့ ပြောင်းလဲသွားပြီး တိုက်ပွဲက သူမျှော်လင့်ထားသလို ချောမွေ့သွားသည်။

တွင်းနက်ထဲတွင် ပုန်းအောင်းနေသည့် နဂါးကြီးတစ်ကောင် ကောင်ကင်ထက်သို့ ပျံသန်းထွက်ပေါ်လာသည့်အလား ထင်မှတ်ရ၏။

ရန်ကျောက်ကဲ၏ စွမ်းအင်ဗဟိုချက်ချီပင်လယ်အတွင်းမှ ပရမ်းပတာချီစွမ်းအားထုထည်က နောက်တစ်ချက် ထပ်မံ တုန်လှုပ်သွားပြီး အေးခဲကြယ်တာရာချီစွမ်းအားများက ခဏအတွင်း ပူပြင်းလောင်မြိုက်လာသည်။

ပြင်းထန်သောစွမ်းအားများ ပေါက်ကွဲထွက်လာပြီး လင်ကျိုး၏ တစ်ဖက်သွားဓားကို ဖြတ်သန်းဝင်ရောက်သွားသည်။ လင်ကျိုးမှာ သူ၏သိုင်းစွမ်းအားများ ဆုံးရှုံးသွားသည့်အလား ခံစားလိုက်ရ၏။

ရန်ကျောက်ကဲက မီးကဲ့သို့ပူပြင်းလောင်မြိုက်နေသည့် ကြယ်တာရာချီစွမ်းအားများကို လက်ဖဝါးနှစ်ဖက်အတွင်း စီးဆင်းစေလိုက်ပြီး လင်ကျိုးရှိရာသို့ ရိုက်ထုတ်လိုက်သည်။

လင်ကျိုးက ခြေထောက်အတွင်းသို့ ဖိအားများထည့်သွင်းပြီး နောက်သို့ခုန်ဆုတ်ကာ လက်တစ်ဖက်ဖြင့် ရင်ဘတ်ရှေ့ကို ကာကွယ်လိုက်သည်။

“ဝုန်း”

“ခရက်”

ဆူညံသံများပဲ့တင်ထပ်ထွက်ပေါ်လာပြီး လင်ကျိုး၏ ဘယ်ဘက်လက်အောက်ပိုင်းသို့ ရန်ကျောက်ကဲ၏ လက်ဝါးရိုက်ချက် ထိမှန်သွားကာ အရိုးများ အပိုင်းသုံးပိုင်းကျိုးပျက်အက်ကွဲသွားတော့သည်။

All Chapters