မင်းက ဘယ်သူ့ကလေးလဲ
Vol. 36 Ch. 526
“ခင်ဗျား အစ်မလား”
ကောင်းမင်သည် ထန်ချင်းထံတွင် ထန်လင်းဟုခေါ်သော အစ်မတစ်ယောက်ရှိကြောင်း အမှတ်ရသွားသည်။သူမသည် အဆင့် ၅ ဓာတ်ခွဲခန်းတွင် အလုပ်လုပ်ခဲ့ခြင်းဖြစ်သည်။သူမသည် ရှန်ဟိုင်းစိတ္တဇဆေးရုံကို တည်ထောင်ခဲ့သည်။ လွန်ခဲ့သော နှစ်များစွာက မတော်တဆဖြစ်ရပ်အတွင်း သူမသည် မသေဆေးကို သစ္စာဖောက်ခဲ့ပြီး နံပါတ် ၂၏ အသိစိတ်တစ်စိတ်တစ်ပိုင်းကို ဓာတ်ခွဲခန်းထဲမှ တိတ်တဆိတ်ခိုးယူသွားခဲ့သည်။
“မင်း အိမ်မက်ဆိုးထဲ မဝင်ခင်က သူ့အကြောင်းပြောခဲ့ဖူးတယ် ၊ ငါ့အစ်မရဲ့ အထောက်အထားကို လုံးဝလျှို့ဝှက်ထားလို့ ဘယ်သူမှ သူ့အကြောင်းမသိကြဘူး ၊ မင်းရဲ့ရည်ရွယ်ချက်ကို အဖြေရှာဖို့ ငါတို့ရဲ့ အထူးနည်းလမ်းကို သုံးပြီး ငါ့အစ်မနဲ့ ဆက်သွယ်ခဲ့တယ်”
“သူ့ဖိုင်တွေကို ကျုပ်ဆီ ပေးလို့ရမလား”
“ရတာပေါ့”
ထန်ချင်းက အရှက်မဲ့စွာ ဝန်ခံလိုက်သည်။
“မနက်ဖြန်ကျရင် မင်းအိမ်မှာပဲနေပါ ၊ ငါ့အစ်မ မင်းကို လာရှာလိမ့်မယ်”
“ကျုပ်ဘယ်မှာနေမှန်း သူဘယ်လိုသိမှာလဲ”
“မသေဆေးရှေ့မှာ ဘာလျှို့ဝှက်ချက်မရှိဘူး ၊ မင်းရဲ့ ပေးချေမှုတိုင်း မှတ်တမ်းရှိတယ် ၊ တစ်မြို့လုံးက ကင်မရာတွေက မင်းကို မှတ်တမ်းတင်ထားလိမ့်မယ် ၊ ငါ့ကို အဲ့လို မကြည့်နဲ့ ၊ မင်း စမ်းသပ်သူတစ်ယောက်အဖြစ် စာရင်းမသွင်းခင်ကတည်းက အဲ့ဒီစာသားပါပြီးသားပဲ ၊ ကုမ္ပဏီအချက်အလက်တွေ မပေါက်ကြားအောင် ငါတို့သေချာလုပ်ထားမှ ဖြစ်မှာလေ”
ထန်ချင်းသည် ကောင်းမင်နှင့်ပတ်သက်၍ ပို၍ ပေါ့ပေါ့ပါးပါးဖြစ်လာသည်။
“ဟုတ်ပါပြီ ၊ ကျုပ် အခုသွားလို့ရပြီလား”
အိမ်မက်ဆိုးလောကနှင့် လက်တွေ့ကမ္ဘာတို့၏ အချိန်စီးဆင်းမှုမှာ ခြားနားသည်။အခန်းထဲတွင် နာရီတစ်လုံးပင် ရှိမနေချေ။ကောင်းမင်သည် လျိုယီက သူ့အား စောင့်ဆိုင်းနေမည်ကို စိုးရိမ်နေသည်။
“မင်း ပိုက်ဆံမလိုချင်တော့ဘူးလား ၊ မင်းက ဒီကို အတွေ့အကြုံရှာဖို့ ရောက်လာတာလို့ပဲ ငါဘယ်လိုတောင်ခံစားနေရတာလဲ”
ထန်ချင်းက အနက်ရောင်လက်ပတ်ကို ဝေ့ယမ်းလိုက်သည်။
“ငါမင်းကို ငွေလွှဲပေးလိုက်ပြီနော် ၊ ဒါထက် ငါမေးစရာရှိသေးတယ် ၊ ဒီအိပ်မက်ဆိုးထဲက အပြောင်းအလဲတွေက မင်းနဲ့ပတ်သက်နေလား”
“မပတ်သက်ဘူး”
ထန်ချင်းက ခေါင်းခါလိုက်သည်။
“ငါတို့ ကျန်းမြောင်မြောင်ရဲ့ အိပ်မက်ဆိုးကို ထပ်လေ့လာလို့မရတော့ဘူး ၊ သူ့ဦးနှောက်က ပြိုကွဲသွားသလိုပဲ ၊ လူနာ B11ရဲ့အိပ်မက်ဆိုး အလယ်အလွှာမှာလည်း ပြဿနာတစ်ခုရှိနေပြန်တယ် ၊ မင်းက အဲ့ဒီနှစ်ခုလုံးမှာ ပါခဲ့တာဆိုတော့လေ၊ ငါက ဘာမဟုတ်တာကိုမှ ပြောနေတာမဟုတ်ပါဘူး ၊ ဒါပေမယ့် မင်းမှာ ငါ့ကိုပြောစရာတစ်ခုခု ရှိနေရင် ငါဖုံးကွယ်ထားပေးပါ့မယ် ၊ မင်းက ငါ့အစ်မနဲ့ သိနေလို့လေ”
“ဒါတွေက တကယ့်ကို ကျုပ်နဲ့ဘာမှ မပတ်သက်တာပါဗျာ”
ထိုကိစ္စများအားလုံးသည် မျိုးစေ့များနှင့်သာ သက်ဆိုင်သောကြောင့် ကောင်းမင်က အမှန်တရားကိုပြောလိုက်သည်။
“ဒါဆိုလဲ မင်းတစ်ခုခု အမှတ်ရလာရင် ငါ့ကို အချိန်မရွေးဆက်သွယ်လိုက်ပါ”
ထန်ချင်းသည် စာဖိုင်တစ်ခုကို ထုတ်ယူလိုက်သည်။ သူသည် ကောင်းမင်နှင့်ပင် တိုင်ပင်ခြင်းမရှိဘဲ ဖောင်ကို စဖြည့်တော့သည်။
သူ့ဖုန်းနှင့် အဝတ်အစားများကို ပြန်ထုတ်ယူပြီးနောက် ကောင်းမင်သည် ဓာတ်ခွဲခန်းမှ အလျင်အမြန်ထွက်ခွာသွားသည်။ ရှင်းလု မြို့ဟောင်းသို့ ပြန်ရန် တက္ကစီတစ်စီး ငှားလိုက်သည်။
သူအိမ်ရောက်သောအခါ မနက် ၁နာရီ ရှိနေပြီဖြစ်သည်။ ကောင်းမင်သည် ယင်းကို လျိုယီအား ဖုန်းပေါ်တွင် အချိန်အတော်ကြာ ရှင်းပြလိုက်ရသည်။သူမသည် သူ့အား စိုးရိမ်နေလေသည်။ လျိုယီ၏ မျက်ရည်များကို မြင်သောအခါ ကောင်းမင်ပြင်ဆင်လာသော ဆင်ခြေဆင်လက်များအားလုံး ပျောက်ကွယ်သွားသည်။ ကောင်းမင်သည် သူလုပ်ခဲ့သည်များကို ဖုန်းကွယ်မထားတော့ဘဲ အရာအားလုံးပြောပြလိုက်သည်။ သူသည် သူ့မှတ်ဉာဏ်များကို ရှာဖွေနေသည့် သူ့ရည်ရွယ်ချက်ကို သူမအား ပြောပြလိုက်သည်။သူတို့သည် မနက် ၃နာရီအထိ စကားပြောနေကြပြီး အိပ်မပျော်ကြပေ။ကောင်းမင်၏ ပုခုံးကိုမှီထားရင်း လျိုယီက မေးလိုက်သည်။
“ရှင့်ရဲ့ ကိုမာအိပ်မက်ထဲမှာ ကျွန်မထက်ပိုပြီး ချစ်မိခဲ့တဲ့သူ တစ်ယောက်ယောက်များ ရှိလား”
ယင်းသည် အန္တရာယ်များသည့် မေးခွန်းတစ်ခုဖြစ်သော်လည်း ကောင်းမင်သည် အိပ်မက်အတွင်း အကြိမ်ပေါင်းများစွာ သေဆုံးခဲ့ရပြီးဖြစ်သည်။သူ ဂရုမစိုက်မိခဲ့ချေ။အချိန်တချို့ကြာပြီးနောက် ကောင်းမင် ပြောလိုက်သည်။
“ငါ့ဆီမှာ မင်းထက်ပိုပြီး လေးနက်တဲ့အထင်အမြင်တစ်ခုရှိတဲ့ မိန်းမတစ်ယောက်ရှိတယ်၊ သူ့နာမည်က ရွှမ်ဝမ်တဲ့ ၊ သူက ငါ့အိမ်မက်ဆိုးထဲမှာ ငါ့ကို ကယ်တင်ဖို့ အကြိမ်ပေါင်းများစွာ ပေါ်လာတတ်တယ် ၊ ငါနိုးလာပြီးနောက်တော့ ငါသိလိုက်ရတာက သူက ငါ့ကို ကုသပေးခဲ့တဲ့ အဓိကဆရာဝန်တဲ့လေ”
“ဒါဆို သူက ရှင့်ကို တစ်နည်းနည်းနဲ့ကယ်တင်ခဲ့တာပေါ့”
လျိုယီက ကောင်းမင်ကို ဆိတ်လိုက်သည်။
“ရှင်က သူ့ကို မေးဖို့ကြိုးစားနေတာလား ၊ သူက ရှင့်အိပ်မက်ဆိုးအကြောင်း တစ်ခုခုသိနေပုံပဲ”
လျိုယီ မော့ကြည့်လိုက်သည်။သူမ၏ အပြုံးမှာ ဖျော့တော့နေခဲ့သည်။
သူမပြောလိုက်သည်။
“သူက ရှင့်အတွက် အရမ်းအရေးကြီးတဲ့လူလို့ ကျွန်မခံစားရတယ် ၊ ဒါက ကျွန်မကို မနာလိုဖြစ်စေတယ်”
“အိပ်မက်ဆိုးက လက်တွေ့ကမ္ဘာနဲ့ ဆက်နွယ်နေတာ ဥပမာပြောရရင် ရွှမ်ဝမ်က …”
ကောင်းမင်သည် သူတို့နှစ်ယောက်ကြားရှိ အသေးစိတ်အချက်အလက်များကို မမှတ်မိတော့ပေ။သူ ခေါင်းကိုက်လာသည်။
“ကျွန်မကို ဘာကိစ္စမှ ဖုံးကွယ်မထားပါနဲ့ ၊ ရှင့်မှတ်ဉာဏ်တွေ ပြန်ရလာအောင် ကျွန်မ အကောင်းဆုံး ကူညီပေးမှာပါ ၊ အဲ့ဒီအိပ်မက်ဆိုးထဲမှာ ရှင်ဘာတွေ ကြုံတွေ့ခဲ့ရလဲဆိုတာ ကျွန်မလည်း သိချင်ပါတယ်”
လျိုယီက ကောင်းမင်၏လက်မောင်းကို ဖက်လိုက်သည်။
“ကျွန်မက အမြဲတမ်း ရှင့်ဘက်ကပါပဲ”
“အင်း”
သူတို့သည် တစ်ညလုံး စကားပြောနေခဲ့ကြသည်။ ကောင်းမင်သည် ထိုကဲ့သို့အတွေ့အကြုံမျိုးကို ယခင်က မကြုံဖူးပေ။သူ လျိုယီနှင့် ပိုအချိန်ကုန်ဆုံးလေ လက်တွေ့ကမ္ဘာကို သူပိုတွယ်တာလာလေဖြစ်သည်။ တစ်နည်းအားဖြင့် သူသည် လူသားတစ်ယောက်နှင့် ပိုတူလာခြင်းဖြစ်သည်။
နေလုံးကြီးက မြင့်တက်လာသည်။ နိူးစက်မြည်လာပြီး နောက်တစ်နာရီ ကြာသည်အထိ လျိုယီမှာ ဆိုဖာပေါ်တွင် အိပ်ပျော်နေဆဲဖြစ်သည်။အပြင်လူများ၏ မျက်လုံးထဲတွင် လျိုယီသည် အေးစက်ပြီး သီးသန့်ဆန်သူဖြစ်သည်။ သို့သော်လည်း သူမသည် ထိုအခိုက်အတန့်တွင် အလွန်ချစ်စရာကောင်းပြီး အခုအခံမဲ့နေလေသည်။ သူမသည် သူအဝေးသို့လွှင့်ပျံသွားမည်ကို စိုးရိမ်နေသည့်အလား ကောင်းမင်၏ အင်္ကျီကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားသည်။
“ငါ ပိုကြာကြာနေလေ လက်လွတ်ဖို့ ပိုခက်ခဲလေလေပါလား”
ကောင်းမင် ဆိုဖာပေါ်ထထိုင်လိုက်သည်။သူသည် စံအိမ်အိပ်မက်ဆိုးထဲတွင် အသီးကို စားခဲ့ကတည်းက သူ၏ခံနိုင်ရည်သည် လုံးလုံးလျားလျားပြောင်းလဲသွားသည်။ သူရှင်းရှင်းလင်းလင်း အာရုံခံမိခဲ့သော တံခါးတစ်ဖက်မှ အရာက သူ့အားလွှမ်းမိုးလျက်ရှိသည်။ စွမ်းအားသည် တားမြစ်ချက်ကို ချိုးဖောက်ခဲ့ပြီး လက်တွေ့ကမ္ဘာကို လွှမ်းမိုးလာသည်။
ကောင်းမင် စကားပြောစက်ကို ထုတ်ယူလိုက်သည်။ ကောင်းမင်သည် တံခါးမှ ထွက်လာချိန်တွင် စကားပြောစက်ထဲမှ တစ်ခုခုကို ကြားခဲ့ရသည်။
“နံပါတ် ၂က ငါ့ကို ဒါပေးခဲ့ပြီးတော့ တိတ်တဆိတ်ပျောက်ကွယ်သွားတယ် ၊ ငါက ဒါကို တံခါးမှာပဲ သုံးလို့ရတာလား”
စကားပြောစက်သည် တံခါးကို ဖြတ်ဝင်သည့်အချိန်တွင် အားဝင်သွားခဲ့ခြင်းဖြစ်သည်။ကောင်းမင်သည် ဒိုင်ခွက်ကို လှုပ်ရန်ကြိုးပမ်းလိုက်သည်။ လိုင်းအများစုသည် တိတ်ဆိတ်လျက်ရှိသည်။
ကောင်းမင် အနီးကပ်နားထောင်လိုက်သည်။ပထမချန်နယ်သည် တစ်စုံတစ်ယောက်၏အမည်ကို ရွက်ဆိုနေသည်။ဒုတိယချန်နယ်သည် တဂျစ်ဂျစ်မြည်နေသည်။ တစ်စုံတစ်ခုက သူနှင့်ဆက်သွယ်ရန် ကြိုးစားနေသည်ဟု ခံစားရသော်လည်း သူရှင်းရှင်းလင်းလင်း မကြားရပေ။
ကောင်းမင်သည် ၁၆ခုမြောက်ချန်နယ် သို့မဟုတ် နောက်ဆုံး ချန်နယ် မရောက်ခင်အထိ ချန်နယ်များကို ဆက်တိုက်ပြောင်းနေခဲ့သည်။သူသည် ပြည့်စုံသော ဝါကျတစ်ခုကို ကြားလိုက်ရသည်။
“အစ်ကိုကြီး ၊ မင်းလား ၊ မင်းပြန်လာပြီလား”
လျိုယီနိုးသွားမည်စိုးသောကြောင့် ကောင်းမင်သည် စကားပြောစက်ကို ကောက်၍ ရေချိုးခန်းထဲ ဝင်လိုက်သည်။သူ့ခြေသံများက တစ်ဖက်လူကို စိတ်လှုပ်ရှားသွားစေသည်။
“အစ်ကိုကြီး နောက်ဆုံးတော့ မင်းပြန်လာပြီပေါ့ ၊ မင်း ဘယ်အချိန် ငါ့ကို လာခေါ်မှာလဲ ၊ ငါ ဝမ်ဖျင်အန်းပါ ၊ဒီမှာ ငါတစ်ယောက်ထဲပဲ ၊ သူတို့ ငါ့ကို ဆက်ပိတ်ထားချင်နေကြတာ ၊ ငါအိမ်ပြန်ချင်တယ်”
ကောင်းမင် ဘာမှ မပြောခဲ့သော်လည်း ထိုလူက အားလုံးထုတ်ပြောလိုက်ပြီးဖြစ်သည်။ထိုလူသည် အလွန်ရိုးသားသည်။ကောင်းမင်က စကားပြောစက်ကို တိတ်ဆိတ်စွာ ကိုင်ထားသည်။ တစ်ဖက်လူမှာ လူမှားပြောနေခြင်းဖြစ်ကြောင်း ကောင်းမင်ယုံကြည်သည်။သူသည် ကောင်းမင်အား စကားပြောစက်၏အရင်ပိုင်ရှင်ဟု ထင်နေခြင်းဖြစ်သည်။
“အစ်ကို မင်းကြားရဲ့လား ၊ ဝမ်ဖျင်အန်းလေ ၊ မင်းငါ့ကို လာခေါ်မယ်လို့ ပြောခဲ့တယ်လေ “
အသံသည် လူကြီးဆန်သော်လည်း လေသံမှာ ကလေးတစ်ယောက်ပြောနေသံပေါက်နေလေသည်။ထို နိုင်းယှဉ်ချက်က ကောင်းမင်ကို စိတ်ရှုပ်ထွေးသွားစေသည်။သူသည် နားထောင်သူလုပ်ရန်သာ ဆုံးဖြတ်လိုက်သည်။
ဝမ်ဖျင်အန်းဟုခေါ်သော ထိုလူသည် တစ်ယောက်ယောက်နှင့် စကားမပြောခဲ့ရသည်မှာ အချိန်အတော်ကြာပြီ ဖြစ်ဟန်ရှိသည်။သူသည် ကောင်းမင်အား အရာများစွာပြောပြနေသည်။သူသည် တိရိစ္ဆာန်ရုံရှိ ဆင်များအကြောင်း ၊ ကျားစင်တာသို့သွား၍ ကူလွှတ်ပေးချင်ကြောင်း နှင့် သူမွေးစားထားသော ခွေးလေးအကြောင်း စသဖြင့်ပြောပြနေခဲ့သည်။ သူသည် သူ့အစ်ကိုကြီးအား သူပြောချင်သည့်ကိစ္စများစွာကိုလည်း ပြောပြခဲ့သည်။