← Chapters

ဝမ်ဖျင်အန်း

Vol. 36 Ch. 527

ဝမ်ဖျင်အန်း

Vol. 36 Ch. 527

တစ်ဖက်မှ ထွက်ပေါ်လာသော အသံမှာ အလွန်ပင် ရိုးသားဖြူစင်လွန်းလှသဖြင့် ကောင်းမင်သည် ထိုလူအား လှည့်စားရက်သည့် နှလုံးသားမရှိတော့ပေ။ သူသည် နားထောင်သူကောင်းတစ်ဦးအဖြစ်သာ ဆက်နေပေးလိုက်သည်။ ရင့်ကျက်သော အသံပိုင်ရှင်၏ဇာတ်လမ်းများကို သူ ဆက်လက်နားထောင်ပေးနေမိသည်။ ကောင်းမင်၏ အိပ်မက်ဆိုး အတွေ့အကြုံများနှင့် နှိုင်းယှဉ်ပါက ထိုလူ၏ ဇာတ်လမ်းများမှာ ရိုးစင်းပြီး နွေးထွေးမှုရှိလှသည်။ အဘယ်ကြောင့်မှန်းမသိသော်လည်း ကောင်းမင်သည် ထိုစကားများကို အာရုံစိုက်ကာ နားထောင်နေမိသည်။

အချိန်အတော်ကြာပြီးနောက် ကောင်းမင်က ပြောလိုက်သည်။ "ကျုပ်က ခင်ဗျားရဲ့ အစ်ကိုကြီးမဟုတ်ပါဘူးဗျ၊ တစ်ယောက်ယောက်က ကျုပ်ကို ဒီစကားပြောစက် ပေးခဲ့တာပါ"

စကားသံများမှာ ချက်ချင်းပင် ရပ်တန့်သွားသည်။ ထိုလူမှာ အံ့အားသင့်သွားပုံရသည်။ ခေတ္တမျှ ကြာပြီးနောက် သူသည် ကောင်းမင်ကို အနှောင့်အယှက်ပေးမိသည့်အတွက် တောင်းပန်လိုက်သည်။ ထို့နောက် သူသည် ငိုသံပါကြီးဖြင့် ဆက်ပြောလာသည်။

"ငါ့အစ်ကိုက ဒီစကားပြောစက်ကနေတစ်ဆင့် သူ့ကို ဆက်သွယ်လို့ရတယ်လို့ ပြောခဲ့တာ၊ ဘယ်လောက်ပဲ ဝေးဝေး ငါသူ့ဆီ ဆက်သွယ်လို့ ရတယ်၊ သူက ငါ့ရဲ့ တစ်ဦးတည်းသော မိသားစုပဲ၊ သူ ငါ့ကို လိမ်မှာမဟုတ်ဘူး"

"စိတ်မပူပါနဲ့၊ ခင်ဗျားအစ်ကို နာမည်က ဘယ်သူလဲ၊ ကျုပ် သူ့ကို ရှာပေးနိုင်မလား ကြည့်ပေးမယ်လေ"

ကောင်းမင်က သူသည် ပိုမိုကြီးမားသော ပူးပေါင်းကြံစည်မှုတစ်ခုထဲသို့ ဆွဲသွင်းခံရသည်ကို သိလိုက်သည်။ သူ ကြုံတွေ့ခဲ့ရသော ဆင်းရဲဒုက္ခများမှာ ရေခဲတောင်၏ ထိပ်ဖျားလေးမျှသာ ရှိသေးသည်။

"သူ့နာမည်က... ငါ မမှတ်မိတော့ဘူး၊ ဒါပေမဲ့ ငါ သူ့ကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူး၊ ငါ့ဦးနှောက်က မှတ်မထားနိုင်ရုံလေးပါ"

ထိုလူသည် သူ့ခေါင်းကို ပြင်းထန်စွာ ထုရိုက်လိုက်သည်။

"စိတ်အေးအေးထားပါဦး"

"ငါ သူ့ကို မေ့မှာမဟုတ်ဘူး၊ ဒါပေမဲ့ မနက်တိုင်း နိုးလာရင် သူ့အကြောင်း မှတ်ဉာဏ်တွေက ပိုပိုပြီး ဝေဝါးလာတယ်၊ တစ်စုံတစ်ခုက ငါ့ကို အတင်းမေ့ခိုင်းနေသလိုပဲ၊ ငါ... ငါ အခု သူ့နာမည်တောင် မမှတ်မိတော့ဘူး"

ထိုလူမှာ အလွန်အမင်း ခံစားချက်ပြင်းထန်လာပြီး ထပ်မံငိုကြွေးလိုက်သည်။ သူသည် အလွန်ပင် ဝမ်းနည်းနေပုံရသည်။

ကောင်းမင်သည် ထိုလူတွင် အယ်လ်ဇိုင်းမားရောဂါ ရှိနေသည်ဟု ဦးစွာ ထင်မိသော်လည်း ရုတ်တရက် မှားယွင်းကြောင်း သိလိုက်ရသည်။ ထိုလူသည် တိရိစ္ဆာန်ရုံအကြောင်းကို အသေးစိတ် ကောင်းကောင်းသိသော်လည်း သူ့အစ်ကိုအကြောင်းကိုသာ မေ့နေခြင်းဖြစ်သည်။ ကောင်းမင်၏ ဦးနှောက်ထဲတွင် အတွေးတစ်ခု လျှပ်တပြက် ဝင်လာသည်။ လွန်ခဲ့သော နှစ်အနည်းငယ်က ရှင်းလုမြို့တွင် ကြောက်မက်ဖွယ်ကောင်းသော တားမြစ်ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပြီး လူအများအပြားမှာ ဦးနှောက်ခွဲစိတ်မှုကို အတင်းအကျပ် ခံယူခဲ့ရသည်။

"အဲ့ဒီဖြစ်ရပ်က သူ့အစ်ကိုနဲ့ ပတ်သက်နေတာလား"

ထိုလူအား နှစ်သိမ့်ပေးပြီးနောက် ကောင်းမင်က တိုက်ရိုက်မေးလိုက်သည်။

"ခင်ဗျား အခု ဘယ်မှာလဲဆိုတာ ကျုပ်ကို ပြောပြလို့ရမလား၊ ခင်ဗျားအစ်ကိုက ကျုပ်ကို ဒီစကားပြောစက် ပေးခဲ့တာလေ၊ သူ့ကို ရှာဖို့ ကျုပ်တို့ အတူတူ ကြိုးစားကြည့်လို့ရတာပေါ့"

"ငါ့အိမ်က ရှင်းလုတိရိစ္ဆာန်ရုံ နားမှာပါ၊ ငါ အိမ်ပြန်ချင်ပေမဲ့ သူတို့က ငါ့ကို ဘိုးဘွားရိပ်သာကို အတင်းပို့ထားကြတာ၊ ဒီမှာက အရမ်းကြောက်ဖို့ကောင်းတာပဲ"

"ဘယ်ရိပ်သာလဲ"

"ရှင်းလု မြို့ဟောင်းက နေရောင်ခြည်ပရဟိတဘိုးဘွားရိပ်သာပါ"

ထိုလူက မျှော်လင့်ချက်အပြည့်ဖြင့် ပြောလိုက်သည်။

"မင်း တကယ်ပဲ ငါ့အစ်ကိုကို ရှာပေးနိုင်မှာလား"

"နေထွက်တာနဲ့ ကျုပ် အဲ့ဒီကို လာခဲ့ပါမယ်"

ကောင်းမင် ဘာမှ ထပ်မပြောရသေးခင်မှာပင် လိုင်းပြတ်သွားတော့သည်။ စကားပြောစက်ပေါ်ရှိ သွေးစွန်းပေနေသော အစွန်းအထင်းများမှာ သာမန်အစွန်းအထင်းများအဖြစ် ပြန်ပြောင်းသွားသည်။ သူ ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်ရာ နေရောင်ခြည်မှာ စတင်ထွက်ပြူနေပြီဖြစ်သည်။

"ဒါကို ညဘက်မှာပဲ သုံးလို့ရတာလား၊ ဒီအရာက သက်ရှိလောကက ပစ္စည်းနဲ့ မတူဘူး၊ ဝမ်ဖျင်အန်းဆိုတဲ့ အဖိုးကြီးက သရဲများလား"

မကြာမီ လျိုယီ၏ နှိုးစက် မြည်လာလေသည်။ အတန်းထဲတွင် အလှဆုံးဖြစ်ခဲ့ဖူးသော သူမသည် သွားရည်များကို သုတ်ရင်း အိပ်ရာထရန် ကြိုးစားနေသည်။

ကောင်းမင်သည် မနက်စာပြင်ရန် မီးဖိုချောင်ထဲသို့ ဝင်လိုက်သည်။ လျိုယီ အလုပ်သွားပြီးနောက် သူသည် တက္ကစီတစ်စီးငှားကာ နေရောင်ခြည်ပရဟိတစင်တာသို့ ထွက်ခွာလာခဲ့သည်။

ဈေးကြီးသော ပုဂ္ဂလိကဘိုးဘွားရိပ်သာများနှင့် နှိုင်းယှဉ်လျှင် နေရောင်ခြည်ပရဟိတစင်တာသည် ဟောင်းနွမ်းပြီး သေးငယ်လှသည်။ အခြေအနေမှာ အဆိုးရွားကြီးမဟုတ်သော်လည်း ပြုပြင်ရန်အတွက် လိုအပ်ချက်များစွာ ရှိနေသည်။ ကောင်းမင်သည် ခြံဝင်းအတွင်းသို့ ဝင်လာပြီး လုံခြုံရေးဝန်ထမ်းကို ရှာလိုက်သည်။ လုံခြုံရေးမှာ အသက် ၄၀ ဝန်းကျင်ခန့်ရှိပြီး ခန္ဓာကိုယ် ထွားကျိုင်းသည်။ သူသည် ဦးထုပ်ကို ငိုက်ငိုက်ဆောင်းထားသည်။သူသည် လုံခြုံရေးဂိတ်ထဲတွင် အမျိုးသမီးတစ်ဦး ကနေသည့် လိုက်ဖ်လွှင့်ဗီဒီယိုကို ကြည့်ရှုနေသည်။

"ဟဲလို၊ ကျုပ်က ဝမ်ဖျင်အန်းရဲ့ မိသားစုပါ၊ သူ့အတွက် ပစ္စည်းတစ်ခု လာပေးတာပါ"

ကောင်းမင်က ပြတင်းပေါက်ကို ခေါက်လိုက်သည်။

"ခဏစောင့်ဦး"

လုံခြုံရေးက ဖုန်းကို ချ၍ အသံလျှော့လိုက်သည်။ သူက အလုပ်ရှုပ်ဟန်ဆောင်လိုက်သည်။

"ကျုပ်ကြည့်လိုက်ဦးမယ်... ဒီမှာပြနေတာတော့ ဝမ်ဖျင်အန်းမှာ မိသားစုမရှိပါဘူး၊ နောက်ပြီး ဘယ်သူမှ လာတွေ့ဖို့လည်း ကြိုတင်ချိန်းဆိုထားတာ မရှိဘူး"

"ကျုပ်က သူ့မိတ်ဆွေကိုယ်စား လာတာပါ၊ ကျုပ် သူ့ဆီ ဖုန်းဆက်ပြီးပြီလို့ ပြောလိုက်ပါ၊ သူ ကျုပ်နဲ့ တွေ့ချင်ပါလိမ့်မယ်"

"သူ တွေ့ချင်တာ မတွေ့ချင်တာ အဓိကမဟုတ်ဘူး၊ ကျုပ်တို့က အပြင်လူ ပေးမဝင်တဲ့စင်တာဗျ"

လုံခြုံရေးက ဝမ်ဖျင်အန်းအကြောင်း စဉ်းစားကြည့်လိုက်သည်။

"ခင်ဗျားတွေ့ချင်တဲ့ အဲ့ဒီအဖိုးကြီးက တော်တော်လေး ပြဿနာရှာတတ်တဲ့သူပဲ၊ သူက ဒီကနေ ထွက်ပြေးဖို့ အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ဖူးတယ်၊ သူ့ပုံစံကို ကြည့်ပြီး အရူးလုပ်မခံနဲ့၊ သူက လူကောင်ထွားတယ်၊ ဒီကို ရောက်ကတည်းက တစ်ခါမှ ဖျားတာနာတာ မရှိဘူး"

"ဘယ်သူက သူ့ကို ဒီမှာ လာထားတာလဲ၊ သူက အိမ်ပြန်ချင်နေတာလေ"

"ခင်ဗျား ကျုပ်ပြောတာ နားမထောင်ဘူးလား၊ သူက ရူးနေတာ"

လုံခြုံရေးက ကောင်းမင်နှင့် စကားများမနေတော့ဘဲ အတွင်းရှိ ဝန်ထမ်းများထံ အကြောင်းကြားကာ ကောင်းမင်ကို မောင်းထုတ်ခိုင်းလိုက်သည်။ သူက ဖုန်းကို ပြန်ကောက်ကိုင်ရင်း ရေရွတ်လိုက်သည်။

"ဒီဘက်ခေတ် လူငယ်တွေကတော့ တကယ့်ကို အနှောင့်အယှက်ဖြစ်စရာပဲ"

ကောင်းမင်သည် ဝမ်ဖျင်အန်းနှင့် မကြာမီ တွေ့ရတော့မည်ဟု ထင်ခဲ့သော်လည်း ဧည့်ကြိုဌာနတွင် တားဆီးခံလိုက်ရသည်။ ကုတ်အင်္ကျီအဖြူဝတ်ထားသူ နှစ်ဦးက သူ့ကို အခန်းတစ်ခုထဲသို့ ခေါ်သွားကြသည်။ မေးခွန်းများစွာ မေးမြန်းပြီးနောက် ဝမ်ဖျင်အန်းနှင့် တွေ့ဆုံရန် ကောင်းမင်၏ တောင်းဆိုချက်ကို ငြင်းပယ်လိုက်ကြသည်။ ဝမ်ဖျင်အန်း အနားယူရန် လိုအပ်သည်ဟု ဆိုကြသည်။ သူတို့ ထိုသို့ပြုမူလေလေ ကောင်းမင်မှာ ပို၍ သံသယဝင်လေလေဖြစ်သည်။ သူသည် အတင်းအကျပ် တောင်းဆိုလိုက်ပြီး ဤအကြောင်းကို မီဒီယာများထံ တိုင်ကြားမည်ဟု ခြိမ်းခြောက်လိုက်သည်။

နောက်ဆုံးတွင် အထက်လူကြီးတစ်ဦး ရောက်ရှိလာသည်။ သူသည် ကောင်းမင် ဝတ်ဆင်ထားသော မသေဆေးကုမ္ပဏီမှ လက်ပတ်ကို မြင်သောအခါမှသာ ဝင်ခွင့်ပြုလိုက်တော့သည်။

"ငါရဲ့ ခန့်မှန်းချက်က မှန်နေတာလား၊ ဝမ်ဖျင်အန်းက ဦးနှောက်ခွဲစိတ်မှု ခံယူခဲ့ရတာလား"

ကောင်းမင်သည် စင်တာ၏ခြောက်ထပ်မြောက် သို့မဟုတ် အပေါ်ဆုံးထပ်သို့ တက်လာခဲ့သည်။ ဒါရိုက်တာရုံးခန်း ဘေးရှိ သီးသန့်အခန်းတစ်ခန်းကို သူမြင်လိုက်ရသည်။

"ဝမ်ဖျင်အန်း အကြိမ်ပေါင်းများစွာ ထွက်ပြေးပြီးတဲ့နောက် ကျုပ်တို့ သူ့ကို ဒီမှာပဲ နေခိုင်းလိုက်တာ၊ သူ့ရဲ့ နေ့စဉ်လိုအပ်ချက်တွေကို ကျုပ်တို့ ဂရုစိုက်ပေးပါတယ်..."

ကောင်းမင်က ဝန်ထမ်းကို လျစ်လျူရှုလိုက်သည်။ သူ တံခါးဘေးတွင် ရပ်လိုက်သည်။ ထိုနေရာရှိ အခန်းတိုင်းတွင် တံခါး၌ ပြတင်းပေါက်ငယ်လေးများ တပ်ဆင်ထားသဖြင့် အခန်းထဲသို့ တိုက်ရိုက်ကြည့်ရှုနိုင်ပေသည်။

"ဒါက လူကြီးတွေရဲ့ ကိုယ်ရေးကိုယ်တာကို ချိုးဖောက်တာမဟုတ်ပါဘူး၊ သူတို့ ဘေးကင်းအောင် ကျုပ်တို့ စောင့်ကြည့်ရုံပါ"

"ဒါတွေအားလုံးက ဖုံးကွယ်ထားတဲ့ ဆင်ခြေတွေပဲ"

ကောင်းမင် တံခါးကို ခေါက်လိုက်သည်။ မကြာမီ သစ်သားတံခါး ပွင့်လာပြီး ခန္ဓာကိုယ်တွင် အရုပ်များစွာ ချိတ်ဆွဲထားသော အဖိုးကြီးတစ်ဦး ထွက်လာလေသည်။

သူသည် လူစိမ်းများနှင့်တွေ့လျှင် ရှက်ရွံ့တတ်သူဖြစ်သည်။ သူသည် စကားမပြောပေ။ သူသည် အနိုင်ကျင့်ခံထားရသော ကလေးတစ်ဦးကဲ့သို့ ပြုမူနေသည်။

ကောင်းမင်သည် ထိုသူ၏လည်ပင်းတွင် ဆွဲထားသော မှန်ပြောင်း၊ အိတ်ကပ်ထဲမှ မှန်ပြောင်းအရုပ်၊ ကြမ်းပြင်ပေါ်ရှိ ရေသေနတ်နှင့် အဖိုးကြီးကိုင်ထားသော စကားပြောစက်တို့ကို အကဲခတ်ကြည့်လိုက်သည်။ သူ ပြုံးလိုက်မိသည်။ ဤအဖိုးကြီးမှာ သူပြသထားသလောက် တုံးအပုံမပေါ်ပေ။

"ကျုပ်တို့ နှစ်ယောက်ထဲ စကားပြောလို့ရမလား"

ကောင်းမင် အခန်းထဲသို့ ဝင်ကာ တံခါးပိတ်လိုက်သည်။ သူ၏ ရုတ်တရက် အပြုအမူကြောင့် အဖိုးကြီးမှာ ထိတ်လန့်သွားသည်။ ထိုအဖိုးကြီးမှာ သက်ရှိလူသားများကို ကြောက်လန့်နေပုံရသည်။

"မကြောက်ပါနဲ့၊ ကျုပ်တို့ ခုနတင်ပဲ စကားပြောခဲ့ကြတယ် မဟုတ်လား"

All Chapters