← Chapters

မတည်ရှိသော လူတစ်ယောက်

Vol. 36 Ch. 528

မတည်ရှိသော လူတစ်ယောက်

Vol. 36 Ch. 528

“စကားပြောသံလား၊ မင်းက အဲ့ဒီအသံပဲ"

အဖိုးကြီး၏ မျက်လုံးများက မှောင်မိုက်နေသော အခန်းထဲသို့ အလင်းရောင် ထွန်းညှိလိုက်သကဲ့သို့ တောက်ပသွားသည် ။

ကောင်းမင်က နက်နဲစွာ ခေါင်းငြိမ့်ပြသည်။ သူသည် အခန်းထဲတွင် ကင်မရာရှိမရှိ သေချာမသိသဖြင့် သူ၏စကားပြောစက်ကို ထုတ်မပြခဲ့ပေ ။ သူသည် အဖိုးကြီး၏ စကားပြောစက်ကို အမြန်အကဲခတ်လိုက်ရာ သူ၏စက်နှင့် မတူသည်ကို တွေ့လိုက်ရသည် ။ အဖိုးကြီး၏ စက်မှာ အစွန်းအထင်းမရှိ သန့်ရှင်းနေသော်လည်း မျက်နှာပြင်ပေါ်တွင် ထူးဆန်းသော စာသားများဖြင့် ဖုံးလွှမ်းနေသည် ။ ထိုစာသားများကို ကောင်းမင် မမှတ်မိသော်လည်း ယခင်က ယဇ်ပလ္လင်တစ်ခုပေါ်တွင် မြင်ဖူးသလို ခံစားနေရသည် ။

"ငါ့အစ်ကိုကြီးက မင်းကို လွှတ်လိုက်တာလား၊ သူ ပြန်လာပြီပေါ့"

အဖိုးကြီး၏ ပျော်ရွှင်မှုမှာ အလွန်ပင် ဖြူစင်လှသည် ။

"ခင်ဗျား ခင်ဗျားအစ်ကိုနာမည်ကို မမှတ်မိပေမဲ့ သူ့အပေါ်ထားတဲ့ အမှတ်သညာတွေတော့ ရှိမှာပါ၊ ဟုတ်တယ်မလား၊ သူက ဘယ်လိုပုံစံလဲ၊ သူ ဘာတွေလုပ်ခဲ့လဲ၊ ခင်ဗျားကိုရော ဘာတွေပြောခဲ့သေးလဲ"

ကောင်းမင်သည် အဖိုးကြီးထက်ပင် ပို၍ စိတ်လှုပ်ရှားနေမိသည်။ သူသည် ပဟေဠိ၏ အစိတ်အပိုင်းတစ်ခုကို ဖော်ထုတ်နိုင်တော့မည်ဟု ခံစားနေရသည် ။

အဖိုးကြီးက မှတ်မိရန် ကြိုးစားရင်း မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် သူ့ခေါင်းကို သူ ပြန်ထုနေပြန်သဖြင့် ကောင်းမင်က အလျင်အမြန် တားလိုက်ရသည် ။

"မလောပါနဲ့"

"ငါ့အစ်ကိုက အရမ်းတော်တယ်၊ သူက နတ်ဘုရားတွေနဲ့ သရဲတွေတောင် မလုပ်နိုင်တဲ့ အရာတွေကို လုပ်နိုင်တယ်၊ သူက မြို့တစ်မြို့လုံးကို ကယ်တင်ခဲ့တာပဲ၊ မင်းတို့အားလုံးက သူ့ကျေးဇူးနဲ့ အသက်ရှင်နေကြတာ"

အဖိုးကြီးက ရူးသွပ်စွာပင် တတွတ်တွတ် ပြောနေတော့သည်။ တံခါးအပြင်ဘက်ရှိ ဝန်ထမ်းကတော့ ခေါင်းခါပြနေလေသည် ။

"လူတိုင်းက သူ့ကို အသက်ကြွေး တင်နေတာလား"

ကောင်းမင်က တွေးတောရင်း မေးလိုက်သည်။

"ဒါဆို သူ ဘယ်ကိုသွားတယ်လို့ ခင်ဗျားကို ပြောခဲ့လဲ၊ သူ့ကို ဘယ်မှာ ရှာလို့ရမလဲ"

"သူက..."

အဖိုးကြီးသည် တစ်ခုခုကို ရုတ်တရက် သတိရသွားသကဲ့သို့ မျက်လုံးများ ပြူးကျယ်သွားသည် ။

"ဟန်ဟိုင်း ၊ သူက ဟန်ဟိုင်းလို့ခေါ်တဲ့ မြို့တစ်မြို့ကို တည်ဆောက်တဲ့ စီမံကိန်းမှာ ပါဝင်ဖို့ သွားတာလို့ ပြောခဲ့တယ်"

ဝန်ထမ်းက နောက်တစ်ကြိမ် သက်ပြင်းချသည်။ အဖိုးကြီး၏ အခြေအနေမှာ ပိုဆိုးလာပြီဟု သူ ယုံကြည်နေသည်။ ဟန်ဟိုင်းသည် မြေပုံပေါ်တွင် မရှိဘဲ အဖိုးကြီး၏ စိတ်ကူးထဲတွင်သာ ရှိနေသော မြို့ဖြစ်သည်။ သို့သော်လည်း ကောင်းမင်သည် ထိုမြို့နာမည်ကို ကြားလိုက်ရချိန်တွင် မျက်လုံးများ မှေးကျဉ်းသွားပြီး နှလုံးခုန်သံများ မြန်လာခဲ့သည် ။

ကောင်းမင်သည် သူ၏ရင်ဘတ်ကို ဖိထားရင်း ထိုမြို့နာမည်ကို ခပ်တိုးတိုး ရွတ်ဆိုလိုက်သည်။ တစ်စုံတစ်ခုက သူ့ရင်ဘတ်ထဲမှ ခုန်ထွက်လာရန် ကြိုးစားနေသည်။ယင်းသည် အလွန်ပင် လက်တွေ့ဆန်သည်။ သို့သော် သူသည် အိပ်မက်ဆိုးထဲတွင် ရှိနေခြင်း မဟုတ်ဘဲ လက်တွေ့လောကထဲတွင်သာ ရှိနေခြင်းဖြစ်သည် ။

အနီဖျော့ရောင် အမာရွတ်များက အလာ့ဂျစ်ထွက်သကဲ့သို့ အရေပြားအောက်မှ ထွက်ပေါ်လာသည်။ ၎င်းမှာ တက်တူးတစ်ခု ပေါ်လာသကဲ့သို့ပင် ။

ချိန်းကြိုးများ ပြတ်တောက်သွားသံကို ကြားလိုက်ရသည်။ ကောင်းမင်သည် သူ့ဦးနှောက်ထဲမှ အချုပ်အနှောင်တစ်ခု ကျိုးပျက်သွားသလို ခံစားလိုက်ရသည်။သူ သတိပြန်ဝင်လာချိန်တွင် ချွေးများ ရွှဲနစ်နေသည် ။

"စောစောက မင်းမျက်လုံးတွေက အရမ်းကြောက်ဖို့ကောင်းတာပဲ"

အဖိုးကြီးက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားသည်။

"မင်းက ငါ့ကို သတ်တော့မယ့်အတိုင်းပဲ၊ မဟုတ်ဘူး၊မင်းက ဒီကလူအားလုံးကို သတ်ပစ်ချင်နေသလိုပဲ"

"ကျုပ် တချို့အရာတွေကို မှတ်မိသွားပြီ၊ ဟန်ဟိုင်းဆိုတာ တကယ်ရှိတယ်"

ကောင်းမင်သည် ပြန်တည်ငြိမ်သွားသည်။

"ငါ့ကို ယုံပေးလို့ ကျေးဇူးတင်ပါတယ်"

"ကျုပ် အဲ့ဒီက လာတာပဲ"

အဖိုးကြီးမှာ ကောင်းမင်၏ စကားကို ကြားသောအခါ လက်ခုပ်တီးရန် ပြင်လိုက်သော်လည်း ကောင်းမင်မှာ သူကဲ့သို့ပင် စိတ်မနှံ့သူ တစ်ယောက်လားဟု မသေချာသဖြင့် တွန့်ဆုတ်သွားသည် ။

"ဟန်ဟိုင်းအကြောင်း တခြား ဘာသိသေးလဲ"

ကောင်းမင်သည် ထွက်သွားရန် အလျင်မလိုပေ။သူသည် အဖိုးကြီးကို ကုတင်ပေါ်တွင် ထိုင်ခိုင်းလိုက်ပြီး သူကတော့ ကုလားထိုင်တစ်လုံးကို ဆွဲယူ၍ ထိုင်လိုက်သည် ။

"ငါ့အစ်ကိုက ပြောတယ်၊ ဟန်ဟိုင်ဆိုတာ အကျဉ်းထောင်တစ်ခုဖြစ်သလို အပြောင်းအလဲအတွက် အခွင့်အရေးတစ်ခုလည်း ဖြစ်တယ်တဲ့၊ အဲ့ဒီမြို့ကို စိတ်ပျက်အားငယ်မှုတွေနဲ့ တည်ဆောက်ထားပေမဲ့ မျှော်လင့်ချက်တွေနဲ့ ပြည့်နှက်နေတယ်၊ အဲ့ဒါက သေခြင်းနဲ့ ရှင်ခြင်းကြားက နေရာတစ်ခုပဲ၊ လောကနှစ်ခုက အဲ့ဒီနေရာမှာ အပြည့်အဝ ထပ်တူကျသွားလိမ့်မယ်"

အဖိုးကြီးသည် ဟန်ဟိုင်းအကြောင်း ပြောနေသည့်အခါ ကြည်ညိုလေးစားမှုများဖြင့် ပြည့်နှက်နေလေသည်။ ဟန်ဟိုင်းမှာ နတ်ပြည်တစ်ခုကဲ့သို့ပင်။ သို့သော် ၎င်းမှာ ကောင်းမင်၏ မှတ်ဉာဏ်ထဲရှိ ဟန်ဟိုင်းနှင့် ကွာခြားနေသည်။ သူသည် မှတ်ဉာဏ်အများစုကို ဆုံးရှုံးထားရခြင်းဖြစ်သည်။ စောစောက ပေါ်လာသော ဟန်ဟိုင်းနှင့် ပတ်သက်သည့် မှတ်ဉာဏ်အပိုင်းအစအချို့မှာ သေခြင်းတရားနှင့် ကြောက်ရွံ့မှုများဖြင့်သာ ပြည့်နှက်နေခြင်းဖြစ်သည်။ အဖိုးကြီး၏ဖော်ပြချက်မှာ အမှန်တရားနှင့် ကင်းကွာနေပုံရသည် ။

"ကျုပ်က ဟန်ဟိုင်းကြောင့် ဒီကို ရောက်လာတာပါ"

ကောင်းမင်က တည်တည်ငြိမ်ငြိမ်ဖြင့် အလေးအနက် ပြောလိုက်သည်။ သူတို့သည် အရူးနှစ်ယောက် စကားပြောနေကြသလိုပင် ဖြစ်နေသည်။

"ဟန်ဟိုင်းမှာ ခင်ဗျားအစ်ကိုကို ရှာတွေ့နိုင်မလား"

"ငါမသိဘူး"

အဖိုးကြီးက သူ့အရုပ်လေးများဖြင့် ကစားလိုက်သည် ။

"သူက ဟန်ဟိုင်းကို တည်ဆောက်ပြီးတဲ့နောက် ပိုဝေးတဲ့ တစ်နေရာကို ထွက်သွားတယ်၊ လူတစ်ယောက်ကို သွားရှာတာတဲ့၊ အဲ့ဒီလူက ဟန်ဟိုင်းရဲ့ ကယ်တင်ရှင်အစစ်ပဲ၊ အဲ့ဒီလူ အမေ့မခံရခင် သူသွားကယ်ရမယ်တဲ့"

အဖိုးကြီးက စိတ်ပျက်လက်ပျက် ဖြစ်သွားသည် ။

"ငါ့အစ်ကိုကြီး ပြန်မလာသလို အဲ့ဒီလူကိုလည်း သူ ရှာမတွေ့ခဲ့ဘူး၊ အဲ့ဒီအစား သူကိုယ်တိုင်ပဲ ပျောက်ဆုံးသွားခဲ့တယ်"

အဖိုးကြီးသည် သူ့အစ်ကို၏ နာမည်ကို မမှတ်မိနိုင်သော်လည်း စကားပြောရင်းနှင့် သူ့ဆီသို့ လာလည်ဖူးသည့် လူနှစ်ယောက်အကြောင်းကိုတော့ ပြောပြခဲ့သည်။ တစ်ဦးသည် ရှင်းလုမြို့မှ နာမည်ကြီးမင်းသား ပိုင်ရှန်းဖြစ်သည်။ နောက်တစ်ဦးမှာ ရှင်းလုမြို့၏ အဆိုးဝါးဆုံး ရာဇဝတ်သား ဟွမ်ရင်ဖြစ်သည် ။

ပိုင်ရှန်းသည် ယခင်မျိုးဆက်၏ စတားတစ်ဦးဖြစ်ပြီး ပရဟိတအလုပ်များအတွက် စင်တာသို့ လာရောက်ခဲ့ခြင်းဖြစ်သည် ။

ဟွမ်ရင်ကတော့ ပိုထူးခြားသည်။ ဝမ်ဖျင်အန်း၏ ပြောပြချက်အရ သူသည် တစ်ချိန်က ကုမ္ပဏီကြီးတစ်ခု၏ အမွေခံဖြစ်ခဲ့ပြီး Deep Space Tech နှင့် မသေဆေးကုမ္ပဏီတို့၏ ရှယ်ယာရှင်ကြီးတစ်ဦး ဖြစ်ခဲ့ဖူးသည် ။ သူသည် ရှင်းလုမြို့၏ အသက်အငယ်ဆုံး ဘီလီယံနာ ဖြစ်ခဲ့ဖူးသည်။သို့သော်လည်း တစ်ခုခုဖြစ်ပျက်ခဲ့ပြီးနောက် ဟွမ်ရင်အပေါ် လူတိုင်း၏အမြင်က ပြောင်းလဲသွားခဲ့သည်။ သူသည် လူသားများကို လျှို့ဝှက်စမ်းသပ်မှုများ ပြုလုပ်ခြင်း၊ အစိုးရ လျှို့ဝှက်ချက်များကို ခိုးယူခြင်းနှင့် ရှင်းလုမြို့ရှိ အဓိကရာဇဝတ်ဂိုဏ်းကြီး သုံးခုနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ကြောင့် လူသိရှင်ကြား ဖော်ထုတ်ခံခဲ့ရသည် ။

ဟွမ်ရင်နှင့်ပတ်သက်သည့် မကောင်းသတင်းများမှာ တောမီးကဲ့သို့ ပျံ့နှံ့သွားခဲ့သည်။ ဝမ်ဖျင်အန်း၏ အစ်ကိုမှာ အမေ့ခံလိုက်ရသော်လည်း ဟွမ်ရင်၏နာမည်ကတော့ သမိုင်းတွင် ရေးထိုးကျန်ရစ်ခဲ့သည် ။

သို့သော် အထူးဆန်းဆုံးအချက်မှာ ဟွမ်ရင်၏အကြောင်းများ ပေါက်ကြားမလာခင် ထိုအငယ်ဆုံး ဘီလီယံနာမှာ လျှို့ဝှက်စွာ ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်သည်။ သူသည် လေထဲတွင်ပင် ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်ခဲ့သည် ။

"တကယ်တော့ သူတို့နှစ်ယောက်လုံးက လူကောင်းတွေပါ၊ အစ်ကိုကြီး၊ ဘလက်ကီနဲ့ ဒမ်ဘိုတို့ ပြီးရင် သူတို့က အကြင်နာဆုံးပဲ"

ဝမ်ဖျင်အန်းက အလျင်အမြန် ဖြည့်စွက်ပြောလိုက်သည် ။

"ဘလက်ကီနဲ့ ဒမ်ဘိုက ဘယ်သူတွေလဲ"

"ဒမ်ဘိုက ရှင်းလုတိရိစ္ဆာန်ရုံက ဆင်ကြီးလေ၊ သူက ငှက်ပျောသီးစားရတာ ကြိုက်တယ်၊ ဘလက်ကီကတော့ ငါမွေးထားတဲ့ ခွေးလေးပါ"

ဝမ်ဖျင်အန်းက ကောင်းမင်ကို ဝမ်းသာအားရ ပြန်ဖြေသည် ။

"ထားလိုက်တော့၊ ကျုပ် မှားတာပါ"

ဝမ်ဖျင်အန်းသည် ကလေးတစ်ဦးကဲ့သို့ အလွန်ဖြူစင်ကြောင်း ကောင်းမင် မြင်နိုင်သည်။ သူ၏စကားများမှာ အွန်လိုင်းပေါ်မှ ကောလာဟလများထက် ပိုယုံကြည်ရသည်။

"နောက်ပိုင်းမှာ အခက်အခဲ တစ်ခုခုရှိရင် စကားပြောစက်ကနေတစ်ဆင့် ကျုပ်ကို ဆက်သွယ်လိုက်ပါ၊ ကျုပ် ချက်ချင်း လာခဲ့မယ်"

"မင်း ငါ့ကို ယုံတာလား"

ကောင်းမင်က ခေါင်းငြိမ့်ပြလိုက်သည်။

"ခင်ဗျားအစ်ကိုက ကျုပ်ကို ဒီစကားပြောစက် ပေးခဲ့တာဆိုတော့ ကျုပ်မှာ တာဝန်ရှိပါတယ်"

တကယ်တမ်းတွင် ကောင်းမင်သည် ဟွမ်ရင်အား မည်သို့ဆက်သွယ်ရမည်ကို ဝမ်ဖျင်အန်းအား မေးချင်သော်လည်း သူ၏အခြေအနေကို ထောက်ထား၍ မမေးလိုက်တော့ပေ ။

"ငါနဲ့ ကစားဖို့ ဒီမှာ ခဏလောက် နေပေးလို့ရမလား၊ ငါ တစ်ယောက်တည်း စကားမပြောရတာ အရမ်းကြာပြီ"

ဝမ်ဖျင်အန်းမှာ ကောင်းမင်ကို မပြန်စေချင်သေးပေ။

"ငါ့မှာ အစ်ကိုတစ်ယောက်ရှိတယ်ဆိုတာ သတိပေးဖို့ နေ့တိုင်း လာပေးလို့ရမလား၊ တစ်နေ့မှာ ငါနိုးလာပြီး မေ့သွားမှာ ကြောက်လို့ပါ"

All Chapters