← Chapters

စွန့်ပစ်ပစ္စည်း မီးရှို့ဖျက်ဆီးရေးဌာန

Vol. 36 Ch. 530

စွန့်ပစ်ပစ္စည်း မီးရှို့ဖျက်ဆီးရေးဌာန

Vol. 36 Ch. 530

"ခင်ဗျား ဒီကိုလာတာ ရွှမ်ဝမ်ကို သတိထားဖို့ ပြောဖို့သက်သက်ပဲလား၊ ကျုပ်ရဲ့ကိုယ်ပိုင်ဆရာဝန်ကို ကျုပ်ဘာသာကျုပ် ပြန်စုံစမ်းခိုင်းဖို့လား"

ထန်လင်းက သူ့အား အသုံးဝင်သည့် သတင်းအချက်အလက်တစ်ခုခု ပေးလိမ့်မည်ဟု ကောင်းမင် ယူဆထားခဲ့ခြင်းဖြစ်သည်။

"ငါ မင်းကို ပြောပြလို့မရတဲ့ အရာတွေ ရှိပေမဲ့ တခြားလူတွေ ပြောပြလို့မရဘူးလို့ မဆိုလိုဘူး၊ ရှင်းလုမှာ လျှို့ဝှက်တော်လှန်ရေး အင်အားစုတစ်ခု ရှိတယ်၊ မင်း သူတို့ကို သွားရှာကြည့်လို့ရတယ်"

ထန်လင်းက နားလည်ရခက်စော အပြုံးတစ်ခု ပြုံးလိုက်သည်။ ကောင်းမင်သည် သူမရဲ့ အတွေးမှန်ကို ဖတ်မရပေ ။

"ဘယ်သူတွေလဲ"

"အရူးတွေနဲ့ ဘာမဆိုလုပ်ဝံ့တဲ့ လူတစ်စုပေါ့"

ထန်လင်း မတ်တပ်ရပ်လိုက်သည်။ သူမ ကိုယ်ပေါ်မှ လက်ကမ်းစာစောင်အချို့ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ သို့သော် သူမကတော့ ကောင်းမင်ဘေးမှ ကျော်ဖြတ်သွားရင်း ထိုအရာတွေကို မမြင်သလိုပင်။

"နံပါတ် ၂ က မင်းကို ရွေးချယ်ခဲ့တာ ဖြစ်နိုင်ပေမဲ့ လူတိုင်းက မင်းစကားကို နားထောင်ကြမယ်လို့ ဆိုလိုတာမဟုတ်ဘူး၊ မင်းဟာ နံပါတ် ၂ ရဲ့ အမွေကို ဆက်ခံဖို့ ထိုက်တန်တယ်ဆိုတာကို မင်း သက်သေပြရလိမ့်မယ်"

"ဘယ်လို သက်သေပြရမှာလဲ"

ကောင်းမင် သူမဘက်သို့ လှည့်လိုက်သည်။

"ကျုပ်ကို သံသယရှိတဲ့သူတိုင်းကို သတ်ပစ်ရမှာလား၊ ဒါမှမဟုတ် မသေဆေးကုမ္ပဏီရဲ့ အိပ်မက်ဓာတ်ခွဲခန်းကို ဖျက်ဆီးပစ်ရမှာလား"

အသတ်အဖြတ်ဆန္ဒများက ထန်လင်းကို လွှမ်းခြုံသွားသည်။ ကောင်းမင်သည် စကားသက်သက် ပြောနေခြင်း မဟုတ်ကြောင်း သူမ သိသည်။ သူမ ရပ်တန့်ကာ ယင်းကို ခေတ္တစဉ်းစားလိုက်သည်။

"ပထမဆုံးအနေနဲ့ မင်း အမှောင်ထဲက လျှို့ဝှက်ချက်တွေကို ရှာဖွေဖို့နဲ့ မင်းကို ကူညီနိုင်မယ့်သူတွေနဲ့ တွေ့ဆုံဖို့ အခွင့်အရေး မရခင်မှာ အိပ်မက်ဆိုးအနက်ပိုင်းအဆင့်တွေထဲမှာ အသက်ရှင်နိုင်အောင် အရင်လုပ်ရမယ်"

"သူတို့က အိပ်မက်ဆိုးအနက်ပိုင်းအဆင့်တွေထဲမှာ ပုန်းနေကြတာလား"

"ငါ စကားပြောတာ များနေပြီ"

ထန်လင်းက အလျင်အမြန် ထွက်ခွာသွားသည်။ သူမ တိုက်ခန်းထဲမှ ထွက်သွားပြီးနောက်မှ အိမ်တွင်းလုံခြုံရေးစနစ်နှင့် လေအေးပေးစက်များ ပြန်ပွင့်လာပြီး လျှပ်စစ်ပစ္စည်းအားလုံး 'အသက်ဝင်' လာတော့သည်။ ကောင်းမင်က လက်ကမ်းစာစောင်များကို ကောက်ယူကာ ဖတ်ကြည့်လိုက်သည်။

"စွန့်ပစ်ပစ္စည်းများ အရည်ဖျော်မီးရှို့ဖျက်ဆီးရေးဌာန... သူတို့က စက်ယန္တရားကြီးတွေ မောင်းနှင်ဖို့ အော်ပရေတာတွေ ခေါ်နေတာပဲ"

ကောင်းမင်သည် ထိုစာစောင်မှ သတင်းအချက်အလက်များ ထပ်ရလိုသော်လည်း ဆက်သွယ်ရန် ဖုန်းနံပါတ်နှင့် လိပ်စာကလွဲ၍ ဘာမှမရှိပေ။

"သရဲအိမ်အလုပ်အပါအဝင် ငါ့မှာ အချိန်ပိုင်းအလုပ်တွေ တော်တော်များနေပြီ၊ နောက်တစ်ခု ထပ်တိုးတော့ ဘာဖြစ်လဲ"

ထန်လင်း ကြံစည်နေသည်များကို ကောင်းမင် သိချင်နေသည်။

"ဖြစ်နိုင်တာက ဟွမ်ရင် အဲ့ဒီမှာ ပုန်းနေတာလား"

ကောင်းမင်သည် ထိုနာမည်ကြီး ရာဇဝတ်သားကို စိတ်ဝင်စားနေသည်။ အင်တာနက်ပေါ်တွင် သူ့အကြောင်း ကောလာဟလများစွာ ရှိသည်။ လူတိုင်းသည် သူ့အကြောင်းကို ဆိုးဆိုးရွားရွားသာ ပြောကြသည်။ သူသည် ကောက်ကျစ်ပြီး လောဘကြီးသော မိစ္ဆာတစ်ဦးဖြစ်သည်ဟု ဆိုကြသည်။ သို့သော် ထိုကောလာဟလများပင် ငြင်းမရသော အချက်တစ်ခုမှာ ဟွမ်ရင်သည် ရူးသွပ်သော ပါရမီရှင်တစ်ဦး ဖြစ်ခြင်းပင် ။

ကောင်မင်သည် ကြောက်လန့်နေသော ဖချိုင်ကို နှစ်သိမ့်ပေးပြီးနောက် သူ၏ကျောပိုးအိတ်ကို ဆွဲကာ အိမ်မှ ပြန်ထွက်လာလိုက်သည်။ စွန့်ပစ်ပစ္စည်းများ အရည်ဖျော်မီးရှို့ဖျက်ဆီးရေးဌာနမှာ ရှင်းလုဆင်ခြေဖုံးတွင် ရှိပြီး အလွန်ပင် ခေါင်လှသည်။ ကျန်းမြောင်မြောင်၏ အိမ်ထက်ပင် ပိုဝေးသေးသည်။ ပုံမှန်ဆိုလျှင် ထိုနေရာသို့ မည်သူမှ သွားမည်မဟုတ်ပေ။ ကောင်းမင်သည် လူမပါသော အလိုအလျောက်မောင်း တက္ကစီတစ်စီးကို ငှားခဲ့သည်။ သူ တစ်ယောက်တည်းသာ ခရီးသည်အဖြစ် ပါလာသည်။ နေရောင်ခြည်က ပြတင်းပေါက်မှတစ်ဆင့် ကားထဲသို့ ဖြာကျနေသည်။ ကောင်းမင် ထိုအလင်းကို မျက်စိစူးသည်ဟု မခံစားရပေ။ သူ အနားယူရန် ပြင်နေစဉ်မှာပင် အမည်မသိ နံပါတ်တစ်ခုမှ ဖုန်းဝင်လာသည်။ ကောင်းမင် ထိုနံပါတ်များကို စိုက်ကြည့်လိုက်ပြီးမှ ဖုန်းကို ဖြေလိုက်သည် ။

"ကောင်းမင်လား"

ရင်းနှီးနေသော အသံတစ်ခု ထွက်ပေါ်လာသည်။ အသံမှာ အားနည်းနေဆဲ ဖြစ်သည်။

"အစ်မဖုန်း၊ နေကောင်းသွားပြီလား"

ကောင်းမင် စိတ်မလျှော့ဘဲ ပို၍ပင် အာရုံစိုက်လိုက်သည်။ မသေဆေးကုမ္ပဏီက ကြားဖြတ်နားထောင်နေမလား သူမသေချာပေ ။

"ငါ အိမ်ပြန်ရောက်ပြီ၊ ထန်ချင်းဆီက မင်းဖုန်းနံပါတ်ကို တောင်းလိုက်တာ၊ ဒီည အချိန်ရမလား၊ ငါတို့ တစ်ဖွဲ့တည်း ဖြစ်နေတာနဲ့ ပတ်သက်ပြီး စကားပြောချင်လို့ပါ"

ပိုင်ဖုန်းက သက်ပြင်းချလိုက်သည်။

"အတိတ်က မသေဆေးကုမ္ပဏီက မင်းအပေါ် ဘယ်လိုဆက်ဆံခဲ့တယ်ဆိုတာ ငါသိပါတယ်၊ မင်းက ငါ့ကလေးတွေ ပျောက်ဆုံးသွားတာနဲ့ ပတ်သက်နေတယ်၊ ငါ့ကို ယုံပါ၊ ငါ မင်းရဲ့ အထောက်အပံ့ ဖြစ်ပေးနိုင်ပါတယ်"

ကောင်းမင် ပြန်မဖြေသောကြောင့် ပိုင်ဖုန်းက ထပ်ပြောလိုက်သည်။

"အိပ်မက်ဆိုးထဲမှာ ဖြစ်ပျက်ခဲ့တာတွေကို မသေဆေးကုမ္ပဏီကို ငါမပြောခဲ့ဘူး၊ ငါက သူတို့ဘက်က မဟုတ်ဘူး၊ငါက ငါ့ကလေးတွေကိုပဲ ပြန်ရှာချင်တာပါ"

"ကျုပ် လာတွေ့ပါ့မယ်"

ကောင်းမင်သည် ပိုင်ဖုန်း၏လိပ်စာကို ရပြီးနောက် ဖုန်းချလိုက်သည်။ နေရောင်ခြည်က သူ့ကျောပြင်ပေါ်သို့ ကျရောက်နေသော်လည်း သူ့မျက်နှာမှာ မှောင်ရိပ်ထဲတွင်သာ ရှိနေသည်။

"ရန်သူက အရမ်းအင်အားကြီးတယ်၊ ဒါပေမဲ့ ငါ့ဘက်မှာလည်း ကူညီမယ့်သူတွေ အလုံအလောက် ရှိနေပြီ"

မကြာမီ ကောင်းမင် ရည်မှန်းထားသည့် နေရာသို့ ရောက်လာသည်။ တံခါးပွင့်လာသည်နှင့် လေထုထဲတွင် ထူးဆန်းသော အနံ့တစ်ခုကို သူရလိုက်သည်။ ပလတ်စတစ်များကို လောင်ကျွမ်းနေသည့် အနံ့မျိုးဖြစ်သည်။ လက်ကမ်းစာစောင်တွင် လုပ်ငန်းခွင်မှာ သာယာလှပပြီး ညစ်ညမ်းမှုမရှိဟု ရေးသားထားသည်။ယင်းမှာ အလိမ်အညာဖြစ်ကြောင်း ထင်ရှားသည် ။

စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုဌာနကို ဇုန်ခြောက်ခု ခွဲထားပြီး အလွန်ကျယ်ဝန်းသည်။ ချိုင့်ဝှမ်းတစ်ခုလုံးကို ခြုံငုံထားခြင်းဖြစ်သည်။ အရှေ့ဘက်မှ စက်ရုံဟောင်းများမှာ ယခင်ခေတ်က အဆောက်အအုံများ ဖြစ်သည်။ အခြားစက်ရုံများကိုမူ ပြန်လည်တည်ဆောက်ထားပြီး အလိုအလျောက် စက်ကိရိယာများ တပ်ဆင်ထားသည်။ သံမဏိသားရဲကြီးများသဖွယ် စက်ယန္တရားကြီးများက မြို့ထဲမှ စွန့်ပစ်လိုက်သော အမှိုက်များကို ရှင်းလင်း သန့်စင်ပေးနေကြသည် ။

"ဟေး... မင်း ၊ ဟုတ်တယ်... မင်းကိုပြောတာ၊လုံခြုံရေးဦးထုပ် မဆောင်းထားတဲ့တစ်ယောက် ၊ ရှေ့ဆက်မလာနဲ့တော့၊ ရပ်လိုက်"

မျှော်စင်အမြင့်ပေါ်မှ လူတစ်ယောက်က ကောင်းမင်ကို အော်ပြောလိုက်သည်။ မကြာမီ လုံခြုံရေးဝန်ထမ်းနှစ်ဦးသည် ကောင်းမင်၏ဘေးသို့ ရောက်လာသည်။ သူတို့၏ လှုပ်ရှားမှုမှာ အလွန်မြန်လှသည်။ သူတို့သည် သာမန် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲရေးဌာနမှ လုံခြုံရေးများနှင့် မတူပေ။သူတို့သည် ဘဏ်လုံခြုံရေးများထက်ပင် ပို၍ ကျွမ်းကျင်ပုံရသည် ။

ထိုနှစ်ဦးက ကောင်းမင်ကို လုံခြုံရေးအခန်းထဲသို့ ဆွဲခေါ်သွားသည်။ တံခါးပိတ်လိုက်သည်နှင့် မုတ်ဆိတ်များရှိသော သက်လတ်ပိုင်းအရွယ် လူတစ်ယောက်သည် ဦးထုပ်တစ်လုံးကို ကိုင်ရင်း ဝင်လာလေသည်။ ထိုလူက စီးကရက်တစ်လိပ်ကို မီးညှိလိုက်ပြီး လိုက်ကာများကို ပိတ်လိုက်သည်။ နေ့ခင်းဘက်ဖြစ်သော်လည်း အခန်းထဲတွင် မှောင်မဲနေသည် ။

"မင်း ဘယ်လောက် အန္တရာယ်များတဲ့ထဲ ရောက်နေလဲဆိုတာ မသိဘူးလား၊ ဒီစက်ယန္တရားကြီးတွေက မျက်စိမပါဘူးကွ၊ မနှစ်ကတင်ပဲ ဒီမှာ မတော်တဆမှုတစ်ခု ဖြစ်ထားသေးတယ်၊ သေသွားတဲ့သူက မင်းအရွယ်လောက်ပဲ"

ထိုလူက ဦးထုပ်ကို စားပွဲပေါ်သို့ ပြင်းပြင်းထန်ထန် ပစ်ချလိုက်သည်။

"မင်း ဒီကို ဘာလာလုပ်တာလဲ၊ လမ်းမှားလာတာလား၊ ဒါမှမဟုတ် သတင်းထောက်လား"

ကောင်းမင်က လက်ကမ်းစာစောင်ကို စားပွဲပေါ် တင်လိုက်သည်။

"ကျုပ် အလုပ်လာလျှောက်တာပါ"

ထိုလက်ကမ်းစာစောင်တွင် ထူးခြားသော အဓိပ္ပာယ်တစ်ခုရှိသည်။ ကောင်းမင် အင်တာနက်တွင် ရှာကြည့်ထားခဲ့သည်။စွန့်ပစ်ပစ္စည်း အရည်ဖျော်မီးရှို့ဖျက်ဆီးရေးဌာနသည် လွန်ခဲ့သော နှစ်အနည်းငယ်ကတည်းက လူခေါ်ခြင်းကို ရပ်ဆိုင်းထားခဲ့သည်။ ထို့ကြောင့် ၎င်းသည် လက်ကမ်းစာစောင်ထက် ဖိတ်စာတစ်စောင်နှင့် ပိုတူနေသည် ။

ထိုလူမှာ လက်ကမ်းစာစောင်ကိုပင် မကိုင်ဝံ့ ဖြစ်နေသည်။ သူသည် လုံခြုံရေးနှစ်ဦးကို ထွက်သွားခိုင်းပြီး ဖုန်းဆက်ရန် ထွက်သွားသည်။ ခေတ္တအကြာတွင် ပေစုတ်စုတ်နှင့် ညစ်ပတ်နေသောလူဝကြီးတစ်ယောက် အခန်းထဲ ဝင်လာသည်။ သူသည် မျက်မှန်တပ်ထားပြီး ရယ်စရာကောင်းသော ပုံစံရှိသည်။သို့သော်လည်း ပေါ်နေသော အရေပြားများတွင်တော့ မိစ္ဆာပုံ အနက်ရောင်တက်တူးများဖြင့် ပြည့်နှက်နေသည်။ လူဝကြီးက လက်ကမ်းစာစောင်ကို ဆွဲယူကာ ပြန်ထွက်သွားသည် ။

"ဒီမှာပဲ ငြိမ်ငြိမ်လေးနေဖို့ ငါအကြံပေးချင်တယ်"

မုတ်ဆိတ်နှင့်လူက သူ၏နောက်ကျောရှိ 'ဆေးလိပ်မသောက်ရ' ဆိုင်းဘုတ်ကို ဂရုမစိုက်ဘဲ စီးကရက်ကို ငြှိမ်းလိုက်သည်။

"နှစ်တိုင်း နှစ်တိုင်း အမှိုက်တွေထဲမှာ အလောင်းတွေ တွေ့ရလေ့ရှိတယ်၊ သူတို့ရဲ့ အထောက်အထားတွေက အကုန်ဖျောက်ဖျက်ခံထားရတာ၊ သူတို့ ဘယ်လိုသေတယ်ဆိုတာတောင် ငါတို့ မသိရဘူး"

ကောင်းမင် ပြုံးလိုက်ပြီး ဘာမှ ပြန်မပြောပေ။

မိနစ်အနည်းငယ်အကြာတွင် လူဝကြီးမှာ ပြုံးဖြီးဖြီးဖြင့် အခန်းထဲ ပြန်ဝင်လာသည်။ လက်ကမ်းစာစောင်ကတော့ ပါမလာတော့ပေ။

"မင်းနာမည် ဘယ်သူလဲ၊ မင်းက ဘာလို့ မသေဆေးကုမ္ပဏီရဲ့ အနက်ရောင်လက်ပတ်ကို ဝတ်ထားရတာလဲ"

All Chapters