ဖူမိသားစု ကျေးရွာ
Vol. 36 Ch. 531
လူဝကြီးသည် သူ၏ခါးတွင် ပေရေနေသော အလုပ်ဝတ်စုံကို ပတ်ထားပြီး လက်နှစ်ဖက်ကို အိတ်ကပ်ထဲ ထိုးထည့်ထားသည်။ သူ့ပုံစံမှာ ရိုးသားပြီး အန္တရာယ်မရှိသလို ထင်ရသော်လည်း သူ၏မျက်လုံးများမှာမူ ကောက်ကျစ်မှုများဖြင့် တောက်ပနေသည်။
"စွန့်ပစ်ပစ္စည်းဌာနက အလုပ်သမားတစ်ယောက်က မသေဆေးရဲ့ အတွင်းပိုင်း ဆက်သွယ်ရေးပစ္စည်းအကြောင်း ဘယ်ကြောင့် သိနေရတာလဲ"
ကောင်းမင် ကုလားထိုင်ပေါ်တွင် မှီထိုင်လိုက်သည်။ သူ့ပုံစံက အေးဆေးတည်ငြိမ်နေသော်လည်း စိတ်ထဲတွင်မူ ထွက်ပြေးရန် လမ်းကြောင်းကို တွက်ချက်နေပြီဖြစ်သည် ။
"ငါက စကားကို ဝေ့လည်ကြောင်ပတ်ပြောရတာ မကြိုက်ဘူး၊ ငါတို့ဌာနက မသေဆေးကလူတွေကို အလိုမရှိဘူး၊ ဒီကလူအများစုက သူတို့ကြောင့် ဒုက္ခရောက်ခဲ့ရဖူးတဲ့သူတွေပဲ၊ ပုံမှန်ဆိုရင်တော့ မင်း လက်ပတ်အမည်းကြီးနဲ့ ဒီကိုရောက်လာကတည်းက မင်းကို အခန်းလွတ်တစ်ခုထဲ ခေါ်သွားပြီး ရှင်းပစ်လိုက်မှာ၊ ဒါပေမဲ့ မင်းက ငါတို့သူဌေးရဲ့ ကိုယ်ပိုင်လက်ကမ်းစာစောင်နဲ့ ရောက်လာတာဆိုတော့ ငါ နည်းနည်း စိတ်ရှုပ်သွားတယ်"
ထိုလူမှာ ရွေ့လျားနေသော တောင်ကြီးတစ်လုံးကဲ့သို့ ဖြစ်သည်။သူက ကောင်းမင်၏ရှေ့တွင် မတ်တပ်ရပ်လိုက်သည်။
"မင်းက မိတ်ဆွေလား၊ ရန်သူလား"
"ဒီက မန်နေဂျာကို ခင်ဗျားတို့က သူဌေးလို့ ခေါ်တာလား"
ကောင်းမင်သည် ထိုလူဝကြီးနှင့် မုတ်ဆိတ်နှင့်လူတို့ထံမှ အန္တရာယ်အငွေ့အအယှက်ကို ခံစားနေရသည်။ သူ နေရာမှန်ကို ရောက်လာပြီဟု ယုံကြည်လိုက်သည်။
"ကျုပ်နာမည် ကောင်းမင်ပါ၊ မိတ်ဆွေတစ်ယောက်က ဒီစာစောင်ကို ပေးလိုက်တာ၊ ကျုပ်ရှာနေတဲ့ အဖြေကို ဒီမှာတွေ့နိုင်လိမ့်မယ်လို့ သူက ပြောခဲ့တယ်"
ထိုစဉ် တံခါးခေါက်သံတစ်ခု ကြားလိုက်ရသည်။ ရှပ်အင်္ကျီအဖြူဝတ်ကာ မျက်မှန်တပ်ထားသော ကြွက်သားများနှင့် လူတစ်ယောက် ဝင်လာလေသည်။ သူသည် လုံခြုံရေး ဦးထုပ်အဖြူကို ဆောင်းထားပြီး လက်ထဲတွင် လက်ပ်တော့တစ်လုံး ကိုင်ထားသည်။ သူ၏ ခန္ဓာကိုယ်ထွားကျိုင်းမှုကြောင့် လက်ပ်တော့မှာ အရုပ်လေးတစ်ခုကဲ့သို့ပင် ထင်ရသည်။
"စစ်ဆေးပြီးပြီ၊ ဒီကောင်ကလည်း နစ်နာသူတစ်ယောက်ပဲ"
ထိုလူက လက်ပ်တော့ကို ချလိုက်သည်။ စခရင်ပေါ်တွင် ကောင်းမင်၏ ကျောင်းပညာရေး အတွေ့အကြုံမှစ၍ မသေဆေးကုမ္ပဏီတွင် ကုသမှုခံယူခဲ့သည့် အချက်အလက်များအထိ အကုန်ပြသနေသည်။
"ဒါပေမဲ့ ဒီလူရဲ့ ဆေးမှတ်တမ်းတွေကတော့ ပျောက်နေတယ်၊ မသေဆေးရဲ့ ဒေတာဘေ့စ်ထဲကို ဟက်ဝင်ကြည့်တာတောင် ရှာမတွေ့ဘူး၊ သူက ဆေးရုံဆင်းပြီးတာနဲ့ မသေဆေးကုမ္ပဏီရဲ့ ဦးနှောက်နယ်ပယ်ဂိမ်းတွေမှာ စေတနာ့ဝန်ထမ်းဝင်လုပ်နေတာ၊ ကြည့်ရတာ သူက သေချင်နေတဲ့ပုံပဲ"
ထိုစကားကို ကြားပြီးနောက် ကျန်လူနှစ်ဦး၏ သဘောထားမှာ အနည်းငယ် ပျော့ပြောင်းသွားသည်။
"မသေဆေးကုမ္ပဏီရဲ့ စမ်းသပ်မှုတွေထဲကနေ ထွက်ပြေးနိုင်ဖို့ဆိုတာ မလွယ်ဘူး၊ မင်း ဘာလို့ အဲ့ဒီကို တမင်ပြန်သွားခဲ့တာလဲ၊ အိပ်မက်ဆိုးတွေက တစ်ခုထက်တစ်ခု ပိုကြောက်ဖို့ကောင်းလာတာ၊ မင်း တကယ်ပဲ သေချင်နေတာလား"
ကောင်းမင်သည် ထိုစကားကို အကြိမ်ကြိမ် ကြားဖူးနေပြီဖြစ်သဖြင့် ရှင်းပြရန်ပင် ပျင်းရိနေပြီဖြစ်သည်။
"ခင်ဗျားတို့ သိချင်တာတွေလည်း စစ်ဆေးပြီးပြီဆိုတော့ အခု ခင်ဗျားတို့က ဘယ်သူတွေလဲဆိုတာ ပြောပြလို့ရပြီလား"
ကောင်းမင်သည် သူ၏အိတ်ကို ကိုင်ထားရင်း သော့ခတ်ထားသော တံခါးနှင့် ပြတင်းပေါက်ကို လှမ်းကြည့်လိုက်သည်။ ပြတင်းပေါက်ကနေ ခုန်ချလိုက်လျှင် အမှိုက်တောင်တွေဆီ သူပြေးလို့ရနိုင်သည်။ ထိုနည်းဖြင့် သူထွက်ပြေးလို့ ရနိုင်ကောင်းသည်။
"စိတ်မလှုပ်ရှားပါနဲ့၊ ငါတို့ကလည်း မင်းလိုပဲ အတွေ့အကြုံတူတဲ့သူတွေပါပဲ"
ထိပ်ပြောင်နှင့်လူက သူ၏ပြောင်လက်နေသော ခေါင်းကို ပွတ်လိုက်သည်။
"အဖိုးကြီးကွမ်းနဲ့ ကျန်းကျန့်က မသေဆေးမှာ လုံခြုံရေးဝန်ထမ်းတွေ ဖြစ်ခဲ့ဖူးတယ်၊ ငါကတော့ ဦးနှောက်နယ်ပယ် သုတေသနဌာနရဲ့ နည်းပညာပိုင်းဆိုင်ရာ ခေါင်းဆောင်ပေါ့၊ လွန်ခဲ့တဲ့ ၁၀ နှစ်က အဲ့ဒီတားမြစ်ဖြစ်ရပ်ရဲ့ လျှို့ဝှက်ဖိုင်တွေကို မတွေ့ခင်အထိ ငါတို့က ကုမ္ပဏီအပေါ် သစ္စာရှိခဲ့ကြတာ"
ထိပ်ပြောင်နှင့်လူ၏ နာမည်မှာ ချောင်လုဖြစ်သည်။ သူ၏ ဦးနှောက်မှာ သူ၏ ကြွက်သားများထက် ပိုမိုဖွံ့ဖြိုးပုံရသည်။ မုတ်ဆိတ်နှင့်လူမှာ ကွမ်းလီဖြစ်ပြီး လူဝကြီးမှာ ကျန်းကျန့်ဖြစ်သည်။ ထိုလူနှစ်ဦးသည် မသေဆေး၏အတွင်းပိုင်းလုံခြုံရေးကို တာဝန်ယူခဲ့ဖူးသူများဖြစ်သည်။ သူတို့သည် အံ့မခန်းစွမ်းအားများရရှိရန် ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ပြုပြင်မွမ်းမံမှုများ ခံယူခဲ့ရပြီး 'လူသားအသစ်' များဟု လူသိများကြသည် ။
"အဲ့ဒီတားမြစ်ချက်ကြောင့် လူပေါင်းတစ်သောင်းကျော် ဦးနှောက်ခွဲစိတ်မှု ခံခဲ့ရတယ်၊ ငါတို့က အဲ့ဒီဖိုင်တွေကို ခိုးကြည့်မိလို့ အကျဉ်းချခံခဲ့ရတယ်၊ နောက်ဆုံးတော့ ငါတို့ကို 'သိပ္ပံပညာအတွက် ဦးနှောက်လှူဒါန်းတဲ့ စေတနာ့ဝန်ထမ်းတွေ' အဖြစ် ပြောင်းပစ်ခဲ့ကြတယ်၊ နောက်ဆုံး ကံကောင်းလို့သာ အစ်ကိုချုံကြောင့် ငါတို့ သီသီလေး လွတ်လာခဲ့ကြတာ"
အစ်ကိုချုံ၏ အမည်ကို ပြောလိုက်သည့်အခါ ထိုသုံးဦးစလုံးက လေးစားသမှု ပြသကြသည်။ ၎င်းက ကောင်းမင်အား အစ်ကိုချုံဆိုသူအပေါ် စိတ်ဝင်စားသွားစေသည် ။
"အစ်ကိုချုံက ဘယ်သူလဲ၊ သူက ဟွမ်ရင်ကို သိတာလား"
သူ ထိုသို့မေးလိုက်ရာ လေထုမှာ ရုတ်တရက် အေးစက်သွားသည် ။
"ဟွမ်ရင်..."
ကွမ်းလီသည် တစ်ခုခု ပြောရန်ပြင်သော်လည်း ကျန်းကျန့်က သူ့ကို တားလိုက်သည်။
"ငါတို့ မင်းကို ဒီနေရာကို အရင်လိုက်ပြပေးမယ်၊ မင်းက မသေဆေးရဲ့ စမ်းသပ်မှုတွေကို ခံယူခဲ့ပြီး မင်းရဲ့ကိုယ်ပိုင်စွမ်းအားနဲ့ ထွက်ပြေးနိုင်ခဲ့တယ် ၊ ဆိုတော့ မင်းမကြာခင် ငါတို့နဲ့ ပူးပေါင်းလာလိမ့်မယ်လို့ ငါမြင်နေတယ်"
"ဟုတ်တယ်၊ လူတိုင်းက မင်းကို ကြိုဆိုကြမှာပါ"
"လူတိုင်းဆိုတာ ဘယ်သူတွေလဲ"
ကောင်းမင် မတ်တပ်ရပ်လိုက်သည်။ သူက သတိထားနေဆဲဖြစ်သည်။သူသည် မည်သူ့ကိုမှ မယုံကြည်ပေ ။
"ဦးနှောက်စမ်းသပ်မှုတွေကြောင့် ပျက်စီးသွားတဲ့သူတွေ၊ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဖြစ်ရပ်ဆိုးက အသက်ရှင်ကျန်ရစ်သူတွေနဲ့ အဖိုးကြီးကျန်း၊ အဖိုးကြီးကွမ်းနဲ့ ငါတို့လို စွန့်ပစ်ခံရလူတွေပေါ့"
ထိပ်ပြောင်နှင့်လူက ရှေ့မှ ဦးဆောင်သွားသည်။ သူသည် သူ့ကိုယ်ပေါ်ရှိ ခလုတ်တစ်ခုကို နှိပ်လိုက်ရာ ကင်မရာများက သူတို့ရှိရာမှ တခြားဘက်သို့ လှည့်သွားကြသည်။ သူတို့သည် စက်ယန္တရားကြီးများကြားမှ ဖြတ်ကျော်လာပြီး အမှိုက်တောင်ကြီးထဲသို့ ဝင်လာခဲ့ကြသည် ။
"အလောင်းဖျောက်ဖို့ ကောင်းတဲ့ နေရာပဲ"
ကောင်းမင်က စက်ယန္တရားများစွာကို ကြည့်ရင်း ရေရွတ်လိုက်သည် ။
"ဒီဘက်"
အမှိုက်ချိုင့်ဝှမ်းထဲတွင် လျှို့ဝှက်သံမဏိတံခါးတစ်ခု ပွင့်လာသည်။ လူစုမှာ ထိုထဲသို့ ဝင်သွားကြသည်။ လေထုထဲရှိ ပုပ်အဲ့အဲ့အနံ့များ ပျောက်ကွယ်သွားသည်။ လမ်းတစ်လျှောက်တွင် အချက်ပေးစနစ်များစွာရှိပြီး စက်ရုပ်များလည်း လှုပ်ရှားနေကြသည်။
"ဒါတွေအားလုံးကို အမှိုက်တွေကနေ ပြန်ပြင်ထားတာပဲ၊ ငါတို့ဆီမှာ အမှိုက်ကလွဲရင် ကျန်တာ အကုန်ရှားတယ်"
ကောင်းမင် လှေကားများအတိုင်း ဆင်းလာခဲ့သည်။ အတော်ကြာပြီးနောက်မှ 'ဖူမိသားစုကျေးရွာ'ဟု ရေးထားသော ဆွေးမြည့်နေသည့် သစ်သားဆိုင်းဘုတ်တစ်ခုကို သူ မြင်လိုက်ရသည် ။
"ဒီအမှိုက်တွေအောက်မှာ ဖူမိသားစုကျေးရွာဆိုတဲ့ ရွာတစ်ရွာ ပုန်းနေတာ၊ ဒီရွာက အရည်ဖျော်မီးတောက်ထက်တောင် သက်တမ်းပိုရင့်သေးတယ်၊ ဘယ်သူက တည်ဆောက်ခဲ့လဲဆိုတာတော့ ငါတို့လည်း မသိဘူး၊ ရွာရဲ့ ဘိုးဘေးမှတ်တမ်းစာအုပ်မှာလည်း ဘာမှ မရှိဘူး၊ အရာအားလုံးက ဖျက်ဆီးခံထားရသလိုပဲ"
အဖိုးကြီးချောင်က အထောက်အထားအတည်ပြုပြီးနောက် ကော်ရစ်ဒါထဲသို့ ဝင်သွားသည်။ သူတို့ ထပ်မံဆင်းသွားကြသည်။ ရေပွက်သံများကို ကြားလိုက်ရပြီး သူတို့၏ရှေ့ရှိ မြင်ကွင်းမှာ ရုတ်တရက် ကျယ်ပြန့်သွားသည် ။
ဤကဲ့သို့ ကောင်းမွန်စွာ ထိန်းသိမ်းထားသော ကျေးရွာတစ်ရွာက အမှိုက်တောင်ကြီးများအောက်တွင် ပုန်းကွယ်နေလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။ အဆောက်အအုံအားလုံးတွင် ထူးဆန်းသော အဆောင်စာရွက်များဖြင့် ဖုံးလွှမ်းနေသည်။ ကောင်းမင်သည် အိပ်မက်ဆိုးထဲသို့ ပြန်ရောက်သွားသလို ခံစားလိုက်ရသည် ။
"မယုံနိုင်စရာပဲ မဟုတ်လား"
ကျန်းကျန့်က ရယ်မောလိုက်သည်။
"ငါနဲ့ အဖိုးကြီးချောင်လည်း ဒီကို ပထမဆုံးရောက်လာတုန်းက အတော်လေး အံ့သြသွားတာ၊ သူတို့က မသေဆေးရဲ့ မျက်စိအောက်ကနေ လုံးဝပုန်းကွယ်နေနိုင်ကြတယ်"
အဆောက်အအုံ အမျိုးမျိုးသည် ရည်ရွယ်ချက်အမျိုးမျိုးအတွက် အသုံးဝင်သည်။ ရှုပ်ထွေးနေသော ဝါယာကြိုးများနှင့် ပြုပြင်ထားသော စက်ယန္တရားများမှာ ကျေးရွာထဲသို့ ရောနှောနေလေသည်။ ရွာအတွင်းရှိ အိမ်တံခါးများတွင် မသေဆေး၏ ဓာတ်ခွဲခန်းများတွင် တွေ့ရလေ့ရှိသော ကိရိယာများနှင့် ဆင်တူသော အရာများ တပ်ဆင်ထားသည်။ ထူထဲသော ဝါယာကြိုးများက ကျေးရွာတစ်ခုလုံးကို မိစ္ဆာနတ်ဘုရားတစ်ပါးကဲ့သို့ ရစ်ပတ်ထားသည် ။
"ဘာလို့ ဒီနေရာကို ဖူမိသားစုကျေးရွာလို့ ခေါ်တာလဲ၊ အဲ့ဒါ ခင်ဗျားတို့ သူဌေးရဲ့နာမည်လား"
ကောင်းမင်သည် ဝါယာကြိုးများကို ရှောင်ရင်း ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ အိမ်တိုင်းတွင် လျှပ်စစ်မီးများ ရှိနေသော်လည်း တံခါးဝတွင် အဖြူရောင် မီးအိမ်များကို ချိတ်ဆွဲထားကြသည်။ အကြောင်းပြချက် တချို့ကြောင့် ဤနေရာရှိ အလင်းရောင်မှာ ပုံပျက်နေလေသည်။ ကျေးရွာတစ်ခုလုံးသည် အရိပ်အလွှာတစ်ခုဖြင့် ဖုံးလွှမ်းနေသကဲ့သို့ ခံစားရသည် ။
"မသေဆေးကို တည်ထောင်သူရဲ့ မျိုးရိုးနာမည်က 'ဖူ'တဲ့၊ ဒါက သူ့ရဲ့ ဘိုးဘွားပိုင်ရွာလို့ ငါကြားဖူးတယ်"
အဖိုးကြီးချောင်က သူ၏လက်ပ်တော့ကို သိမ်းလိုက်ပြီး သတိထားသည့် ပုံစံမျိုး ပြောင်းလဲသွားသည်။
"ခွင့်ပြုချက်မရဘဲ ဒီရွာရဲ့ အတွင်းပိုင်းထဲအထိ ငါတို့သွားခွင့်မရှိဘူး၊ ငါတို့နဲ့ပဲ ကပ်လိုက်ခဲ့ပါ၊ ဒီမှာ နေထိုင်နေတဲ့ အရာတွေထဲမှာ မင်းနားမလည်နိုင်တာတွေ အများကြီး ရှိတယ်၊ အဲ့ဒါတွေက... အန္တရာယ်ရှိနိုင်တယ်"