သက်ရှိထင်ရှား ပြစ်မှု
Vol. 36 Ch. 533
အလွတ်ဖြစ်နေသော ကမ္ဗည်းပြားများပေါ်တွင် နာမည်များ ပေါ်လာသည်။ အစ်ကိုချုံသည် ကောင်းမင်၏အမည်ကို ကမ္ဗည်းပြားပေါ်တွင် မြဲမြံသွားစေရန် အကြိမ်ကြိမ် ရေးထိုးခဲ့ရသည်။
"မင်းရဲ့နာမည်ကို ဖူမိသားစု ဘိုးဘွားခန်းမက ကမ္ဗည်းပြားပေါ်မှာ ငါချန်ထားခဲ့လိုက်ပြီ၊ အခုဆိုရင် မင်းတို့ရဲ့ အသက်တွေက ဆက်နွယ်သွားပြီ၊ အဲ့ဒီကမ္ဗည်းပြားက မင်းကို ကာကွယ်ပေးလိမ့်မယ်၊ ပြီးတော့ မင်းရဲ့ အနာဂတ်ကိုလည်း တောင့်တနေလိမ့်မယ်"
အခန်းထဲမှ ထွက်လာပြီးနောက် အစ်ကိုချုံမှာ စကားပိုများလာသည်။
"မင်း ကံကြမ္မာကို ယုံလား"
"မယုံဘူး"
"နောင်ကျရင် မင်း ယုံလာပါလိမ့်မယ်"
အစ်ကိုချုံနှင့် ကောင်းမင်တို့သည် ဘိုးဘွားခန်းမနောက်ရှိ လမ်းကျဉ်းလေးထဲသို့ ဝင်လိုက်ကြသည်။ စွန့်ပစ်ထားသော စက်ကိရိယာပုံကြီးများကြားတွင် အသုံးပြု၍ရသော အာဟာရဖြည့်ခန်းနှစ်ခုကို သူတို့ တွေ့လိုက်ရသည်။ ၎င်းတို့မှာ မသေဆေးကုမ္ပဏီရှိ အခန်းများနှင့် ဆင်တူသော်လည်း ပိုဟောင်းနွမ်းကာ ကြည့်မကောင်းလှပေ။
"အဲ့ဒီထဲမှာ လှဲလိုက်၊ စိတ်ကို လျှော့ထား၊ ငါတို့ မင်းကို သတ်ချင်ရင် မင်း သေနေတာ ကြာပြီ"
အစ်ကိုချုံသည် ကောင်းမင်အတွက် ဝါယာကြိုးများကို ကိုယ်တိုင်ချိတ်ဆက်ပေးသည်။ ထို့နောက် သူကိုယ်တိုင်လည်း အာဟာရဖြည့်ခန်းထဲသို့ တွားဝင်သွားသည်။ မီးများ ပွင့်လာသည်နှင့် ကောင်းမင်သည် သူ၏ဝိညာဉ်မှာ ဆွဲဖြဲခံလိုက်ရသလို ခံစားလိုက်ရသည်။ သူ၏ခန္ဓာကိုယ်မှာ ဝဲဂယက်တစ်ခုထဲသို့ ကျဆင်းသွားသည်။ သူမျက်လုံးများ မှိတ်လိုက်ချိန်တွင် ပြတ်တောင်းပြတ်တောင်း ထွက်ပေါ်လာသော အသံတစ်ခုကို သူကြားလိုက်ရသည် ။
"ပြီးပြည့်စုံသောဘဝမှ ကြိုဆိုပါတယ်"
သုတ်ဆေးနံ့များက သူ့ကို တိုက်ခိုက်လာသည်။ လက်တစ်ဖက်က ကောင်းမင်၏ ပုခုံးပေါ်သို့ ကျရောက်လာသည်။ သူ လှည့်ကြည့်လိုက်သောအခါ သူသည် ဖူမိသားစုကျေးရွာတွင် မရှိတော့ကြောင်း သိလိုက်ရသည်။ သူသည် ထူးဆန်းပြီး ရှုပ်ထွေးသော အဆောက်အအုံတစ်ခုအတွင်းသို့ ရောက်နေခြင်းဖြစ်သည်။ အနက်ရောင် မြူခိုးများက ကောင်းကင်နှင့် မြေကြီးကို ပိတ်ဆို့ထားသည်။ သစ်ပင်ပန်းမန်ဟူ၍ ဘာမှမရှိပေ။ အရာအားလုံးမှာ သေခြင်းတရား၏ ထိတွေ့ ခံထားရသည်။ ထိုနေရာတွင် လွှမ်းမိုးထားသော စိတ်ခံစားချက်တစ်ခုသာရှိသည်။ ၎င်းမှာ စိတ်ပျက်အားငယ်မှုပင် ဖြစ်သည်။
"ဒီနေရာက ဘယ်လိုလုပ်ပြီး ပြီးပြည့်စုံတာနဲ့ ဆက်စပ်နေတာလဲ"
ကောင်းမင်က ပတ်ဝန်းကျင်ကို ဂရုတစိုက် ကြည့်လိုက်သည်။ ဤနေရာမှာ မသေဆေး၏ ဦးနှောက်နယ်ပယ် စမ်းသပ်မှုများနှင့် အလွန်တူလှသည်။ သို့သော် အဆောက်အအုံမှာ နှင်းတောထဲက စံအိမ်ကြီးထက် ပို၍ ခိုင်ခံ့ကာ ပိုမိုကြီးမားသည်။
"ဒီနေရာက တစ်ချိန်က အရမ်းသာယာခဲ့တယ်၊ ရှင်းလုမြို့ဟာ မျှော်လင့်ချက်တွေနဲ့ ပြည့်နှက်နေခဲ့ဖူးတယ်၊ လူတွေဟာ သူတို့ရဲ့ ဝိညာဉ်မီးတောက်တွေကို ကောင်းကင်ယံအထိ မြှင့်တင်ခဲ့ကြတယ်၊ မြူခိုးတွေကို မောင်းထုတ်ပြီး ညဖက်ကို အလင်းပေးဖို့ သူတို့ အနီးစပ်ဆုံးအထိ ကြိုးစားခဲ့ကြတယ်"
အစ်ကိုချုံသည် ကောင်းမင်၏ဘေးတွင် ရပ်နေခြင်းဖြစ်သည်။ သူသည် ပြတင်းပေါက်အပြင်ဘက်သို့ ဝမ်းနည်းစွာ ငေးကြည့်လိုက်သည်။
"ငါတို့ တစ်ခါက အဲ့ဒီအပေါ်မှာ လူလုပ်နေတစ်စင်းကို မြှောက်တင်ခဲ့ဖူးတယ်၊ မပြောသင့်တဲ့ နတ်ဘုရားတွေတောင်မှ အဲ့ဒီအလင်းကို ရှောင်ရှားခဲ့ရတယ်"
"မပြောသင့်တဲ့..."
ထိုစကားလုံးသည် သူ့ဦးနှောက်ထဲမှ တစ်ခုခုကို လှုပ်ခတ်သွားစေသည်။ အချုပ်အနှောင်များ ထပ်မံ လျော့ရဲသွားပြန်သည် ။
"ဒါက ဘယ်သူ့ရဲ့ အိပ်မက်ဆိုးလဲ၊ ကျုပ် မသေဆေးရဲ့ ဦးနှောက်နယ်ပယ် ဂိမ်းထဲမှာ ပါဝင်ခဲ့ဖူးတယ်၊ သူတို့လည်း အစုအဖွဲ့လိုက် ဦးနှောက်ဟင်းလင်းပြင်တစ်ခုကို ဖန်တီးနေကြတာပဲ"
"ဦးနှောက်နယ်ပယ်ဂိမ်းဆိုတာ အလိမ်အညာတစ်ခုပဲ၊ လွန်ခဲ့တဲ့ အချိန်တွေက ငါလည်း ဒါကို ဂိမ်းတစ်ခုလို့ ထင်ခဲ့ဖူးတယ်၊ ဒါပေမဲ့ ဒါက လက်တွေ့လောကရဲ့ တခြားတစ်ဖက်ခြမ်းပဲ"
အစ်ကိုချုံမှာ အိုမင်းရင့်ရော်လာပြီဖြစ်သည်။ သူသည် မိမိကိုယ်ကိုယ် နာကျင်အောင်လုပ်တတ်သည့် အလေ့အထကိုပင် ထိန်းချုပ်ရန် သင်ယူနေရပြီဖြစ်သည်။ သူသည် အလွန်အမင်း ဖိအားများလာသည့် အခါမှသာ ထိုသို့ လုပ်တတ်တော့သည်။
"အိပ်မက်ဆိုးထဲက အရာတွေက တကယ်ရှိတာလား၊ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ရှင်းလုမြို့မှာ ဘာတွေဖြစ်ခဲ့တာလဲ၊ အဲ့ဒီတားမြစ်ချက်က ဘာလဲ"
"ငါမမှတ်မိတော့ဘူး၊ လျှို့ဝှက်ဆန်းကြယ်တဲ့ အင်အားတစ်ခုက အဲ့ဒီအရာတွေကို ငါတို့ကို မေ့ခိုင်းနေတာ"
အစ်ကိုချုံက ပြတင်းပေါက်နားသို့ လျှောက်သွားသည်။
"ငါ မှတ်မိတာ တစ်ခုပဲရှိတယ်၊ အဲ့ဒါက တရားခံဟာ မသေဆေးကုမ္ပဏီပဲဆိုတာပဲ၊ သူတို့က လူသားခန္ဓာကိုယ်နဲ့ ဦးနှောက်ကို စမ်းသပ်စူးစမ်းနေရင်း အိပ်မက်ဆိုးထဲက တံခါးကို ဖွင့်မိပြီး တခြားကမ္ဘာထဲမှာ ပုန်းကွယ်နေတဲ့ အရာကို လွှတ်ပေးလိုက်မိတာ၊ အဲ့ဒီအရာကို သတ်ဖို့ ရှင်းလုက ကြီးမားတဲ့ ပေးဆပ်မှုတစ်ခု လုပ်ခဲ့ရတယ်"
သူက ပြတင်းပေါက်ကို မှီလိုက်ရင်း
"စတေးခံခဲ့ရတဲ့ လူတွေကိုတော့ အတိတ်မှာ မြှုပ်နှံထားခဲ့ကြပြီ၊ မသေဆေးကတော့ အဲ့ဒီဂုဏ်ပုဒ်တွေကို ဖြတ်ခုတ်သွားခဲ့တယ်၊ မျက်မြင်သက်သေ အားလုံးကို ဦးနှောက်ခွဲစိတ်မှု လုပ်ခိုင်းခဲ့တယ်၊ တော်လှန်ရေး အင်အားစုတွေလည်း နှိမ်နင်းခံခဲ့ရတယ်၊ အခုဆိုရင် ပြီးပြည့်စုံသော ကမ္ဘာဟာ ပျက်စီးယိုယွင်းပြီး အစိတ်အပိုင်း အမျိုးမျိုး ကွဲထွက်နေပြီ၊ အခု ငါတို့ရောက်နေတာက အဲ့ဒီထဲက အစိတ်အပိုင်းတစ်ခုပဲ၊ ဒီနေရာကို မရဏအဆောက်အအုံလို့ ခေါ်လို့ရတယ်၊ ဒါကို အဲ့ဒီဒဏ္ဍာရီလာ တည်ရှိမှုက ထိန်းသိမ်းထားတာပဲ"
အစ်ကိုချုံ၏ မျက်လုံးများတွင် ကြည်ညိုလေးစားမှုများဖြင့် အရောင်တောက်လာသည်။
"မင်း အရည်ဖျော်မီးတောက်ကိုလာတာ ဟွမ်ရင်ကို ရှာဖို့ မဟုတ်လား"
"ဟုတ်တယ်"
ကောင်းမင်က မငြင်းပေ။ သူသည် ဝမ်ဖျင်အန်းထံမှ အရေးကြီးသော သဲလွန်စများ ရရှိခဲ့သည်။ ဝမ်ဖျင်အန်း၏ အမေ့ခံထားရသော အစ်ကိုမှလွဲလျှင် ဟွမ်ရင်သည် အမှန်တရားနှင့် အနီးစပ်ဆုံးလူ ဖြစ်ပေလိမ့်မည် ။
"မသေဆေးကုမ္ပဏီကို ခုခံခဲ့တဲ့လူတွေ အများကြီးရှိတယ်၊ ဒါပေမဲ့ ဟွမ်ရင်ကတော့ ငါတို့ရဲ့ မျှော်လင့်ချက်ပဲ၊ သူက အမှန်တရား၊ ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ ငါတို့ရဲ့ မျှော်လင့်ချက်ကို ကိုယ်စားပြုတယ်"
ကောင်းမင်သည် အစ်ကိုချုံမှတစ်ဆင့် ဟွမ်ရင်မှာ မည်မျှထူးခြားကြောင်း ခံစားရသည် ။
"ဒါပေမဲ့ သူ့အခြေအနေက မကောင်းဘူး၊ မင်းက သူ့နာမည်ကိုတောင် မခေါ်ရဲဘူးပဲ"
ကောင်းမင်က အားလုံးကို အကဲခတ်လိုက်သည်။
"သူ့ကို ဘယ်မှာ ရှာရမလဲ သိလား၊ ကျုပ် သူ့အတွက် သဲလွန်စတချို့ ယူလာပေးနိုင်လောက်တယ်"
အစ်ကိုချုံက ခေါင်းခါပြသည်။
"သူ ဘယ်မှာလဲဆိုတာ ဘယ်သူမှ မသိဘူး၊ မင်း သူ့ကို ရှာလို့မရဘူး၊ ဒါပေမဲ့ သူကတော့ မင်းကို ရှာနိုင်လိမ့်မယ်"
အစ်ကိုချုံသည် အိပ်ခန်းတံခါးကို ဖွင့်၍ မှောင်မိုက်နေသော ကော်ရစ်ဒါကို လှမ်းကြည့်လိုက်သည်။
"ပြီးပြည့်စုံသော ဘဝ ရဲ့ ဂိမ်းဇုန်တွေက အစိတ်အပိုင်းတွေ အများကြီး ကွဲထွက်သွားပြီ ၊ အဲ့ဒီထဲက နေရာအများစုကို မသေဆေးက ထာဝရ ချိတ်ပိတ်ပစ်ခဲ့တယ်၊ အစိတ်အပိုင်း အနည်းငယ်လောက်ပဲ သူတို့ရဲ့ စောင့်ကြည့်မှုကနေ လွတ်မြောက်ပြီး အနက်ရောင် မြူခိုးတွေကြားက ကျွန်းငယ်လေးတွေ ဖြစ်နေကြတာ၊ တကယ်လို့ မင်းသာ အဲ့ဒီအစိတ်အပိုင်းတွေကို စုဆောင်းနိုင်ရင် ဒါမှမဟုတ် မသေဆေးကုမ္ပဏီဆီက ပြန်ခိုးပြီး အားလုံးကို ပေါင်းစည်းနိုင်ရင် ဟွမ်ရင်က အဲ့ဒါကို သိပြီး မင်းနဲ့လာတွေ့လိမ့်မယ်"
အစ်ကိုချုံက တည်ကြည်စွာ ပြောလိုက်သည်။
"ဒါက မင်းတစ်ယောက်တည်းပဲ လုပ်နိုင်တဲ့အရာပဲ၊ ငါတို့ထဲက အများစုက မှတ်ပုံတင်တောင်မရှိတဲ့ တရားမဝင် နိုင်ငံသားတွေပဲ၊ ဒါပေမဲ့ မင်းက သူရဲကောင်းတစ်ယောက်ဖြစ်သလို မသေဆေးကုမ္ပဏီရဲ့ စမ်းသပ်မှုမှာ ပါဝင်နေတဲ့သူလည်း ဖြစ်တယ်၊ သူတို့က သူတို့ကိုယ်သူတို့ ကာကွယ်ဖို့အတွက်တောင် မင်းကို ဒုက္ခပေးမှာမဟုတ်ဘူး"
အစ်ကိုချုံက ချောင်းတစ်ချက်ဆိုးရင်း ထပ်ပြောသည်။
"ငါတို့ မင်းရဲ့ဖိုင်တွေကို စစ်ဆေးတုန်းက တစ်ခု သတိထားမိတယ်၊ မသေဆေးအတွင်းပိုင်းက တစ်ယောက်ယောက်က မင်းရဲ့ အချက်အလက်တွေကို တမင်ဖုံးကွယ်ထားဖို့ ကြိုးစားနေတယ်၊ ဒါက အခွင့်အရေးကောင်းပဲ၊ အတွင်းပိုင်းက တစ်ယောက်ယောက်က မင်းကို ကူညီချင်နေတာပဲ"
ကောင်းမင်သည် အစ်ကိုချုံ ပြောနေသည်မှာ ထန်လင်းလား သို့မဟုတ် ရွှမ်ဝမ်လားဆိုသည်ကို မသေချာပေ ။
"အခု ကျုပ် အတိအကျ ဘာလုပ်ရမလဲ"
"မင်းရဲ့ လက်ရှိ ဝင်ခွင့်အဆင့်က နိမ့်လွန်းတယ်၊ အဖိုးကြီးချောင်ထက်တောင် နိမ့်ဦးမယ်ထင်တယ်၊ မင်း အဆင့် ၅ ကို အမြန်ဆုံး ရောက်အောင် လုပ်ရမယ်၊ ပြီးရင် မသေဆေးကုမ္ပဏီရဲ့ ဗဟိုစီမံကိန်းတွေအထိ ရောက်အောင် သွားရမယ်၊ အဲ့ဒီလုပ်ငန်းစဉ်တလျှောက်လုံး ငါတို့ မင်းကို ကူညီပေးမယ်"
အစ်ကိုချုံက ကော်ရစ်ဒါထဲ လှမ်းဝင်သွားသည်။ ကောင်းမင်သည် သူ့နောက်မှ တိတ်ဆိတ်စွာ လိုက်ပါလာခဲ့သည်။ သူတို့ ဓာတ်လှေကား စီးလိုက်ကြသည်။ ခလုတ်အားလုံးမှာ အနီရောင် နံပါတ် ၄ များသာ ဖြစ်နေသည် ။
အစ်ကိုချုံက ခလုတ်တစ်ခုကို ကျပန်းနှိပ်လိုက်သည်။ ဓာတ်လှေကားမှာ အောက်သို့ အရှိန်အဟုန်ဖြင့် ထိုးဆင်းသွား၏။ ရပ်တန့်သွားချိန်တွင် သေခြင်းတရား၏ အငွေ့အသက်များ ပျောက်ကွယ်သွားသည်။ အားနည်းသော အလင်းရောင်များက ဓာတ်လှေကားအတွင်းသို့ စီးဝင်လာသည်။ အစ်ကိုချုံက ကောင်းမင်အား မျက်နှာဖုံးတစ်ခု ကမ်းပေးလိုက်ပြီး သူကိုယ်တိုင်မူ မည်သည့်အရာမှ ဖုံးကွယ်ထားခြင်းမရှိဘဲ အပြင်သို့ ထွက်ခွာလိုက်သည် ။
ဓာတ်လှေကား အပြင်ဘက်တွင် သွေးရောင်လွှမ်းနေသော ဧည့်ခန်းမကြီးတစ်ခု ရှိနေသည်။ အခန်းများအားလုံးကို ဆိုင်ခန်းများအဖြစ် ဖွင့်လှစ်ထားလေသည်။ လူအများအပြား ရှိနေပြီး သူတို့အားလုံးသည် ဝတ်ရုံနက်များကို ဝတ်ဆင်ထားကြသည်။ သူတို့သည် ပစ္စည်းများ ဝယ်ယူနေကြသော်လည်း တိတ်ဆိတ်နေကြသည်။ မည်သူမှ ကြာကြာမနေကြပေ ။
"ဒါက မရဏ အဆောက်အအုံရဲ့ ဧည့်ကြိုခန်းမပဲ၊ ပြီးပြည့်စုံသော ဘဝထဲမှာ ကျန်ရှိနေသေးတဲ့ အရောင်းအဝယ်ဌာန နည်းနည်းလေးထဲက တစ်ခုလည်း ဖြစ်တယ်၊ ဒီကိုရောက်နေတဲ့ ကစားသမားတိုင်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အဖြစ်ဆိုးကို ကြုံတွေ့ခဲ့ရသူတွေချည်းပဲ၊ သူတို့တွေဟာ မသေဆေးကုမ္ပဏီရဲ့ ပြစ်မှုအတွက် သက်ရှိထင်ရှား သက်သေတွေပဲ"