နောက်ဆုံး သစ်စေ့
Vol. 36 Ch. 534
အစ်ကိုချုံက ပြစ်မှုဟူသော စကားလုံးကို ဖိပြောလိုက်သည်။သူသည် ခန်းမထဲရှိ များစွာသော ကစားသမားများ၏ ဇာတ်လမ်းကို သိထားသည်။
“ခြေလက်အစားထိုးပြုပြင်ရေးစင်တာမှာ ရှိတဲ့ အဲ့ဒီဖန်ပုလင်းအကြီးကြီးကို မင်းမြင်လား “
အစ်ကိုချုံက တစ်သီးတစ်သန့်ဖြစ်နေသော ထောင့်တစ်နေရာကို ညွှန်ပြသည်။ တံခါးဝတွင် ခြေထောက်ပြတ်တစ်ခုကို ချိတ်ဆွဲထားသည်။ အခန်းထဲတွင် ဖန်ပုလင်းများ ပြည့်နှက်နေသည်။
"အဲ့ဒီဖန်ပုလင်းအိုးတွေထဲမှာ အသက်ရှင်နေတဲ့ ကစားသမားတစ်ယောက် ရှိတယ်၊ သူ့နာမည်က ရှပင်းတဲ့၊ လက်တွေ့ဘဝမှာတော့ သူက မှုခင်းဆရာဝန်တစ်ယောက်ပေါ့၊ ဒါပေမဲ့ သူမရဲ့ ခန္ဓာကိုယ်က မသေဆေးကြောင့် ဖျက်ဆီးခံလိုက်ရတယ်၊ အခု သူ့မှာ ဦးနှောက်နဲ့ အသိစိတ်ပဲ ကျန်တော့တာ"
ဖန်ပုလင်းထဲရှိ အရည်များထဲတွင် သန္ဓေပြောင်းနေသော ဦးနှောက်တစ်ခု နှစ်မြှုပ်နေသည်။ ကျန်ရှိသောအရာများကို အဝတ်အမည်းဖြင့် ဖုံးအုပ်ထားသည်။
"တစ်ချိန်တုန်းက သူဟာ ဒီအဆင့်မှာ အလှပဆုံး ကစားသမားတစ်ယောက် ဖြစ်ခဲ့တာ၊ သူ့နောက်ကို လိုက်တဲ့သူတွေဆိုတာ ပုံရိပ်ယောင်လောကကနေ လက်တွေ့လောကအထိ တန်းစီနေတာပဲ၊ ဒါပေမဲ့ အခုတော့ သူဟာ ပြတင်းပေါက်နားတောင် မသွားရဲတော့ဘူး၊ မှောင်မိုက်တဲ့နေရာတွေနဲ့ ဖန်ပုလင်းတွေထဲမှာပဲ ပုန်းအောင်းနေတော့တယ်"
အစ်ကိုချုံက သူ၏လက်ညှိုးကို ရွှေ့ကာ ဆက်ပြောသည်။
"ခြေလက်အစားထိုးပြုပြင်ရေးစင်တာရဲ့ ဘေးကတော့ သတ်သတ်လွတ် စားသောက်ဆိုင်လေးပေါ့၊ ဆိုင်ရှင်ရဲ့ ကစားသမား အိုင်ဒီက အနီရောင်အသားနှပ်တဲ့၊ သူက ရုပ်ပိုင်းဆိုင်ရာ အားပြုကစားတဲ့ ကစားသမားတစ်ယောက်ပဲ ၊ တားမြစ်ဂိမ်းထဲမှာ သူက အရမ်းနာမည်ကြီးခဲ့တာ၊ နောက်ဆုံးတော့ မသေဆေးက လက်တွေ့လောကမှာ သူ့ကိုရော သူ့မိသားစုကိုပါ ရှာတွေ့သွားပြီး ဖမ်းဆီးသွားခဲ့ကြတယ်၊ သူ့အပေါ်မှာ လူမဆန်တဲ့ စမ်းသပ်မှုတွေ အများကြီး လုပ်ခဲ့ကြတယ်၊ ဟွမ်ရင်က သူ့ကို သွားကယ်တဲ့အချိန်မှာ သူက ကိုယ်အလေးချိန် ထက်ဝက်လောက် ကျသွားပြီ၊ သူက အသားစားဖို့ ငြင်းဆန်တော့တယ်၊ အသားကို သူမြင်လိုက်တာနဲ့တင် စိတ်ဖောက်ပြန်သွားတော့တာပဲ"
"စားသောက်ဆိုင်ဘေးကတော့ သတင်းအချက်အလက်ရောင်းဝယ်ရေးစင်တာပဲ မန်နေဂျာဆီမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ အိုင်ဒီတစ်ခု ရှိတယ်၊ အဲ့ဒါက 'ငါ့ဆရာက ငါ့ကို ဘေးကပ်ဆိုးထဲ လှူလိုက်တယ်'တဲ့ ၊ အဲ့ဒီဖြစ်ရပ်တွေ ဖြစ်တုန်းက သူက ကျောင်းမှာ ဂိမ်းဆော့နေတဲ့ ကျောင်းသားလေးတစ်ယောက်ပဲ၊ အဲ့ဒီတုန်းက သူက တက်ကြွပြီး ပျော်ပျော်နေတတ်တဲ့သူ၊ အခုတော့ မင်း သူ့ကို ပြုံးတာတောင် မြင်ရခဲလိမ့်မယ်"
အစ်ကိုချုံ၏ စကားကို ကြားလိုက်သည့်အလား မန်နေဂျာက လှမ်းကြည့်လာသည်။ သူ၏မျက်လုံးများသည် အမည်းရောင် တွင်းနက်ကြီးနှစ်ခုကဲ့သို့ပင် ဖြစ်သည်။
"သူက ငယ်သေးပေမဲ့ ဒီကုန်သည်တွေထဲမှာ အသန်မာဆုံး ကစားသမားပဲ၊ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သူဟာ ရှားပါးတဲ့ သဘာဝလွန်စွမ်းရည်တစ်ခုဖြစ်တဲ့ 'တစ္ဆေစကားလုံး'ကို နိုးထစေခဲ့တယ်၊ ငါတောင် သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး"
အစ်ကိုချုံသည် ထိုလူငယ်ကို ခေါင်းငြိမ့်ပြလိုက်ပြီး ကောင်းမင်အား ဧည့်ခန်းမ၏ အလယ်ဗဟိုသို့ ခေါ်သွားသည်။ သူတို့ ရောက်ရှိလာမှုက 'ကစားသမား' အားလုံး၏ အာရုံကို ဖမ်းစားသွားသည်။ အေးစက်သော အကြည့်များသည် ကောင်းမင်အပေါ်သို့ ကျရောက်လာကြပြီး ဘာကြောင့် သူက အစ်ကိုချုံ၏ အာရုံစိုက်မှုကို ရနေရသလဲဆိုသည်ကို သိချင်နေကြသည်။
"ဒီက ကစားသမားတွေက ရုပ်ဆိုးပြီး ကြောက်စရာကောင်းကြတယ်၊ သူတို့မျက်လုံးတွေက အငြိုးအတေးတွေနဲ့ ပြည့်နေပေမဲ့ သူတို့ရဲ့ မုန်းတီးမှုက မသေဆေးတစ်ခုတည်းအပေါ်မှာပဲ ရှိတာပါ၊ မင်း သူတို့ရဲ့ ယုံကြည်မှုကို ရသွားပြီဆိုရင် သူတို့ဟာ တကယ့်လူကောင်းတွေဆိုတာ သိလာပါလိမ့်မယ်၊ တကယ်တော့ သူတို့ရဲ့ အကြင်နာတရားနဲ့ ချစ်ခြင်းတရားတွေက သူတို့ဆီမှာရှိတဲ့ အဖိုးတန်ဆုံးအရာတွေပဲ"
အစ်ကိုချုံက ဥပမာတစ်ခု ပေးလိုက်သည်။
"ရှပင်းရဲ့ ခန္ဓာကိုယ်က ပျက်စီးသွားပြီဆိုတော့ ဒီ 'မရဏ အဆောက်အအုံ' ဟာ သူ့ရဲ့ အိမ်ပဲ၊ သူ့ရဲ့ မိသားစုကို ကာကွယ်ဖို့အတွက်ဆိုရင် သူဘာမဆို လုပ်လိမ့်မယ်"
ထိုကစားသမားများအတွက် 'ပြီးပြည့်စုံသော ဘဝ' ဟူသည်မှာ ဂိမ်းတစ်ခုထက် ပိုပေသည်။ ၎င်းသည် သူတို့ဘဝ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ထိုဂိမ်းသည် ကမ္ဘာနှစ်ခုကြားက နယ်နိမိတ်ကို ဝေဝါးသွားစေခဲ့ကြောင်း ကောင်းမင်နားလည်လိုက်သည်။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ပါရမီရှင်များစွာသည် ထိုဂိမ်းကို အခြားကမ္ဘာတစ်ခုဖြင့် ဆက်သွယ်ရန်နှင့် စံပြကောင်းကင်ဘုံတစ်ခု ဖန်တီးရန် တံတားတစ်ခုအဖြစ် အသုံးချခဲ့ကြသည်။ ပုန်ကန်မှု မဖြစ်ပွားခင်အထိ အရာအားလုံး ပြီးပြည့်စုံခဲ့သည်။ ထိုပြီးပြည့်စုံသော ကမ္ဘာသည် အမည်းရောင် မြူခိုးများဖြင့် ခွဲခြားထားသော ကျွန်းငယ်လေးများ ဖြစ်သွားခဲ့ပြီး စိတ်ပျက်အားငယ်မှုများ ပြန်လည်ဖုံးလွှမ်းသွားခဲ့သည်။
အစ်ကိုချုံနှင့် ကောင်းမင်တို့သည် ဟောင်းနွမ်းနေသော မှန်တင်ခုံတစ်ခုရှေ့တွင် ရပ်လိုက်ကြသည်။
"ဒါက ဘာလဲ"
ကောင်းမင်သည် ထိုထူးဆန်းသည့် ပရိဘောဂကို အကဲခတ်လိုက်သည်။ မှန်တင်ခုံကို ဧည့်ခန်းမ၏ အလယ်ဗဟိုတွင် ထားရှိထားသည်။၎င်း ပတ်ပတ်လည်တွင် ယဇ်ပူဇော်သည့် ပစ္စည်းများစွာ ရှိနေသည်။ ထိုအရာများမှ ယင်စွမ်းအင်များ ထွက်ပေါ်နေလေသည်။
"မင်း မြင်တဲ့အတိုင်းပဲ၊ ဒါက မှန်တင်ခုံတစ်ခုဖြစ်သလို မရဏ အဆောက်အအုံရဲ့ အချက်အခြာလည်း ဖြစ်တယ်"
အစ်ကိုချုံက မှန်တင်ခုံပေါ်ရှိ လိပ်ပြာပုံစံကွက်ကို ပွတ်သပ်လိုက်သည်။ ထိုပုံစံကွက်သည် ဆွဲဆောင်မှုရှိပြီး စွဲမက်ဖွယ်ကောင်းလှသည်။ ပုံစံကွက်များ စုဆုံရာနေရာတွင် ဓားချက်တစ်ခု ရှိနေပြီး တစ်စုံတစ်ယောက်က လိပ်ပြာကို ဖြတ်တောက်ထားသကဲ့သို့ဖြစ်သည်။
"မှန်တင်ခုံတံခါးကို ဖွင့်လိုက်ရင် မင်း ပိုနက်ရှိုင်းတဲ့ အိပ်မက်ဆိုးတွေထဲကို ဝင်လို့ရတယ်၊ အဲ့ဒါက လွယ်ပါတယ်"
အစ်ကိုချုံက မှိုတက်နေသော ပစ္စည်းတစ်ခုကို ကောက်ယူလိုက်သည်။
"မင်းအနေနဲ့ အိပ်မက်ဆိုးထဲက ပစ္စည်းတစ်ခုကို ယဇ်ပူဇော်ဖို့ပဲ လိုတယ်"
"တကယ်လို့ ကျုပ် အိပ်မက်ဆိုးထဲကနေ ယူလာခဲ့တဲ့ ပစ္စည်းတစ်ခုကို ယဇ်ပူဇော်လိုက်ရင် ဒီမှန်တင်ခုံက ကျုပ်ကို အဲ့ဒီအိပ်မက်ဆိုးထဲ ပြန်ခေါ်သွားပေးနိုင်မှာလား"
ကောင်းမင်တွင် နောက်ဆုံး အသားသစ်စေ့တစ်စေ့ ရှိနေသေးသည်။ ထိုမှန်တင်ခုံက သူ့အား ယခင်အိပ်မက်ဆိုးဟောင်းထဲ ပြန်ခေါ်သွားနိုင်မလားကို သူသိချင်နေသည်။ သူ ခေတ္တမျှ လှမ်းကြည့်နိုင်ရုံဆိုလျှင်ပင် လုံလောက်ပြီဖြစ်သည်။
"ဖြစ်နိုင်ခြေ ရှိပါတယ်"
အစ်ကိုချုံသည် ကောင်းမင်၏ မျက်လုံးများ အရောင်လက်သွားသည်ကို သတိပြုမိသည်။ ကောင်းမင်မှာ စောစောကပင် အသက်မဲ့သလို ဖြစ်နေခဲ့ခြင်းဖြစ်သည်။
"ပစ္စည်းတွေကို ယဇ်ပူဇော်တာက တခြားအကျိုးကျေးဇူးတွေလည်း ရှိသေးတယ်၊ ဥပမာ - ဒီမရဏ အဆောက်အအုံကို အနက်ရောင်မြူခိုးတွေရဲ့ ကျူးကျော်မှုကနေ ကာကွယ်ပေးပြီး ပိုတည်ငြိမ်လာစေတယ်၊ ပြီးတော့ မင်းကို ဒီအဆောက်အအုံထဲမှာ ဝင်ခွင့် အဆင့်တွေ ပေးလိမ့်မယ်၊ မင်းရဲ့ အဆင့်က ဟွမ်ရင်ထက် ကျော်သွားပြီဆိုရင် သူ ဒီမှာ ချန်ထားခဲ့တဲ့ သတင်းအချက်အလက် အားလုံးကို မင်းသိရလိမ့်မယ်"
အစ်ကိုချုံသည် ကောင်းမင်၏ အလားအလာကို ယုံကြည်သဖြင့် ဤမျှအထိ ပြောပြနေခြင်းဖြစ်သည်။
"ဘယ်လိုပဲဖြစ်ဖြစ် ဒီမှာ မင်းကို မတရား ဆက်ဆံမှာမဟုတ်ဘူး"
"ကျုပ် အခု တစ်ခုခု ပူဇော်လိုက်လို့ရပြီလား"
ကောင်းမင် လှုပ်လှုပ်ရှားရှားဖြစ်နေသည်။ သူသည် အမှန်တကယ်ပင် သူ၏အိပ်မက်ဆိုးကို ပြန်မြင်ချင်ပြီး ပျောက်ဆုံးနေသော မှတ်ဉာဏ်များကို ရှာဖွေချင်နေခြင်းဖြစ်သည်။ ထို့အပြင် သူ၏ အိတ်ကပ်ထဲရှိ အသားသစ်စေ့ကလည်း မှန်တင်ခုံထဲသို့ ပစ်ထည့်ရန် သူ့ကို တိုက်တွန်းနေသကဲ့သို့ ခံစားနေရသည် ။
"မင်း မသေဆေးရဲ့ စမ်းသပ်မှုတွေမှာ ပါဝင်ခဲ့ဖူးတာ ငါသိပါတယ်၊ သူတို့က အိပ်မက်ဆိုးတွေကို အပေါ်ယံ၊ အလယ်အလတ်နဲ့ အနက်ရှိုင်းဆုံးဆိုပြီး အဆင့်ခွဲထားကြတာ၊ အပေါ်ယံအဆင့် အိပ်မက်ဆိုးတွေက အတုတွေပဲ၊ အလယ်အဆင့်ကနေ ပစ္စည်းတွေ ယူလာလို့ရပေမဲ့ မရဏအဆောက်အအုံအတွက်တော့ အဲ့ဒီပစ္စည်းတွေက ရယ်စရာပဲ၊ အနက်ရှိုင်းဆုံး အိပ်မက်ဆိုးတွေထဲက ပစ္စည်းတွေပဲ တန်ဖိုးရှိတာ၊ ဒါပေမဲ့ ငါ သိသလောက်တော့ မင်း အဲ့ဒီအဆင့်ထိ မရောက်ဖူးသေးပါဘူး"
အစ်ကိုချုံသည် ကောင်းမင်၏ နောက်ခံကို သိနေသည် ။
"ဘယ်လို ယဇ်ပူဇော်ရမလဲဆိုတာပဲ ပြောစမ်းပါ"
ကောင်းမင်သည် မှန်တင်ခုံကို စိုက်ကြည့်လိုက်သည်။ သူ၏မျက်လုံးထဲတွင် ရှားပါးလှသော မျှော်လင့်ချက်များဖြင့် အရောင်တောက်နေလေသည် ။
"မှန်တင်ခုံကို ဖွင့်ပြီး အထဲကို ပူဇော်မယ့်ပစ္စည်း ထည့်လိုက်၊ ပြီးရင် မင်းရဲ့သွေးကို သုံးပြီး အသက်သွင်းလိုက်ရုံပဲ"
အစ်ကိုချုံက ကောင်းမင်အား ဓားမြှောင်တစ်လက် ကမ်းပေးလိုက်သည်။ ကစားသမားများနှင့် ကုန်သည်များကတော့ စိတ်ဝင်စားကြဟန် မရှိပေ။ သူတို့၏ မျက်နှာတွင် စိတ်မရှည်သည့် အရိပ်အယောင်များသာ ရှိနေပြီး ကောင်းမင်က သူတို့ကို အချိန်ဖြုန်းနေသည်ဟု ခံစားနေရသည် ။
“တော်တော် ရိုးရှင်းတာပဲ"
အစ်ကိုချုံက အကူညီမဲ့သည့် အကြည့်ဖြင့် ကြည့်နေစဉ် ကောင်းမင်က မှန်တင်ခုံကို ဖွင့်လိုက်သည်။ ပန်းကန်စင်အတွင်းဘက်တွင် ကလေးငယ်တစ်ဦး အကြီးအကျယ်နှိပ်စက်ခံထားရသကဲ့သို့ ခြောက်ခြားဖွယ်ကောင်းသော ပန်းချီကားများဖြင့် ပြည့်နှက်နေသည်။ ကောင်းမင် အသားသစ်စေ့ကို ထည့်လိုက်သည်။ အစပိုင်းတွင် မှန်တင်ခုံနှင့် အသားသစ်စေ့တို့မှာ မည်သည့် တုံ့ပြန်မှုမှ မရှိပေ။
သို့သော်လည်း တံခါးများ ပိတ်သွားသည်နှင့်တစ်ပြိုင်နက် အနီးနားရှိ ပစ္စည်းများမှ အဆိုးမြင်ခံစားချက်များသည် မှန်တင်ခုံဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားကြသည်။ ၎င်းမှာ တစ်စုံတစ်ခုက ယဇ်ပစ္စည်းများထဲရှိ ကျန်ရှိနေသော စိတ်ခံစားချက်များအတွက် မရဏအဆောက်အအုံနှင့် လုယူတိုက်ပွဲဝင်နေသကဲ့သို့ ဖြစ်နေလေသည်။