လူတစ်ယောက်ကို ရှာဖွေခြင်း
Vol. 36 Ch. 537
အစည်းအဝေးခန်းမအတွင်းရှိ လေထုမှာ လေးလံထိုင်းမှိုင်းနေသည်။ စီမံခန့်ခွဲသူများ တိတ်ဆိတ်သွားကြသည်။ သူတို့သည် တခြားမည်သူထက်မဆို ကလဲ့စားချေလိုစိတ် ပြင်းပြနေကြသူများ ဖြစ်သည်။ အမှန်တရားကို မသေဆေးကုမ္ပဏီက ဖုံးကွယ်ထားခဲ့ပြီး သူတို့သည် ကျန်ရှိနေသော သက်ရှိထင်ရှား သက်သေများပင် ဖြစ်သည်။ သို့သော်လည်း သူတို့သည် 'ပြီးပြည့်စုံသော ဘဝ' ၏ ပျက်စီးနေသော ဇုန်များထဲတွင်သာ ပုန်းအောင်းနေနိုင်ကြကြသည်။ သူတို့သည် လက်တွေ့ကမ္ဘာသို့ ပြန်ရန် မဝံ့ရဲကြပေ။
"ဒီတွင်းထဲမှာပဲ ထာဝရ ပုန်းနေကြမှာလား၊ ဒါမှမဟုတ် ဒီပြောင်းလဲမှုကို ဖော်ဆောင်ဖို့ ကျုပ်ကို ကူညီကြမှာလား"
ကောင်းမင်က တိုက်ရိုက် ပြောလိုက်သည်။ သူသည် အိပ်မက်ဆိုးထဲမှ အစေ့သုံးစေ့ကို ထုတ်ပြခဲ့သည်။ သူသည် ၎င်းတို့အားလုံးကို အသုံးပြုခဲ့ပြီးပြီ ဖြစ်သည်။ ထိုကစားသမားများ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ သူတို့အားလုံးမှာ အတူတကွ ချည်နှောင်မိသွားကြပြီဖြစ်သည်။
"ယဇ်ပူဇော်တာ အောင်မြင်ပြီးတော့ မရဏ အဆောက်အအုံက ကျုပ်ကို အထူးဆုလာဘ်တစ်ခု ပေးခဲ့တယ်၊ ကျုပ်မှာ ခင်ဗျားတို့ အားလုံးထက် ပိုမြင့်တဲ့ ဝင်ခွင့်အဆင့် ရှိနေပြီ၊ ကျုပ်ကို သတ်လိုက်ရင် ခင်ဗျားတို့ရော ကျုပ်ပါ နှစ်ဦးနှစ်ဖက်လုံး နစ်နာလိမ့်မယ်၊ အဲ့ဒါကြောင့် ကျုပ်ဒါကို ပွင့်ပွင့်လင်းလင်း ပြောပြနေတာပဲ"
ကောင်းမင်က သူ၏ ရပ်တည်ချက်ကို ပြောလိုက်သည်။ သူသည် မတ်တပ်ရပ်လိုက်ပြီး တခြားသူများ ကြည့်နေစဉ်အတွင်း ထွက်ခွာသွားသည်။ စီမံခန့်ခွဲသူများက သူ့ကို မတားဆီးကြပေ။ သူ ထွက်သွားပြီးမှသာ အခြေအနေကို ဆက်လက်ဆွေးနွေးကြတော့မည်ဖြစ်သည်။
သားစားကြူးနတ်ဘုရား၏ ပုံစံကွက်မှာ မှန်တင်ခုံပေါ်တွင် ခတ်နှိပ်ခံရပြီးနောက် ကောင်းမင်သည် မရဏ အဆောက်အအုံရှိ မည်သည့်အခန်းကိုမဆို ဝင်ရောက်ခွင့် ရရှိသွားခဲ့သည်။ သူသည် ဤအဆောက်အအုံအပေါ် အလွန်စိတ်ဝင်စားနေသည် ။
"အစေ့က ဒီနေရာမှာ အမြစ်တွယ်သွားပြီ၊ အမြစ်တွေက နံရံတွေထဲအထိ တွားဝင်သွားကြတယ်၊ ငါဟာ ဒီနေရာနဲ့ ပိုနက်နက်ရှိုင်းရှိုင်း ချိတ်ဆက်မိသွားပြီ၊ ဒီနေရာမှာ အခုထိ မစူးစမ်းရသေးတဲ့ လျှို့ဝှက်ခန်းတချို့ ရှိနေသေးတယ်၊ အဲ့ဒီမှာ ဘာတွေဝှက်ထားလဲ ငါသိချင်မိတယ်"
ကောင်းမင်သည် ဓာတ်လှေကားဆီသို့ ရောက်လာသည်။ သူ မျက်လုံးများ မှိတ်လိုက်ပြီး သစ်ပင်၏ လမ်းညွှန်မှုကို အာရုံခံရန် ကြိုးစားလိုက်သည်။ သူ ခလုတ်ကို နှိပ်လိုက်သည်။ ဓာတ်လှေကားမှာ အောက်သို့ ထိုးဆင်းသွားသော်လည်း ပန်နယ်တွင် နံပါတ် ၄ ကိုသာ ပြနေဆဲဖြစ်သည်။ သို့သော် အရောင်မှာ ပို၍ နီရဲလာသည်။ တဖြည်းဖြည်းနှင့် မူးဝေသည့် ခံစားချက်မှာ ပိုမိုပြင်းထန်လာပြီးနောက် ဓာတ်လှေကားမှာ ရုတ်တရက် ရပ်တန့်သွားသည်။ တံခါးများ တဖြည်းဖြည်း ပွင့်သွားသည်။ ကော်ရစ်ဒါသည် လူသူကင်းမဲ့ကာ မှောင်မိုက်နေလေသည်။ ဤအထပ်သည် ယခင်က မည်သူမှ မရောက်ဖူးသကဲ့သို့ ခံစားရသည်။ ကောင်းမင်သည် ကော်ရစ်ဒါထဲသို့ တဖြည်းဖြည်း ဝင်လိုက်သည်။ ထိုနေရာတွင် ထောက်ပံ့ရေးပစ္စည်းများနှင့် ဆေးဝါးများ ပြည့်နှက်နေသည်။ ကောင်းမင်သည် ၎င်းတို့ထဲမှ အများစုကို တစ်ခါမှ မမြင်ဖူးပေ။ အချို့ဆေးဝါးများမှာ ဦးနှောက်ကို ကုသရန်ဖြစ်ပြီး အချို့မှာ ကျိန်စာများကို ဖြေဖျောက်ရန် ဖြစ်သည်။ ၎င်းတို့အားလုံးသည် ရှားပါးပြီး အဖိုးတန်သော ပစ္စည်းများ ဖြစ်ကြသည် ။
"ဒါက ကစားသမားတွေရဲ့ ဂိုဒေါင်လား"
ကောင်းမင် ဆက်လက်၍ လျှောက်သွာားသည်။ ထောက်ပံ့ရေး ပစ္စည်းများမှာ ပိုမို များပြားလာလေသည်။ အိပ်မက်ဆိုးထဲတွင် အသုံးပြုနိုင်သော အရာများကို အမှိုက်များကဲ့သို့ ကြုံရာကျပန်း လွှင့်ပစ်ထားကြသည် ။
ကောင်းမင်သည် ကော်ရစ်ဒါအဆုံးတွင် ပျက်စီးနေသော ယဇ်ပလ္လင်တစ်ခုကို တွေ့လိုက်ရသည်။ သူသည် အဝတ်အမည်းကို ဆွဲဖယ်လိုက်ပြီး ယဇ်ပလ္လင်ရှေ့ရှိ ဖယောင်းတိုင်ကို ထွန်းရန် ကြိုးစားလိုက်သည်။ ဖယောင်းတိုင်အလင်းမှာ မှိတ်တုတ်မှိတ်တုတ် ဖြစ်လာပြီး ယဇ်ပလ္လင်အတွင်းရှိ မျက်နှာမပါသော ရုပ်တုကို ထွန်းလင်းပေးလိုက်သည်။ ရုပ်တုအတွင်းသို့ ကလေးတစ်ယောက် တွားဝင်သွားသကဲ့သို့ အရိပ်မှာ လှုပ်ရှားသွားသည်။ ထို့နောက် ယဇ်ပလ္လင်အတွင်းမှ အားနည်းသော အသံတစ်ခု ထွက်ပေါ်လာလေသည်။
"ကျုပ် မလုပ်နိုင်တော့ဘူး၊ ကျုပ် တကယ်ကို မလုပ်နိုင်တော့ဘူးဗျာ ၊ ကျုပ်က ယုံကြည်မှုအတုတစ်ခု သက်သက်ပါပဲ၊ ကျုပ်က ပထမဆုံး ကစားသမားလည်း မဟုတ်ခဲ့ပါဘူး၊ ခင်ဗျား ဘယ်ကို ရောက်နေတာလဲ၊ ဘယ်တော့မှ ပြန်လာမှာလဲ၊ ကျုပ်... ခင်ဗျားရဲ့ နာမည်ကိုတောင် မေ့နေပြီ"
ကောင်းမင်သည် ဟွမ်ရင်အကြောင်းကို အွန်လိုင်းပေါ်တွင် ရှာဖွေဖူးသည်။ သူ၏ ဝရမ်းထုတ်ခံထားရသော ဗီဒီယိုများမှတစ်ဆင့် သူ့အသံကို ကောင်းမင် မှတ်မိနေသည်။
"နေပါဦး... အဲ့ဒါ ဟွမ်ရင်ရဲ့ အသံလား"
ကောင်းမင်မှာ အံ့သြသွားတော့သည်။ ဝမ်ဖျင်အန်းကဲ့သို့ပင် သူတို့သည် တစ်စုံတစ်ယောက် ပြန်လာမည့်အချိန်ကို စောင့်ဆိုင်းနေကြခြင်းဖြစ်သော်လည်း ထိုလူ၏ နာမည်ကိုမူ မေ့လျော့နေကြသည်။ မှန်တင်ခုံပေါ်တွင် ဓားချက်ရာ ချန်ထားခဲ့သူမှာ ဟွမ်ရင်ဟု ကောင်းမင် ထင်ထားခဲ့သော်လည်း အခုတွင် သူသံသယဝင်လာခဲ့ပြီဖြစ်သည်။
"ကျုပ် ထပ်တောင့်မခံနိုင်တော့ဘူး၊ ကစားသမားအားလုံး ကျုပ်ကိုပဲ အားကိုးနေကြတယ်၊ သူတို့က ကျုပ်ကို သူတို့ရဲ့ မျှော်လင့်ချက်လို့ သတ်မှတ်ထားကြတယ်၊ ကျုပ်အနေနဲ့ အားနည်းချက် ဒါမှမဟုတ် ကြောက်ရွံ့မှုတွေကို ပြလို့မဖြစ်ဘူး၊ ကျုပ် အရမ်းကြောက်နေမိတယ်၊ ဒါပေမဲ့ ကျုပ် ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပေးနေမှ ဖြစ်မယ်"
ထိုယဇ်ပလ္လင်သည် ဟွမ်ရင်၏ အသံကို မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ သူသည် ဤစကားများကို ကစားသမားများကို မပြောနိုင်သဖြင့် ယဇ်ပလ္လင်နှင့် ပျောက်ဆုံးနေသော ထိုနတ်ဘုရားကိုသာ ပြောပြနေခြင်း ဖြစ်သည်။
"ကျုပ် ကိုယ့်ကိုယ်ကိုယ်တောင် ယုံကြည်လာနေပြီ၊ တကယ်လို့ ကျုပ် ခင်ဗျားအကြောင်းကို တကယ် မေ့သွားရင် ကျုပ်ဟာ ကမ္ဘာကြီးကို ကယ်တင်ခဲ့တဲ့ စစ်မှန်တဲ့ကယ်တင်ရှင်လို့တောင် ကျုပ် ယုံကြည်သွားလိမ့်မယ် ထင်တယ်... ဒါပေမဲ့ ကယ်တင်ရှင် လုပ်ရတာက အရမ်းပင်ပန်းပြီး ခက်ခဲလွန်းတယ်၊ ကျုပ် မလုပ်နိုင်တော့ဘူး"
ဟွမ်ရင်သည် သူ၏လျှို့ဝှက်ချက်များကို ယဇ်ပလ္လင်အား ဖွင့်ဟပြောကြားနေခြင်း ဖြစ်သည်။ သူသည် ထိုနတ်ဘုရားကို မမေ့လျော့စေရန် ဤနည်းလမ်းဖြင့် သူ့ကိုယ်သူ သတိပေးနေခြင်းလည်း ဖြစ်သည်။ ထိုအသံများကို ကြားရပြီးနောက် ကောင်းမင် ပိုနေလို့ ကောင်းသွားသည်။ ဟွမ်ရင်သည် သူ့စိတ်ထဲတွင် ပိုလက်တွေ့ကျသော လူတစ်ယောက် ဖြစ်လာသည်။ သူသည် ကယ်တင်ရှင် အခန်းကဏ္ဍတွင် ပါဝင်ရန် အတင်းအကျပ် ဖိအားပေးခံထားရသော သာမန်လူတစ်ယောက်သာ ဖြစ်သည်။
"ဒီနေရာကို ကစားသမားတွေ ရှာမတွေ့စေတာ အကောင်းဆုံးပဲ၊ ဟွမ်ရင်ရဲ့ ပုံရိပ်ကို ထိခိုက်သွားနိုင်တယ်၊ မသေဆေးကို ဖြိုမချနိုင်သေးခင်အထိ ဒီအခန်းကဏ္ဍမှာ သူဆက်ပြီး သရုပ်ဆောင်နေဖို့ လိုတယ်"
ကောင်းမင်သည် ထိုနေရာမှ မည်သည့်အရာကိုမှ ယူဆောင်မသွားပေ။ ၎င်းတို့သည် သူ့အတွက် သိပ်အသုံးမဝင်လှဘဲ မသေဆေးကုမ္ပဏီမှလူများ တွေ့သွားပါက သူ ဖော်ထုတ်ခံရနိုင်သောကြောင့် ဖြစ်သည်။ သူ၏ခြေရာလက်ရာများကို ပြန်ဖျက်ပြီးနောက် ကောင်းမင်သည် အဆောက်အအုံအတွင်း လှည့်ပတ်ကြည့်ရှုလိုက်သည်။ သူသည် လျှို့ဝှက်ခန်းအချို့သို့ သွားခဲ့သည်။ မရဏအဆောက်အအုံသည် အဆောက်အအုံတစ်ခုထက် ကျွန်းတစ်ကျွန်းနှင့် ပိုတူပေသည်။ ကစားသမားများက ၎င်းကို ချဲ့ထွင်ထားကြသဖြင့် အတွင်းပိုင်းမှာ အလွန်ရှုပ်ထွေးလှသည်။ အစ်ကိုချုံကိုယ်တိုင်ပင်လျှင် ဤနေရာတွင် အခန်းပေါင်း မည်မျှရှိသည်ကို သိနိုင်မည်မဟုတ်ပေ ။
နာရီဝက်ခန့် ကြာသည့်တိုင်အောင် ကောင်းမင်သည် ထိုနေရာ၏ ထက်ဝက်ခန့်ကိုသာ စူးစမ်းနိုင်ခဲ့သေးသည်။ သူ မြေညီထပ်သို့ ဆင်းလာခဲ့သည်။သူသည် အနက်ရောင် မြူခိုးများထဲသို့ ဝင်နိုင်မလားကို သူကြည့်ချင်နေသည်။သို့သော်လည်း ဓာတ်လှေကား တံခါးပွင့်သွားသည့်အခါ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူထိတ်လန့်သွားရသည် ။
မရဏ အဆောက်အအုံ၏ အောက်တွင် မိုင်ပေါင်းများစွာ ရှည်လျားသော ပိုးအိမ်ကြီးများ ရှိနေလေသည်။ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းထားသော လိပ်ပြာများသည် ထိုနေရာမှ ပျံသန်းထွက်လာခြင်း ဖြစ်ပုံရသည်။ ထိုပိုးအိမ်များထံမှ သေခြင်းအငွေ့အသက်များ ထွက်ပေါ်နေသည်။ ထိုပိုးအိမ်များကြောင့်သာ မရဏအဆောက်အအုံသည် အနက်ရောင် မြူခိုးများကြားတွင် သီးခြား ရပ်တည်နေနိုင်ခြင်း ဖြစ်သည် ။
"ဒီအရာတွေကို လက်တွေ့ကမ္ဘာထဲ ယူသွားရင် ဘာဖြစ်လာမလဲ"
ကောင်းမင်က ယင်းကို စဉ်းစားကြည့်ရုံသာ ဖြစ်သည်။ သူသည် ဤကဲ့သို့ အလွန်ရူးသွပ်သော အရာမျိုးကို လုပ်မည်မဟုတ်ပေ ။
ဓာတ်လှေကား ပန်နယ်မှာ လင်းလက်လာသည်။ ကင်မရာကို တစ်စုံတစ်ယောက်က လှမ်း၍ ထိန်းချုပ်နေခြင်း ဖြစ်သည်။ စပီကာမှတစ်ဆင့် အစ်ကိုချုံ၏အသံ ထွက်ပေါ်လာသည်။ သူသည် ကောင်းမင်အား ခန်းမသို့ ပြန်လာရန် ပြောနေခြင်းဖြစ်သည်။ ကစားသမားများမှာ သဘောတူညီချက်တစ်ခု ရရှိသွားကြပြီဖြစ်သည်။ ကောင်းမင် ကင်မရာကို စိုက်ကြည့်လိုက်သည်။ သူ့ကို ပေးထားသည့် ဝင်ခွင့် အခွင့်အရေးသည် စောင့်ကြည့်ရေးစနစ်များနှင့် မသက်ဆိုင်ပေ။ ဤအရာများကို ကစားသမားများက တပ်ဆင်ထားခြင်း ဖြစ်နိုင်သည် ။
"သူတို့ ငါ့ကို လွှတ်ပေးရဲတာ မဆန်းပါဘူး၊ ဒါက သူတို့ရဲ့ အခြေစိုက်စခန်းလို့ ထင်နေတုန်းပဲ၊ ဘယ်လိုပဲဖြစ်ဖြစ် ယုံကြည်မှုရှိတာက ကောင်းတဲ့အရာပါပဲ"
သူ အစည်းအဝေးခန်းမသို့ ပြန်ရောက်လာသည်။ စီမံခန့်ခွဲသူများမှာ နေရာမှ မရွေ့ကြသေးပေ။ အစ်ကိုချုံသည် ကောင်းမင်အား သူ့ထိုင်ခုံသို့ ပြန်ခေါ်သွားချိန်တွင် ပို၍ ကြင်နာနေခဲ့သည်။
"မင်း မသေဆေးမှာ အဆင့် ၅ ဝင်ခွင့် ရဖို့အတွက် ကစားသမားတွေက သူတို့ တတ်နိုင်သမျှ ကူညီပေးကြပါလိမ့်မယ်၊ ငါတို့ လောလောဆယ်တော့ မသေဆေးကို တိုက်ခိုက်ဖို့ မရည်ရွယ်သေးဘူး၊ ဒါပေမဲ့ မင်းဆီကနေ အကူအညီတစ်ခုတော့ လိုချင်တယ်"
အစ်ကိုချုံ တစ်ယောက်တည်းကသာ စကားပြောနေခြင်း ဖြစ်သည် ။
"ဘာများလဲ"
"မသေဆေးကုမ္ပဏီက အတွေ့အကြုံရှိတဲ့ ကစားသမားအချို့ကို ကုသပေးမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အဆင့် ၅ ဓာတ်ခွဲခန်းတွေထဲမှာ ပိတ်လှောင်ထားတယ်"
"သူတို့ကို ကယ်ထုတ်ပေးစေချင်တာလား"
ကောင်းမင် မျက်လုံးမျညး မှေးကျဉ်းသွားသည်။ အဆင့် ၅ ဓာတ်ခွဲခန်းထဲရှိသူများမှာ အနက်ရှိုင်းဆုံးအဆင့် အိပ်မက်ဆိုးများထဲတွင် ပိတ်မိနေကြမည် ဖြစ်သည် ။
"မဟုတ်ဘူး၊ မင်းလူတစ်ယောက်ကို ရှာပေးဖို့ပဲ လိုတာပါ"
အစ်ကိုချုံနှင့် အခြားစီမံခန့်ခွဲသူများသည် တည်ကြည်လေးနက်သော ပုံစံမျိုး ဖြစ်သွားကြသည်။
"သူ့နာမည်က ကျန်းမင်လီတဲ့၊ သူက စာရိတ္တနဲ့လူမှုရေးဆရာ တစ်ယောက်ပါ"