← Chapters

ဝင်ခွင့်

Vol. 36 Ch. 538

ဝင်ခွင့်

Vol. 36 Ch. 538

"စာရိတ္တနဲ့ လူမှုရေးဆရာတစ်ယောက်လား"

ကောင်းမင်သည် အစ်ကိုချုံ၏စကားကို မယုံကြည်ပေ။ ကျန်းမင်လီ၏ အမည်ကို ပြောလိုက်သည့်အခါ အခြားစီမံခန့်ခွဲသူများမှာ အလွန်တည်ကြည်လေးနက်သွားကြသည်။ မသေဆေးကုမ္ပဏီ၏ ဖမ်းဆီးခြင်းခံထားရသော ကစားသမားများစွာ ရှိနေပါလျက်နှင့် ဘာကြောင့် ဤလူတစ်ယောက်တည်းကိုမှ သီးသန့်ကယ်ထုတ်ခိုင်းရသနည်း။

"ပြောရရင် ကျုပ်ကလည်း ဆရာတစ်ယောက်ပါပဲ"

ကောင်းမင်က ပြုံးလျက် ရိုးရိုးသားသား ထပ်ပြောလိုက်သည်။

"သူ ဘယ်မှာပုန်းနေလဲဆိုတာကို ကျုပ်ရှာဖွေပြီး ဒီကို ပြန်ခေါ်လာနိုင်အောင် ကြိုးစားကြည့်ပါ့မယ်"

အစ်ကိုချုံနှင့် အခြားစီမံခန့်ခွဲသူများသည် စိုးရိမ်နေဆဲ ဖြစ်ပုံရသည်။

"ကျန်းမင်လီက လူအများကြီးကို ကယ်တင်ခဲ့ဖူးတယ်၊ မင်း သူ့ကိုတွေ့ရင် ငါတို့ ဘာကြောင့် သူ့ကိုရှာခိုင်းရသလဲဆိုတာ နားလည်သွားလိမ့်မယ်"

သူတို့သည် အသေးစိတ်အချက်အလက်များကို ဆက်လက်ဆွေးနွေးလိုက်ကြသည်။ ထို့နောက် အစ်ကိုချုံက သူ့အား ဂိမ်းထဲမှ ထွက်နိုင်ရန် ကူညီပေးလိုက်သည်။ သူတို့သည် ဖူမိသားစုကျေးရွာရှိ ဟောင်းနွမ်းနေသော အာဟာရဖြည့်ကန်ထဲမှ ပြန်လည်တွားထွက်လာကြသည်။ အရာအားလုံးသည် အိပ်မက်တစ်ခုကဲ့သို့ ခံစားနေရသည်။

"အစ်ကိုချုံ... ကောင်လေးက ဘယ်လိုလဲ၊ တခြားသူတွေကို ကြောက်ပြီး သေးပါထွက်သွားပြီလား"

ဖက်တီးသည် အဖြေကို သိပြီးသားဖြစ်ပုံရသည်။သူက ပြုံးလျက်မေးလိုက်သည်။

"မင်းက ဒီလောက်တောင် ပြုံးနိုင်နေမှတော့ ပြန်ကောင်းသွားပြီထင်တယ်၊ ခဏနေရင် မင်းကို အနက်ရှိုင်းဆုံး အိပ်မက်ဆိုးထဲ ပြန်ပို့ပြီး မင်းရဲ့ သတ္တုတူးဖော်တဲ့ အလုပ်ကို ပြန်ခိုင်းရမယ်"

အစ်ကိုချုံက ဖက်တီး၏ အေးခဲသွားသောခန္ဓာကိုယ်ကို ပုတ်လိုက်သည်။

"နောင်ကျရင် ကောင်းမင်က ငါတို့ထဲက တစ်ယောက်ပဲ၊ သူ့အကြောင်းတွေကို ဘာမှ အပြင်မပေါက်ကြားစေနဲ့၊ သူ အရည်ဖျော်မီးတောက်ကို တစ်ခါမှ ရောက်မလာဖူးဘူး... သဘောပေါက်လား"

"ကျုပ် အကုန်ဖျက်ပစ်လိုက်ပါ့မယ်"

အဖိုးကြီးချောင်သည် တစ်ချိန်က မသေဆေးကုမ္ပဏီ၏ နည်းပညာရှင်တစ်ဦး ဖြစ်ခဲ့ဖူးသည်။ သူသည် ကောင်းမင်အား ဟောင်းနွမ်းနေသော လက်ပတ်နာရီတစ်လုံး ကမ်းပေးလိုက်သည်။

"ဒါက ငါတို့ရဲ့ ဆက်သွယ်ရေးကိရိယာပဲ၊ ဒါကို မင်းလက်ကောက်ဝတ်မှာ ဝတ်ထားရင် အနက်ရောင်လက်ပတ်ရဲ့ စောင့်ကြည့်မှုကို အတိုင်းအတာတစ်ခုအထိ နှောင့်ယှက်ပေးနိုင်လိမ့်မယ်၊ လိုအပ်ရင်တော့ ငါတို့ကို ဆက်သွယ်ဖို့ သုံးလို့ရတယ်"

"ယူထားလိုက်ပါ၊ မင်း အဖိုးကြီးချောင်ရဲ့ နည်းပညာစကေးတွေကို ယုံကြည်လို့ရပါတယ်"

အစ်ကိုချုံက ကောင်းမင်ကို အပြင်သို့ ခေါ်ထုတ်လာခဲ့သည်။

"ပြီးပြည့်စုံသော ဘဝကို အခုတော့ တားမြစ်ဂိမ်းအဖြစ် သတ်မှတ်ထားကြပြီ၊ ဂိမ်းစက်တွေကိုလည်း ဈေးကွက်ထဲမှာ ပိတ်ပင်ထားတယ်၊ တကယ်လို့ မင်းဈေးကွက်ထဲမှာ ဒီဂိမ်းနဲ့ ပတ်သက်တာ တစ်ခုခုတွေ့ရင် အဲ့ဒါ မသေဆေးကုမ္ပဏီက ထောင်ထားတဲ့ ထောင်ချောက်ပဲ၊ မင်းအနေနဲ့ မရဏအဆောက်အအုံထဲ ဝင်ဖို့လိုရင် အရည်ဖျော်မီးတောက်ကို လာခဲ့ပါ၊ ငါတို့ ကူညီပေးမယ်"

"ကျေးဇူးတင်ပါတယ်"

ကောင်းမင် နာရီကို ဝတ်ဆင်လိုက်သည်။ သူ ဖူမိသားစုကျေးရွာကို ဖြတ်လျှောက်လာသည်။ ဤကျေးရွာသည် လက်တွေ့နှင့် အိပ်မက်ကြားတွင် တည်ရှိနေပုံရသည်။ အိမ်တံခါးများမှာ ပိတ်ထားပြီး အဖြူရောင် မီးအိမ်များသာ လေထဲတွင် ဝေ့ယမ်းနေကြသည်။

"ဖူမိသားစုကျေးရွာက ငါတို့ရဲ့ မိတ်ဆွေတွေ နေထိုင်တဲ့ အိမ်ပဲ၊ သူတို့က တစ်ခါတလေ စိတ်လွတ်သွားတတ်တဲ့ အလေ့အထ ရှိကြတယ်၊ သူတို့ဟာ ငါတို့ရဲ့ အားကိုးရတဲ့ အင်အားစုတွေ ဖြစ်သလို အချိန်မရွေး ပေါက်ကွဲသွားနိုင်တဲ့ ဗုံးတွေလည်း ဖြစ်တယ်"

မုတ်ဆိတ်နှင့်လူက ကောင်းမင်အား အိမ်များနှင့် ဝေးဝေးတွင် နေစေချင်ပုံရသည်။ သူနှင့် အဖိုးကြီးချောင်တို့သည် ကောင်းမင်အား ဖူမိသားစုကျေးရွာ အပြင်ဘက်အထိ လိုက်လံပို့ဆောင်ပေးခဲ့ကြသည် ။

နေရောင်ခြည်က သူ့အပေါ်သို့ ကျရောက်လာသည်။ အနံ့အသက်ဆိုးများက နှာခေါင်းထဲ တိုးဝင်လာသည်။ နေမင်းကြီးပင် ပုပ်သိုးနေသကဲ့သို့ ခံစားရသည် ။

ကောင်းမင်သည် အရည်ဖျော်မီးတောက်မှ အကျိုးအမြတ်များစွာဖြင့် ထွက်ခွာလာခဲ့သည်။ အစေ့သုံးစေ့လုံးမှာ အိမ်ရှိသွားပြီဖြစ်သည်။ အခု သူလုပ်ရမည့်အရာသည် မသေဆေးကုမ္ပဏီတွင် သူ၏ ဝင်ရောက်ခွင့်အဆင့်ကို ဆက်လက်မြှင့်တင်ရန်သာ ဖြစ်သည်။ ကောင်းမင်သည် မြို့ဟောင်းထဲသို့ ပြန်လာ၍ ရိုးရိုးရှင်းရှင်း စားသောက်လိုက်သည်။ ထို့နောက် ပိုင်ဖုန်း၏အိမ်သို့ အလျင်အမြန် သွားလိုက်သည်။ မသေဆေးကုမ္ပဏီ၏ နာမည်ကြီး စမ်းသပ်သူတစ်ဦး ဖြစ်သည့် ပိုင်ဖုန်းမှာ ချမ်းသာသော်လည်း ဟောင်းနွမ်းစုတ်ပြတ်နေသော အိမ်တစ်လုံးတွင်သာ နေထိုင်ပေသည်။

ကောင်းမင် ဘဲလ်တီး၍ ခေတ္တစောင့်ဆိုင်းပြီးမှ ပိုင်ဖုန်းက တံခါးလာဖွင့်ပေးသည်။ သူမသည် အရင်အတိုင်းပင် ချဉ်းကပ်ရခက်သော ပုံစံရှိနေဆဲပင်။ သို့သော် ကောင်းမင်ကို မြင်လိုက်သည့်အခါ သူမ၏မျက်လုံးများ နူးညံ့သွားသည် ။

"အထဲဝင်ပါ"

ပိုင်ဖုန်းသည် ကောင်းမင်အား လက်ဖက်ရည်ပူပူနှင့် သစ်သီးများ တည်ခင်းပေးသည်။ ထို့နောက် သူမသည် သူ့ရှေ့တွင် တိတ်ဆိတ်စွာ ထိုင်လိုက်သည်။ အိမ်မှာ ဟောင်းနွမ်းသော်လည်း သန့်ရှင်းသပ်ရပ်သည်။ပရိဘောဂ အများအပြား မရှိသဖြင့် အိမ်ကြီးမှာ ဟာလာဟင်းလင်း ဖြစ်နေသည်။ ပိုင်ဖုန်း၏အိမ်တွင် သူမကလေးများ၏ ဓာတ်ပုံများ မရှိပေ။ သို့သော် ကလေးနှစ်ယောက်၏ အခန်းကိုမူ မူလအတိုင်း ထိန်းသိမ်းထားသည်။ သူမ ကလေးများကို ပြန်တွေ့သည့်အခါ အလွယ်တကူ ပြန်နေထိုင်နိုင်စေရန် ဖြစ်သည် ။

လက်ဖက်ရည်ပူပူကို ကိုင်ထားရင်း ကောင်းမင်သည် ပိုင်ရှောင်၏ အခန်းထဲသို့ ဝင်လိုက်သည်။ သူ အံဆွဲကို ဖွင့်ကြည့်လိုက်ရာ မှောက်ထားသော ဓာတ်ပုံတစ်ပုံကို တွေ့လိုက်ရသဖြင့် ကောက်ယူကြည့်လိုက်သည်။ ပိုင်ရှောင်သည် ကင်မရာကို စိတ်ပျက်လက်ပျက်ဖြင့် ကြည့်နေလေသည်။ ပိုင်ချောင်းကမူ သူ၏ဆံပင်ထဲသို့ ပန်းတစ်ပွင့် ထိုးထည့်နေသည် ။

ရင်းနှီးနေသော ထိုမျက်နှာများကို မြင်လိုက်ရသဖြင့် ကောင်းမင်၏လက်များ တုန်ရင်သွားသည်။ သူ့အိပ်မက်ထဲမှ လူများသည် လက်တွေ့ဘဝတွင် ပေါ်ထွက်လာကြခြင်းဖြစ်သည်။ နယ်နိမိတ်တစ်ခုသည် ဤကဲ့သို့ ပြိုပျက်သွားသည်။ သူသည် ပိုင်ရှောင်၏ နာမည်ကို မှတ်မိသော်လည်း သူတို့ကြားတွင် ဖြစ်ပျက်ခဲ့သည့် အရာများကိုမူ မမှတ်မိပေ။ သူသည် ပိုင်ရှောင်ကို တာဝန်တစ်ခု ပေးအပ်ခဲ့သည်ဟု ယုံကြည်သော်လည်း ရလဒ်များကိုမူ စောင့်ဆိုင်းနေဆဲ ဖြစ်သည် ။

အချိန်များမှာ ထိုအခန်းထဲတွင် ဖြည်းညင်းစွာ ကုန်ဆုံးသွားသည်။ ပိုင်ဖုန်းသည် တံခါးဝမှ ကောင်းမင်ကို စိုက်ကြည့်နေလေသည်။ သူမသည် ကောင်းမင်၏ မျက်နှာပေါ်တွင် ထူးခြားသော အမူအရာတစ်ခုကို တွေ့လိုက်ရသည်။ ထိုအမူအရာမျိုးကို မှန်ထဲတွင် သူမအကြိမ်ကြိမ် တွေ့ဖူးသည်။ ၎င်းမှာ ဝေခွဲမရဖြစ်မှု၊ မှတ်ဉာဏ်များနှင့် ကောင်းစွာဝှက်ထားသော နာကျင်မှုတို့ ဖြစ်သည်။ လူသားတို့၏ စိတ်ခံစားချက်များသည် တခဏအတွင်း ဟန်ဆောင်ရန်မှာ ခက်ခဲလှသည်။ ထို့အပြင် ကောင်းမင်သည် သူမကို လိမ်ညာရမည့် အကြောင်းပြချက်လည်းမရှိဟု ပိုင်ဖုန်း ယူဆထားသည် ။

"ခင်ဗျား ကျွန်တော်နဲ့ တကယ် ပူးပေါင်းချင်တာလား"

ကောင်းမင် ဓာတ်ပုံကို ပြန်ချလိုက်သည်။

"ကျွန်တော် သတိမေ့နေတုန်းက မသေဆေးကုမ္ပဏီဟာ ကျွန်တော့်အပေါ်မှာ ကြောက်စရာကောင်းတဲ့ စမ်းသပ်မှုတွေ အများကြီး လုပ်ခဲ့ကြတာ၊ကျွန်တော် သူတို့ကို မုန်းတယ်"

"ငါသူတို့ရဲ့ စမ်းသပ်မှုတွေကို ကူညီပေးနေပေမဲ့ ငါက တခြားစမ်းသပ်သူတွေနဲ့ မတူဘူး၊ မသေဆေးကုမ္ပဏီကြောင့် ငါ့ကလေးနှစ်ယောက် ပျောက်ဆုံးသွားခဲ့ရတာ၊ ငါ သူတို့ကို ဂရုမစိုက်ဘူး"

ပိုင်ဖုန်း အိပ်ခန်းထဲသို့ ဝင်လာသည်။

"မင်းရဲ့ မူလအိပ်မက်ဆိုးဆီ ပြန်သွားနိုင်ဖို့ ငါ မင်းနဲ့ ပူးပေါင်းမယ်၊ ငါ့ကလေးတွေကို ကယ်တင်နိုင်မယ်ဆိုရင် ငါဘာမဆို စွန့်စားဖို့ အဆင်သင့်ပဲ"

"ခင်ဗျားရဲ့ လက်ရှိ ဝင်ခွင့်အဆင့်က ဘယ်လောက်လဲ"

"အဆင့် ၄"

ပိုင်ဖုန်းက ထပ်ပြောသည်။

"ငါ အဆင့် ၄ မှာ နေခဲ့တာ အတော်ကြာပြီ၊ မကြာခင် အဆင့် ၅ ကို ရောက်တော့မယ်"

"အဲ့ဒီအဆင့်ကို ရောက်ဖို့ အမြန်ဆုံးနည်းလမ်းက ဘာလဲ"

ကောင်းမင်က ထိုအချက်ကို ဂရုတစိုက် မေးလိုက်သည် ။

"အဆင့် ၅ ဓာတ်ခွဲခန်းကို ဝင်ဖို့ဆိုရင် အနက်ရှိုင်းဆုံးအဆင့် အိပ်မက်ဆိုးတွေထဲမှာ ရှင်သန်နိုင်တဲ့ အတွေ့အကြုံ ရှိရုံတင်မကဘဲ မသေဆေးကုမ္ပဏီရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ပြုပြင်မွမ်းမံမှုတွေကိုလည်း လက်ခံရမယ်၊ သူတို့က မင်းရဲ့ ဦးနှောက်ထဲကို တစ်ခုခု ထည့်သွင်းပေးလိမ့်မယ်၊ အဲ့ဒါကြောင့်ပဲ ငါ အဆင့်မတက်ဘဲ နေနေခဲ့တာ"

ပိုင်ဖုန်းက သူမ၏ စိုးရိမ်မှုကို ဖွင့်ပြောလိုက်သည်။

"အဲ့ဒါကို လုပ်လိုက်ရင် ငါ့ကလေးတွေကို ငါမေ့သွားမှာ ကြောက်တယ်"

ကောင်းမင်သည် သူမ၏ စိုးရိမ်မှုကို နားလည်နိုင်သည်။ ထိုထည့်သွင်းပစ္စည်းကို ဖျက်ဆီးပစ်နိုင်မည့်အရာ အရည်ဖျော်မီးတောက်တွင် ရှိမလားဟု သူစဉ်းစားလိုက်သည်။

အခန်းသည် တိတ်ဆိတ်သွားသည်။ ပိုင်ဖုန်းက ကောင်းမင်ကို အထင်လွဲသွားပုံရသည်။ သူမသည် တုံ့ဆိုင်းနေရင်း ပြောလိုက်သည်။

"အရင်က ငါ တစ်ယောက်တည်းမို့လို့ အဲ့ဒါကို မစမ်းသပ်ရဲခဲ့တာ၊ တကယ်လို့ မင်းသာ ပိုင်ရှောင်နဲ့ ပိုင်ချောင်ကို ရှာပေးမယ်လို့ သဘောတူရင် ငါဦးနှောက်ထဲ ထည့်တာကို လက်ခံလိုက်ပါ့မယ်"

ကောင်းမင်သည် ပိုင်ဖုန်းကို တိတ်ဆိတ်စွာ ကြည့်လိုက်သည်။

"အမှန်အတိုင်းပြောရရင် အဲ့ဒါက ငါ့ရဲ့ အစီအစဉ်ပဲ၊ ငါ အဆင့် ၄ ဓာတ်ခွဲခန်းတွေမှာ နေခဲ့တာ ကြာလှပြီ၊ ဘာမှ ရှာမတွေ့ခဲ့ဘူး၊ မသေဆေးကုမ္ပဏီက ငါ့ကလေးတွေကို အဆင့် ၅ ဓာတ်ခွဲခန်းတွေထဲမှာ ဝှက်ထားတယ်လို့ ငါ သံသယရှိတယ်"

ပိုင်ဖုန်းက ကံကြမ္မာကို အံတုသည့်အလား ဆုံးဖြတ်ချက်ပြတ်သားစွာ ပြောလိုက်သည်။

"အဲ့ဒါကြောင့်ပဲ ငါ မင်းနဲ့တွေ့ဖို့ အသဲအသန်ဖြစ်နေခဲ့တာ"

All Chapters