အချက် (၃)ချက်
Vol. 27 Ch. 381
အခန်း (၃၈၁) အချက် (၃)ချက်
အန်းချင်လင်က ရန်ကျောက်ကဲကို အဖြူရောင်တိမ်တိုက်တစ်စဖြင့်လွှမ်းခြုံရစ်သိုင်းလျှက် ပင်လယ်ရေနက်ထဲရှိ ကျောက်စိမ်းပင်လယ်မြို့တော်ဆီ ပစ်လွှတ်လိုက်သည်။
အန်းချင်လင်၏ တိမ်တိုက်ချီစွမ်းအား အကာအကွယ်ဖြင့် ပင်လယ်ရေအောက်ထဲရောက်သွားသည့်တိုင် ရန်ကျောက်ကဲမှာ ပွက်ပွက်ဆူပူလောင်နေသောပင်လယ်ရေများကို ခံစားသိရှိနိုင်ဆဲ ဖြစ်သည်။
အန်းချင်လင်ကို တားဆီးရန် ရောက်လာသော မီးတောက်မိစ္ဆာဘုရင်မှာ ရန်ကျောက်ကဲနောက်သို့ အချိန်အတန်ကြာအောင် လိုက်နေသည့် မီးတော်ကမိစ္ဆာဘုရင် ‘ချန်ဟွမ်’ ဖြစ်၏။
ယခု ရန်ကျောက်ကဲက မီးတောက်မိစ္ဆာဧကရာဇ်၏ လက်စွပ်ကို ထုတ်ဖော်မပြသည့်တိုင် ထိုမီးတောက်မိစ္ဆာဘုရင်က ရန်ကျောက်ကဲ၏ အငွေ့အသက်ကို ရှင်းရှင်းလင်းလင်း မှတ်မိနေဆဲပင်။
ထို့ကြောင့် ရန်ကျောက်ကဲကိုတွေ့သည်နှင့် ချန်ဟွမ်၏မျက်လုံးများ နီရဲလာကာ ဒေါသတကြီးအော်ဟစ်လိုက်ပြီး ပြင်းထန်သောစွမ်းအားများ ထုတ်လွှတ်လိုက်သည်။
မီးတောက်မိစ္ဆာဘုရင် အဘယ့်ကြောင့်ထိုသို့ဖြစ်ရသည်ကို မသိရှိသော်လည်း အန်းချင်လင်က ရန်ကျောက်ကဲကို ကာကွယ်ပေးရန် ချန်ဟွမ်ကို ပိတ်ဆို့တားဆီးလိုက်သည်။
ဓားဝိညာဉ်တစ်ခုက လေကိုးထိုးခွင်းကာ ထွက်ပေါ်လာသည်။ ထိုဓားဝိညာဉ်က တောက်ပခြင်းမရှိဘဲ အုံ့ဆိုင်းနေသောတိမ်တိုက်များပမာ ညို့မှိုင်းလျှက်ရှိသည်။
ဓားဝိညာဉ်က သိပ်သည်းထူထဲစွာ ဆန့်ထွက်လာပြီး အလွန်ပူလောင်နေသောသံမဏိပမာ ပျော့ပြောင်းလျှက် လိုက်လျော့ညီထွေရှိကာ ပေါ့ပါးသောအပြောင်းအလဲများကို ပြုလုပ်နိုင်စွမ်းရှိသည်။ ပြီးပြည့်စုံခြင်းရှိသော ဓားဝိညာဉ်တစ်ခုပါပေ။
အန်းချင်လင်က ဒဏ်ရာရထားသောကြောင့် တိုက်စစ်မဆင်ဘဲ ခံစစ်သာအသုံးပြသည်။ သူမအသုံးပြုသည့် ခံစစ်ဓားသိုင်းက အဆုံးမဲ့တောင်တန်းမှ သိုင်းပညာများကဲ့သို့ အလွန်တရာ ကျော်ကြားလှသည်။
အန်းချင်လင်က တည်ငြိမ်စွာပင် မီးတောက်မိစ္ဆာဘုရင် 'ချန်ဟွမ်' ၏ ပြင်းထန်သောတိုက်ခိုက်မှုကို ခုခံရင်ဆိုင်လိုက်၏။
ဤသည်က အရေတိမ်ပိုင်းတွင်လမ်းလျှောက်ရသည့်အလား အန္တရယ်ကြားမှာပင် ဘေးကင်းသည်ဟု ဆိုနိုင်သည်။ ချန်ဟွမ်သည် တိမ်ပင်လယ်ကြီးနှင့်ဆင်တူသော အန်းချင်လင်၏ဓားချက်ကို ခဏမျှ မဖြတ်ကျော်နိုင် ဖြစ်သွားသည်။
အန်းချင်လင် ရောက်လာသည်နှင့် ယွမ်ကျန်းဖုန်း ဖိအားများ လျော့နည်းသွားပြီး ခံစစ်မှတိုက်စစ်သို့ ပြောင်းလဲသွားသည်။ သို့သော် ရန်သူများ ကျောက်စိမ်းပင်လယ်မြို့တော်၏ ပင်မအစီအရင်ကို မတိုက်ခိုက်စေရန် သတိထားနေရဆဲပင်။
တိုက်ပွဲအခြေအနေက လျှင်မြန်စွာပင် ဟန်ချက်ညီသည့်အနေအထားသို့ ရောက်ရှိသွားသည်။
အန်းချင်လင်က ဒဏ်ရာရရှိထားသည့်တိုင် သိုင်းသူတော်စင်တစ်ယောက်ဖြစ်လေရာ အတိုင်းအတာတစ်ခုအထိ တိုက်ပွဲကို ထိန်းထားနိုင်မည် ဖြစ်သည်။
ရန်ကျောက်ကဲ ပင်လယ်အောက်မှ ခေါင်းမော့ကြည့်လိုက်ရာ အန်းချင်လင်က မီးတောက်မိစ္ဆာဘုရင် ‘ချန်ဟွမ်’ ကို ပိတ်ဆို့ထားကြောင်း တွေ့ရသဖြင့် စိတ်သက်သာရာရသွားသည်။
သူမအသုံးပြုသည့်ဓားသိုင်းက လှိုင်းနက်ဂေဟာ၏ ထိပ်တန်းသိုင်းပညာတစ်ခုဖြစ်သော ‘ရေစီးဆင်းတိမ်ရိပ်လွှာဓားသိုင်း’ ဖြစ်ပြီး ကျောက်စိမ်းပင်လယ်မြို့တော်၏ “သဏ္ဌန်မဲ့ဓားသိုင်း” နှင့် ကောင်းကင်မိုးကြိုးခန်းမမှ ‘ကောင်းကင်လျှပ်စီးနတ်ဓားသိုင်း’တို့နှင့်အပြိုင် အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ထင်ရှားကျော်ကြားသော ဓားသိုင်းဖြစ်၏။
ထိုဓားသိုင်းက အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် အကောင်းဆုံး ခံစစ်ဓားသိုင်းလည်း ဖြစ်၏။
အန်းချင်လင်က ဒဏ်ရာရနေသဖြင့် တိုက်စစ်မဆင်နိုင်ဘဲ ခံစစ်ကိုအာရုံစိုက်ထားသည့်တိုင် အချိန်တစ်ခုအထိ တိုက်ပွဲကို ထိန်းထားနိုင်မည် ဖြစ်သည်။
အဖြူရောင်တိမ်တိုက်က ရန်ကျောက်ကဲကို ပင်လယ်ရေနက်ထဲဆွဲခေါ်သွားပြီး ကျောက်စိမ်းပင်လယ်မြို့တော်အပြင်ဘက်သို့ ပို့ဆောင်ပေးသည်။
ရန်ကျောက်ကဲ လှမ်းကြည့်လိုက်တော့ ကျောက်စိမ်းပင်လယ် ပင်မအစီအရင်ကြီးမှ ဝိညာဉ်သင်္ကေတများ ပြိုကျပျက်ဆီးနေပြီဖြစ်ကြောင်း တွေ့ရသည်။
စောစောကဖြစ်ပွားခဲ့သည့် ကြောက်မက်ဖွယ်ရာ ဆူနာမီလှိုင်းလုံကြီးများက ပင်မအစီအရင်ကို ပြင်းထန်စွာပျက်ဆီးသွားစေသည်ပင်။
ရန်ကျောက်ကဲ ချဉ်းကပ်လာသည်ကိုတွေ့သည်နှင့် ကျောက်စိမ်းပင်လယ်မြို့တော်မှ အကြီးအကဲတစ်ယောက်က ချက်ချင်းပင် အစီအရင်ကိုဖွင့်ကာ ရန်ကျောက်ကဲကို ဝင်ခွင့်ပြလိုက်သည်။
ရေစီးကြောင်းတစ်ခုနှင့်အတူ ရန်ကျောက်ကဲက မြို့တော်အတွင်းသို့ စီးဆင်းဝင်ရောက်သွားသည်။
ရောက်ရောက်ချင်းပင် ရန်ကျောက်ကဲမှာ အခြားသူများနှင့် စကားစမြည်ပြောမနေနိုင်အားဘဲ...
“မြို့တော်သခင် ‘စုန့်’ တံခါးပိတ်ကျင့်ကြံရာက ထွက်မလာသေးဘူးလား”
ဟု မေးလိုက်သည်။
ပင်မအစီအရင်ကိုဖွင့်ကာ သူ့ကိုဝင်ခွင့်ပြုခဲ့သော အကြီးအကဲက ကျောက်စိမ်းပင်လယ်မြို့တော်အတွင်းပိုင်း ၊ ခန်းမဆောင်ကြီးရှိရာသို့ လှမ်းကြည့်ရင်း သူ့မျက်နှာထက် စိုးရိမ်ပူပန်မှုများ ပြည့်နက်လာသည်။
ရွှေရောင်အလင်းတန်းများက ပင်မခန်းဆောင်ကြီးအတွင်းမှ မှုံဝါးစွာစိမ့်ထွက်နေပြီး တစ်ချက်ကြည့်ရုံဖြင့် မည်မျှစွမ်းအားကြီးမားကြောင်း သိနိုင်သည်။ သို့သော် ရောင်ဝါက အားနည်းနေပြီး မထိန်းသိမ်းနိုင်တော့သည့် အရိပ်အယောင်များ ပြသနေသည်။
ကျောက်စိမ်းပင်လယ်မြို့တော်မှ အကြီးအကဲက...
“မြို့တော်သခင် အောင်မြင်ခါနီးနေပြီ ၊ ဒါပေမဲ့ စောစောက ဆူနာမီရေလှိုင်းတွေကြောင့် ပင်မအစီအရင် ပျက်ဆီးလုနီးပါးဖြစ်သွားတော့ မြို့တော်သခင်ကို ထိခိုက်သွားတယ် ၊ အခု အခြေအနေကတော့...”
ထိုစကားပြောစဉ် ကျောက်စိမ်းပင်လယ်မြို့တော်မှ အကြီးအကဲမှာ အသံများတုန်ယင်လျှက် ရှိသည်။
သူတို့ဘေးနားတွင် စုန့်ချောင်ရှိနေသည်။ သူက ဒဏ်ရာအပြင်းအထင်ရထားသဖြင့် ကြမ်းပြင်ထက်တင်ပျဉ်ခွေထိုင်ရင်း ဒဏ်ရာကို ကုသနေသည်။ မြို့တော်ထဲ ကျူးကျော်ဝင်ရောက်လာသော မီးတောက်မိစ္ဆာများနှင့်တိုက်ခိုက်ရင်း စုန့်ချောင် ဒဏ်ရာရခဲ့ခြင်းပင်။
စုန့်ချောင်က မချိပြုံးတစ်ချက်ပြုံးရင်း...
“ညီလေး’ရန်’ ဒီနေရာကထွက်သွားဖို့ဆိုတာ လွယ်တာမဟုတ်ဘူး ၊ မင်း ဘာလို့ပြန်လာရတာလဲ”
ရန်ကျောက်ကဲက...
“ငါ မျှားခေါ်သွားတဲ့မီးတောက်မိစ္ဆာဘုရင်က နောက်ဆုံးတော့ ဒီကိုပြန်ရောက်လာတယ်လေ ၊ ငါ အရမ်းနောင်တရနေတာ”
စုန့်ချောင်က...
“ဒီလို မပြောပါနဲ့ကွာ ၊ ပိုပြီးစွမ်းအားကြီးတဲ့ မီးတောက်မိစ္ဆာဘုရင်တစ်ယောက် ရောက်လာလို့ ဒီကောင်ပြန်လာတာ ၊ တကယ်တော့ မင်းသာသူ့ကို မျှားခေါ်မသွားဘူးဆိုရင် မင်းတို့ဂိုဏ်းက ကောင်းကင်ခြေရာတိုင်းသူ သိုင်းသူတော်စင် ရောက်မလာခင် ငါတို့ကျောက်စိမ်းပင်လယ်မြို့တော် ပြိုလဲသွားနိုင်တယ်”
အနားတွင်ရှိနေသည့် ကျောက်စိမ်းပင်လယ်မြို့တော်မှ သိုင်းကျင့်ကြံသူများအားလုံးက သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြ၏။
ရန်ကျောက်ကဲ အကဲခတ်လိုက်တော့ သူတို့မျက်ဝန်းများထဲတွင် ကျေးဇူးတင်ခြင်း ၊ ချီးကျူးခြင်းများအပြင် သံသယများပါ ရောယှက်နေသည်ကို တွေ့ရသည်။
ရန်ကျောက်ကဲ မြို့တော်မှထွက်ခွာသွားပြီးနောက် မီးတောက်မိစ္ဆာဘုရင်ကို အမှန်တကယ် မျှားခေါ်နိုင်လိမ့်မည်ဟု မည်သူမှမထင်ခဲ့ကြပေ။ ပိုပြီး မထင်မှတ်သည်မှာ မီးတောက်မိစ္ဆာဘုရင်လက်မှ လွတ်အောင်ရုန်းထွက်ပြီး ဒဏ်ရာတစ်ချက်ပင်မရဘဲ ကျောက်စိမ်းပင်လယ်မြို့တော်သို့ ပြန်လာနိုင်ခြင်း ဖြစ်သည်။
သူတို့တွေးသမျှ အရာအားလုံး ဆန့်ကျင်ဘက်ဖြစ်ခဲ့ရသည်။
အန်းချင်လင်က သူ့ကိုကာကွယ်ပေးထားသည်ဟု ဆိုရအောင်လည်း သူမ အရှေ့နဂါးကျွန်းသို့ ရောက်လာသည်မှာ မကြာသေးပေ။ သူမက အရှေ့ပင်လယ်အပြင်ပိုင်းတွင် တိုက်ပွဲဝင်နေခဲ့ပြီး မကြာခင်ကမှ ဤနေရာသို့ ရောက်လာသည်မှာ ထင်ရှားသည်။
သို့ဆိုလျှင် အစောပိုင်းအချိန်ကာလတစ်ခုလုံး ရန်ကျောက်ကဲက မီးတောက်မိစ္ဆာဘုရင်ကို မည်သို့ထိန်းချုပ်ထားခဲ့ပါသနည်း။
ဤသည်က သူတို့မည်မျှစဉ်းစားပါစေ အဖြေမရနိုင်သော မေးခွန်းတစ်ခုဖြစ်ပြီး သူတို့မျက်ဝန်းထဲတွင် ရန်ကျောက်ကဲကို လူထူးလူဆန်းတစ်ယောက်ပမာ ရှုမြင်လာတော့သည်။
ပင်မခန်းဆောင်အတွင်းမှ ထွက်ပေါ်လာသော ရွှေရောင်အလင်းတန်းများကိုကြည့်ရင်း ရန်ကျောက်ကဲ ပင့်သက်တစ်ချက် ရှိုက်လိုက်သည်။
“ကြည့်ရတာ မြို့တော်သခင်’စုန့်’ က ကျင့်ကြံခြင်းအဆင့်တက်ဖို့ တံခါးပိတ်ကျင့်ကြံနေတာမဟုတ်ဘူး ၊ ရတနာပစ္စည်းတစ်ခုခု ပြုလုပ်နေတာ မဟုတ်လား”
သူက စုန့်ချောင်နှင့် အခြားသူများကို တစ်ချက်ဝေ့ကြည့်ရင်း...
“အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခု ပြုလုပ်နေတာလား”
ဝါဒတောင်က ကျောက်စိမ်းပင်လယ်မြို့တော်အား ‘တစ္ဆေကျောက်တုံး’ ပေးလိုက်ကတည်းက အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခု ပြုလုပ်ရန်ဖြစ်ကြောင်း ရိပ်မိပြီးသား ဖြစ်သည်။ ယခုတော့ အားလုံးထင်သာမြင်သာ ရှိပြီဖြစ်ရာ စုန့်ချောင်နှင့်အခြားသူများအနေဖြင့် ဖုံးကွယ်ထားစရာ အကြောင်းမရှိပေ။
စုန့်ချောင်က သက်ပြင်းတစ်ချက်ချရင်း...
“အမှန်ပဲ ၊ ငါတို့ဂိုဏ်းက ‘ကျောက်စိမ်းပင်လယ်နတ်ဆေးဓား’ ဆိုတဲ့ အထွတ်ထိပ်မှော်ဝင်ဓားတစ်လက် ပြုလုပ်ဖို့ ကြိုးစားနေတာ ၊ လုပ်ငန်းစဉ်က နောက်ဆုံးအဆင့်ရောက်နေပေမယ့် အခုလို တိုက်ပွဲကြီးဖြစ်နေတော့ အခက်တွေ့နေရတယ်”
သူက ဆက်ပြောသည်။
“အဖေက အခု အထွတ်ထိပ်မှော်ဝင်ပစ္စည်းနဲ့ တစ်သားတည်းကျနေပြီ ၊ အဲဒါကို ပြီးမြောက်အောင်မလုပ်နိုင်သရွေ့ သူလည်း ထွက်လာနိုင်မှာ မဟုတ်ဘူး ၊ ပြီးတော့ ဒီပစ္စည်းပြုလုပ်တာ မအောင်မြင်ရင်လည်း သူ ဒဏ်ရာအပြင်းအထန်ရပြီး စွမ်းအားတွေဆုံးရှုံးသွားမှာမို့ မီးတောက်မိစ္ဆာတွေကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်မှာ မဟုတ်တော့ဘူး”
ရန်ကျောက်ကဲက ရွှေရောင်အလင်းတန်းများကို အာရုံစိုက်အကဲခတ်လိုက်သည်။
ထို့နောက် သူက ခပ်ဖြည်းဖြည်းလေသံဖြင့်...
“အခုလို အရာရာ ဖိစီးနေရတဲ့အချိန်မှာ မယဉ်ကျေးတဲ့တောင်းဆိုမှုတစ်ခု ပြောပါရစေ... တည့်တည့်ပဲ ပြောမယ်ဗျာ ၊ ကျွန်တော့်ကို ခင်ဗျားတို့ဂိုဏ်းရဲ့ ပင်မခန်းဆောင်ကြီးထဲကို ပို့ပေးနိုင်မလား”
ခဏနားပြီး သူက ဆက်ပြောသည်။
“မြို့တော်သခင်’စုန့်’ ကို ကျွန်တော် ကူညီပေးနိုင်ပါတယ်”
သူ့စကားကြောင့် ကျောက်စိမ်းပင်လယ်မြို့တော်မှ လူများအားလုံး အံ့အားသင့်သွားကြသည်။
တကယ့်သေရေးရှင်ရေး ရင်ဆိုင်နေရချိန်တွင် ဂိုဏ်းဂဏအစွဲများခဝါချပြီး ရန်ကျောက်ကဲ၏ အကူအညီကို လက်ခံနိုင်သော်လည်း ဤသည်က အထွတ်ထိပ်မှော်ဝင်ပစ္စည်း ပြုလုပ်ခြင်းဖြစ်လေရာ သိုင်းသူတော်စင်အဆင့်သာလျှင် အောင်မြင်နိုင်သောအရာဖြစ်သည်။ သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင်သည်ပင် တတ်နိုင်သည့်ကိစ္စ မဟုတ်ပေ။
မီးတောက်မိစ္ဆာဘုရင်’ချန်ဟွမ်’ မျှားခေါ်သွားသည့် အံ့ဖွယ်ဖြစ်ရပ်ကိုသာ သူတို့စိတ်ထဲ အမှတ်မရလျှင် ရန်ကျောက်ကဲ ရူးသွပ်သွားလေပြီဟု ထင်ကောင်းထင်မိကြမည်ပင်။
ရန်ကျောက်ကဲက တည်ကြည်လေးနက်စွာဖြင့်...
“ကျွန်တော် အချက် (၃)ချက် တောင်းဆိုချင်ပါတယ် ၊ ပထမတစ်ချက်က ကျွန်တော့်ကို ခင်ဗျားတို့ဂိုဏ်းရဲ့ ပင်မခန်းဆောင်ထဲကို ပို့ပေးဖို့ပါ”
“ဒုတိယအချက်က ကျွန်တော့်ရဲ့ ဆရာဘိုးဘိုးကို ကြယ်တာရာသန်စင်ချီဝတ်ရုံက ကြည်လင်တဲ့ချီစွမ်းအားတွေကို ပင်မခန်းဆောင်ထဲ စီးဝင်ပေးစေဖို့ အကြောင်းကြားပေးပါ”
"တတိယအချက်ကတော့...”
ရန်ကျောက်ကဲက အားလုံးကို ဝေ့ကြည့်ရင်း...
“ခင်ဗျားတို့ရဲ့ ကျောက်စိမ်းပင်လယ်ပင်မအစီအရင်ကို ပြောင်းပြန်လှည့်ပြီး ပင်မခန်းဆောင်ကြီးထဲကို စွမ်းအားတွေအားလုံးဖြည့်သွင်းပေးဖို့ပါပဲ”
ရန်ကျောက်ကဲ၏ တိကျခိုင်မာသောစကားများကြောင့် စုန့်ချောင်နှင့် အခြားသူများအားလုံး ထိတ်လန့်သွားကြသည်။
ကျောက်စိမ်းပင်လယ်မြို့တော်မှ ဝါရင့်အကြီးအကဲတစ်ယောက်က...
“ပင်မအစီအရင်ကြီးက ပြိုကျလုနီးပါးဖြစ်နေပြီ ၊ ပြောင်းပြန်လှည့်မယ်ဆိုရင် ချက်ချင်းပျက်ဆီးသွားလိမ့်မယ်”
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“အမှန်ပဲ”
တကယ်တော့ ပင်မအစီအရင်ကြီးက ရစရာမရှိအောင်ပျက်ဆီးနေပြီဖြစ်ရာ တိုက်ပွဲပြီးဆုံးလျှင် အစီအရင်အသစ်တစ်ခု ထပ်မံပြုလုပ်ရတော့မည် ဖြစ်သည်။
ယခု မီးတောက်မိစ္ဆာဘုရင်က စွမ်းအားအပြည့်ဖြင့် တစ်ချက်ထိုးနှက်လိုက်ပါက ထိုပင်မအစီအရင်ကြီးမှာ ချက်ချင်းတစ်စစီကြေမွသွားမည် ဖြစ်၏။
သို့သော် ဤပင်မအစီအရင်ကြီး၏ပိုင်ရှင်က ကျောက်စိမ်းပင်လယ်မြို့တော်ဖြစ်လေရာ ရန်ကျောက်ကဲအနေဖြင့် သူတို့၏ဆုံးဖြတ်ချက်ကို ဝင်ရောက်စွက်ဖက်ခွင့်မရှိဘဲ တိတ်တဆိတ်စောင့်ဆိုင်းနေရုံသာ တတ်နိုင်သည်။
သို့သော် ကျောက်စိမ်းပင်လယ်မြို့တော်မှ အကြီးအကဲများက တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်ကြသည်။
“ကောင်းပြီလေ ၊ ငါတို့ လောင်းကြေးထပ်ကြည့်ကြတာပေါ့”