← Chapters

အခန်း (၂၆၁-၂၆၂)

Vol. 24 Ch. 261-262

အခန်း (၂၆၁-၂၆၂)

Vol. 24 Ch. 261-262

ယန်နတ်ဘုရား စာစဉ် (၂၄)။

ဘာသာပြန်သူ နေဇင်။

အခန်း (၂၆၁)။

"ထာဝရ မိခင်ကြီး၊ ခင်ဗျား ဒီအချိန်ထိ ခေါင်းမာနေတုန်းပါလား။ ခင်ဗျား ထွက်ပြေးလို့ ရမယ်လို့ ထင်နေတာလား။ ဒီဝိညာဉ်နယ်မြေထဲမှာ၊ ယန်စိတ်ဝိညာဉ် စွမ်းအားမရှိဘဲနဲ့ ဒီလေဟာနယ်ကို ထိုးဖောက်ပြီး အနန္တစကြာဝဠာဆီ ထွက်ပြေးလို့ ရမယ်လို့ ထင်နေတာလား။"

စကြာဝဠာအိတ်၏ ဝိညာဉ်နယ်မြေအတွင်းမှာ….။

ကြည်လင်သော အလင်းလုံးအတွင်း ရစ်ပတ်ခံထားရသော ထာဝရ မိခင်သည် ထိုအလင်းလုံးအတွင်း၌ ပြင်းထန်စွာ ရုန်းကန်လှုပ်ရှားနေလေ၏။

ခုနစ်ရောင်ခြယ် အလင်းရောင်စဉ်ဝိုင်းသည် ကြည်လင်သော အလင်းထဲတွင် အစွမ်းကုန် ပြန့်ကားထွက်လာကာ၊ အလင်းလုံးကို ဖောက်ထွင်း၍ ထွက်ပြေးရန် ကြိုးစားနေသော်လည်း အချည်းနှီး ဖြစ်နေ၏။

ဤသည်မှာ အသက်မဲ့တာအိုဂိုဏ်း၏ ဂိုဏ်းချုပ်ကြီး ထာဝရ မိခင်သည် သူမ၏ မဟာဝိညာဉ် နတ်ဘုရား ခုနစ်ပါးကို အသုံးပြု၍၊ ဆက်လက် ခုခံနေခြင်းပင် ဖြစ်ချေသည်။

သို့သော် ၎င်းသည် စကြာဝဠာအိတ် ဖြစ်နေလေရာ အိတ်အတွင်း၌ စိတ်ကူး၍ပင်မရသည့် တားမြစ်ထားသော စွမ်းအားများ ရှိနေပါသည်။ စကြာဝဠာအိတ်၏ ပိုင်ရှင်ဖြစ်သော ဟုန်ယွိသည် သူဆန္ဒရှိသလို ဤအိတ်အတွင်းရှိ ကြည်လင်သော အလင်းရောင်များကို ထိန်းချုပ်နိုင်သည်။ လူများကို ထောင်ချောက်ဆင် ဖမ်းဆီးခြင်းသည် အတွေးတစ်ချက်ဖြင့် ဆောင်ရွက်နိုင်သောအရာ ဖြစ်၏။

စကြာဝဠာ အိတ်အတွင်း၌ ဟုန်ယွိ၏စွမ်းအားသည် အဆပေါင်းများစွာ တိုးတက်လာသည်ဟု ဆိုနိုင်ပေသည်။

စကြာဝဠာအိတ်သည် ပစ္စည်းများ သိုလှောင်ရန်အတွက်သာ အသုံးနိုင်သည့် ရိုးရှင်းသော ဝိညာဉ်နယ်မြေ မဟုတ်ဘဲ၊ ရှေးပညာရှင်ကြီးများသည် သူတို့ကိုယ်ပိုင် ကျင့်ကြံရန် နေရာအဖြစ် ဖွင့်လှစ်ခဲ့သော အင်မော်တယ်လိုဏ်ဂူ တစ်ခု ဖြစ်နိုင်ချေရှိသည်။

ဤအင်မော်တယ်လိုဏ်ဂူ၌ လိုဏ်ဂူ၏ ပိုင်ရှင်သည် ဝိညာဉ်နယ်မြေ၏ စွမ်းအားကို သဘာဝအတိုင်း အသုံးပြုနိုင်သည်။ သို့သော် စကြာဝဠာအိတ်ထဲ သို့ ဝင်ရောက်လာသည့် ရန်သူများကို ကိုင်တွယ်ရန်အတွက် စကြာဝဠာအိတ်၏ စွမ်းအားကို သုံးလိုပါက, မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ထားသော စစ်မှန်သော ယန်စိတ်ဝိညာဉ်တစ်ခု လိုအပ်သည်။

သို့သော် ဟုန်ယွိသည် ယခုအခါ မိုးကြိုးကပ်ဘေးဒဏ် ကျင့်ကြံသူတစ်ပိုင်းအဆင့်တွင် ရှိနေရကား, သူသည် အသုံးပြုနိုင်ရုံသာ ရှိသည်။

စကြာဝဠာအိတ်ကို အသုံးပြုရန် စွမ်းအားလည်း လိုအပ်သည်။

သာမန် တစ္ဆေအင်မော်တယ်များသည် စကြာဝဠာအိတ်ကို ဖွင့်ရန်ပင် ခက်ခဲသည်။ ဖွင့်နိုင်လျှင်ပင်, ပစ္စည်းများ သိုလှောင်ရန်သာ သုံးနိုင်သည်။

သို့ရာတွင် မိုးကြိုးဘေးကို ဖြတ်ကျော်ပြီး စစ်မှန်သော ယန်စိတ်ဝိညာဉ် ပိုင်ဆိုင်ထားသော တာအိုသခင်တစ်ပါးသည် ရန်သူများကို ကိုင်တွယ်ရန်အတွက် စကြာဝဠာအိတ်အတွင်းရှိ ဝိညာဉ်နယ်မြေ၏ စွမ်းအားကို အသုံးပြုနိုင်သည်။

တာအိုပညာကို ပို၍နက်ရှိုင်းစွာ နားလည်ထားပြီး၊ ကြီးမားသော စွမ်းအားကို ပိုင်ဆိုင်ထားသော ပြိုင်ဘက်ကင်း တာအိုသခင်များသည် စကြာဝဠာအိတ်ကို အသုံးပြု၍ လေဟာနယ်ကို ထိုးခွဲကာ ချက်ချင်းပင် တည်နေရာ ရွှေ့ပြောင်းနိုင်ပါသည်။

အကယ်၍, သူသည် ယန်စိတ်ဝိညာဉ် သခင်တစ်ပါး ဖြစ်လာပါက, စကြာဝဠာအိတ်အတွင်းရှိ ဝိညာဉ်နယ်မြေကို အနန္တကမ္ဘာ၏ လေဟာနယ်ထဲ၌ မြှုပ်နှံထားနိုင်ပါသည်။ ၎င်းကို မြင်နိုင်မည် မဟုတ်သလို၊ ထိတွေ့နိုင်ခြင်းလည်း မရှိပေ။ ယန်စိတ်ဝိညာဉ် အဆင့်အောက် တာအိုပညာရှင်များသည် ထိုဝိညာဉ်နယ်မြေ မည်သည့်နေရာ၌ ရှိနေသည်ကိုပင် သိနိုင်မည် မဟုတ်ချေ။ ထို့ပြင်, ထိုအနန္တကမ္ဘာထဲတွင် စကြာဝဠာအိတ်ကို ရှာဖွေရန်လည်း မဖြစ်နိုင်ပေ။

ဆိုလိုသည်မှာ အကယ်၍, ဟုန်ယွိသည် ယခုအခါ ယန်စိတ်ဝိညာဉ် သခင်တစ်ပါး ဖြစ်လာခဲ့ပြီး၊ စကြာဝဠာအိတ်ကို အသုံးပြုမည်ဆိုလျှင်, အပြင်ဘက်မှ မည်သူမျှ မမြင်တွေ့နိုင်ပေ။ မိုနိုဂိုတာရီပင်လျှင် စကြာဝဠာအိတ်၏ အရိပ်ကိုတောင် မြင်နိုင်မည် မဟုတ်ပေ။ အခုလို အခန်းအတွင်း အိပ်ရာပေါ်၌ သားရေအိတ်ကြီးတစ်ခုကို လူတိုင်း မြင်နေရသည့် အခြေအနေမျိုး မဟုတ်တော့ချေ။

သို့သော် ဤစကြာဝဠာအိတ်တွင်လည်း အားနည်းချက်များ ရှိ၏။ ပြင်ပကမ္ဘာအပေါ် မည်သည့် သက်ရောက်မှုမှ မရှိပေ။ ရန်သူက စကြာဝဠာအိတ်ထဲ ဝင်လာမှသာ ရန်သူကို ပြန်လည် တိုက်ခိုက်ရန် သုံးနိုင်မည်။ ရန်သူက အိတ်အပြင်ဘက်မှာဆိုလျှင် အသုံးမဝင်ပေ။

ထို့အပြင်, ဟုန်ယွိသည် ရန်သူကို အနိုင်မယူနိုင်သည့်အခါ စကြာဝဠာအိတ်ထဲသို့ ထွက်ပြေးခြင်းမှာလည်း အချည်းနှီး ဖြစ်၏။ အကြောင်းမှာ သူ၏ စိတ်ဝိညာဉ် ခွန်အားဖြင့် စကြာဝဠာအိတ်ကို အသုံးပြု၍ တည်နေရာရွှေ့ပြောင်းနိုင်စွမ်း မရှိသောကြောင့် ဖြစ်သည်။

စကြာဝဠာအိတ်ကို တည်နေရာ ရွှေ့ရန်အတွက် အနည်းဆုံး နက်ရှိုင်းသော တာအိုပညာရပ်များကို ကျင့်ကြံထားသည့် တစ္ဆေအင်မော်တယ် ၁၈ ယောက် လိုအပ်၏။

ယခု ဟုန်ယွိ၊ ချန်ယင်းရှာနှင့် ရွှေပင့်ကူတို့ သုံးဦး ပူးပေါင်းလျှင်ပင် ၎င်းတို့၏ စိတ်ဝိညာဉ် စွမ်းအားသည် တစ္ဆေအင်မော်တယ် ၁၈ ယောက်ကို မမီနိုင်သေးပေ။

ဟုန်ယွိသည် ဥဒေါင်းဘုရင် သို့မဟုတ် ကောင်းကင်မြွေဘုရင်တို့ကဲ့သို့ ထိပ်တန်းတာအိုသခင်များနှင့် တွေ့၍၊ အနိုင်မယူနိုင်ဘဲ စကြာဝဠာအိတ်ထဲသို့ ထွက်ပြေးပါက ရလဒ်တစ်ခုသာ ရှိ၏။ ၎င်းကား အခြားတစ်ယောက်က စကြာဝဠာအိတ်ကို ယူသွားပြီး သူသည် အတွင်း၌ ထာဝရ ပိတ်မိနေခြင်း ဖြစ်သည်။ နောက်ဆုံးတွင် အခြားတစ်ယောက်က အိတ်ကို သန့်စင်ရန် နည်းလမ်း ရှာတွေ့ပေလိမ့်မည်။

ရန်သူကို အနိုင်မယူနိုင်၍ စကြာဝဠာအိတ်ထဲ ဝင်၍ ခိုလှုံခြင်းသည် "မိမိကိုယ်ကို ပိုးအိမ်ထဲ ပိတ်မိစေခြင်း" ဟူသော စကားပုံနှင့် တူလှပေ၏။

"ရန်သူကို ကိုင်တွယ်ဖို့ စကြာဝဠာအိတ်ရဲ့ စွမ်းအားကို အခုလို ပထမဆုံးအကြိမ် အသုံးပြုကြည့်တဲ့အခါ, ငါ နားလည်မှုအသစ်တွေ ရလာခဲ့တယ်။"

ဟုန်ယွိသည် ထာဝရမိခင် ရုန်းကန်နေသည်ကို မြင်သောအခါ သူ၏လက်ကို ဆုပ်ကိုင်ဟန် ပြုလိုက်ပါသည်။ ကောင်းကင်အထက်မှ အစိမ်းရောင် အလင်းလုံးတစ်လုံးကို ချက်ချင်း ဖမ်းဆုပ်မိသည်။ နောက်တစ်ကြိမ် သူ့လက်ကို ဝှေ့ယမ်းလိုက်သောအခါ ဤအစိမ်းရောင် အလင်းလုံးသည် တန်ချိန် သောင်းချီလေးလံသည့် ပုံစံမျိုးဖြင့် ပျံထွက်သွား၏။ မျက်စိတစ်မှိတ်အတွင်း၌ ထာဝရမိခင် ပြန်လည် စုစည်းထားသည့် ခုနစ်ရောင်ခြယ် အလင်းရောင်စဉ်ဝိုင်းများကို ချေမှုန်းပစ်လိုက်လေသည်။

ဤအစိမ်းရောင် အလင်းလုံးသည် စကြာဝဠာအိတ်၏ စွမ်းအားပင် ဖြစ်သည်။

ဟုန်ယွိသည် ဤစွမ်းအားကို အသုံးပြုသောအခါ ပတ်ပတ်လည်ရှိ အစိမ်းရောင် အလင်းများသည်လည်း အတွေးပေါင်းများစွာဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်ကို ရုတ်တရက် သဘောပေါက်သွားသည်။

ဤအတွေးများသည် ရိုးရှင်း၍ စစ်မှန်ပြီး မည်သည့် မစင်ကြယ်မှုမှ မရှိပေ။ ၎င်း၌ ပါဝင်နေသည့် သဘောတရားမှာ တကယ်တမ်းတွင် "ကောင်းကင်နှင့် မြေကြီး၏ အရပ်လေးမျက်နှာ" ဟူသော မထင်မရှား ပါဝင်နေသည်။

“ကောင်းကင်နဲ့ မြေကြီးရဲ့ အရပ်လေးမျက်နှာကို စကြာဝဠာလို့ ခေါ်တယ်။ ရှေးခေတ်ကတည်းက စကြာဝဠာလို့ သိခဲ့ကြတယ်။ ဒါတွေက သူတော်စင်တွေရဲ့ စကားတွေပဲ။ ဒီဝါကျ နှစ်ကြောင်းက စကြာဝဠာဆိုတဲ့ စကားလုံးနှစ်လုံးဟာ လေဟာနယ်နဲ့ အချိန်ကို လွှမ်းခြုံထားတယ်။ စကြာဝဠာအိတ်ရဲ့ သဘောတရားက တကယ်ကို 'စကြာဝဠာ' ဆိုတဲ့ စကားလုံးပဲ ဖြစ်နေတာပဲ။ ဒါက ဆုမူ ခုနက ငါ့ကို ချေမှုန်းခဲ့တဲ့ 'စကြာဝဠာစေတီတော်' နဲ့ ဘယ်လောက်တောင်မှ ဆင်တူလိုက်သလဲ!"

ရုတ်တရက် ဟုန်ယွိသည် ဉာဏ်အလင်းပွင့်သည့် ထိုးထွင်းသိမြင်သည့် ခံစားချက်တစ်ခု ရရှိလာသည်။

တိုင်ရှန်တာအိုဂိုဏ်း၏ တာအိုပညာသည် အချိန်နှင့် လေဟာနယ်ကို ဆုပ်ကိုင်ထားသည်။ "စကြာဝဠာ" ဟူသော စကားလုံးနှစ်လုံးလုံးသည် သူတို့၏ လက်ဝယ်တွင် ရှိနေသည်။

ကောင်းကင်နှင့် မြေကြီး၏ အရပ်လေးမျက်နှာထဲမှ "စကြာဝဠာ" ၏ အဓိပ္ပာယ်ကို နားလည်ပြီး "စကြာဝဠာစေတီတော်" တစ်ခုကို သိပ်သည်းလိုက်ပါက အနန္တစွမ်းအားကို ပိုင်ဆိုင်နိုင်မည်။ အနန္တတန်ခိုးရှင် ကောင်းကင်နဂါးဗောဓိသတ္တ၏ စွမ်းအားသည် "စကြာဝဠာ" ရှေ့၌ စာဖွဲ့စရာပင် မလိုချေ။

ကောင်းကင်ဘုံ၏အလိုတော်နှင့် အချိန်၏သဘောတရားကို နားလည်ပြီးနောက် "စကြာဝဠာ" ၏ အဓိပ္ပာယ်ကို နားလည်ပြီး "ထာဝရခေါင်းလောင်း" ကို သိပ်သည်းလိုက်ပါက မည်သည့် နတ်ဘုရား စိတ်ဝိညာဉ်နှင့် အတွေးများကိုမဆို အေးခဲသွားစေနိုင်၏။

၎င်းသည် တိုင်ရှန်တာအိုဂိုဏ်း၏ တာအိုပညာ ဖြစ်သည်။

"စကြာဝဠာ" နှင့် "စကြာဝဠာ" ၏ စစ်မှန်သော အဓိပ္ပာယ်သည် ဒိုင်ဇင်ဘုရားကျောင်း၏ "အတိတ်"၊ "ပစ္စုပ္ပန်" နှင့် "အနာဂတ်" ထက် ပို၍ပင် သာလွန်နေသယောင် ရှိ၏။

"တကယ်လို့, ငါသာ, နတ်ဆိုးနတ်ဘုရားသွေးကို မစားသုံးခဲ့ရင်၊ မဆုတ်မနစ် စိတ်ဆန္ဒကို မပိုင်ဆိုင်ခဲ့ရင်၊ အတွေးမဲ့ ငြိမ်သက်ခြင်းနဲ့ ဗလာနတ္ထိ အခြေအနေကို နားမလည်ခဲ့ရင်၊ ဒီနေ့တိုက်ပွဲမှာ ငါ ဆုမူရဲ့ ထိန်းချုပ်မှုကို အပြည့်အဝ ခံခဲ့ရမှာ သေချာတယ်။"

ဤအချိန်၌ ဟုန်ယွိသည် တိုင်ရှန်တာအိုဂိုဏ်းက ဤကမ္ဘာကြီး၏ မြင့်မြတ်နယ်မြေ ခြောက်ခုထဲတွင် ထိပ်ဆုံး ဖြစ်နေရခြင်း၏ အကြောင်းရင်းကို နောက်ဆုံးတွင် နားလည်သွားခဲ့လေသည်။

ဤအခိုက်အတန့်၌ ဟုန်ယွိသည် "အထွဋ်ထိပ်အဂ္ဂိရတ်ကျမ်း" ကို ဖတ်လိုသော ဆန္ဒက ပို၍ပင် ပြင်းပြလာခဲ့သည်။

သူ တစ်ဦးတည်းဆိုလျှင် မည်မျှပင် ပါရမီရှိစေကာမူ "စကြာဝဠာ" နှင့် "စကြာဝဠာ" ၏ အဓိပ္ပာယ်ကို နားလည်နိုင်မည် မဟုတ်ပေ။ အလားတူပင် သူသည် "အတိတ်ကျမ်းစာ" ကို မဖတ်ရူခဲ့ရလျှင်၊ ပုံရိပ်များကို မမြင်ခဲ့လျှင်၊ ကျမ်းစာကို တစ်လုံးချင်း နားမလည်ခဲ့လျှင် "အတိတ်" ၏ အစစ်မှန် အဓိပ္ပာယ်ကို နားလည်နိုင်မည် မဟုတ်ဘဲ၊ မသေနိုင် မပျက်ဆီးနိုင်သော အင်မော်တယ် နတ်ဘုရား စိတ်ဝိညာဉ်ကို သိပ်သည်းနိုင်မည် မဟုတ်ပေ။

ဤအရာများကို ကိုယ့်ဘာသာကိုယ် နားမလည်နိုင်ပေ။ သူသည် ရှေးပညာရှင်များ၏ ပခုံးပေါ်တွင်, အင်မော်တယ်များ၏ ပခုံးပေါ်တွင် ရပ်တည်ပြီးမှသာ ကျင့်ကြံနိုင်လိမ့်မည်။

စကြာဝဠာ အိတ်အတွင်းရှိ ကြည်လင်တောက်ပသော အလင်းရောင်သည်လည်း "စကြာဝဠာ" ၏ သဘောတရား အတွေးများမှ သိပ်သည်းထားခြင်း ဖြစ်သော်လည်း၊ ဤအလင်းရောင်များအပေါ်သာ မှီခိုရမည်ဆိုလျှင်, ဟုန်ယွိသည် သူ မည်မျှပင် အစွမ်းထက်စေကာမူ မိမိကိုယ်တိုင် နားလည်နိုင်မည် မဟုတ်ပေ။

ဤသည်မှာ မိမိအား သွေးပုံစံသံမဏိဓားတစ်ချောင်း ပေး၍ နောက်တစ်ချောင်း ထပ်မံ ဖန်တီးခိုင်းခြင်းနှင့် တူသည်။ ဤသည်မှာ မဖြစ်နိုင်သောအရာ ဖြစ်၏။

ပိုင်ဆိုင်ခြင်းနှင့် ဖန်တီးခြင်းသည် ကွဲပြားသော အရာနှစ်ခု ဖြစ်သည်။

အရာဝတ္ထုတစ်ခုကို ပိုင်ဆိုင်ခြင်းသည် ထိုအရာကို အသုံးပြုနိုင်ခြင်းဖြစ်ပြီး၊ တန်တီးခြင်းကတော့ ဖန်တီးနိုင်သည်ဟု ဆိုလိုသည်။ မိုနိုဂိုတာရီပင်လျှင် ဤစွမ်းရည်မျိုး မရှိချေ။

"ဒီစကြာဝဠာအိတ်ကို ဒိုင်ဇင်ဘုရားကျောင်းက ယန်စိတ်ဝိညာဉ် မဟာသခင်တစ်ပါးက ဖန်တီးခဲ့တာ ဖြစ်နိုင်တယ်။ ယန်စိတ်ဝိညာဉ် အဆင့်အထိ ကျင့်ကြံပြီးမှ, သူဟာ သတိမထားမိဘဲ "စကြာဝဠာ" ရဲ့ အဓိပ္ပာယ်ကို နားလည်သွားခဲ့ပြီး အဲဒီလို ကျင့်ကြံခဲ့တာ ဖြစ်ရမယ်။ ငါ့မှာတော့ အတွေးကို ခံစားပြီး တိုင်ရှန်တာအိုဂိုဏ်းရဲ့ "အနန္တစကြာဝဠာစေတီတော်" ကို ကျင့်ကြံနိုင်တဲ့ စွမ်းအားမျိုး မရှိဘူး။ ဒီစွမ်းရည်သာ ရှိရင် ငါလည်း ဒဏ္ဍာရီလာ အတုမရှိ ပါရမီရှင်တွေထဲ တစ်ယောက် ဖြစ်နေလောက်ပြီ။" (ယန်စိတ်ဝိညာဉ်အဆင့်၊ ယန်နတ်ဘုရားအဆင့်၊ အတူတူပင် ဖြစ်ပါသည်)။

ဟုန်ယွိသည် စကြာဝဠာအိတ်အတွင်းရှိ အသေးစား စကြာဝဠာကို ဖွဲ့စည်းထားသော ကြည်လင်သော အလင်း၏ ဆန္ဒကို ခံစားမိပြီး၊ ကိုယ့်ကိုယ်ကို လှောင်ပြောင်သလို ပြုံးလိုက်မိသည်။ ရုတ်တရက် သူ၏စိတ်နှလုံးသည် လှုပ်ရှားသွားပြီး ဆိုးဝါးသော အတွေးတစ်ခု ပေါ်လာ၏။

"တကယ်လို့, မိုနိုဂိုတာရီက ချန်ပီယံမြို့စားကို ဧကရာဇ်အဖြစ် ရွေးချယ်လိုက်တယ်ဆိုရင် သူက " အထွဋ်ထိပ်အဂ္ဂိရတ်ကျမ်း"ကို ဖတ်ခိုင်းပြီလား မသိဘူး။ တကယ်လို့, သူသာ "အထွဋ်ထိပ်အဂ္ဂိရတ်ကျမ်း" ကို ဖတ်ဖူးပြီးပြီဆိုရင်, သူ့ရဲ့သိုင်းပညာ ကျင့်ကြံမှုကို အများကြီး တိုးတက်စေမှာ သေချာတယ်။ "စကြာဝဠာ" နဲ့ "စကြာဝဠာ" ရဲ့ အဓိပ္ပာယ်ရယ်၊ သူ့ရဲ့ ပင်ကိုယ်ပါရမီနဲ့ဆိုရင်, သူ့အနေနဲ့ လူ့အင်မော်တယ် နယ်ပယ်အထိ ကျင့်ကြံဖို့ဆို တာ မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ ဟုန်ရွှန်ကျိကရော "အထွဋ်ထိပ်အဂ္ဂိရတ်ကျမ်း" ရဲ့ တာအိုအခန်းကို ဖတ်ဖူးလား မသိဘူး။ တကယ်လို့, သူက သိုင်းပညာ အခန်းကိုပဲ ဖတ်ခဲ့ရရင် ဘာမှ မဟုတ်ပေမဲ့ တာအိုအခန်းကို ဖတ်ခဲ့ဖူးရင်တော့ ကြောက်စရာကောင်းလိမ့်မယ်။"

မိုနိုဂိုတာရီသည် ချန်ပီယံမြို့စားကို ထောက်ခံပြီး နှစ်ဦးသား အချိန်အကြာကြီး စကားပြောခဲ့ကြသည်။ ချန်ပီယံမြို့စားသည် "အထွဋ်ထိပ် အဂ္ဂိရတ်ကျမ်း" ထဲမှ "စကြာဝဠာ" နှင့် "စကြာဝဠာ" ၏ အဓိပ္ပာယ်ကို နားလည်သွားခဲ့လျှင် သူ၏ သိုင်းပညာအတွက် များစွာ အကျိုးရှိနိုင်သည်။

သိုင်းသူတော်စင်နယ်ပယ်မှ လူ့အင်မော်တယ် နယ်ပယ်သို့ ကူးပြောင်းခြင်းသည် အရေးကြီးသော လမ်းကြောင်းတစ်ခု ဖြစ်သည်ကို သိထားရမည်။ ဤကူးပြောင်းမူကို ကျော်ဖြတ်ရန် နားလည်မှု တစ်မျိုး လိုအပ်သည်။ အကယ်၍, ဤနားလည်မှုသာ မရှိလျှင် အပ်စိုက်မှတ် များစွာ ကျင့်ကြံနေသော်လည်း အသုံးမဝင်ပေ။ ဆန့်ကျင်ဘက်အားဖြင့် စိတ်ဝိညာဉ်ဖြင့် ချိုးဖြတ်နိုင်ဖို့က ပို၍ အရေးကြီးပါသည်။

ဟုန်ယွိ၏ လက်ရှိ အသိပညာနှင့် ကျင့်ကြံမှုအရ, မိုနိုဂိုတာရီသည် ချန်ပီယံမြို့စားကို " အထွဋ်ထိပ်အဂ္ဂိရတ်ကျမ်း" ၏ သိုင်းပညာ အခန်းကို ပြမည်ဆို လျှင်ပင် သိပ်များများစားစား ပြဦးမည် မဟုတ်ကြောင်း သဘာဝအတိုင်း သူ သိသည်။ အများဆုံးမှာ အပ်စိုက်မှတ် တိုင်းတာခြင်းနှင့် ကျင့်ကြံခြင်းများ သာ ဖြစ်လိမ့်မည်။ သူ၏ ခွန်အားတိုးမြင့်မှုကလည်း အကန့်အသတ် ရှိလိမ့်မည်။

သူအကြောက်ဆုံးမှာ သူ့ကို တာအိုအခန်းကို မြင်ခွင့်ပေးခြင်းပင် ဖြစ်သည်။

ဟုန်ယွိ၏ လက်ရှိ သိုင်းပညာ ကျင့်ကြံမှုသည် မဟာဆရာသခင်အဆင့်သို့ ရောက်နေခြင်းမှာ ဆေးဝါးများစွာကြောင့်သာ မဟုတ်ဘဲ "အတိတ်ကျမ်း" ကို ကျင့်ကြံခြင်းဖြင့် သူ၏ စိတ်ဝိညာဉ်ကို ခိုင်ခံ့စေခဲ့သောကြောင့်လည်း ဖြစ်သည်။

"ဟုန်ရွှန်ကျိဟာ "စကြာဝဠာ" နဲ့ "စကြာဝဠာ"နဲ့ ပတ်သက်တဲ့ ကျမ်းတွေကို မြင်ဖူးမှာ မဟုတ်ဘူး။ မဟုတ်ရင် သူဟာ လွန်ခဲ့တဲ့ အချိန်ကတည်းက လူသားအင်မော်တယ် ဖြစ်နေလောက်ပြီ။ ဒီတွက်ချက်မှုအရ ချန်ပီယံမြို့စားလည်း မမြင်ဖူးနိုင်ဘူး။ မိုနိုဂိုတာရီက သူ့ကို ထောက်ခံပေမယ့် တိုင်ရှန်တာအိုဂိုဏ်းရဲ့ အစစ်မှန် လျှို့ဝှက်ကျမ်းစာကို ပေးကမ်းဖို့အထိတော့ မိုက်မဲမှာ မဟုတ်ဘူး။ သူကရော နောက်ထပ် ဟုန်ရွှန်ကျိတစ်ယောက် ထပ်ဖြစ်လာမှာ မစိုးရိမ်ဘူးလား။ ဒီလိုဆိုရင်တော့ အခြေအနေက ကိုင်တွယ်ရ လွယ်ကူသွားပြီ။ အနည်းဆုံး ငါထောက်ခံတဲ့ မင်းသားယုအတွက် အန္တရာယ် နည်းသွားပြီ။"

ဟုန်ယွိသည် အခြေအနေကို ရှင်းရှင်းလင်းလင်း နားလည်သည်။ ချန်ပီယံမြို့စားသည် "အထွဋ်ထိပ်အဂ္ဂိရတ်ကျမ်း" ၏ "စကြာဝဠာ" နှင့် "စကြာဝဠာ" ကျမ်းကို နားလည်ပြီး၊ အဆင့်ချိုးဖြတ်ကာ လူသားအင်မော်တယ်အဖြစ် ကျင့်ကြံနိုင်ခဲ့ပါက မင်းသားယုအတွက် မျှော်လင့်ချက် လုံးဝ ရှိတော့မည် မဟုတ်ချေ။

လူသားအင်မော်တယ် နယ်ပယ်၏ အလေးချိန်သည် အလွန်လေးလံလှ၏။

"နတ်ဘုရား ခုနစ်ပါး ပြန်လာစမ်း…။ သိမ်းပိုက်။"

"ထာဝရမိခင်၊ ခင်ဗျားရဲ့ ကျင့်ကြံမူ နည်းနည်းပါးပါးလေးနဲ့ ဒီနတ်ဘုရား ခုနစ်ပါးကို ထိန်းချုပ်ချင်တာလား။ အဲဒါ စိတ်ကူးယဉ်နေတာပဲ။ ဒီနတ်ဘုရားတွေကို ကျုပ်ကိုသာ ပေးလိုက်ပါ။"

ကြည်လင်သော အလင်းလုံးတစ်လုံး ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သဖြင့် ထာဝရမိခင်သည် ထိုနေရာ၌ပင် ဟစ်ကြွေးလိုက်သည်။ ထိုဟစ်ကြွေးသံကြားထဲတွင် နတ်ဘုရား ခုနစ်ပါး၏ ခုနစ်ရောင်ခြယ် အလင်းရောင်စဉ်ဝိုင်းကို ဟုန်ယွိက လေဟာနယ်မှ ဆွဲယူ၍ အတင်းအဓမ္မ စုပ်ယူလိုက်သည်။

"အား…။ ဒီနတ်ဘုရား ခုနစ်ပါးက လူတစ်သိန်းရဲ့ ယုံကြည်မှုကနေ ဖွဲ့စည်းထားတာ။ သူတို့က ငါရဲ့ အသက်ဝိညာဉ်နဲ့ ပေါင်းစပ်ပြီးသား။ မင်းက သူတို့ကို အတင်းအကျပ် အညံ့ခံခိုင်းရင်တောင် သူတို့ နားထောင်မှာ မဟုတ်ဘူး။ ငါ့ကို အမြန်ဆုံး လွှတ်ပေးဖို့ အကြံပေးမယ်။ မဟုတ်ရင်, အိမ်ရှေ့စံမင်းသားက မင်းကို လွှတ်ပေးမှာ မဟုတ်ဘူး။"

ထာဝရမိခင်က ဝမ်းနည်းစွာ အော်ဟစ်လိုက်ပါသည်။

"ဟွန်း…။ တကယ်လို့, အိမ်ရှေ့စံမင်းသားက ကျုပ်ကို အလွှတ်ပေးရင်တောင်, ကျုပ်က အိမ်ရှေ့စံ မင်းသားကို အလွှတ်ပေးမှာ မဟုတ်ဘူး။ ဒီနတ်ဘုရား ခုနစ်ပါးကရော ကျုပ်စကားကို နားမထောင်ဘူးလား။ ကျုပ် သူတို့ကို ဘယ်လို နှိမ်နင်းမလဲဆိုတာ ကြည့်လိုက်။ ယင်းရှာ၊ နင်ဂျာဘုန်းတော်ကြီး၊ ကျင်းရွှန်အာ၊ မင်းတို့ စွမ်းအားကုန်သုံးပြီး ငါ့ကို ကူညီပေ။"

ဤအချိန်၌ ဟုန်ယွိသည် ထာဝရမိခင်ပေါ်မှ နတ်ဘုရား ခုနစ်ပါး၏ ခုနစ်ရောင်ခြယ် အလင်းရောင်စဉ်ဝိုင်းများကို အတင်းအဓမ္မ စုပ်ယူလိုက်သောအခါ ခုနစ်ရောင်ခြယ် အလင်းရောင်စဉ်ဝိုင်းများသည် ခြိမ်းခြောက်ခံရသည်ဟု ခံစားမိကြပြီး၊ ရှေးဟောင်း ဧကရာဇ်များနှင့် တူသော နတ်ဘုရား ခုနစ်ပါး အဖြစ် ချက်ချင်း ပြောင်းလဲသွားကြသည်။ သူတို့သည် စကြာဝဠာအိတ်၏ အသေးစား စကြာဝဠာနယ်ပယ်အတွင်း၌ ကြီးမားသော ခြိမ်းခြောက်မှုကို ခံခဲ့ရသည့်အတွက် အသက်နှင့်လဲ၍ ခုခံရန် ကြိုးစားနေကြသကဲ့သို့ ပြေးလွှား အော်ဟစ်နေကြသည်။

ကြီးမား၍ သန့်စင်ပြီး၊ စိတ်အားထက်သန်သော အတွေးလှိုင်းလုံးများက အသေးစား စကြာဝဠာတစ်ခုလုံးကို လှုပ်ခါစေသည်။

အသေးစား စကြာဝဠာအတွင်းရှိ ရွှေတောင်၊ ငွေတောင်၊ ဆန်တောင်နှင့် အခြားဘဏ္ဍာတိုက်များသည် ပြင်းထန်စွာ လှုပ်ခါပြီး တုန်ယင်လာကြပါသည်။ ရွှေချောင်းများ၊ ရွှေတုံးများသည် အောက်သို့ ပြိုကျ၍၊ မြေပြင်ပေါ်၌ ပြန့်ကျဲကုန်၏။

"ဒီနတ်ဘုရားတွေရဲ့ သဘောသဘာဝက တကယ်ကို ဖိနှိပ်ဖို့ ခက်ခဲတာပဲ။ ကံကောင်းလို့, စကြာဝဠာ အိတ်ထဲမှာ ရှိနေလို့တာ။" ဟုန်ယွိသည် ခုခံနေသော နတ်ဘုရားများနှင့် တုန်ခါနေသော စကြာဝဠာအိတ်အတွင်းရှိ အသေးစား စကြာဝဠာကို ကြည့်ပြီး၊ ဤနတ်ဘုရားများ၏ ခွန်အားကို တိတ်တဆိတ် အံ့ဩသွားမိပါသည်။

သို့သော်, သူတို့ စွမ်းအား ပိုကြီးမားလေ ပိုကောင်းလေ ဖြစ်သည်။ ထိုနတ်ဘုရားများ ပိုအစွမ်းထက်လေ၊ သူတို့ ဖိနှိပ်ပြီးနောက်, သူသည် ပို၍ အစွမ်းထက်လာလေ ဖြစ်မည်။

"ချိုးဖျက်စမ်း…။"

နင်ဂျာဘုန်းတော်ကြီးသည် နတ်ဘုရားများ အော်ဟစ်နေသည်ကို မြင်ပြီး ဟုန်ယွိထံမှ ကူညီရန် တောင်းဆိုသော အသံကို ကြားလိုက်ရသောအခါ, သူသည် တွန့်ဆုတ်မနေဘဲ လက်သီးကို ဆုပ်ပြီး နတ်ဘုရားတစ်ပါးဆီသို့ ပြင်းထန်စွာ ထိုးချလိုက်ပါသည်။

ဝှီး….။

နင်ဂျာဘုန်းတော်ကြီး၏ ခန္ဓာကိုယ်ထဲမှ ကြီးမားသော စိတ်ဝိညာဉ်စွမ်းအင်၊ သွေးစွမ်းအင်များ တဟုန်ထိုး ထွက်ပေါ်လာပြီး၊ ထိုနတ်ဘုရားကို ပြင်းပြင်းထန်ထန် လွှမ်းခြုံသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ချန်ယင်းရှာသည်လည်း သူမလက်ကို ဝှေ့ယမ်းလိုက်ရာ မရေမတွက်နိုင်သော လျှပ်စီးပုံစံ အလင်းများက နတ်ဘုရားအချို့ကို လွှမ်းခြုံသွားပါသည်။

ရွှေပင့်ကူသည် အနန္တတန်ခိုးရှင် ကောင်းကင်နဂါးဗောဓိသတ္တကျမ်းကို ထုတ်သုံးလိုက်သည်။ သူမ၏ နတ်ဘုရား စိတ်ဝိညာဉ်သည် အနန္တတန်ခိုးရှင် ကောင်းကင်နဂါးဗောဓိသတ္တ သုံးပါးအဖြစ် ကွဲထွက်သွားပြီး နတ်ဘုရား သုံးပါးနှင့် ပြင်းထန်စွာ တိုက်ခိုက်သည်။

ဟုန်ယွိသည်လည်း သူ၏ခွန်အားအပြည့်ဖြင့် တိုက်ခိုက်၏။ သူ၏လက်များသည် လေထဲကို အကြိမ်ကြိမ် ဆုပ်ကိုင်ကာ၊ ကောင်းကင်မှ ကြည်လင်သော အလင်းလုံးများ ကျဆင်းလာပြီး၊ ထိုနတ်ဘုရားများကို ဆက်တိုက် ရစ်ပတ်ထားသည်။ သူတို့ မည်မျှပင် အော်ဟစ်နေပါစေ, သူတို့၏ စွမ်းရည် အစစ်အမှန်ကို အသုံးပြုနိုင်ခြင်း မရှိတော့ပေ။

ကြည်လင်သော အလင်းတန်းသည် ပို၍ပင် အားကောင်းလာသည်။ ချန်ယင်းရှာ၊ နင်ဂျာဘုန်းတော်ကြီးနှင့် ရွှေပင့်ကူတို့၏ ပေါင်းစပ်ဖိအားများနှင့် အတူ နတ်ဘုရား ခုနစ်ပါးသည် အဆုံးတွင် သူတို့၏ ခွန်အားများ ဆုံးရှုံးသွားပုံရပြီး ငြိမ်သက်သွားသကဲ့သို့ ဖြစ်လာသည်။ တစ်ပါးချင်းစီက ကောင်းကင်၌ ပျံဝဲနေပြီး သူတို့၏ ဗလာကျင်းသော မျက်လုံးများဖြင့် ဟုန်ယွိကို ကြည့်နေကြသည်။

"ဒါပဲ…..။"

ဟုန်ယွိက ဟစ်ကြွေးလိုက်ပြီး သူ၏ အတွေးများကို ခုနစ်ပိုင်း ခွဲထုတ်လိုက်သည်။ သူသည် အတိတ်ကျမ်း၏ နည်းလမ်းကို အသုံးပြု၍ နတ်ဘုရား ခုနစ်ပါး၏ ခန္ဓာကိုယ်များကို အတင်းအဓမ္မ ရစ်ပတ်ထားသည်။ ယဇ်ပူဇော်ပွဲတစ်ခုအလား ဟုန်ယွိ၏ အတွေးများသည် နတ်ဘုရား ခုနစ်ပါး၏ ခန္ဓာကိုယ်များထဲသို့ ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။

ဘုန်း…။

သူ၏အတွေးများ နတ်ဘုရား ခုနစ်ပါး၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်သွားသည်နှင့် ချက်ချင်းပင် အဆုံးမရှိသော အလင်းရောင် ပုံရိပ်များ ဟုန်ယွိရှေ့၌ ပေါ်လာပြီး၊ သူသည် လုံးဝ မှင်သက်သွားခဲ့ရ သည်။

"ဟား…၊ ဟား..၊ မင်းက ပြန်လည်မွေးဖွားခြင်းကင်းတဲ့ အသက်မဲ့ အနာဂတ်ကျမ်းကို မကျင့်ကြံဖူးပဲ, ဒီနတ်ဘုရားတွေကို ထိန်းချုပ်ချင်နေတုန်းလား။ ဒီနတ်ဘုရား ခုနစ်ပါးမှာ လူပေါင်း တစ်သိန်းရဲ့ အမွှေးနံ့သာတိုင်နဲ့ ယုံကြည်မှုတွေ ပါဝင်နေတယ်ဆိုတာ မင်း သိထားသင့်တယ်။ ဒီနတ်ဘုရား ခုနစ်ပါးကို ထိန်းချုပ်ချင်ရင်, သူတို့ဘဝတစ်လျှောက်လုံးက အတွေးတွေရဲ့ ရိုက်ခတ်မှုကို မင်း ခံစားရလိမ့်မယ်။ မင်းရဲ့ဝိညာဉ်က သေချာပေါက် ပျက်စီးသွားလိမ့်မယ်။ အမွှေးနံ့သာတိုင်နဲ့ ပူဇော်မူကို လက်ခံဖို့က ဒီလောက် မလွယ်ဘူး။ ငါ ဒီနတ်ဘုရားစွမ်းရည်ကို ကျင့်ကြံတုန်းကဆို, ငါ့ကျင့်စဉ်အဆင့်က ၅၀ ရာခိုင်နှုန်းအထိ ထိုးကျသွားခဲ့တယ်။ အခုထိ ပြန်မကောင်းသေးဘူး။"

ထာဝရမိခင်က ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူမ၏ ရယ်မောသံက လက်စားချေရသည့်အတွက် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေ၏။

"မိုက်မဲလိုက်တဲ့ အဖွားကြီး၊ ကျုပ်ရဲ့ နတ်ဘုရားစွမ်းအားက ခင်ဗျား စိတ်ကူးနိုင်တဲ့အရာ မဟုတ်ဘူး။ နတ်ဘုရား ခုနစ်ပါး သိမ်းပိုက်ခြင်း…။"

ထာဝရမိခင် အရူးတစ်ယောက်လို ရယ်မောနေစဉ်မှာပင် ဟုန်ယွိ၏ အသံက ထပ်မံ ထွက်ပေါ်လာသည်။

နတ်ဘုရား ခုနစ်ပါးသည် ခုနစ်ရောင်ခြယ် အလင်းရောင်စဉ်ဝိုင်းများအဖြစ် ပြောင်းလဲပြီး ဖြည်းဖြည်းချင်း ကျဆင်းလာသည်။ သူတို့သည် ဟုန်ယွိ၏ ဦးခေါင်းနောက်ဘက်သို့ ရောက်ရှိလာပြီး ရပ်တန့်သွားကြသည်။

၎င်းသည် ဟုန်ယွိ၏ ဦးခေါင်းနောက်၌ အလင်းရောင်စဉ်ဝိုင်း ခုနစ်ခု ရှိနေသကဲ့သို့ပင်။ သူ လမ်းလျှောက်သည့်အခါ အလင်းရောင်စဉ်ဝိုင်း အမြီးတန်းရှည်ကြီးသဖွယ် ဆွဲဆန့်နေ၏။ ၎င်းသည် လေထဲတွင် အိပ်မက်တစ်ခုနှယ် ထင်မှတ်ရပေသည်။

ဤအချိန်၌ ဟုန်ယွိသည် နတ်ဘုရား ခုနစ်ပါးစလုံးကို ဖိနှိပ်နိုင်ခဲ့ပြီး၊ သူ့အတွက် အသုံးပြုနိုင်ပြီ ဖြစ်သည်။

ဆိုလိုသည်မှာ ဟုန်ယွိသည် သူ့ကိုယ်ပိုင် နတ်ဘုရား စိတ်ဝိညာဉ်ကို အသုံးပြုရန် မလိုဘဲ နတ်ဘုရား ခုနစ်ပါး၏ စွမ်းအားကို ပိုင်ဆိုင်လိုက်ပြီပင် ဖြစ်သည်။

ဟုန်ယွိသည် အမွှေးနံ့သာတိုင်ဖြင့် ယုံကြည်မှုကို လက်ခံဖူးသည့် အတွေ့အကြုံရှိပြီးသား ဖြစ်သည်။ အတိတ်ကျမ်း၏ နည်းလမ်းများဖြင့်ဆိုလျှင်, သူသည် ထိုယုံကြည်မှုများထဲမှ ယုံကြည်သူများ၏ ဘဝတစ်သက်တာ အတွေ့အကြုံများစွာကို လုံးဝ လျစ်လျူရှုနိုင်ပြီး အကျိုးသက်ရောက်မှု မရှိကြောင်း သူ သိသည်။ ထို့ကြောင့် နတ်ဘုရား ခုနစ်ပါးကို သဘာဝအတိုင်း ဖိနှိပ်နိုင်ခြင်း ဖြစ်သည်။

"ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ။ ဘယ်လို ဖြစ်နိုင်တာလဲ။"

သူမ နှစ်ပေါင်းများစွာ ခက်ခက်ခဲခဲ တည်ဆောက်ခဲ့ရသည့်၊ ယုံကြည်သူများ၏ အတွေးများကို စုစည်းပြီး ကိုးကွယ်ခြင်းမှတဆင့် စုစည်းထားသော နတ်ဘုရား ခုနစ်ပါးကို ဟုန်ယွိက ဖိနှိပ်လိုက်သည်ကို မြင်သောအခါ ထာဝရမိခင်သည် ရူးသွပ်မတတ် ဖြစ်သွားလေတော့သည်။

"ကျုပ် နတ်ဘုရား ခုနစ်ပါးကို ဖိနှိပ်လိုက်ပြီ။ ကျုပ်စွမ်းအားက အနည်းဆုံး နှစ်ဆ တိုးလာပြီ။" ဟုန်ယွိက ပြောလိုက်သည်။

အခန်း (၂၆၂)။

"အာ၊ အာယွိ၊ နင် နတ်ဘုရားတစ်ပါး ဖြစ်သွားပြီ။ ပုံတူပန်းချီကားတွေထဲက နတ်ဘုရားတွေ၊ ဗောဓိသတ္တတွေ၊ ဗုဒ္ဓတွေရဲ့ ဦးခေါင်းနောက်မှာ အလင်းရောင်ခြည်စက်ဝိုင်းတွေ တစ်ထပ်ချင်းစီ ဘာလို့ရှိနေမှန်း အခုမှ ငါ သိတော့တယ်။ အဲဒါတွေက ယုံကြည်မှုစွမ်းအားတွေ ဖြစ်နေတာကိုး။"

ရွှေပင့်ကူသည် ဟုန်ယွိ၏ ဦးခေါင်းနောက်တွင် အလင်းရောင်စဉ်ဝိုင်း ခုနစ်ခု လင်းလက်နေသည်ကို မြင်ရပြီး၊ ဟုန်ယွိ လမ်းလျှောက်သည့်အခါ ၎င်းအလင်းရောင်စဉ်ဝိုင်းသည် အမြီးတန်းရှည်ကြီးပမာ လိုက်ပါနေသည်ကို မြင်ရလျှင်, ဝမ်းသာအားရ အော်ပျော်လိုက်သည်။ သူမသည် အပျင်းထူကောင် တစ်ကောင်ပမာ ဟုန်ယွိ၏ အဝတ်အစားကို ဆုပ်ကိုင်ကာ ပခုံးပေါ်တက်၍ လက်များဖြင့် ထိုအလင်းဝိုင်း ခုနစ်ခုကို ဆွဲကိုင်ကြည့်ရန် ကြိုးစားလေသည်။ (အပျင်းထူကောင်ဟူသည် - သစ်ပင်၌ တွဲလွဲဆွဲနေပြီး နှေးကွေးသည့် နို့တိုက်သတ္တဝါဖြစ်ပါသည်။)

"ဟေ့၊ မဆွဲနဲ့။ ဒီအလင်းဝိုင်း ခုနစ်ခုက စစ်မှန်တဲ့၊ သန့်စင်ပြီး၊ နတ်ဘုရား စိတ်ဝိညာဉ်ကို အန္တရာယ်ဖြစ်စေနိုင်တဲ့ စိတ်အားထက်သန်လွန်ကဲတဲ့ ယုံကြည်သူတွေရဲ့ အတွေးတွေပဲ။ မင်းရဲ့ ဝိညာဉ်ကို အရမ်း ထိခိုက်စေနိုင်တယ်။ မထိနဲ့။ ထိမိရင် သက်ရောက်ခံရပြီး မင်းရဲ့ဝိညာဉ်က ထာဝရ ဖျက်ဆီးခံရလိမ့်မယ်။ ပုံတူပန်းချီကားတွေထဲက ဗုဒ္ဓတွေ၊ နတ်ဘုရားတွေနဲ့ ဗောဓိသတ္တတွေမှာ အလင်းရောင်ခြည်ဝိုင်းတွေ ရှိနေတာက သူတို့ရဲ့ ဝိညာဉ်က ခိုင်မာပြီး ဘာ အတွေးအညစ်အကြေးမှ မရှိဘူးဆိုတာ ပြချင်လို့ပဲ။ ဒီအလင်းရောင်စဉ်ဝိုင်း ခုနစ်ခုက အသွားနှစ်ဖက်ပါ ဓားတစ်လက်လိုပဲ။" ဟုန်ယွိက သူမအား အလျင်အမြန် တားမြစ်လိုက်သည်။

ပြောခဲ့သည့်အတိုင်းပင် ရွှေပင့်ကူသည် အလင်းဝိုင်း ခုနစ်ခုကို ထိမိသွားသောအခါ, ခန္ဓာကိုယ်သည် တုန်ယင်သွားပြီး ချက်ချင်းပင် ငြိမ်သက်သွား သည်။

ထို့ပြင် ရွှေပင့်ကူ၏ ဝိညာဉ်က ဖန်ဆင်းထားသော ခန္ဓာကိုယ်သည် ပြိုကျစပြုလာသည်။ ၎င်းသည် အလင်းဝိုင်းများအတွင်းရှိ ယုံကြည်မှုဆိုင်ရာ အတွေးပေါင်းများစွာ၏ ရိုက်ခတ်မှုကို ခံရခြင်းကြောင့် ဖြစ်ကြောင်း ထင်ရှားသည်။

"အတိတ်က အနန္တတည်း၊ ထိုသဘောသဘာဝတရားက ဖောက်ပြန်ခြင်းမရှိ၊ တည်ငြိမ်စေ။"

ဟုန်ယွိက လက်ညှိုးဖြင့် အလျင်အမြန် ထိုးညွှန်လိုက်သည်။ ရွှေပင့်ကူ၏ မျက်စိရှေ့တွင် အတိတ်ဗုဒ္ဓတစ်ပါး လျပ်တပြက် ထွက်ပေါ်လာသည်။ ရွှေပင့်ကူ၏ ပြိုကျစပြုနေသော ခန္ဓာကိုယ်သည် ချက်ချင်းပင် ပြန်လည် စုစည်းသွားလေသည်။

"အံဩစရာပဲ၊ တကယ်ကို အံ့မခန်းပဲ။ အလင်းဝိုင်းတွေကို ထိလိုက်ရုံနဲ့ ဘဝပေါင်း တစ်ရာလောက် ပြန်လည် ဝင်စားခံရသလို ခံစားရတယ်။ ငါ့ဝိညာဉ်တောင် ပြန့်ကြဲတော့မလို ဖြစ်လာတယ်။ အာယွိ၊ နင် အခု ဖြူတစ်ကောင်လို ဖြစ်သွားပြီ။ ငါ မင်းကို မထိရဲတော့ဘူး။"

ရွှေပင့်ကူက သူမ၏ လက်ညှိုးကို စုပ်ရင်း ပြောလိုက်သည်။

"မင်းက အတိတ်ကျမ်းစာကို မကျင့်ကြံရသေးဘူး။ ဒါ့အပြင်, မင်းက အခု ခန္ဓာကိုယ် မရှိသေးတဲ့ ဝိညာဉ်သက်သက်ပဲလေ။ မင်းရဲ့ခန္ဓာကိုယ်နဲ့ အလင်းဝိုင်းတွေကို သေချာပေါက် ထိလို့မရဘူး။ ကျင်းရွှန်အာ၊ မင်း ဘယ်တော့မှ ရှင်ခြင်းနဲ့ သေခြင်းရဲ့ အတားအဆီးကို ဖြတ်ကျော်ပြီး တစ္ဆေ အင်မော်တယ် ဖြစ်လာမှာလဲ။ မင်း ခန္ဓာကိုယ် ပြောင်းလဲပြီးရင်တော့ အဆင်ပြေသွားလိမ့်မယ်။" ဟုန်ယွိက ခေါင်းခါရင်း ပြောသည်။ နှမြောစရာ ပဲ"ရှင်ခြင်းနဲ့ သေခြင်းရဲ့ အတားအဆီးဖြစ်တဲ့ သရဲအင်မော်တယ် နယ်ပယ်ဆိုတာက ကြိုးစားကျင့်ကြံရုံနဲ့ မကျော်လွှားနိုင်ဘူး။ ကံကောင်းဖို့လည်း လိုအပ်တာ။"

အကယ်၍, ရွှေပင့်ကူသည် ရုပ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ပြီး အလင်းဝိုင်းတွေကို ထိတွေ့လျှင်, မည်သည့်ပြဿနာမှ မရှိပေ။ သို့သော် သူမ၏ ဝိညာဉ်က အလင်းဝိုင်းတွေကို ထိမိပါက ကြီးမားသော ပြဿနာတစ်ခု ဖြစ်ပေါ်လာပေလိမ့်မည်။

"နှမြောစရာပဲ။ တကယ်လို့, သူသာ အသက်မဲ့ အနာဂတ်ကျမ်းရဲ့ အစစ်မှန်အသွင်ပြင်ကို သိနေခဲ့မယ်ဆိုရင် ဒီအလင်းဝိုင်း ခုနစ်ခုလုံးကို သူ့ရဲ့ နတ်ဘုရား စိတ်ဝိညာဉ်ထဲ ပေါင်းစပ်ပစ်နိုင်တယ်။ ဒါဆို၊ သူ့နတ်ဘုရား စိတ်ဝိညာဉ် စွမ်းအားက မယုံနိုင်လောက်အောင် တိုးလာမှာပဲ။ ဒါပေမဲ့ အခု ဒီနတ်ဘုရား ခုနစ်ပါးဟာ တစ္ဆေအင်မော်တယ် အဆင့်ကျွမ်းကျင်သူ ခုနစ်ယောက်ရဲ့ စွမ်းအားနဲ့ပဲ ညီမျှတယ်။ ဒါပေမဲ့ ဟုန်ယွိ၊ မင်းက အတိတ်ကျမ်းစာကို ကျင့်ကြံထားလို့ နတ်ဘုရားတွေကို ဖိနှိပ်နိုင်တာပဲ။ အတိတ်ကျမ်းနဲ့ အနာဂတ်ကျမ်းဟာ နဂိုကတည်းက ဒိုင်ဇင်ဘုရားကျောင်းရဲ့ ရှေးဟောင်းကျမ်းတွေထဲက အတွဲအဖက်ပဲ။"

နင်ဂျာဘုန်းကြီးသည် ဟုန်ယွိက နတ်ဘုရား ခုနစ်ပါးကို ဖိနှိပ်ပြီး သူ၏ ဦးခေါင်းနောက်ဘက်၌ အလင်းဝိုင်းများအဖြစ် ပြောင်းလဲလိုက်သည်ကို မြင်သောအခါ ခေါင်းညိတ်လိုက်သော်လည်း နောက်ပိုင်းတွင်, သူသည် ခေါင်းယမ်းလိုက်ပြန်သည်။ အဆုံးတွင်, သူသည် အနှိုင်းမဲ့ ကြီးမားခမ်းနား သည့် အသံဝါကြီးတစ်ခုဖြင့် မိုးချုန်းသံကဲ့သို့ ကျယ်လောင်စွာ အော်ပြောလိုက်သည်။

"ချီး…။ အဖွားကြီး၊ အသက်မဲ့ အနာဂတ်ကျမ်းရဲ့ ကျမ်းစာကို အမြန် ရွတ်ဆိုစမ်း။ ပြီးတော့ မဟာ လေဟာနယ် လက်ဝါးရဲ့ ကျင့်ကြံနည်းကိုလည်း ရွတ်ပြစမ်း။ ဟွန်း၊ ဒိုင်ဇင်ဘုရားကျောင်းရဲ့ ရှေးဟောင်းကျမ်းတွေကို တစ်ခုပြီးတစ်ခု စုဆောင်းရတော့မယ်။ ဒိုင်ဇင်ဘုရားကျောင်းကို ပြန်လည်တည်ထောင်ဖို့ ပထမအဆင့်က ရှေးဟောင်းကျမ်းတွေ စုဆောင်းဖို့ပဲ။"

သိုင်းသူတော်စင်တစ်ပါး၏ ကျယ်လောင်သော အော်ဟစ်သံကြောင့် ဟုန်ယွိ၏ နားများပင် အူပြီး ဆူညံသွားခဲ့သည်။

ရွှေပင့်ကူသည် သူမ၏ နားများကို လက်များဖြင့် ပိတ်ထားပြီး ပါးစပ်ကျယ်ကြီးဖြင့် အော်ဟစ်ပြီး၊ ခေါင်းကို အရူးအမူး ယမ်းခါနေသည်။

သိုင်းသူတော်စင်တစ်ပါး၏ ကျယ်လောင်သော အော်ဟစ်သံသည် အလွန်အားကောင်းသည်။ အနီးရှိ ရွှေပင့်ကူပင်လျှင် မသက်မသာ ခံစားရသည်။

"ဟား…၊ ဟား…၊ ဒါဆို မင်းတို့က ဒိုင်ဇင်ဘုရားကျောင်းက လူတွေပေါ့..."

ရူးသွပ်လုနီးပါး အခြေအနေသို့ ရောက်နေသည့် ထာဝရမိခင်သည် ကျယ်လောင်စွာ ရယ်မောလိုက်ပါသည်။ မည်သူမဆို မိမိ၏ ဆယ်စုနှစ်များစွာ ကြိုးစားကျင့်ကြံထားသမျှ အားလုံး တစ်နေ့တည်း ပျက်စီးသွားပြီး အခြားသူအတွက် အလုပ်လုပ်ပေးရမည်ဆိုလျှင် ရူးသွပ်သွားမည်သာ ဖြစ်သည်။

အထူးသဖြင့် အသက်မဲ့ အနာဂတ်ကျမ်း၏ နတ်ဘုရား စွမ်းအင်ကို ကျင့်ကြံရာတွင် အခြား တာအိုပညာများထက် ပိုမို ခက်ခဲပါသည်။

လူတစ်ယောက်သည် အခြား တာအိုပညာများကို ကျင့်ကြံရန် နက်ရှိုင်းသော တောင်တောင်များ၊ သစ်တောများထဲ၌ တိတ်ဆိတ်စွာ ပုန်းအောင်းနေပြီး၊ သူ့စိတ်ဝိညာဉ်ကို တိတ်တဆိတ် ကျင့်ကြံကာ တာအိုကျမ်းကို နားလည်အောင် ကြိုးစားရန်သာ လိုအပ်သည်။ သို့သော် အသက်မဲ့ အနာဂတ်ကျမ်း ကို ကျင့်ကြံရာတွင် ကိုးကွယ်မူ ယဇ်ပလ္လင်တစ်ခု ဖွင့်လှစ်ရသည်။ လူများကို လှည့်ဖြားရသည်။ အခြားလုပ်ဆောင်စရာ အများအပြား ရှိပြီး အင်ပါယာတရားရုံး၏ ချေမှုန်းခြင်းကိုလည်း ကာကွယ်ရသည်။

အသက်မဲ့ အနာဂတ်ကျမ်းကို ကျင့်ကြံခြင်း၏ အခက်အခဲသည် သာမန် တာအိုပညာ များထက် အဆတစ်ရာ ပိုမိုခက်ခဲသည်ဟု ဆိုနိုင်ပေသည်။

ထာဝရမိခင်သည် အခက်အခဲပေါင်းများစွာကို ဖြတ်သန်းပြီး လူထောင်ပေါင်းများစွာ စုဆောင်း၍ နောက်ဆုံးတွင် ဤနတ်ဘုရား ခုနစ်ပါးကို ကျင့်ကြံနိုင်ခဲ့သည်။ ယခု ၎င်းတို့အားလုံးသည် ဟုန်ယွိအတွက် အကျိုးပြုသွားသည်။ သူမ မရူးသွပ်ဘဲ နေနိုင်မည်လား။

ဤနတ်ဘုရား ခုနစ်ပါးကို လျှော့မတွက်သင့်ပေ။ ဤအလင်းရောင်စဉ်ဝိုင်း ခုနစ်ခုကို ကိုးကွယ်ယုံကြည်သူ ထောင်ပေါင်းများစွာက နေ့ညဉ့်မပြတ် ဆယ်စုနှစ်တစ်ခုခန့် ကိုးကွယ်ပူဇော်ခဲ့ရာမှ ရရှိခဲ့သော ယုံကြည်မူစွမ်းအားဖြင့် ကျင့်ကြံထားခြင်း ဖြစ်သည်။

ဆိုလိုသည်မှာ အသက်မဲ့ အနာဂတ်ကျမ်းကို ကျင့်ကြံလိုသူသည် ရှေးဦးစွာ ကိုးကွယ်ရန် ယဇ်ပလ္လင်တစ်ခု ဖွင့်ရသည်။ နေရာတိုင်း လှည့်လည်၍ ကိုးကွယ်သူများကို စုဆောင်းရသည်။ ထို့နောက် ကိုးကွယ်သူများကို ယုံကြည်မူရှိရှိဖြင့် နေ့စဉ်၊ လစဉ်၊ နှစ်စဉ် ကိုးကွယ်ပူဇော်စေရသည်။ ဆယ်နှစ်ကြာ ကိုးကွယ်ပြီးမှသာ ယုံကြည်ခြင်း အတွေးများကို သိပ်သည်းပြီး ထိုသို့သော နတ်ဘုရားများ ဖြစ်ပေါ်လာနိုင်သည်။

ဤကျင့်ကြံနည်းသည် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာအရ အလွန်ပင် ပင်ပန်းလွန်းပြီး၊ ထာဝရ အသက်ကိုတော့ မရရှိနိုင်ပေ။ တစ်ခုတည်းသော အားသာချက်မှာ စွမ်းအားကြီးမားခြင်းသာ ဖြစ်သည်။

"ဟွန်း…၊ ခင်ဗျားကို စိတ်ငြိမ်ငြိမ်ထားဖို့ ကျုပ် ပြောနေတယ်။"

ဟုန်ယွိသည် အလင်းဝိုင်းများကို ဖိနှိပ်ပြီးနောက် ထာဝရမိခင်ကြီး ရူးသွပ်နေသည်ကို မြင်သောအခါ သူ၏လက်ကို ဆန့်တန်းလိုက်ပြီး အနည်းငယ် ဆုပ်ကိုင်လိုက်သည်။ ထာဝရမိခင်၏ ဦးခေါင်းထက်တွင် ချီဝိညာဉ်ဝဲဂယက် အသေးစားတစ်ခု ပေါ်လာပြီး သူမ၏ ဝိညာဉ်ကို စုပ်ယူလိုက်သည်။

"အင်း…၊ ဒါဆို ခင်ဗျားက တစ္ဆေအင်မော်တယ် ဖြစ်အောင် ကျင့်ကြံခဲ့သားပဲ။ နတ်ဘုရား ခုနစ်ပါးအတွက် သုံးစွဲနေရတာကြောင့် ခင်ဗျားရဲ့ မူလ နတ်ဘုရား စိတ်ဝိညာဉ်က ကန့်သတ်ခံလိုက်ရပြီး၊ ခင်ဗျားရဲ့ကျင့်စဉ်အဆင့်က အများကြီး လျော့ကျသွားခဲ့တာကိုး။ အိမ်ရှေ့စံမင်းသားလို အစွမ်းထက်တဲ့လူက တစ္ဆေအင်မော်တယ်မဟုတ်တဲ့ လူတစ်ယောက်ကို အားကိုးနေမှာ မဟုတ်ဘူးလို့ ငါ ထင်သားတယ်။"

ဟုန်ယွိသည် ထာဝရမိခင်၏ စိတ်ဝိညာဉ်က လေထဲသို့ ပျံတက်လာပြီး၊ သူ၏ ချီဝိညာဉ်ဝဲဂယက်ဖြင့် စုပ်ယူခံရသည်ကို မြင်နေရသည်။ တဖြည်းဖြည်း နှင့် သူမသည် သတိပြန်ဝင်လာပြီး ပြင်းထန်စွာ ခုခံနေသည်။ ထိုနေရာတွင် ရှိနေသော လူအနည်းငယ်သည် ထာဝရမိခင်၏ ပြန်လည် ရရှိလာသော စိတ်ဝိညာဉ်သည် တကယ်တမ်းတွင် တစ္ဆေအင်မော်တယ်တစ်ပါး၏ ခန္ဓာကိုယ် ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း မြင်လိုက်ကြသည်။

မူလက ဟုန်ယွိသည် ထာဝရမိခင်၏ ကျင့်စဉ်အဆင့်က တစ္ဆေအင်မော်တယ်၏ အတားအဆီးကို မဖြတ်ကျော်နိုင်သေးဟု မြင်ခဲ့သည်။ ယခုမူ သူမ၏ နတ်ဘုရား ခုနစ်ပါးကို ဖိနှိပ်လိုက်သောအခါ သူမ၏ ကျင့်စဉ်အဆင့်သည် အလွန်အမင်း တိုးတက်လာပြီး တစ္ဆေအင်မော်တယ်တစ်ပါး ပြန်ဖြစ်လာခဲ့သည်။

ဤအချိန်၌ နတ်ဘုရား ခုနစ်ပါးကို ဖိနှိပ်ပြီးနောက် အမွှေးနံ့သာတိုင်ဖြင့် ယုံကြည်မူစွမ်းအား၏ စိတ်အားထက်သန်လွန်ကဲသော အတွေးများနှင့် အမှန်တကယ် ထိတွေ့ပြီးနောက် ဟုန်ယွိသည် အရာအားလုံးကို နားလည်သွားခဲ့သည်။ ထာဝရမိခင်သည် ပိုမိုကြီးမားသော စွမ်းအား၏ ဆွဲဆောင်မူ ကို ခံခဲ့ရပြီး၊ နတ်ဘုရားခုနစ်ပါးကို သိပ်သည်းနိုင်ရန်အတွက် သူမ၏ ပင်ကိုယ်စိတ် သဘာဝသည် အမွေးနံ့သာတိုင်နှင့် ယုံကြည်မူ စွမ်းအားတို့ကြောင့် သန့်သတ်ခြင်းခံခဲ့ရပြီး၊ ယခုအခါ သူမသည် မူလပုံစံသို့ ပြန်ရောက်လာပြီ ဖြစ်သည်။

"ဒါက အတိတ်ကျမ်းစာကို မကျင့်ကြံဘဲ အနာဂတ်ကျမ်းစာကို အတင်းအကျပ် ကျင့်ကြံခဲ့တဲ့ ရလဒ်ပဲ။ ယုံကြည်မှုဆိုတဲ့ အတွေးတွေက သာမန်လူတွေ ခံနိုင်တဲ့အရာ မဟုတ်ဘူး။ အရင်တုန်းက ဒိုင်ဇင်ဘုရားကျောင်းရဲ့ စီနီယာ ကျင့်ကြံသူတွေဟာ ဒီအကြောင်းပြချက်ကြောင့် အနာဂတ်ကျမ်းစာကို ကျင့်ကြံဖို့ ဝန်လေးခဲ့ကြတယ်။ စစ်မှန်တဲ့ အနာဂတ်ကျမ်းစာတောင် လူတစ်ယောက်ရဲ့ ပင်ကိုယ်စိတ်သဘာဝကို အလွယ်တကူ ထိခိုက်စေနိုင်သေးရင် မပြည့်စုံတဲ့ လက်ရေးမူကျမ်းစာဆို ပြောစရာတောင် မလိုတော့ဘူး။"

နင်ဂျာဘုန်းကြီးက ပြောသည်။

"သူမက တစ္ဆေအင်မော်တယ် ပြန်ဖြစ်ရင်တောင် စွမ်းအားက မကြီးမားတော့ဘူး။ ယန်ကျင့်ကျုံထက်တောင် အားနည်းသေးတယ်။ ငါ့ရှေ့မှာဆိုရင် သူမအနေနဲ့ ပြန်တိုက်ခိုက်နိုင်ဖို့ စွမ်းအား လုံးဝ မရှိတော့ဘူး။" ဟုန်ယွိက လက်တစ်ဖက်ဖြင့် ထပ်မံ ဆုပ်ကိုင်လိုက်ရာ ချီဝိညာဉ်ဝဲဂယက်၏ စွမ်းအားသည် နောက်ထပ် အဆင့်တစ်ခုအထိ တိုးလာခဲ့သည်။

"မလုပ်ပါနဲ့။ မလုပ်ပါနဲ့။ ငါ မဟာလေဟာနယ် လက်ဝါးနဲ့ အနာဂတ်ကျမ်းရဲ့ ကျမ်းစာကို ရွတ်ဆိုပြပါ့မယ်။ ငါ့ကျင့်ကြံမှုတွေ တစ်နေ့တည်းနဲ့ ပျက်စီးမသွားချင်ဘူး။"

ချီဝိညာဉ် ဝဲဂယက်ထဲတွင် ပြင်းပြင်းထန်ထန် ရုန်းကန်ရင်း ထာဝရမိခင်က စူးရှရှအသံဖြင့် အော်ပြောလိုက်သည်။

"ခင်ဗျားက အဲဒီလောက်ကြီး ရူးနေတာတော့ မဟုတ်ဘူးပဲ။ ဘယ်အချိန်မှာ ရှေ့တိုးသင့်၊ ဘယ်အချိန်မှာ နောက်ဆုတ်သင့်တယ်ဆိုတာ သိနေသေး တာပဲ။ တကယ်တော့ အမွှေးနံ့သာတိုင်နဲ့ ယုံကြည်မှုစွမ်းအားက လူတစ်ယောက်ရဲ့ စိတ်ဝိညာဉ်ကို လှည့်စားနိုင်တယ်။ ဒီလိုဆိုတော့, ခင်ဗျားရဲ့ ကျမ်းစာကို စိတ်ဝိညာဉ်နဲ့ ဖော်ထုတ်ပြလိုက်ပါ။"

ဟုန်ယွိက အေးစက်စွာ ပြုံး၍ ချီဝိညာဉ်ဝဲဂယက်ကို လွှတ်ပေးလိုက်ပါသည်။

ဤအချိန်၌ ထာဝရမိခင်သည် ဟုန်ယွိ၏ ရှေ့တွင် ခုခံရန်ပင် စွမ်းအားမရှိကြောင်း သိသည်။ မည်သည့် ခုခံမှုမဆို အချည်းနှီး ဖြစ်သောကြောင့် သူမသည် သူ၏ စိတ်ဝိညာဉ်ကို ဖြန့်ကျဲပြီး လေဟာနယ်ထဲတွင် လင်းလက်နေသော ကျမ်းစာများစွာကို ဖန်တီးလိုက်ပါသည်။

ထိုကျမ်းစာလုံးများသည် တစ်ခုပြီးတစ်ခု တန်းစီနေပြီး ပုံရိပ်များစွာ ပါဝင်သည်။ ထမင်းတစ်နပ် စားချိန်၏ အချိန်တစ်ဝက်ခန့် လင်းလက်နေပြီးနောက် ရုတ်တရက် ထိုကျမ်းစာလုံးများသည် တစ်စုတည်း တန်းစီသွားပြီး ဖြည်းဖြည်းချင်း လှုပ်ခါကာ ကြီးမားသော လက်ဝါးပုံသဏ္ဌာန်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။

ထိုလက်ဝါးကြီး၏ ဖွဲ့စည်းပုံသည် လူတစ်ယောက်၏ လက်နှင့် လုံးဝ ကွဲပြားပြီး တောတောင်များ၊ မြစ်များ၏ အကြောများနှင့် မြေကြီး၏ လတ္တီတွဒ်၊ လောင်ဂျီတွဒ်များကဲ့သို့ ဖြစ်နေသည်။ (လတ္တီတွဒ်ဟူသည် - (ကမ္ဘာမြေမျက်နှာပြင်ပေါ်ရှိ နေရာတစ်ခု၏ မြောက်-တောင် အကွာအဝေးကို တိုင်းတာ သော ပထဝီဝင် အတိုင်းအတာ)။ လောင်ဂျီတွဒ်ဟူသည် - ကမ္ဘာမြေမျက်နှာပြင်ပေါ်ရှိ နေရာတစ်ခု၏ အရှေ့-အနောက် အကွာအဝေးကို တိုင်းတာ သော ပထဝီဝင် အတိုင်းအတာ ဖြစ်သည်။

"ဒါက မဟာလေဟာနယ် လက်ဝါးလား။ တကယ်ပဲ နက်နဲပြီး သိမ်မွေ့တယ်။ လေ့လာဖို့ လိုအပ်တယ်။ ဒါ့အပြင်, ခင်ဗျားက လိုလိုလားလား ပူးပေါင်း ဆောင်ရွက်တဲ့အတွက် ကျုပ် မင်းကို ဒုက္ခ မပေးတော့ပါဘူး။ ဒါပေမဲ့ ခင်ဗျားကို ကျောက်စိမ်းမြို့တော်ကို ခေါ်သွားပြီး မင်းသားယုနဲ့ ဆွေးနွေးကာ အိမ်ရှေ့စံမင်းသားကို ရင်ဆိုင်ဖို့ တရားရုံးမှာ သက်သေခံခိုင်းရမယ်။"

ကျမ်းစာကို ဖတ်ပြီးနောက် ဟုန်ယွိက သူ့လက်ကို တစ်ဖန် ဝှေ့ယမ်းလိုက်ပြီး ကြည်လင်သော အလင်းတစ်ခုသည် ထာဝရမိခင်၏ စိတ်ဝိညာဉ်ကို ဖုံးအုပ်လိုက်ပါသည်။ ထို့နောက်, သူသည် ထိုအလင်းကို သူမ၏ ခန္ဓာကိုယ်ထဲသို့ ရိုက်ထည့်လိုက်သည်။

ထာဝရမိခင်၏ စိတ်ဝိညာဉ် ပြန်ဝင်လာသည်နှင့် သူမ၏ ခန္ဓာကိုယ်သည် လှုပ်ရှားလာပြီး မျက်လုံးများလည်း ဖွင့်လာသည်။ ဟုန်ယွိက သူ့လက်ကို တစ်ဖန် ဝှေ့ယမ်းလိုက်ရာ မဟူရာနတ်ဆိုးကျီးကန်း၏ အရိပ်က ဖျတ်ခနဲ့ လင်းလက်သွားပြီး၊ ချက်ချင်းပင် မဟူရာနတ်ဆိုးကျီးကန်း အစီရင်က ထာဝရမိခင်ကို လုံးဝ ဖိနှိပ်လိုက်ပါသည်။

"သူမကို ခေါ်ထုတ်သွား၊ လူသတ်သမားတစ်ယောက်လို သဘောထားပြီး၊ တိတ်တဆိတ် ထောင်သွင်း အကျဉ်းချထားလိုက်။ အသက်မဲ့တာအိုဂိုဏ်းက ခေါင်းဆောင်ကို ဒီနေရာမှာ ဖမ်းခံလိုက်ရတော့, အစစ်မှန် လေဟာနယ်ဂိုဏ်း ခေါင်းဆောင်လည်း ရောက်လာနိုင်တယ်။ သူတို့ကို အတူတူ ဖမ်းပြီး ကျောက်စိမ်းမြို့တော်ကို ပို့တာ အကောင်းဆုံးပဲ။"

ဟုန်ယွိသည် ပြောပြီးနောက် သူသည် စကြာဝဠာအိတ်မှ ထွက်လာကာ အခန်းထဲသို့ ပြန်ရောက်လာသည်။ တစ်ချိန်တည်းမှာပင် နင်ဂျာဘုန်းကြီးသည်လည်း ထာဝရမိခင်ကို ဆွဲယူကာ ထွက်လာခဲ့သည်။

"ညီငယ်ဟုန်၊ မင်းက ထာဝရမိခင်ကို တကယ် ဖမ်းမိလိုက်တာပဲ။ မင်းက တကယ်ကို လူတော်ပဲ။ မူလက ငါက ယဇ်ပလ္လင်တွေ အများကြီး မဖျက်ဆီးလိုက်ရလို့ အိမ်ရှေ့စံမင်းသားကို ရင်ဆိုင်နိုင်မယ့် သက်သေတွေ အလွန်နည်းသွားပြီလို့ ထင်နေခဲ့တာ။ အခု အိမ်ရှေ့စံမင်းသား မပြုတ်ကျရင်တောင် လုံးဝ အရှက်ကွဲအကျိုးနည်း ဖြစ်ရပြီ။"

ဝူယွမ်ပြည်နယ် အုပ်ချုပ်ရေးမှူး ဟောင်ချင်းချန်သည် အနောက်ဆောင် ပန်းအိမ်တော်ထဲတွင် လှည့်ပတ်သွားလာနေပြီး အလွန် စိတ်လှုပ်ရှားနေပုံရ သည်။

သူ၏ ရှေ့တွင် ထိုင်နေသူမှာ ဟုန်ယွိ ဖြစ်သည်။

ဤအချိန်၌ ဟုန်ယွိ၏ ဦးခေါင်းနောက်တွင် အလင်းရောင်စဉ်ဝိုင်း ခုနစ်ခု မရှိတော့ပေ။ ဟုန်ယွိ၏ လက်ရှိ ကျင့်စဉ်အဆင့်ဖြင့် နတ်ဘုရားဝိညာဉ် ခုနစ်ခုလုံးကို သဘာဝအတိုင်း ဖုံးကွယ်ထားနိုင်ပြီး၊ ထာဝရ မိခင်ကဲ့သို့ ဦးခေါင်းပေါ်တွင် အလင်းရောင်စဉ်ဝိုင်းများဖြင့် အချိန်တိုင်း ပြေးနေစရာ မလိုတော့ပေ။

"ထာဝရမိခင်ကို ကျွန်တော့်ရဲ့ တာအိုပညာတွေနဲ့ ဖိနှိပ်ထားတယ်။ သူမ မူးဝေနေတယ်။ သူမကို မြို့တော်ကို အမြန်ဆုံး ခေါ်သွားရမယ်။ ဒါပေမဲ့ အိမ်ရှေ့စံမင်းသားကို ဆန့်ကျင်ဖို့ သက်သေခံတဲ့ ကိစ္စမှာတော့ သတိထားရမယ်။ ခင်ဗျား ကိုယ်တိုင် ရှေ့ထွက်တာ အကောင်းဆုံးပဲ။ ကျွန်တော်ကတော့ နောက်ကွယ်မှာပဲ ဆက်ရှိနေမှာဖြစ်ပြီး ဘာကမ္မကုသိုလ်မှလည်း မယူချင်ဘူး။" ဟုန်ယွိက ပြောသည်။ "ကျွန်တော် ဒီနေ့ ထွက်ခွာတော့မယ်။ ဟောင်အစ်ကို၊ ခင်ဗျား ဘာလုပ်လုပ် သတိထားပါ။"

ဟုန်ယွိ ထွက်ခွာတော့မည်ကို ကြားသောအခါ ဟောင်ချင်းချန်က အလျင်အမြန် ပြောသည်။ "ညီငယ်ဟုန်၊ မင်း ထွက်ခွာတော့မှာလား။ ငါ့မှာ တာအိုပညာရှင်တွေ အားနည်းတယ်။ ထာဝရမိခင်ရဲ့ မှော်စွမ်းအင်က ဒီလောက် အစွမ်းထက်တာ။ မင်း ထွက်သွားပြီးနောက် တစ်ခုခု ဖြစ်သွားရင်, ငါ တားဆီးနိုင်မှာ မဟုတ်ဘူး။"

"စိတ်မပူပါနဲ့၊ ကျွန်တော် မင်းသားဆီ စာပို့ထားပြီးပြီ။ သူ အရေးပေါ် သူ့လူတွေကို လာကူညီခိုင်းလိမ့်မယ်။ အိမ်ရှေ့စံမင်းသားက အလယ်ပိုင်း ပြည်နယ် တစ်ခုလုံးကို ပိတ်ဆို့ထားရင်တောင် သူ့ကို တားနိုင်မှာ မဟုတ်ဘူး။" ဟုန်ယွိက လက်ဝှေ့ယမ်းလိုက်သည်။

"အိမ်ရှေ့စံမင်းသားက အစွမ်းထက်တယ်။ မင်းသားရဲ့ စွမ်းအားက ညီငယ်ဟုန်ရဲ့ အကူအညီ လိုအပ်နေတုန်းပဲ" ဟောင်ချင်းချန်က ခေါင်းငုံ့ကာ စဉ်းစားသည်။

"မင်းသားရဲ့ အင်အားကလည်း မသေးပါဘူး။" ဟုန်ယွိ၏ မျက်လုံးများက လင်းလက်သွားသော်လည်း ဆက်မပြောတော့ပေ။ သူက မတ်တတ်ရပ်ကာ ပြောသည်။ "ကောင်းပြီ၊ ဟောင်အစ်ကို၊ မင်းသားရဲ့ သတင်းကို တိတ်တဆိတ် စောင့်နေလိုက်! ကျွန်တော် အရင် သွားနှင့်မယ်။ ခင်ဗျား လိုက်ပို့စရာ မလိုဘူး။"

ထိုသို့ ပြောပြီးနောက် ဟုန်ယွိသည် အစေခံမလေး ငွေလ ယူလာသော ဝတ်ရုံကို ဝတ်ဆင်၍ ထွက်သွားတော့သည်။ လျှပ်စီးဖမ်းမြင်းသည် အပြင်ဘက်၌ တိတ်ဆိတ်စွာ ရပ်နေပြီး ဟုန်ယွိ စီးနင်းရန် စောင့်ဆိုင်းနေသည်။ အခြားပညာရှင် ၂၀ မှ ၃၀ ဝန်းကျင်လည်း တန်းစီပြီး မြင်းများပေါ် စီးနင်းနေကြသည်။

"သွားကြစို့။"

ဟုန်ယွိသည် မြင်းပေါ် ရောက်ပြီးနောက် မြင်းကို ပေါ့ပေါ့ပါးပါး ပုတ်လိုက်သည်။ လျှပ်စီးဖမ်းမြင်းသည် ခုန်တက်သွားသည်။

လူအုပ်ကြီးသည် နဂါးတစ်ကောင်ကဲ့သို့ စီးတန်း၍ စီးနင်းလိုက်ပါသွားရာ မြင်းခွာသံများသည် လေထဲ၌ လွင့်မျောလျက်ရှိသည်။ သူတို့သည် မျက်စိတစ်မှိတ်အတွင်းမှာပင် ဟောင်ချင်းချန်၏ အမြင်အာရုံထဲမှ ပျောက်ကွယ်သွားလေတော့သည်။

မြင်းများသည် ရွှံ့လမ်းပေါ်၌ ကဆုန်ပေါက် ပြေးလွှားနေကြပြီး၊ လေများက တရွှီရွှီ တိုက်ခတ်နေသည်။ လေပြင်းများက မြင်းများကို လိုက်မမီနိုင်သကဲ့သို့ ခံစားမှုမျိုး ဝိုးတဝါး ခံစားနေရသည်။

"သခင်လေး… ဘာလို့ ထာဝရမိခင်ကို ဝူယွမ်ပြည်နယ်မှာ ထားခဲ့တာလဲ။ တစ်ခုခု ဖြစ်ခဲ့ရင်..." သခင်ကျိုးက မြင်းပေါ်စီးနင်းရင်း ဟုန်ယွိကို မေးသည်။

"ကျုပ် ထာဝရမိခင်ပေါ်မှာ ကျုပ် စိတ်ဝိညာဉ်အမျှင်တစ်ခု ထားခဲ့တယ်။ တစ်ခုခု ဖြစ်ရင် ကျုပ် ချက်ချင်း သိနိုင်တယ်။ ဒါ့အပြင် ကျုပ်မှာ နောက်ထပ် အကြံစည်တစ်ခု ရှိတယ်။ သခင်ကျိုး၊ ခင်ဗျားက မင်းသားဟီချင်ရဲ့ ဦးနှောက်ပဲ။ ကျုပ် ဘာလုပ်ချင်လဲဆိုတာ ခင်ဗျား ခန့်မှန်းနိုင်မလား။"

ဟုန်ယွိက ပြုံးလိုက်သည်။ သူ၏ အသံသည် လေထဲတွင် အချိန်ကြာမြင့်စွာ ကျန်ရစ်နေသည်။

"သခင်လေးက မင်းသားယုရဲ့ အင်အားကို မြင်ချင်တာပေါ့ ဟုတ်လား။ အိမ်ရှေ့စံမင်းသားက အလယ်ပိုင်းပြည်နယ်ကို ပိတ်ဆို့ထားပေမယ့် မင်းသားယုမှာ အလယ်ပိုင်းပြည်နယ်ရဲ့ ကာကွယ်ရေးလိုင်းကို ဖြတ်ကျော်နိုင်တဲ့ အင်အား ရှိတယ်။ မင်းသားယုမှာ အဲဒီလိုအင်အားမျိုး မရှိရင်, သူ့အနေနဲ့ အိမ်ရှေ့စံမင်းသားနဲ့ ယှဉ်ပြိုင်ဖို့ အရည်အချင်း မရှိဘူး။"

သခင်ကျိုး၏ မျက်လုံးများက လင်းလက်သွားပါသည်။

"ခင်ဗျားက တကယ်ကို ဦးနှောက်ကောင်းတဲ့လူပဲ..." ဟုန်ယွိ ပြုံးလိုက်သည်။

"အာယွိ၊ ဒီတစ်ခါ, ငါတို့ ဘယ်ကို သွားမှာလဲ။" ရွှေပင့်ကူက ဟုန်ယွိ၏ ဝတ်ရုံထဲမှ ခေါင်းပြူထွက်လာပြီး မေးသည်။

"အလယ်ပိုင်းပြည်နယ်၊ ဒိုင်ဇင်ဘုရားကျောင်း ရဲ့ အပျက်အစီးနေရာကို!"

မြင်း ၂၀ မှ ၃၀ ဝန်းကျင်သည် အလယ်ပိုင်းပြယ်နယ်၏ ရွှံ့လမ်းမပေါ်၌ ကဆုန်ပေါက် ပြေးလွှားနေကြပြီး၊ ဝူယွမ်ပြည်နယ်မှ အလယ်ပိုင်းပြည်နယ်၏ ထိုက်ခန်ပြည်နယ်ရှိ ထိုက်ရှီတောင်သို့ အလျင်အမြန် သွားနေကြသည်။

ဒိုင်ဇင်ဘုရားကျောင်းသည် ထိုက်ရှီတောင်ပေါ်တွင် တည်ရှိသည်။ ထိုက်ရှီတောင်သည် မိုင်ပေါင်း ထောင်ချီ ကျယ်ဝန်းပြီး ပြည်နယ်သုံးခုကို ဖြတ်သန်းကာ၊ တော်ဝင်ချန်တစ်ခုလုံး၏ ဖန်ရွှေ နဂါးသွေးကြောများထဲမှ တစ်ခု ဖြစ်သည်။

"ဘယ်လောက် ခမ်းနားလိုက်တဲ့ ထိုက်ရှီတောင်ကြီး ပါလိမ့်။ ဒါက ဒိုင်ဇင်ဘုရားကျောင်းရဲ့ မွေးဖွားရာနေရာလား။"

နှစ်ရက်ကြာ စီးနင်းပြီးနောက် ဟုန်ယွိနှင့် အဖွဲ့သည် ထိုက်ခန်ပြည်နယ်သို့ နောက်ဆုံးတွင် ရောက်ရှိလာသည်။

ထိုက်ခန်ပြည်နယ်ကို ဝန်းရံထားသည့် အဆုံးမရှိသော တောင်တန်းများနှင့် တောင်ပေါ်ရှိ အရည်မပျော်သေးသော နှင်းများကို ကြည့်ရင်း ဟုန်ယွိ သည် ကြီးမားသော နဂါးကြီးတစ်ကောင်၏ အရှိန်အဝါကဲ့သို့ ခံစားလိုက်ရသည်။

နင်ဂျာဘုန်းကြီးသည် စွန့်အနေပုံရသည်။ သူသည် ထိုက်ရှီတောင်ကို အဝေးမှ ကြည့်ပြီး သူ့ဘာသာ ရေရွတ်နေသည်။ သူ ဘာပြောနေသည်ကို မည်သူမျှ မသိပေ။

"သွားကြစို့။ ဒိုင်ဇင်ဘုရားကျောင်းရဲ့ အပျက်အစီးနေရာက ထိုက်ရှီတောင်ရဲ့ ထိပ်မှာ ရှိတယ်။ အဓိက ခန်းမက ရှိနေတုန်းပဲ ဖြစ်ပေမယ့် စွန့်ပစ်ခံထားရတာကြာတော့ ပျက်စီးနေပြီ။" နင်ဂျာဘုန်းကြီးက ပြောသည်။

"ကောင်းပြီ။ ဒီညတော့ ငါတို့ ဒိုင်ဇင်ဘုရားကျောင်းရဲ့ အပျက်အစီးနေရာက အဓိကခန်းမမှာပဲ စခန်းချကြမယ်။ ဘာပဲဖြစ်ဖြစ် ငါတို့မှာ လိုအပ်တဲ့ ပစ္စည်းတွေ အကုန်ရှိတယ်။ ဘယ်နေရာမှာနေနေ နေစရာအတွက် ပူစရာမလိုဘူး။ ထိုက်ခန်ပြည်နယ်ထဲကို မဝင်တာ အကောင်းဆုံးပဲ။ သဲလွန်စတွေ မချန်ထားမိအောင်ပေါ့။ အလယ်ပိုင်းပြည်နယ် အုပ်ချုပ်ရေးမှူးချုပ်ရုံးက ဒီမှာ ရှိနေတယ်။ အုပ်ချုပ်ရေးမှူးချုပ် ရွှဲ့ဟွမ်ကျန်းကလည်း အိမ်ရှေ့စံ မင်းသားရဲ့ လူ ဖြစ်နေနိုင်တယ်။"

ဟုန်ယွိက ခေါင်းညိတ်လိုက်သည်။

လူအုပ်ကြီးသည် ဒိုင်ဇင်ဘုရားကျောင်း၏ အပျက်အစီးနေရာသို့ ထွက်ခွာသွားကြလေသည်။

All Chapters