← Chapters

အဲဒါ... ပေါက်ကွဲစမ်း

Vol. 27 Ch. 382

အဲဒါ... ပေါက်ကွဲစမ်း

Vol. 27 Ch. 382

အခန်း (၃၈၂) အဲဒါ... ပေါက်ကွဲစမ်း

ထိုကိစ္စ ဆုံးဖြတ်ပြီးသည်နှင့် ကျောက်စိမ်းပင်လယ်မြို့တော်မှ အကြီးအကဲက ရန်ကျောက်ကဲကို လက်ဝါးရိုက်ချက်ဖြင့် တွန်းထုတ်လိုက်ရာ သူ၏ပုံရိပ်က ခန်းမဆောင်အလယ်ဗဟိုသို့ လွင့်ပျံထွက်ခွာသွားသည်။

ထိုအကြီးအကဲက...

“ကျေးဇူးပြုပြီး တံခါးဖွင့်ပေးလိုက်ပါ ဂိုဏ်းတူအစ်ကို’ယွိ’”

မကြာမီ ရန်ကျောက်ကဲလွင့်ပျံဝင်ရောက်သွားသော ခန်းမကြီးအတွင်းမှ သဏ္ဌန်မဲ့အရံအတားထက်တွင် တံခါးပေါက်ငယ်တစ်ခု ပွင့်ဟလာသည်။

ပင်မခန်းဆောင်ကြီးအတွင်း ရောက်ရှိသည်နှင့် အကြီးအကဲ’ယွိ’ က ပင်မအစီအရင်ကို ထိန်းချုပ်ထားကြောင်း တွေ့ရသည်။

သူ့နံဘေးတွင် ကျောက်စိမ်းပင်လယ်မြို့တော်မှ အကြီးအကဲတစ်ယောက်တင်ပျဉ်ခွေထိုင်နေပြီး မျက်နှာက စာရွက်တစ်ရွက်ပမာ ဖြူဖျော့အားနည်းလျှက်ရှိသည်။

ထိုပုဂ္ဂိုလ်မှာ အစောပိုင်းက ကျောက်စိမ်းပင်လယ် ပင်မအစီအရင်ကို ထိန်းချုပ်ခဲ့သောအကြီးအကဲဖြစ်ပြီး ယခု သူ့နေရာကို အကြီးအကဲ’ယွိ’ က အစားထိုးဝင်ရောက် တာဝန်လွှဲယူလိုက်ခြင်း ဖြစ်သည်။

သူသာ အချိန်မီ တာဝန်မလွှဲပြောင်းခဲ့ပါက ဤအဘိုးကြီးမှာ အပြင်ဘက်မှ မီးတောက်မိစ္ဆာများ၏တိုက်ခိုက်မှုကြောင့် စွမ်းအားများ လုံးလုံးလျားလျား ကုန်ဆုံးသွားမည် ဖြစ်သည်။

လက်ရှိတွင် အကြီးအကဲ’ယွိ’ မှာလည်း ဒဏ်ရာအပြင်းအထန်ရထားပြီး အခြေအနေ အလွန်ဆိုးရွားလျှက် ရှိသည်။

အပြင်ဘက်ရှိ ကျောက်စိမ်းပင်လယ်မြို့တော် ဝါရင့်အကြီးအကဲများ၏ သတင်းပေးပို့ချက် ရရှိထားပြီးဖြစ်ရာ အကြီးအကဲ’ယွိ’က အခြေအနေကို အကျဉ်းချုံးသိရှိပြီးဖြစ်သည်။ သူက ရန်ကျောက်ကဲဘက်သို့လှည့်ကာ ခေါင်းညိတ်ပြလိုက်သော်လည်း စကားပြောဆိုရန် မတတ်နိုင်ခဲ့ပေ။

ရန်ကျောက်ကဲကလည်း လောကွတ်ချော်မနေတော့ဘဲ ခန်းမဆောင်အနောက်ဘက်သို့ တန်းဝင်သွားတော့ ပင်မခန်းဆောင်အတွင်းမှ အကြီးအကဲတစ်ယောက်က ရန်ကျောက်ကဲနောက်သို့ လိုက်ပါသွားသည်။

ပင်မခန်းဆောင်အတွင်းပိုင်းတွင် ကျောက်စိမ်းရောင်ရေလိုက်ကာတစ်ခု ရှိနေပြီး အတွင်းသို့ ထွင်းဖောက်တွေ့မြင်ရခြင်း မရှိပေ။ သို့သော် အတွင်းမှ ရွှေရောင်အလင်းတန်းများ စိမ့်ထွက်နေသည်ကို တွေ့မြင်ရသည်။

ဤနေရာက ကျောက်စိမ်းပင်လယ်မြို့တော်၏ မြို့တော်သခင် ‘စုန့်ဝူလျန်’ “ကျောက်စိမ်းပင်လယ်နတ်ဆေးဓား” ပြုလုပ်ရန်အတွက် တံခါးပိတ်ကျင့်ကြံနေသည့် နေရာဖြစ်သည်။

ရန်ကျောက်ကဲက သူ့နောက်မှလိုက်လာသည့် ကျောက်စိမ်းပင်လယ်မြို့တော်မှ ဝါရင့်အကြီးအကဲကို လှည့်ကြည့်လိုက်သည်။ ထို့နောက် အတူလမ်းလျှောက်ရင်း ကျောက်စိမ်းရေလိုက်ကာကြီးအတွင်းသို့ ဝင်ရောက်လိုက်ကြ၏။

ရေလိုက်ကာအတွင်းဝင်ရောက်လိုက်တော့ နေရာတစ်ခုလုံး ကျောက်စိမ်းရောင်စီးကြောင်းများဖြင့် ပြည့်နက်နေသဖြင့် ရန်ကျောက်ကဲ ခြေလှမ်းများရပ်တန့်လိုက်သည်။

သူနှင့်အတူလိုက်လာသည့် ကျောက်စိမ်းပင်လယ်မြို့တော်မှ အကြီးအကဲကလည်း ခြေလှမ်းများရပ်တန့်လိုက်ပြီး လေထဲတွင် ဝိညာဉ်သင်္ကေတအချို့ လက်ဖြင့်ရေးဆွဲလိုက်သည်။

ဝိညာဉ်သင်္ကေတများက တဖြည်းဖြည်းမှိန်ဖျော့သွားပြီး လေထုထဲတွင် ပျောက်ကွယ်သွားသည်။

ထို့နောက် သူတို့ရှေ့တွင် ကြီးမားသောစွမ်းအားကြီးတစ်ခုကို ခံစားလိုက်ရသည်။ ထိုသူမှာ ကျောက်စိမ်းပင်လယ်သိုင်းသူတော်စင် ‘စုန့်ဝူလျန်’ ဖြစ်ကြောင်း မေးစရာပင် မလိုအပ်ပေ။

စုန့်ဝူလျန်က လှုပ်ရှားနိုင်ခြင်းမရှိသော်လည်း အပြင်ဘက်တွင်ဖြစ်ပျက်နေသည့်အရာမှန်သမျှကို သိရှိနေသည်။

ရန်ကျောက်ကဲက စုန့်ဝူလျန်၏အတွေးများကို ရှင်းရှင်းလင်းလင်း မသိနိုင်သော်လည်း မြို့တော်သခင်က သူ့ကိုငြင်းဆန်သည့်လက္ခဏာမရှိကြောင်း ရိပ်မိသည်။

ရန်ကျောက်ကဲ သူ့ဘေးမှ အကြီးအကဲကို ခေါင်းတစ်ချက်ညိတ်ပြပြီး ကျောက်စိမ်းရောင်ရေစီးကြောင်းများအတွင်း စီးဆင်းဝင်ရောက်သွားသည်။

အပြင်ဘက်မှကြည့်မည်ဆိုလျှင် ပင်မခန်းဆောင်အလယ်ဗဟိုတွင် ထူထဲသော ကျောက်စိမ်းရေတိုင်လုံးကြီးတစ်ခု ထွက်ပေါ်လာသည်ကို တွေ့ရမည်ဖြစ်သည်။ ထိုရေတိုင်လုံးကြီးက တဟုန်ထိုးမြင့်တက်လာပြီး ကျောက်စိမ်းပင်လယ်မြို့တော်ကို လွှမ်းခြုံကာကွယ်ထားသည့် ပင်မအစီအရင်အမိုးထိပ်နှင့် သွားရောက်ပေါင်းစပ်သည်။

ထိုကျောက်စိမ်းရေတိုင်လုံးကြီးထဲတွင် ရန်ကျောက်ကဲပုံရိပ်ပေါ်လာသည်။

သူက ခေါင်းမော့လိုက်ပြီး အပေါ်ဘက်ရှိ အစိတ်စိတ်အမွှာမွှာပျက်ဆီးနေသော ဝိညာဉ်သင်္ကေတများကို ကြည့်လိုက်သည်။ ပျက်ဆီးနေသော ပင်မအစီအရင်ကြီးသည် အချိန်မရွေး ပြိုကျလာနိုင်ဟန်ပင်။ ထို့နောက် သူက ခေါင်းငုံ့လိုက်ပြီး အောက်ဘက်မှ ကျောက်စိမ်းပင်လယ်မြို့တော်ကို ကြည့်လိုက်သည်။ ပြီးနောက် ပင့်သက်တစ်ချက်ရှူသွင်းလိုက်ပြီး မျက်ဝန်းများက တည်ငြိမ်နက်ရှိုင်းသွားသည်။

အောက်ဘက်ရှိ ပင်မခန်းဆောင်ကြီးထဲတွင်တော့ အကြီးအကဲ’ယွိ’ က ကျောက်စိမ်းပင်လယ် ပင်မအစီအရင်ကို ထိန်းချုပ်ရင်း ပင်လယ်ရေပြင်ထက်တွင် မီးတောက်မိစ္ဆာများနှင့် တိုက်ခိုက်နေသော ယွမ်ကျန်းဖုန်းနှင့် အန်းချင်လင်ထံသို့ ရန်ကျောက်ကဲ ပေးပို့ခိုင်းသည့်သတင်းအား ပေးပို့လိုက်သည်။

ရန်ကျောက်ကဲ ဘာလုပ်မည်ကို မသိသည့်တိုင် ယွမ်ကျန်းဖုန်းက ကြယ်တာရာသန့်စင်ချီဝတ်ရုံမှ ကြည်လင်သောချီစွမ်းအားစီးကြောင်းများကို ချက်ချင်းပင် ထုတ်လွှတ်လိုက်သည်။

အနက်ရောင်နှင့်အဝါရောင်ရောစပ်ထားသော ပုတီးစေ့သဏ္ဌန်ရှိသည့် ကြည်လင်သောချီစွမ်းအားစီးကြောင်းများက သိပ်သည်းသွားပြီး အနက်ရောင်နှင့်အဝါရောင်ကြယ်စင်အမှုံအမွှားလေးများအဖြစ် ပြောင်းလဲသွားကာ ပင်လယ်ရေအောက်သို့ စီးဆင်းဝင်ရောက်သွားသည်။

မီးတောက်မိစ္ဆာဘုရင်က ယွမ်ကျန်းဖုန်း၏ လုပ်ရပ်များကိုနားမလည်သော်လည်း ဟန့်တားရန် ကြိုးစားသည်။

ယွမ်ကျန်းဖုန်းက တစ်ဖက်တွင် မီးတောက်မိစ္ဆာဘုရင်နှင့် တိုက်ခိုက်ရင်း အခြားဘက်မှလည်း ကြယ်တာရာသန့်စင်ချီဝတ်ရုံမှ ကြည်လင်သောချီစွမ်းအားစီးကြောင်းများကို ပင်လယ်အတွင်းသို့ ထုတ်လွှတ်‌ပေးနေသည်။

ကျောက်စိမ်းပင်လယ်ပင်မအစီအရင်နှင့် ထိစပ်နေသည့် ရေတိုင်လုံးကြီးအတွင်းတွင်ရှိနေသော ရန်ကျောက်ကဲက အပေါ်သို့ခေါင်းမော့ကြည့်ကာ အနီးကပ်စူးစိုက်လေ့လာလိုက်သည်။

ကြယ်တာရာသန့်စင်ချီဝတ်ရုံ၏ စွမ်းအားအနှစ်သာရဖြစ်သော ကြည်လင်သည့်ချီစွမ်းအားများ ကျဆင်းလာသည်ကို တွေ့သည်နှင့် ရန်ကျောက်ကဲမျက်ဝန်းများ တောက်ပသွား၏။

ကြည်လင်သောချီစွမ်းအားများက ကျောက်စိမ်းရေတိုင်လုံးကြီးထက်တွင် စုစည်းလာပြီး အတွင်းသို့ စီးဆင်းဝင်ရောက်လာသည်။

တစ်ချိန်တည်းမှာပင် အကြီးအကဲ’ယွိ’ က ကျောက်စိမ်းပင်လယ် ပင်မအစီအရင်ကြီးကို ပြောင်းပြန်လှည့်ကာ စွမ်းအားများကို ပင်မခန်းဆောင်ရှိရာသို့ လွှဲပြောင်းပေးလိုက်သည်။

ကြီးမားလှသော အရှေ့နဂါးကျွန်းကြီးက သိမ့်ခနဲတုန်ခါသွားပြီး ပင်လယ်မျက်နှာပြင်ထက်သို့ ပြန်လည်ထွက်ပေါ်လာသည်။

အရှေ့နဂါးကျွန်းကို လွှမ်းခြုံထားသည့် ကြည်လင်သောရေလိုက်ကာကြီးက ကျွန်း၏ဗဟိုချက် အပေါ်တည့်တည့်တွင် ဖြည်းဖြည်းချင် စတင်စုစည်းသွားသည်။

မရေမတွက်နိုင်သော ဝိညာဉ်သင်္ကေတများ ၊ များပြားလှစွာသော ဝိညာဉ်အစီအရင်များအတွင်းမှ ကြီးမားသည့်အဖျက်စွမ်းအားများ ထွက်ပေါ်လာသဖြင့် တစ်ခုပြီးတစ်ခု ပြိုကျပျက်ဆီးသွားသည်။

ကျောက်စိမ်းပင်လယ်မြို့တော် ပင်မခန်းဆောင်ထက်တွင် စုစည်းလာသော ပင်မအစီအရင်စွမ်းအားများက ကြီးမားသော ကျောက်စိမ်းရောင်ရေထုထည် အလုံးကြီးတစ်လုံး ဖြစ်တည်လာသည်။

ထိုအချိန် ရေပေါ်သို့ ပြန်လည်ထွက်ပေါ်လာသော အရှေ့နဂါးကျွန်းထက်တွင် တည်ရှိသည့် ကျောက်စိမ်းပင်လယ်မြို့တော်သည် နေ့အလင်းရောင်ကို ထပ်မံမြင်တွေ့ခံစားလိုက်ရသည်။

ထိုအချန် အရှေ့နဂါးကျွန်းပေါ်တွင် တည်ရှိသော ကျောက်စိမ်းပင်လယ်မြို့တော်သည် နေ့အလင်းရောင်ကို ထပ်မံတွေ့မြင်ခံစားလိုက်ရသည်။ မီးတောက်များက ကောင်းကင်တစ်ခွင်လုံးကို မီးပင်လယ်တစ်ခုပမာ လွှမ်းခြုံထားပြီး ကြောက်မက်ဖွယ်ရာစွမ်းအားများ ထွက်ပေါ်လျှက် ရှိသည်။

ယွမ်ကျန်းဖုန်းနှင့် အန်းချင်လင်တို့သာ ကာကွယ်မပေးပါက အရှေ့နဂါးကျွန်းတစ်ခုလုံး ချက်ချင်းပင် မီးလောင်ပြာကျသွားနိုင်သည်။

ပင်မအစီအရင်စွမ်းအားများကို စုစည်းထားသည့် ကြီးမားသော ကျောက်စိမ်းရောင်ရေစက်လုံးကြီးက စတင်ကျုံ့ဝင်လာပြီး များပြားလှသော ကျောက်စိမ်းရောင်ရေများက  ရေတိုင်လုံးတစ်လျှောက် အောက်သို့တည့်တည့်မတ်မတ် ကျဆင်းလာကာ ကျောက်စိမ်းပင်လယ် ပင်မခန်းဆောင်ကြီးဆီသို့ အရှိန်ဟအုန်ဖြင့် ဝင်ရောက်လာသည်။

ရေတိုင်လုံးကြီးအတွင်းရှိနေသော ရန်ကျောက်ကဲမှာ ကြီးမားသောဖိအားကြီး ကြိတ်မှိတ်ခံလိုက်ရသည်။

သို့သော် သူက မျက်နှာတစ်ချက်မပျက်ဘဲ ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်သည်။ ထိုအရာက ‘အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖို’ ပင်။

ကြယ်တာရာသန့်စင်ချီဝတ်ရုံမှ ကြည်လင်သောချီစွမ်းအားများနှင့် ကျောက်စိမ်းပင်လယ်ပင်မအစီအရင် ပြောင်းပြန်လှည့်ပတ်ခြင်း စွမ်းအားပေါင်းစည်းမှုက ဤအန္တရယ်များသော အခြေအနေကို ပြောင်းလဲပစ်ရန် မလုံလောက်ပေ။

မဟုတ်ပါက ကျောက်စိမ်းပင်လယ်မြို့တော်မှ လူများသည်လည်း ဤနည်းလမ်းအတိုင်း သတ္တိရှိရှိ အကောင်အထည်ဖော်ရန် အစီအစဉ်တစ်ခုကို တွေးတောနိုင်မည် ဖြစ်သည်။

ရန်ကျောက်ကဲက အချက် (၃)ချက် ပြုလုပ်ပေးရန် တောင်းဆိုခဲ့သည်။

ပထမဆုံးအချက်မှာ သူ့ကို ကျောက်စိမ်းပင်လယ်မြို့တော် ပင်မခန်းဆောင်အတွင်း ဝင်ခွင့်ပြုရန်ဖြစ်ပြီး ထိုသို့ပြုလုပ်ရသည့်အကြောင်းရင်းက ‘အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖို’ အတွက် ဖြစ်သည်။

ဝါဒတောင်နှင့် ရန်ကျောက်ကဲက သုတေသနများစွာ ပြုလုပ်ပြီး အဆင့်မြှင့်တင်ရန် ကြိုးပမ်းခဲ့ပြီးနောက် လက်ရှိ ‘အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖို’ က ယခင်ကထက် များစွာတိုးတက်လာသည်။

သို့ပေသိ ဝိညာဉ်ခန္ဓာသိုင်းဆရာသခင်တစ်ယောက်အနေဖြင့် အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုတစ်ခုတည်းကို အားကိုးပြီး အထွတ်ထိပ်မှော်ဝင်ပစ္စည်းပြုလုပ်ရာတွင် ဝင်ရောက်စွက်ဖက်ချင်သည်ဆိုလျှင် လုံလောက်သည်ဟု မဆိုနိုင်သေးပေ။

သို့သော် ရန်ကျောက်ကဲက ယင်းအတွက် ပြင်ဆင်ထားပြီးဖြစ်သည်။

“ပွင့်စမ်း...”

ကျုံးဝါးသံနှင့်အတူ ရန်ကျောက်ကဲက အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုကို ပုတ်လိုက်ရာ မီးပြင်းဖိုအဖုံးပွင့်သွားပြီး ကြယ်တာရာသန့်စင်ချီဝတ်ရုံမှ စီးဆင်းလာသော ကြည်လင်သောချီစွမ်းအားများက အထဲသို့ ဝင်ရောက်သွားသည်။

မီးပြင်းဖိုအဖုံးပိတ်လိုက်သည်နှင့် ‘အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖို’ က ပြင်းထန်စွာ တုန်လှုပ်သွားသည်။

“အဲဒါ...”

စကားဆက်မပြောမီ ရန်ကျောက်ကဲက ပင့်သက်တစ်ချက်ရှူသွင်းလိုက်သည်။

ပြီးမှ ကျယ်လောင်သောအသံဖြင့်...

“ပေါက်ကွဲစမ်း...”

ထို့နောက် သူက အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုထက်သို့ လက်ဝါးဖြင့် ရိုက်ချလိုက်ရာ ကြီးမားသောမီးပြင်းဖိုကြီးက ဥက္ကာပျံတစ်စင်းအလား ကျောက်စိမ်းပင်လယ်မြို့တော်၏ ပင်မခန်းဆောင်အလယ်ဗဟိုသို့ တည့်တည့်မတ်မတ် အရှိန်အဟုန်ဖြင့် ဝင်ရောက်သွားသည်။

သို့သော် ခန်းမဆောင်ထဲမရောက်ခင် တောက်ပသောအလင်းတန်းများဖြင့် ပေါက်ကွဲထွက်သွားပြီး ပြောင်းပြန်လှည့်ပတ်နေသော ပင်မအစီအရင်စွမ်းအားများနှင့် ကြည်လင်သောချီစွမ်းအားများ ရောစပ်ပြီး စုန့်ဝူလျန် တံခါးပိတ်ကျင့်ကြံနေရာနေရာသို့ ဝင်ရောက်သွားသည်။

ချက်ချင်းပင် အရှေ့နဂါးကျွန်းတစ်ခုလုံး နောက်တစ်ကြိမ် ပြင်းထန်စွာ တုန်လှုပ်သွားသည်။

ကျောက်စိမ်းပင်လယ်မြို့တော်၏ ပင်မခန်းဆောင်ကြီးမှ တောက်ပသောရွှေရောင်အလင်းတန်းများက ကောင်းကင်ယံထက်သို့ ဖြာလင်းသွားသည်။

ထို့နောက် ကြောက်မက်ဖွယ်ရာဆူနာမီလှိုင်းလုံးကြီးတစ်ခုက အရှေ့နဂါးကျွန်းကို ဗဟိုပြုထွက်ပေါ်လာသည်။

သို့သော် ကောင်းကင်အထိ မြင့်တက်သွားသော ဒီရေများက ပြင်ပ အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့သွားမည့်အစား ကျောက်စိမ်းပင်လယ်မြို့တော်တည်ရှိရာ အရှေ့နဂါးကျွန်းသို့သာ ဗဟိုပြုဝင်ရောက်လာသည်။

မရေမတွက်နိုင်သော ရေလှိုင်းလုံးများက အရှေ့နဂါးကျွန်းကို နောက်တစ်ကြိမ် ဖုံးလွှမ်းလာသည့်အချိန်‌ ကျောက်စိမ်းပင်လယ်မြို့တော်၏ပင်မခန်းဆောင်မှ ရွှေရောင်အလင်းတန်းများထွက်ပေါ်လာပြီး ရေလှိုင်းလုံးများအားလုံးကို လျှင်မြန်စွာ စုပ်ယူပစ်လိုက်သည်။

ထိုခဏမှာပင် ရွှေရောင်အလင်းတန်းများက ကျောက်စိမ်းရောင်ဓားဝိညာဉ်အဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားသည်။

ထို ကျောက်စိမ်းရောင်ဓားအလင်းတန်းက ပင်လယ်ခုနစ်စင်းသို့ လွှမ်းခြုံသွားပြီး အဆုံးမရှိ ခမ်းနားသော ဓားဝိညာဉ်တစ်ခု မွေးဖွားဖြစ်တည်လာသည်။

ကျောက်စိမ်းပင်လယ်မြို့တေ်အတွင်းမှ အကြီးအကဲ’ယွိ’ နှင့် အခြားသူများက ဤမြင်ကွင်းကိုတွေ့သည်နှင့်...

“ငါတို့ကျောက်စိမ်းပင်လယ်မြို့တော်ရဲ့ အထွတ်ထိပ်မှော်ဝင်ပစ္စည်း ‘ကျောက်စိမ်းပင်လယ်နတ်ဆေးဓား’ အောင်မြင်ခဲ့ပြီ”

မြို့တော်တစ်ခုလုံး၏ ကာလရှည်ကြာအိပ်မက်သည် နောက်ဆုံးတွင် အောင်မြင်ခဲ့လေပြီ။

ယခုပင် သူတို့အားလုံး သေလုနီးပါးခံစားခဲ့ရသော ဘေးဒုက္ခကြီးကို တွေးတောရင်း ပျော်ရွှင်သည့်စိတ်နှင့်အတူ မျက်ရည်များပင်ကျလုနီးပါး ခံစားကြရသည်။

ကောင်းကင်ထက်တွင်ရှိနေသည့် မီးတောက်မိစ္ဆာများသည် အောက်ဘက်မှဖြစ်ပေါ်သွားသည့် အပြောင်းအလဲများကို ခံစားလိုက်ရသဖြင့် မျက်နှာများပျက်သွားကြသည်။

အချို့သောမီးတောက်မိစ္ဆာများက ဆုတ်ခွာထွက်ပြေးရန် ဟန်ပြင်ကြသည်။ အချို့ကတော့ ယွမ်ကျန်းဖုန်းနှင့် အန်းချင်လင်တို့ကို အရေးမစိုက်ဘဲ ကျောက်စိမ်းပင်လယ်မြို့တော်ကို အတင်းအကျပ် ဝင်ရောက်တိုက်ခိုက်လိုကြသည်။ အချို့ကတော့ ယွမ်ကျန်းဖုန်းနှင့် အန်းချင်လင်ကို အမှုန့်ချေသတ်ဖြတ်လိုနေကြသည်။

ကျောက်စိမ်းပင်လယ်မြို့တော်ကို လွှမ်းခြုံထားသော ကျောက်စိမ်းရောင်ဓားဝိညာဉ်က ရုတ်တရက် ပျောက်ကွယ်သွားသည်။

သို့သော် ကြောက်မက်ဖွယ်ရာဓားဝိညာဉ်က ကောင်းကင်ထက်သို့ အရှိန်အဟုန်ဖြင့် ရောက်ရှိလာပြီး မီးတောက်မိစ္ဆာများကို ကြောက်မက်ဖွယ်ရာ တိုက်ခိုက်လိုက်၏။

ရန်ကျောက်ကဲက ကျောက်စိမ်းရောင်ရေတိုင်လုံးကြီးအတွင်းမှ ပျံသန်းထွက်ခွာလာပြီး လက်နှစ်ဖက်နောက်ပစ်ကာ လေထဲတွင် အေးအေးလူလူ မတ်တတ်ရပ်ရင်း မြင်ကွင်းကို ကြည့်နေသည်။

အောက်ဘက်တွင်ရှိနေသော ကျောက်စိမ်းပင်လယ်မြို့တော်မှ သိုင်းကျင့်ကြံသူများအားလုံး သူ့ကို ကြည့်နေကြသည်။

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူတို့၏ အသက်အရွယ် ရာထူးအဆင့်အတန်းများ မည်သို့ပင်ရှိစေကာမူ အားလုံးက ရန်ကျောက်ကဲကို ဦးညွှတ်ဂါရဝပြုလိုက်ကြလေသည်။

All Chapters