အခန်း (၂၆၃-၂၆၄)
Vol. 24 Ch. 263-264
အခန်း (၂၆၃)။
"ဒီဒိုင်ဇင်ဘုရားကျောင်းက တကယ်ကို ခမ်းနားလွန်းတယ်။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က ကိုယ်ခံပညာရဲ့ မြင့်မြတ်တဲ့ နေရာတစ်ခုဖြစ်တဲ့ ဒီနေရာဟာ ဘယ်လောက်တောင် ခမ်းနားခဲ့မလဲဆိုတာ ငါ စဉ်းစားလို့တောင် မရနိုင်ဘူး။"
မှောင်မိုက်သော ညအချိန်တွင် ကောင်းကင်ယံ၌ ကြယ်များက လင်းလက်နေသည်။ အေးစက်သော လေအေးများထဲတွင် ညလေပြင်း၏ လေတိုးသံများက ပြင်းထန်စွာ ထွက်ပေါ်နေသည်။ တောင်တန်း သစ်တောများထဲမှ တရွှီရွှီ လေတိုးသံများကို သစ်ရွက်ဖျားမှ တဖြောက်ဖြောက် ကျဆင်းလာသော နှင်းကျသံများနှင့်အတူ ကြားနေရသည်။
အူ... အူ... အူ!
တောနက်ထဲမှ သားရဲဝံပုလွေများ၏ စူးရှရှ အော်ဟစ်သံများ ထွက်ပေါ်လာသည်။ ထို့နောက် ဝံပုလွေအော်သံများသည် အရပ်ရပ်သို့ ပဲ့တင်ထပ်သွား ကာ လူများ၏ ဆံပင်များကို အဆုံးအထိ ထောင်သွားစေသည်။
ဤနေရာသည် ဒိုင်ဇင်ဘုရားကျောင်း တည်ရှိရာ ထိုက်ရှီတောင်ပင် ဖြစ်သည်။
ဂျွတ်…။
ဟုန်ယွိသည် ခြေထောက်ကို ရွှေ့ရှားလိုက်ပါသည်။ သူ ခြေတစ်လှမ်းပြီး တစ်လှမ်း နင်းလျှောက်လိုက်တိုင်း မြေနီအုပ်ချပ်တစ်ချပ်က ကြွေမွသွားပါ သည်။ သူသည် ကိုယ်ကိုညွှတ်ပြီး ကြေမွနေသော အုတ်ချပ်ကို ကောက်ယူလိုက်ရာ စိမ်းပြာရောင် သန်းနေပြီး၊ နက်မှောင်ပုံစံများကို အနုစိတ် ထွင်းထုထားသည်ကို တွေ့ရသည်။ အုတ်ချပ်သည် အလွန်မင်း ခိုင်ခံ့သော သံမဏိအုတ်ချပ် တစ်ခု ဖြစ်သည်။ သို့သော် အချိန်၏ တိုက်စားမှုကြောင့် ၎င်းပေါ်တွင် အစက်အပြောက်များစွာ ရှိနေပြီး၊ ကျိုးပဲ့လွယ်ကာ လူတစ်ဦး၏ နင်းအားကိုပင် ခံနိုင်ရည် မရှိတော့ပေ။
"အချိန်တိုက်စားမူရဲ့ အစွန်းအထင်းတွေပဲ။ နှစ်တစ်ထောင် သက်တမ်းရှိ ရှေးဟောင်းဘုရားကျောင်း တစ်ခုက အခုတော့ အပျက်အစီးပုံကြီးပဲ ကျန်တော့တယ်။"
ပတ်ဝန်းကျင်ကို ကြည့်ရင်း ဟုန်ယွိသည် သက်ပြင်းချလိုက်မိပါသည်။
မှန်ပါသည်၊ ဟုန်ယွိရှိနေသည့် နေရာသည် ဒိုင်ဇင်ဘုရားကျောင်း၏ အပျက်အစီးနေရာ ဖြစ်ပါသည်။
မြေပြင်ပေါ်တွင် ကျိုးပဲ့နေသော နံရံများနှင့် ကျောက်စိုင်ကျောက်ခဲများ နေရာအနှံ့ ရှိနေပြီး၊ တောင်တစ်ဖက်အထိ ပြန့်ကျဲနေသည်။ တစ်ခါတစ်ရံ ကြီးမားသော သံမဏိနံ့သာတိုင်ထွန်းညှိသည့် ကြေးအိုကြီးများ၊ ကျောက်ဒယ်အိုကြီးများ၊ ကျောက်တုံးပေါ်၌ ထွင်းထုထားသည့် သက်ရှိနှင့်တူသော ဘုရားဆင်းတုတော်များ၊ ကြီးကြီးမားများ ပျက်ဆီးဆွေးမြေ့နေသည့် သစ်သားအပိုင်းအစများကို တွေ့ရသည်။
ဤအပျက်အစီးများသည် ဤသစ်တောတွင် တစ်ချိန်က တည်ရှိခဲ့ဖူးသော ဒိုင်ဇင်ဘုရားကျောင်း၏ ခမ်းနားထည်ဝါမှု သက်သေများပင် ဖြစ်ချေသည်။
ဟုန်ယွိသည် ကြီးမားသော တောင်နံရံတစ်ခုကိုပင် ခွဲထုတ်ထားသည်ကို တွေ့ရသည်။ ထိုအပေါ်၌ ဘုရားဆင်းတုတော်တစ်ဆူကို ထွင်းထုထားပြီး ဘုရား၏ ခြေချောင်းတော် တစ်ချောင်းသည် လူတစ်ဝက်ခန့် မြင့်သည်။ ဆင်းတုတော်၏ ကိုယ်ပေါ်၌ ရပ်နေသူများသည် အပေါ်သို့သာ မော့ကြည့်နိုင်ကြသည်။
ဤမျှကြီးမားသော ဘုရားဆင်းတုတော်ကို တောင်တစ်ဝက်မှ ထွင်းထုထားခြင်း ဖြစ်ရာ၊ ထိုသို့ပြုလုပ်ရန်အတွက် လူအင်အား၊ ပစ္စည်းနှင့် ငွေကြေး မည်မျှ လိုအပ်မည်ကို ဟုန်ယွိ စိတ်မကူးနိုင်ပါချေ။
ခြေလှမ်းပေါင်း တစ်သောင်းမှ နှစ်သောင်းအထိ ကျယ်ဝန်းသော ရင်ပြင်တစ်ခုပေါ်တွင် တဲအလုံး ရာပေါင်းများစွာကို စိုက်ထူထားသည်။ ဤရင်ပြင်၏ မြေပြင်ကို ခိုင်မာသော အပြာရောင်ကျောက်တုံးများဖြင့် ခင်းထားသော်လည်း အပေါက်များ၊ ချိုင့်ခွက်များ ပြည့်နေပြီး နက်ရှိုင်းသော ခြေရာများစွာ ကျန်ရှိနေသည်။
ဤနက်ရှိုင်းသော ခြေရာများသည် အနည်းဆုံး တစ်ပေခန့် နက်သည်။ တစ်စုံတစ်ယောက်က အင်အားသုံး၍ ဤခြေရာများကို ချန်ထားခဲ့ခြင်း ဖြစ်ကြောင်း ထင်ရှားသည်။
"ဒါက ဒိုင်ဇင်ဘုရားကျောင်းရဲ့ သိုင်းလေ့ကျင့်ရေးကွင်းလား။" ဟုန်ယွိသည် ဤမျှကြီးမားသော လေ့ကျင့်ရေး ကွင်းပေါ်ရှိ ဝိညာဉ်ကို လှုပ်ခါစေသော ခြေရာများနှင့် ချိုင့်ခွက်များကို ကြည့်သည်။ သူ၏ စိတ်ထဲတွင် ရေရွတ်လိုက်သည် "ဒီလောက်ကြီးတဲ့ လေ့ကျင့်ရေးကွင်းကြီး။ လူဘယ်လောက်များ ဆံ့နိုင်မလဲ။"
"အူ... ဝူး..၊ ဝူး…၊ ဝူး... ဝူး..၊ ဝူး..၊ ဝူး။ တော်ဝင်ချန် အင်ပါယာနန်းတော်။ ခင်ဗျားတို့နဲ့ ကျုပ် အတူတူ ယှဉ်တွဲနေထိုင်လို့ မရဘူး။ ကျုပ် ကျိန်ဆိုတယ်။ တစ်နေ့, ကျုပ် အင်ပါယာနန်းတော်ကို သေချာပေါက် ဖျက်ဆီးမယ်။ သတ်! သတ်! သတ်! တော်ဝင်ချန်ရဲ့ ယန်မျိုးနွယ်တွေ၊ အားလုံး သေကြစမ်း။ ကျုပ် ခင်ဗျားတို့အားလုံးကို သတ်ပစ်မယ်။"
ဟုန်ယွိသည် ဒိုင်ဇင်ဘုရားကျောင်း အပျက်အစီးနယ်မြေ ဝန်းကျင်ကို လှည့်ကြည့်ရူနေစဉ်မှာ, အဝေးနေရာမှ စိတ်နှလုံးကို နာကျင်စေသည့် ငိုကြွေးသံတစ်ခု ထွက်ပေါ်လာသည်။ ထိုငိုကြွေးသံသည် အလွန် ကျယ်လောင်သဖြင့် ပတ်ဝန်းကျင်ရှိ အရာအားလုံးကို တုန်လှုပ်သွားစေသည်။
"နင်ဂျာဘုန်းကြီး ဘာဖြစ်တာလဲ။"
ထိုအချိန်မှာ တဲတွေထဲမှာ ပြင်ဆင်နေသည့် လူတွေလည်း အပြင်ထွက်လာပြီး နင်ဂျာဘုန်းကြီး ငိုကြွေးနေသည့် နေရာကို သွားကြည့်ကြသည်။
တောင်များနှင့် ရင်ပြင်များ၊ ကျိုးပဲ့နေသော ဘုရားကျောင်း အဆောက်အအုံ ဒါဇင်များစွာ၊ ကျောက်လှေကားများနှင့် သစ်တောအချို့ကို ဖြတ်သန်းပြီးနောက် ဟုန်ယွိသည် ဒဏ်ရာရထားသော သားရဲတစ်ကောင်ကဲ့သို့ ငိုကြွေးနေသော နင်ဂျာဘုန်းတော်ကြီးကို နောက်ဆုံးတွင် တွေ့ရှိခဲ့သည်။
နင်ဂျာဘုန်းတော်ကြီးသည် ရင်ပြင်ပေါ်တွင် မှောက်လျက် လဲကျနေပြီး လက်များဖြင့် မြေကြီးကို ပြင်းထန်စွာ ထုရိုက်နေသည်။ ကျောက်တုံးကြီးများသည် သူ့ကြောင့် တုန်ခါသွားပြီး တစ်ချိန်တည်းမှာပင် သူသည် ကျိုးကြေနေသော ကျောက်တုံးအချို့ကို လက်ထဲ ဆုပ်ကိုင်၍ တဖျစ်ဖျစ် မြည်ပြီး အမှုန့်ဖြစ်သွားသည်အထိ ချေမွပစ်လိုက်သည်။
"ဒီနေရာက ဘာနေရာလဲ။"
ဟုန်ယွိသည် မရပ်မနား ငိုကြွေးနေသော နင်ဂျာဘုန်းတော်ကြီးကို သံသယဖြင့် ကြည့်လိုက်ပါသည်။ ထို့နောက် နှင်းများဖုံးလွှမ်းနေပြီး ပြိုကျနေသည့် စေတီပုထိုးများဖြင့် ပြန့်ကျဲနေသော ရင်ပြင်ကြီးကို ကြည့်လိုက်သည်။
ဤနေရာသည် စေတီပုထိုးများ၏ သစ်တော ဖြစ်သည်။
"နင်ဂျာဘုန်းကြီးက သိုင်းသူတော်စင်တစ်ပါးလေ။ ဒါပေမယ့်, သူက ဘာလို့ ဒီလိုချည်း ငိုနေရတာလဲ။" ရွှေပင့်ကူက နားမလည်စွာ မေးသည်။
"ဒါက စေတီပုထိုးတွေရဲ့ သစ်တောပဲ။ ဒိုင်ဇင်ဘုရားကျောင်းရဲ့ ထင်ရှားတဲ့ ဘုန်းတော်ကြီးတွေကို မြှုပ်နှံရာ နေရာပဲ။ လူဝတ်ကြောင်တွေအခေါ်အရ သင်္ချိုင်းပေါ့။ အရင်က ထင်ရှားတဲ့ ဘုန်းကြီးတွေ ပျံလွန်တော်မူပြီးရင် မီးရှို့သင်္ဂြိုဟ်ပြီး ပြာတွေကို အိုးထဲ ထည့်တယ်။ ပြီးရင် စေတီတွေ ဆောက်ပြီး ဓာတ်တော်အဖြစ် ပူဇော်ကြတယ်။ ပျံလွန်တော်မူပြီးနောက် စေတီပုထိုးသစ်တောမှာ မြှုပ်နှံခံရတဲ့ ဘုန်းကြီးတွေ အားလုံးဟာ အကျင့်စရဏ မြင့်မားကြသူတွေချည်းပဲ။"
ဟုန်ယွိ၏ လက်များသည် အနည်းငယ် တုန်ယင်နေသည်။
နင်ဂျာဘုန်းတော်ကြီးသည် သိုင်းသူတော်စင်တစ်ဦး ဖြစ်သော်လည်း ငိုကြွေးနေရသည့်အကြောင်းရင်းကို သူ နောက်ဆုံးတွင် နားလည်သွားခဲ့သည်။
အကြောင်းမှာ စေတီပုထိုးသစ်တော ပျက်စီးခဲ့သောကြောင့် ဖြစ်သည်။
စေတီပုထိုးသစ်တောအတွင်းရှိ ရုပ်အလောင်းများနှင့် ဓာတ်တော်များ အားလုံး တူးဖော်ခံခဲ့ရသည်။ တစ်ခုမှ မကျန်တော့ပေ။
ဤအရာသည် တော်ဝင်ချန် အင်ပါယာတရားရုံး၏ လက်ချက်ဖြစ်ကြောင်း သံသယဖြစ်ဖွယ် မရှိပေ။ ဒိုင်ဇင်ဘုရားကျောင်းသည် နှစ်ပေါင်း နှစ်ထောင်မှ သုံးထောင်အထိ တည်တံ့ခဲ့ပြီး အမြဲတမ်း စည်ပင်ဝပြောခဲ့သည်။ ထိုဘုရားကျောင်းမှ ကျွမ်းကျင်သူပေါင်း မည်မျှ ထွက်ပေါ်လာခဲ့သနည်း။ ဤနှစ်ပေါင်း နှစ်ထောင်မှ သုံးထောင်အတွင်း ဒိုင်ဇင်ဘုရားကျောင်းသည် သိုင်းသူတော်စင် တစ်ရာထက်မနည်း ထွက်ပေါ်ခဲ့သည်ဟု ဟုန်ယွိ ခန့်မှန်းသည်။ သိုင်းသူတော်စင်များ၏ သိုင်းပညာ အောင်မြင်မှုသည် အထွတ်အထိပ်၌ ရှိနေသည်။ သူတို့ သေဆုံးပြီးနောက် သူ့တို့ခန္ဓာကိုယ်ကို သဘာဝအတိုင်း မီးရှို့သင်္ဂြိုဟ်ပြီး စေတီပုထိုးသစ်တောတွင် မြှုပ်နှံကြလိမ့်မည်။
သိုင်းသူတော်စင်၏ မီးရှို့သင်္ဂြိုဟ်ထားသော အရိုးများသည် တာအိုပညာရှင်များအတွက် မှော်လက်နက်များ ပြုလုပ်ရန် အကောင်းဆုံး ပစ္စည်းများ ဖြစ်သည်။
သိုင်းသူတော်စင် တစ်ရာကျော် ရှိလျှင် အရိုးမည်မျှ ရှိမည်နည်း။ ထို့အပြင်! ဤထောင်စုနှစ်များအတွင်း ဒိုင်ဇင်ဘုရားကျောင်းတွင် လူသား အင်မော်တယ်များပင် ရှိခဲ့သည်။ ၎င်းတို့သည် အဆင့်နိမ့် လူသားအင်မော်တယ်များ မဟုတ်ဘဲ အဆင့်မြင့် လူသားအင်မော်တယ်များ ဖြစ်သည်။
ဝူအိမ်တော်ထိန်းကဲ့သို့ သိုင်းသူတော်စင် ဖြစ်ခါစ လူများသည်ပင်လျှင် မီးရှို့သင်္ဂြိုဟ်ပြီးနောက် အလွန်တန်ဖိုးရှိနေပြီ။ အဆင့်မြင့် သိုင်းသူတော်စင် သို့မဟုတ် လူသားအင်မော်တယ်၊ အဆင့်မြင့် လူသားအင်မော်တယ်များဆို ပြောစရာပင် မလိုတော့ပေ။
ဤထိပ်တန်း ကျင့်ကြံမှု ပစ္စည်းအားလုံးကို တော်ဝင်ချန်မင်းဆက်က တူးဖော်ယူသွားခဲ့သည်။
"ဒီလိုမျိုး အရိုးတွေ တူးဖော်တာက ကြင်နာတတ်တဲ့ အုပ်စိုးရှင်တစ်ဦး လုပ်မယ့်အရာ မဟုတ်ဘူး။" ဤအချက်နှင့်ပတ်သက်၍ ဟုန်ယွိသည် တော်ဝင်ချန် မင်းဆက်၏ ဧကရာဇ်သည် အလွန်အကျွံ လုပ်ဆောင်ခဲ့သည်ဟု ခံစားမိသည်။
ဥပမာအားဖြင့် ဝူအိမ်တော်ထန်းသည် သူ၏ ရန်သူ ဖြစ်သည်။ သူသည် ဟုန်ရွှန်ကျိ၏ အမိန့်များကို အမြဲနာခံပြီး၊ သူသည် သူ့ကို ဖမ်းဆီးကာ သူ၏ သိုင်းပညာကို ဖျက်ဆီးပစ်ခဲ့သည်။ သို့သော် ဖမ်းဆီးခံရပြီးနောက် သူကိုယ့်ကိုယ်ကို သတ်သေသွားခဲ့သည်။
ဟုန်ယွိသည် သူ့ခန္ဓာကိုယ်ကို မီးရှို့သင်္ဂြိုဟ်ပြီး အုတ်ဂူတစ်ခုတွင် ထားခဲ့သည်။ အဝတ်အစား သို့မဟုတ် လက်နက်များကိုပင် မယူခဲ့ပေ။ နေရာကောင်းတစ်ခုကို ရှာဖွေကာ သူ့ကို မြှုပ်နှံရန်ပင် စီစဉ်ခဲ့သည်။
ဟုန်ယွိသည် တော်ဝန်ချန် မင်းဆက်ကဲ့သို့ အရိုးများကို တူးဖော်ကာ၊ မှော်လက်နက်များအဖြစ် သန့်စင်ပြီး၊ ရတနာများအဖြစ် အသုံးပြုမည် မဟုတ်ပေ။
ဤသည်မှာ ကြင်နာတတ်သော လူတစ်ဦး လုပ်ဆောင်လေ့သည့် အရာ မဟုတ်ပေ။ အရိုးများသည် လူတစ်ဦး၏ နောက်ဆုံး ဂုဏ်သိက္ခာ အပိုင်းအစ ဖြစ်သည်။ ပညာရှင်များ၏ ကျင့်ဝတ်တွင် အရိုးများကို အသုံးပြုခြင်းသည် လုံးဝ တားမြစ်ထားသော အရာ ဖြစ်သည်။
"အော်, ဒါက စေတီပုထိုး သစ်တောကိုး။ ဒိုင်ဇင်ဘုရားကျောင်းမှာ ရုပ်အလောင်းတွေ အများကြီးပဲ။ အဲဒါတွေ အားလုံးကို အင်ပါယာတရားရုံးက တူးဖော်သွားတာလား။ အလို, သူတို့ မှော်လက်နက်တွေ ဘယ်လောက်များများ သန့်စင်နိုင်မလဲ။ ဟုတ်သားပဲ၊ အဘိုးပြောဖူးတာ မှတ်မိပြီ။ ဒိုင်ဇင်ဘုရားကျောင်းက ဘုန်းကြီးတွေ သေရင် စေတီပုထိုး သစ်တောမှာ မြှုပ်နှံကြတယ်။ ဒါ့အပြင်, အဲဒီဘုန်းကြီးတွေရဲ့ လက်နက်နဲ့ မှော်လက်နက်တွေကိုလည်း အရိုးတွေနဲ့အတူ မြှုပ်နှံထားတယ်။ အရင်တုန်းက အဘိုးဟာ တစ်ခုခိုးဖို့ ကြိုးစားဖူးပေမယ့် စေတီပုထိုး သစ်တောထဲ ဝင်လိုက်တာနဲ့ စေတီပုထိုးသစ်တောရဲ့ အစောင့်အရှောက်က သူ့ကို အပြင်းအထန် ဒဏ်ရာရအောင် တိုက်ခိုက်ခဲ့တယ်။ ဒိုင်ဇင်ဘုရားကျောင်းက ဘုန်းကြီးတွေက လူသတ်ခဲတယ်။ အဘိုးဆို ဘုန်းတော်ကြီး ယင်ယွဲ့ကို အကြိမ်အနည်းငယ် ချဉ်းကပ်ခဲ့ပေမယ့် ဘုန်းတော်ကြီး ယင်ယွဲ့က သူ့ကို သတ်ဖို့ ရည်ရွယ်ချက် မရှိခဲ့ဘူး။ မောင်းထုတ်ရုံပဲ လုပ်ခဲ့တယ်။ ဒါပေမဲ့ စေတီပုထိုး သစ်တောထဲ ဝင်ပြီး အရိုးတွေ၊ လက်နက်တွေနဲ့ ရတနာတွေ ခိုးရင်တော့, ကြီးမားတဲ့ တားမြစ်ချက်ကြီးကို ကျူးလွန်းတာပဲ။ အဲဒီဘုန်းကြီးတွေက မညှာမတာ သတ်ပစ်လိမ့်မယ်။"
ရွှေပင့်ကူသည် နှင်းထဲတွင်ရှိသော စေတီပုထိုး သစ်တော အပျက်အစီးများကို ကြည့်သည်။ သူမ ခေါင်းခါကာ သက်ပြင်းချလိုက်ပါသည်။
"ကြင်နာမှု၊ ရိုးဖြောင့်မှု... အင်ပါယာတရားရုံးက စံနမူနာ ပြသင့်တယ်... ဟန်ဆောင်ရရင်တောင် အပေါ်ယံတော့ ကြိုးစားသင့်ပါတယ်။ ဝမ်းနည်းစရာပဲ၊ ဝမ်းနည်းစရာပဲ၊ ဟင်း…..."
ဟုန်ယွိက ခေါင်းခါကာ သက်ပြင်းချလိုက်ပါသည်။ သူက ရှေ့ကို လျှောက်သွားပြီး နင်ဂျာဘုန်းကြီးကို ထူပေးသည်။
"နင်ဂျာဆရာ၊ စိတ်ထိန်းပါ။ အလွန်အကျွံ ဝမ်းနည်းပူဆွေးမှုက ခန္ဓာကိုယ်ကို ထိခိုက်စေတယ်။ အနာဂတ်က အရှည်ကြီး ကျန်ပါသေးတယ်။ နင်ဂျာဆရာအနေနဲ့ နှစ်နှစ်ဆယ်လောက် ခံနိုင်ရည်ရှိခဲ့တာပဲ။ ဒါမျိုး ဖြစ်လာမယ်ဆိုတာ နင်ဂျာဆရာလည်း သိပြီးသားပါ။ စိတ်ငြိမ်ငြိမ်ထားပါ၊ ဒီတရားမျှတမှုကို မကြာခင် ပြန်ယူနိုင်မှာပါ။" "နင်ဂျာဆရာ၊ စိတ်ထိန်းပါ။ ကျွန်တော် ကတိပေးပါတယ်။"
ဟုန်ယွိက ခဏရပ်ပြီး ပြောသည်။
"တော်ဝင်ချန် အင်ပါယာတရားရုံးက ဒီလောက် ရက်စက်လိမ့်မယ်လို့ ငါ တစ်ခါမှ မထင်ထားခဲ့ဘူး။" နင်ဂျာဘုန်းကြီးပ မတ်တတ်ရပ်ပြီးနောက် သူ့မျက်နှာပေါ်မှာ ကလေးတစ်ယောက်လို မျက်ရည်တွေ ပြည့်နေသော်လည်း ငိုတာတော့ ရပ်သွားခဲ့ပြီ။
"ဒါက စေတီပုထိုး သစ်တောပဲ။ ဟိုဘက်မှာ အခန်းပေါင်း ၃၆၀ ရှိတဲ့ ကောင်းကင်ဘုရင်ခန်းမ ရှိတယ်။ အနောက်ဘက်က ဆေးဘုရင်ခန်းမမှာလည်း အခန်းပေါင်း ၃၀၆ ရှိတယ်။ ဗာဂျရာခန်းမ၊ ပညာခန်းမ၊ စီလာဘုရင်ခန်းမ၊ ဗောဓိသတ္တခန်းမ၊ နံ့သာခန်းမ၊ ကျမ်းစာခန်းမ၊ လေ့ကျင့်ကွင်း... စုစုပေါင်း ခန်းမ ၇၂ ခု၊ ဘုန်းတော်ကြီဂ ၇၀,၀၀၀ ကနေ ၈၀,၀၀၀ အထိ၊ အားလုံး ပျက်စီးခဲ့ပြီ၊ အားလုံး ပျက်စီးသွားခဲ့ပြီ။"
နင်ဂျာဘုန်းကြီးသည် သူ၏မျက်နှာပေါ်မှ မျက်ရည်များကို စီးဆင်းခွင့်ပေးလိုက်ပါသည်။ သူ၏ မျက်လုံးများတွင် မည်သည့် ခံစားချက်မှ မရှိတော့ပေ။ သူသည် ပတ်ဝန်းကျင်ရှိ တောင်များကို တစ်ခုပြီးတစ်ခု လက်ညှိုးထိုးပြပြီး အတိတ်က ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ဟုန်ယွိအား မိတ်ဆက်ပြောပြသည်။
"အရင်တုန်းက မနက်ခင်း စာကျက်တဲ့အခါ ဘုရားကို နံ့သာနဲ့ ပူဇော်ကြတယ်။ နံ့သာပူဇော်တဲ့ ဘုန်းကြီးငယ်တွေဟာ မြင်းစီးပြီး တစ်ပါးချင်းစီ နံ့သာပူဇော်ရတယ်။ ခေါင်းလောင်းထိုးရင် မိုင်ရာချီ အဝေးအထိ ကြားရတယ်။ အဲဒီအငွေ့အသက်က တကယ့်ကို လေးနက်တယ်။ ငါတို့လို သိုင်းဘုန်းတော်ကြီး တစ်သောင်းကျော် ရှိတယ်။ မနက်ခင်း လေ့ကျင့်ရေးကွင်းမှာ လေ့ကျင့်တဲ့အခါ လူတစ်သောင်းရဲ့ ဟစ်ကြွေးအသံတွေက တစ်စုတည်း ပေါင်းစပ်သွားတယ်။ ငါတို့ရဲ့ အော်ရာနဲ့ သွေးစွမ်းအင်တွေက တစ်စုတည်း ပေါင်းစပ်သွားတယ်။ ကောင်းကင်ပေါ်က တိမ်ညွှန့်တွေ တောင် တုန်ခါပြီး လွင့်ပျယ်သွားရတယ်။ ညဘက်မှာ ဆီအိုးကြီး ထောင်ပေါင်းများစွာနဲ့ လက်မလောက် ထူတဲ့ မီးစာတွေက ဒိုင်ဇင်ဘုရားကျောင်း တစ်ခုလုံးကို နေ့ခင်းဘက်လို လင်းနေအောင် လုပ်ဆောင်ပေးခဲ့တယ်။"
နင်ဂျာဘုန်းကြီး၏ မိတ်ဆက်မှုအောက်တွင် လူတိုင်း၏ရှေ့၌ အဆုံးမရှိသော ဘုရားကျောင်းများ၊ ရွှေရောင် အလင်းတန်းများဖြင့် လင်းလက်နေသော ရတနာဘုရားကျောင်းများ ရှိနေပုံရသည်။ ရေတွက်လို့မရသည့် ဘုန်းတော်ကြီးတွေ နေရောင်အောက်မှာ စနစ်တကျ သိုင်းပညာ လေ့ကျင့်နေကြသည်။ ကြီးမားကျယ်ပြန့်သည့် အော်ရာက ပတ်ဝန်းကျင် မိုင်ရာချီကို လွှမ်းခြုံထားပါသည်။ ၎င်းသည် အမှန်ပင် စိတ်ဝိညာဉ်များ ပြည့်နှက်နေသော တောင်တန်းနှင့် ဘုရား၏ နယ်မြေတစ်ခု ဖြစ်ခဲ့ပါသည်။...
"ဟုတ်သားပဲ။ ငါတို့ ဒိုင်ဇင်ဘုရားကျောင်းရဲ့ မြေအောက်နန်းတော်ကို ရှာရမယ်။" နင်ဂျာဘုန်းကြီးက ရုတ်တရက် ပြောလိုက်သည်။
"ဒိုင်ဇင်ဘုရားကျောင်းရဲ့ မြေအောက်နန်းတော် ဆိုတာ ဘာလဲ။" ဟုန်ယွိက မေးသည်။
"ဒဏ္ဍာရီအရ ငါတို့ ဒိုင်ဇင်ဘုရားကျောင်းက မြေအောက်ထဲမှာ မြေအောက်နန်းတော်တစ်ခု ဆောက်ခဲ့တယ်လို့ အဆိုရှိတယ်။ ဒါပေမဲ့ ဒါက ငါတို့ ဘုန်းကြီးတွေကြားက လျှို့ဝှက်ချက်ပဲ။ မြေအောက်နန်းတော်ရဲ့ တိကျတဲ့နေရာက ဘယ်မှာရှိလဲဆိုတာ ငါတောင် မသိဘူး။"
နင်ဂျာဘုန်းကြီးသည် တစ်ခုခုကို သတိရနေပုံရသည်။ "ငါ ငယ်ငယ်ကတည်းက ဒိုင်ဇင်ဘုရားကျောင်းကို ရောက်ခဲ့တယ်။ တစ်ခါတလေ ငါတို့ ဒိုင်ဇင်ဘုရားကျောင်းရဲ့ မြေအောက်နန်းတော်ဆိုတာကို ဒဏ္ဍာရီသဖွယ် ကြားဖူးတယ်။ ဒါပေမဲ့ အဲဒီနောက် ဘယ်သူမှ မပြောကြတော့ဘူး။ ဒါ့အပြင် ငါ ဒိုင်ဇင်ဘုရားကျောင်းမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့တယ်။ ထိုက်ရှီတောင်က သစ်ပင်တွေနဲ့ ကျောက်တုံးတိုင်းကို အခြေခံအားဖြင့် ရင်းနှီးတယ်။ မြေအောက်နန်းတော်ကို တစ်ခါမှ မတွေ့ဖူးဘူး။ ဒါပေမဲ့ အရင်တုန်းကဆို ငါတို့ ဒိုင်ဇင်ဘုရားကျောင်းက နေရာအများစုဟာ တားမြစ်နယ်မြေတွေပဲ။ အခု ဒိုင်ဇင်ဘုရားကျောင်းက ပျက်စီးသွားပြီဆိုတော့ သဲလွန်စတွေ ရှိမရှိ စစ်ဆေးကြည့်လို့ရပြီ။"
"မြေအောက်နန်းတော်ထဲမှာ ဘာတွေ ထားခဲ့တာလဲ။" ရွှေပင့်ကူက စိတ်ဝင်တစား မေးသည်။
"အဲဒါတော့ ငါလည်း မသိဘူး။ မြေအောက်နန်းတော်တစ်ခု ရှိတယ်လို့ပဲ ပြောကြတာ။" နင်ဂျာဘုန်းကြီး ခေါင်းခါပြသည်။ "ငါတို့ ဒိုင်ဇင် ဘုရားကျောင်းမှာ လျှို့ဝှက်ကျမ်း သုံးခု ရှိတယ်။ အတိတ်ကျမ်းကို ကျောင်းထိုင်ဆရာတော်က ကျင့်ကြံတယ်။ ပစ္စုပ္ပန်ကျမ်းကတော့ သိုင်းပညာရဲ့ အမြင့်ဆုံး ကျမ်းပဲ။ အနာဂတ်ကျမ်းစာကိုတော့ တိုင်းရှန်တာအိုဂိုဏ်းကို ထိန်းချုပ်ဖို့ ဖန်တီးခဲ့တာ။ အခု အတိတ်ကျမ်းက ဟုန်ယွိ လက်ထဲမှာ ရှိတယ်။ အနာဂတ်ကျမ်းရဲ့ မပြည့်စုံတဲ့လက်ရေးမူ မိတ္တူကို တော်ဝင်ချန်ရဲ့ အိမ်ရှေ့စံမင်းသားက ပိုင်ဆိုင်ထားတယ်။ ပစ္စုပ္ပန်ကျမ်းလည်း ရှိသေးတယ်။ ဒါက လူသားအင်မော်တယ် ဖြစ်ဖို့ လျှို့ဝှက်ကျမ်းပဲ။ ငါထင်တာက တကယ်လို့, ငါတို့ ဒိုင်ဇင်ဘုရားကျောင်းမှာ မြေအောက်နန်းတော် ရှိခဲ့ရင်, အဲဒီ မြေအောက်နန်းတော်ထဲမှာ ဖွက်ထားနိုင်ချေ များတယ်။"
"ဒါတော့ မဖြစ်နိုင်ဘူး။" ဟုန်ယွိက ခေါင်းခါလိုက်သည်။ "ဒိုင်ဇင်ဘုရားကျောင်း ပျက်စီးခဲ့တာ နှစ် ၂၀ ကျော် ရှိပြီ။ ပျက်စီးသွားတုန်းက တာအိုပညာရှင်တွေ လုယက်သွားမှာ သေချာတယ်။ ဒါ့အပြင်, ဒီနှစ် ၂၀ ကျော်အတွင်း ရတနာတွေ ရှာဖွေဖို့ တာအိုပညာရှင်တွေ အများကြီး ရောက်လာနိုင်တယ်။ နှစ် ၂၀ ကျော် လုယက်ခံရပြီးနောက် မြေအောက်နန်းတော် ရှိရင်တောင် တခြားသူတွေ ရှာဖွေတွေ့ရှိပြီးသား ဖြစ်လိမ့်မယ်။ ဒါ့အပြင်, ကျွန်တော် အတိတ်ကျမ်းကို ရရှိနိုင်ရင် တစ်ယောက်ယောက်ကလည်း ပစ္စုပ္ပန်ကျမ်းစာကို ရရှိနိုင်တာ။ တစ်ယောက်ယောက်က စစ်မှန်တဲ့ အနာဂတ်ကျမ်းကိုတောင် မတော်တဆ ရရှိသွားနိုင်သေးတယ်။ ဘယ်သူလဲဆိုတာပဲ ကျွန်တော်တို့ မသိသေးတာ။"
"ဒါတော့ မသေချာသေးဘူး။ ငါတို့ ဒိုင်ဇင်ဘုရားကျောင်းရဲ့ မြေအောက်နန်းတော်က လျှို့ဝှက်ချက်ပဲ။ တာအိုပညာရှင်တွေအတွက်တောင် ရှာဖွေဖို့ ခက်ခဲလိမ့်မယ်။ ငါတို့ ပြန်ရှာကြည့်တာ ပိုကောင်းမယ်။ ဟုန်ယွိ၊ မင်း, တကယ်လို့ ပစ္စုပ္ပန်ကျမ်းကို ရခဲ့ရင် သိုင်းသူတော်စင်လမ်းစဉ်ကို သေချာပေါက် ကျင့်ကြံနိုင်လိမ့်မယ်။ ဒါ့အပြင် မင်းရဲ့ အတွေးမဲ့ ငြိမ်သက်ခြင်းအခြေအနေနဲ့ဆို, မင်းရဲ့ခန္ဓာကိုယ်ကို လူသားအင်မော်တယ်အဖြစ် ပြောင်းလဲဖို့တောင် ဖြစ်နိုင်ချေရှိတယ်။ မင်းရဲ့ စိတ်ဝိညာဉ်က တစ္ဆေအင်မော်တယ် ဖြစ်လာပြီး၊ ရုပ်ခန္ဓာကိုယ်က လူသားအင်မော်တယ် ဖြစ်သွားတာနဲ့ အမြင့်ဆုံး ယန်စိတ်ဝိညာဉ်နယ်ပယ်ကို (ယန်နတ်ဘုရား) ရောက်ရှိလိမ့်မယ်။ အဲဒီအချိန်ကျရင် မင်း လုပ်ချင်တာ လုပ်လို့ရပြီး၊ မင်းကို ဘယ်သူမှ တားနိုင်တော့မှာ မဟုတ်ဘူး။"
နင်ဂျာဘုန်းကြီးက စကားပြောရင်း လျှောက်သွားသည်။ သူသည် အဝေးရှိ သစ်တောကြီး၏ အလယ်ဗဟိုရှိ ကြီးမားသော ရင်ပြင်တစ်ခု၏ နောက်ကွယ်ကို လက်ညှိုးထိုးပြသည်။
"ဒါက ငါတို့ ဒိုင်ဇင်ဘုရားကျောင်းရဲ့ ကျမ်းစာတိုက် အပျက်အစီးနေရာပဲ။ ငါ ငယ်ငယ်တုန်းက ငါတို့ ဒိုင်ဇင်ဘုရားကျောင်းရဲ့ မြေအောက်နန်းတော်ကို အဲဒီအောက်မှာ ဆောက်ထားတာ ဖြစ်နိုင်တယ်လို့ ကောလာဟလတွေ ကြားဖူးတယ်။ ဒါမှမဟုတ် တောင်ရဲ့ ဝမ်းဗိုက်ထဲမှာ ရှိနိုင်တယ်တဲ့။ တာအိုကျင့်ကြံသူတွေက တောင်တွေထဲ တူးဝင်နိုင်ကြတယ်။ မင်းရဲ့ တာအိုနည်းစနစ်တွေ သုံးပြီး ရှာကြည့်ပါလား။ သဲလွန်စအချို့ တွေ့ကောင်းတွေ့နိုင်တယ်။"
"ဆရာ့ခံစားချက်ကို ကျွန်တော် နားလည်ပါတယ်။ ဆရာက ဒိုင်ဇင်ဘုရားကျောင်းမှာ နဂိုအတိုင်း ကျန်ရှိခဲ့တဲ့အရာတွေ ဘာတွေရှိသေးလဲဆိုတာ သိချင်နေတာ မဟုတ်လား။ တာအိုနည်းလမ်းတွေက ကောင်းကင်ကို ပျံတက်နိုင်ပေမယ့် မြေကြီးထဲ တိုးဝင်ဖို့က အများကြီး ပိုခက်ခဲတယ်။ ကျွန်တော်ရဲ့ လက်ရှိ နတ်ဘုရား စိတ်ဝိညာဉ်နဲ့ဆိုရင် မြေအောက်ကို အများဆုံး ပေတစ်ထောင်လောက်ပဲ တူးဝင်နိုင်တယ်။ ကျောက်တုံးတွေရှိနေရင် ဒီထက်တောင် ပိုတိမ်နိုင်တယ်။ မြေအောက် မီးတောင်ချော်ရည်နဲ့ ထိမိရင် ကျွန်တော်ရဲ့ နတ်ဘုရား စိတ်ဝိညာဉ်က ချက်ချင်း မပျက်စီးရင်တောင် ပြင်းပြင်းထန်ထန် ဒဏ်ရာရလိမ့်မယ်။"
ဟုန်ယွိ ထိုသို့ ပြောလိုက်သော်လည်း သူ၏ စိတ်ဝိညာဉ်အမျှင်တန်းတစ်ခုကို ဒိုင်ဇင်ဘုရားကျောင်း၏ ကျမ်းစာတိုက် အပျက်အစီး မြေပြင်ထဲသို့ ပို့လိုက်ပါသည်။ သူသည် အနည်းငယ် အားသုံးလိုက်ရာ သူ၏ စိတ်ဝိညာဉ်သည် သင်းခွေချပ်ကဲ့သို့ မြေအောက်သို့ တူးဝင်သွားပါသည်။ သူသည် ပင်လယ်ထဲ ဝင်ရောက်သွားသကဲ့သို့ ခံစားရသည်။
"ကောင်းပြီ။ ဒီလို စိတ်ဝိညာဉ်နဲ့ မြေကြီးထဲ တူးဝင်တာက ပင်လယ်ထဲ ဝင်တာထက် အဆတစ်သောင်း ပိုခက်ခဲတာပဲ။"
ဟုန်ယွိ၏ စိတ်ဝိညာဉ်အမျှင်သည် မြေပြင်သို့ ရောက်ရှိပြီး တူးဖော်ဝင်ရောက်လိုက်သည်နှင့် ချက်ချင်းပင် ပတ်ဝန်းကျင်သည် လေးလံလာသည်ဟု ခံစားရသည်။ သူသည် ထူထဲပြီး ရှုပ်ထွေးနေသော အော်ရာဖြင့် လုံးလုံးလျားလျား ဖုံးအုပ်ခံရ၏။ သူ၏ စိတ်ဝိညာဉ်သည် အလွန် နှေးကွေးလာပြီး ကောင်းစွာ လည်ပတ်နိုင်ခြင်း မရှိသည့် လက္ခဏာများ ပြသလာသည်။
သူ၏ အာရုံခံစားမှုများ တုန့်ဆိုင်းသွာ်သကဲ့သို့ ဖြစ်လာသည်။ သူသည် ပေအနည်းငယ်အတွင်းရှိ အခြေအနေကိုသာ အာရုံခံနိုင်ပြီး ပိုဝေးသော နေရာက မှုန်ဝါးနေပါသည်။
အခန်း (၂၆၄)။
နတ်ဘုရား စိတ်ဝိညာဉ်သည် မမြင်ရ၊ ထိတွေ့၍မရနိုင်သော အတွေးအာရုံဖြင့် ဖွဲ့စည်းထားသော်လည်း ကောင်းကင်သို့ ပျံသန်းနိုင်ပြီး၊ မြေကြီး အောက်သို့ ထိုးဖောက်ဝင်ရောက်နိုင်သည်။ ပင်လယ်ထဲသို့ အတားအဆီးမရှိ ဝင်ရောက်နိုင်သည်ဟု ဆိုသော်ငြားလည်း လက်တွေ့အသုံးပြုသည့်အခါ ကွာခြားချက်များစွာ ရှိပါသည်။
နတ်ဘုရား စိတ်ဝိညာဉ်သည် လေထဲတွင် အသက်သာဆုံး ဖြစ်သည်။
ရေထဲသို့ ဝင်ရောက်သောအခါ စေးကပ်သော ခုခံအား တစ်ခု ရှိနေခဲ့သည်။ ပိုမိုနက်ရှိုင်းစွာ ဆင်းသွားလေ၊ ခုခံအားက ပိုကြီးလေ ဖြစ်ပါသည်။
တစ္ဆေအင်မော်တယ်များပင် ပင်လယ်ထဲသို့ ပေထောင်ချီသာ နက်ရှိုင်းစွာ ငုပ်နိုင်ပြီး ထိုထက်ပိုနက်သည့် အရပ်သို့ မငုပ်နိုင်ကြပေ။
မြေအောက်သို့ သွားသည့်အခါတွင်မူ ခုခံအားမှာ ရေထဲထက် ဆယ်ဆ ပိုမိုပြင်းထန်ပါသည်။ အတွေးအာရုံသည် နံရံများကို ဖြတ်သန်းသွားသည့် အခါ၌ပင် နတ်ဘုရား စိတ်ဝိညာဉ်စွမ်းအားကို များစွာ သုံးစွဲရပြီး၊ မြေအောက်သို့ ထိုးဖောက်ဝင်ရောက်ခြင်းဆိုလျှင် ပို၍ပင် ဆိုဖွယ်ရာ မရှိပေ။
ဟုန်ယွိ၏ လက်ရှိ ကျင့်စဉ်အဆင့်အရ သူသည် အများဆုံး ပေအနည်းငယ်သာ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်နိုင်မည်ဟု ခန့်မှန်းသည်။ ဒီထက်ပို၍ နက်ရှိုင်းစွာ မသွားနိုင်ပေ။ မဟုတ်ပါက သူ၏ နတ်ဘုရား စိတ်ဝိညာဉ်စွမ်းအားက မထောက်ပံ့နိုင်တော့ဘဲ မြေအောက်၌ ထာဝရ ပိတ်မိနေနိုင်ချေ ရှိသည်။
"ဒိုင်ဇင်ဘုရားကျောင်း အောက်မှာ မြေအောက်နန်းတော် မရှိလောက်ဘူး။ ရှိရင်တောင် နှစ်ပေါင်းများစွာ ကြာပြီးနောက် ရှာဖွေတွေ့ရှိပြီးသား ဖြစ်လိမ့်မယ်။ ဒါပေမဲ့ ဒဏ္ဍာရီတွေဆိုတာကလည်း အခြေအမြစ်မရှိတာတော့ မဟုတ်ဘူး။ နင်ဂျာဘုန်းကြီးက ပြောနေတာဆိုတော့၊ ငါ အရင်ဆုံး ရှာကြည့်တာ ပိုကောင်းတယ်။"
မြေအောက် ပေဒါဇင်များစွာ ထိုးဖောက်ဝင်ရောက်ပြီးနောက် ဟုန်ယွိသည် သူ၏ နတ်ဘုရားအာရုံကို အမြင့်ဆုံး အသုံးပြုကာ ပတ်ဝန်းကျင် အခြေအနေကို အစွမ်းကုန် စူးစမ်းရန် ကြိုးစားကြည့်သည်။
သူ့ပတ်ဝန်းကျင်တွင် သဲနှင့် မြေသားများသာ ဖြစ်ပြီး၊ ကျယ်ပြန့်သော ရွှံ့နွံပြင်ကြီး တစ်ခုသာ ရှိပါသည်။
ဟုန်ယွိသည် မြေကြီးထဲ တူးဖော်၍ လှည့်ပတ်သွားလာသောအခါ၊ ပေအနည်းငယ်အတွင်း၌ ပစ္စည်းများ သိုလှောင်ရန် အသုံးပြုသည့် မြေအောက်ခန်း များစွာကို ရှာဖွေတွေ့ရှိခဲ့သည်။ သို့သော် ၎င်းတို့အားလုံးသည် လုယက်ခံထားရပြီး၊ ပြောင်းတလင်းခါနေကာ ဘာမှ မကျန်တော့ပေ။
ထို့နောက် မြေအောက်ကြွက်များ၊ သင်းခွေချပ်များ၊ ဆောင်းခိုနေသော စပါးအုံးမြွေများနှင့် အမည်မသိနိုင်သော ထူးဆန်းသည့် သတ္တဝါအချို့ကိုလည်း တွေ့ရသည်။
"မြေအောက်မှာ ငါ ပေဒါဇင်များစွာ အကွာအဝေးအတွင်းကိုပဲ အာရုံခံနိုင်တယ်။ ဒီလောက်ကြီးမားတဲ့ ဒိုင်ဇင်ဘုရားကျောင်း အပျက်အစီးနေရာမှာ မြေအောက်နန်းတော်ကို ဘယ်လိုလုပ် ရှာဖွေနိုင်မှာလဲ။ ပင်လယ်ထဲ အပ်ရှာနေသလို ဖြစ်မနေဘူးလား။ မဟုတ်ဘူး၊ ငါအားကုန် အသုံးပြုပြီး ရှာရမယ်။"
အနက် ပေ ၅၀ မှ ၆၀ အထိ ထိုးဖောက် ဝင်ရောက်ပြီးနောက် ဟုန်ယွိသည် လှုပ်ရှားရန် ခက်ခဲလာသည်ဟု ခံစားရပြီး၊ အထူးသဖြင့် အာရုံခံစားရာတွင် ပိုခက်ခဲသည်။ ၎င်းသည် ညသန်းခေါင်ချိန်တွင် အလင်းရောင်မရှိသည့် အိမ်ကြီးတစ်လုံးထဲ၌ အပ်တစ်ချောင်းကို ရှာဖွေနေသူတစ်ဦးနှင့် တူသည်။ မည်သို့ ရှာဖွေနိုင်မည်နည်း။
သူ၏ နတ်ဘုရား စိတ်ဝိညာဉ်သည် မြေကြီးထဲသို့ တူးဝင်သောအခါ၊ သူ၏ အာရုံခံစားနိုင်သည့် အကွာအဝေးသည် အလွန်အမင်း ကျဉ်းမြောင်းသွား သည်။ ၎င်းသည် အမှောင်ထဲတွင် စူးစမ်းရှာဖွေနေသူတစ်ဦးနှင့် တကယ်ပင် တူနေသည်။ ဤအခြေအနေက ဟုန်ယွိကို အလွန် မသက်မသာ ခံစားရစေပါသည်။
သို့သော် ဤသည်မှာ ဟုန်ယွိအတွက် တာအိုပညာကို အသုံးပြု၍ မြေအောက်ကို ပထမဆုံးအကြိမ် စူးစမ်းခြင်းဖြစ်ရာ အလွန် ထူးဆန်းနေသည်ဟု ခံစားရသည်။ ထို့ကြောင့် သူ၏ အင်အားအားလုံးကို အသုံးပြု၍ ထပ်မံ စူးစမ်းရန် ဆုံးဖြတ်လိုက်ပါသည်။
"ဟုန်ယွိ၊ ဘယ်လိုလဲ။ ဘာသဲလွန်စတစ်ခုခုများ တွေ့လား။" နင်ဂျာဘုန်းကြီးသည် ကျမ်းစာတိုက် အပျက်အစီးများမှ ယန်လေပြင်းတစ်ချက် ထွက်ပေါ်လာသည်ကို ခံစားမိသည်။ သူသည် ဟုန်ယွိက သူ၏ အတွေးအာရုံကို ရုပ်သိမ်းလိုက်ကြောင်း သိလိုက်ရပြီး ချက်ချင်း မေးလိုက်သည်။
"ကျွန်တော် ဘာမှ မတွေ့ဘူး။ ဒါပေမဲ့ ကျွန်တော်ရဲ့ ဒီနတ်ဘုရား ဝိညာဉ်စွမ်းအားအမျှင်တန်းက ပေ ၅၀ ကနေ ၆၀ လောက်အထိပဲ စူးစမ်းနိုင်တယ်။ ကျွန်တော် အားကုန်ထုတ်ပြီး ဘယ်လောက်အထိ နက်ရှိုင်းစွာ စူးစမ်းနိုင်မလဲဆိုတာ ကြိုးစားကြည့်တော့မယ်။ လူအများစုက ကောင်းကင်နဲ့ မြေကြီးရဲ့ ကြီးမားမှုကို မသိဘူးလို့ အချင်းချင်း ဆဲဆိုနေကြတာ။ တကယ်တော့ ဒီလောကကြီးမှာ ကောင်းကင်ကြီးက ဘယ်လောက်မြင့်တယ်၊ မြေကြီးက ဘယ်လောက်နက်တယ်ဆိုတာ ဘယ်သူမှ မသိကြဘူး။ ကျွန်တော်က ပညာရှင်တစ်ယောက်မို့ အခု မြေကြီးက ဘယ်လောက် ထူလဲဆိုတာ သိအောင်လုပ်ဖို့ ရည်ရွယ်ထားတယ်။"
သူသည် ထိုစကားပြောနေရင်း ဟုန်ယွိသည် တဲဆီသို့ ပြန်သွားပြီး ထိုင်ချလိုက်ပါသည်။
"မင်းတို့ အားလုံး၊ ငါ့ကို ကာကွယ်ပေးထား။"
သူ၏ လက်အောက်ငယ်သားများ သူ့ကို ဝန်းရံလိုက်သောအခါမှသာ ဟုန်ယွိသည် သူ၏ နတ်ဘုရား စိတ်ဝိညာဉ် အားလုံးကို အနည်းငယ်မျှ ချုပ်တည်းခြင်းမရှိဘဲ ထုတ်လွှတ်လိုက်ပါသည်။
ကြီးမားသော၊ နွေးထွေးသော ယန်ချီသည် ရင်ပြင်တစ်ခုလုံးကို ချက်ချင်း ပြည့်နှက်သွားပါသည်။
နွေဦး ရောက်ရှိလာသကဲ့သို့ လူတိုင်းသည် ဤယန်ချီကို ခံစားလိုက်ရသည်။ ရင်ပြင်ပေါ်ရှိ နှင်းများသည် ချက်ချင်း အရည်ပျော်လာသည်။ ပြင်ပမှ ပြင်းထန်သော တောင်တန်းလေသည် ရင်ပြင် အပျက်အစီးများအတွင်းသို့ မတိုက်ခတ်နိုင်တော့ပေ။
သခင်ကျိုး၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ ဤအချိန်၌ သူသည် ဟုန်ယွိ၏ ကြီးမားသော စွမ်းအားကို အမှန်တကယ် ခံစားလိုက်ရသည်။ သူ၏ စိတ်ထဲတွင် ခုခံလိုသော အတွေးများ လုံးဝ မရှိတော့ပေ။
ဤစွမ်းအားသည် အလွန် ပြင်းထန်သည်။ ၎င်း၏ သေးငယ်သော အစိတ်အပိုင်းတစ်ခုကပင် သူ၏ စိတ်ဝိညာဉ်ကို ဖျက်ဆီးနိုင်ပြီး သူသည် ပြန်လည်မွေးဖွားခြင်း လုံးဝ မပြုနိုင်တော့ပေ။
"ဝင်။"
ဤကြီးမားပြီး၊ ပူပြင်းသော စွမ်းအားသည် ရုတ်တရက် စုစည်းသွားပြီး မြေကြီးထဲသို့ ပြင်းထန်စွာ တူးဝင်သွားခဲ့သည်။
ဘန်း..။ မြေပြင်တစ်ခုလုံး အနည်းငယ် တုန်ခါသွားသည်။ ထို့နောက် ဘာမှ မဖြစ်ခဲ့သကဲ့သို့ ပြန်ဖြစ်သွားခဲ့သည်။
သို့သော် လူတိုင်းသည် သာမန်မျက်စိဖြင့် မမြင်နိုင်သည့် ကြီးမားသော မီးနဂါးနဂါးတစ်ကောင်က မြေကြီးထဲသို့ တူးဝင်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ဟုန်ယွိ၏ နတ်ဘုရား စိတ်ဝိညာဉ်သည် မြေကြီးထဲသို့ တူးဝင်သွားသည်နှင့် ချက်ချင်းပင် ပြင်းထန်သော တောင်တန်းလေပြင်းသည် ပြန်လည် တိုက်ခတ်လာသည်။ သစ်တောရှိ ထင်းရှူးပင်များ အပေါ်အောက် လှုပ်ရှားသွားပြီး နှင်းများက တဖြောက်ဖြောက် ကျဆင်းလာသည်။ လူတိုင်းသည် အေးစက်ပြီး ချမ်းစိမ့်မှုကို ခံစားလိုက်ရသည်။
"ဒီတစ်ခါ၊ ငါ အစွမ်းကုန် ထုတ်လိုက်တော့ မြေကြီးက ငါ့ကို မတားနိုင်တော့ဘူး။"
ဟုန်ယွိ၏ နတ်ဘုရား စိတ်ဝိညာဉ် မြေကြီးထဲသို့ တူးဝင်သွားသည်။ သူသည် ရေထဲမှ ငါးတစ်ကောင်ကဲ့သို့ ယခင်ကထက် ဆယ်ဆ ပိုမို အဆင်ပြေသည်ဟု ချက်ချင်း ခံစားရသည်။ သူ ပိုမိုနက်ရှိုင်းစွာ တိုးဝင်လာသည်နှင့်အမျှ ခုခံအားက သိသိသာသာ ကျဆင်းသွားခဲ့သည်။ တစ်ချိန်တည်းမှာပင် ဟုန်ယွိသည် မြေအောက်ဧရိယာသည် များစွာ တိုးလာသည်ဟု ခံစားရသည်။
အလွှာလိုက် အလွှာလိုက်ရှိနေသော ကျောက်တုံးများ၊ ရေငွေ့များ၊ မြေအောက်စမ်းရေများ၊ မြေအောက်မြစ်များပင် ဟုန်ယွိ၏ အာရုံခံစားမှုထဲ၌ ပေါ်လာသည်။
"မြေအောက်က တော်တော် ပျင်းဖို့ကောင်းတယ်။ ဒါပေမဲ့ ကောလာဟလအရဆို, ကမ္ဘာမြေထုရဲ့ နက်ရှိုင်းတဲ့ ပင်မအူတိုင်မှာ မီးတောင်ချော်ရည်တွေ ရှိတယ်လို့ အဆိုရှိတယ်။ အဲဒီမီးတောင်က သေးငယ်တဲ့ နေတစ်စင်းလို အဆုံးမရှိ လှိုင်းထနေတယ်။ အဲဒါ အမှန်ဟုတ်မဟုတ် မသိဘူး။ ဒါပေမယ့်, အမှန်ဖြစ်ရမယ်။ မဟုတ်ရင် မီးတောင်တွေက ချော်ရည်တွေ ဘယ်က ရောက်လာမှာလဲ။"
မြေအောက်နန်းတော်ကို မတွေ့ရသော်လည်း ဟုန်ယွိသည် စူးစမ်းချင်စိတ်က ပိုပြင်းထန်လာသည်။
ထို့ကြောင့် သူသည် သူ၏ နတ်ဘုရား စိတ်ဝိညာဉ် စွမ်းအားကို အသုံးပြု၍ မြေကြီးထဲသို့ ဆက်လက် တူးဖော်ဝင်ရောက်သွားသည်။
ပိုမိုနက်ရှိုင်းစွာ တူးဖော်ဝင်ရောက်မိလေ, ပိုမိုခက်ခဲလာလေ ဖြစ်သည်။ ဟုန်ယွိ၏ ကြီးမားသော နတ်ဘုရား စိတ်ဝိညာဉ်စွမ်းအားဖြင့်ပင် အနည်းငယ် ခက်ခဲသည်ဟု ခံစားရသည်။
"ငါ အနည်းဆုံး ပေ ငါးထောင်လောက် တူးဖော်ခဲ့ပြီ။ ဒီလောက် နက်ရှိုင်းတဲ့ နေရာမှာအထိ ပထမ မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ပြီးတဲ့ တစ္ဆေအင်မော်တယ်တွေတောင် ဆင်းလာဖို့ ခက်ခဲလိမ့်မယ်။ ဒါပေမဲ့ မီးတောင်ချော်ရည်နဲ့ မထိတွေ့ရသေးဘူး။ မြေကြီးက ဘယ်လောက် နက်မလဲ မသိဘူး။"
ဟုန်ယွိသည် မြေကြီးထဲ ပေငါးထောင်ကျော် တူးဖော်ဝင်ရောက်လာပြီးနောက်တွင်လည်း ရွှံ့နွံနှင့် ကျောက်တုံးများသာ တွေ့ရသည်။ တခြား ဘာမှ မရှိပေ။ သူသည် မီးတောင်ချော်ရည်ကိုလည်း လုံးဝ မတွေ့ရပေ။ ထို့ကြောင့် မြေကြီးသည် အလွန်ထူထဲပြီး သူ၏ လက်ရှိ ကျင့်စဉ်အဆင့်ဖြင့် ပိုပြီးနက်ရှိုင်းသည့်နေရာအထိ မသွားနိုင်ကြောင်း သိလိုက်ရသည်။
"မြေအောက်နန်းတော် လုံးဝ မရှိဘူး။ ပြန်တော့မယ်။ မြေအောက်နန်းတော် ရှိရင်တောင် ဒီလောက် နက်တဲ့နေရာမှဦ ဆောက်ထားမှာ မဟုတ်ဘူး။ ဒိုင်ဇင်ဘုရားကျောင်းက ဘုန်းတော်ကြီးတွေ အားလုံး လူသားအင်မော်တယ်တွေ ဖြစ်နေရင်တောင် မြေအောက်နန်းတော် ဆောက်ဖို့ မြေအောက် ပေ ငါးထောင်အထိ တူးနိုင်မှာ မဟုတ်လောက်ဘူး။"
ဟုန်ယွိ ပြုံးလိုက်မိသည်။ ဒိုင်ဇင်ဘုရားကျောင်း၏ မြေအောက်နန်းတော်သည် လုံးဝ ပျောက်ဆုံးသွားပြီ ဖြစ်ကြောင်း သူ သိလိုက်သည်။ မြေအောက် နန်းတော် ရှိခဲ့လျှင် မြေအောက် ပေငါးထောင်ကျော် ထိုးဖောက်ဝင်ရောက်ပြီးနောက် မတွေ့ရဘဲ နေလိမ့်မည် မဟုတ်ပေ။
ပေငါးထောင် နက်ရှိုင်းသော နေရာတွင် မြေအောက်နန်းတော် ဆောက်ရန်ဆိုမည်လျှင် ပို၍ပင် မဖြစ်နိုင်ချေ။ ကမ္ဘာပေါ်ရှိ လူအင်အားနှင့် ငွေကြေးအားလုံးကို စုဆောင်းရင်တောင် ထိုကဲ့သို့ ကြီးမားသော စီမံကိန်းကို ပြီးစီးရန်မှာ မဖြစ်နိုင်ပေ။
ဟုန်ယွိ၏ နတ်ဘုရား စိတ်ဝိညာဉ်ပင် ထိုးဖောက်ဝင်ရောက်ရန် ခက်ခဲသော နေရာတွင် လူသားများသည် မြေအောက်နန်းတော်ကို မည်သို့ ဆောက်လုပ်နိုင်မည်နည်း။
"ဒီတစ်ခါ ဒိုင်ဇင်ဘုရားကျောင်းကို လာတာက အမှတ်တရဖြစ်ဖို့နဲ့ လေးစားမူပြသဖို့၊ နင်ဂျာဘုန်းကြီးရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့ လာခဲ့တာ။ ဒိုင်ဇင် ဘုရားကျောင်း အပျက်အစီးတွေမှာ ရတနာတွေ ရှိဦးမယ်လို့လည်း မမျှော်လင့်ထားပါဘူး။"
ဟုန်ယွိက တွေးရင်း ပြန်ရန် ပြင်ဆင်လိုက်ပါသည်။
သူ၏စိတ်အခြေအနေသည် အလွန် ငြိမ်သက်သည်။ မြေအောက်နန်းတော် သို့မဟုတ် အခြားရတနာများ မတွေ့ရသောကြောင့် စိတ်ပျက်ခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူသည် ဒိုင်ဇင်ဘုရားကျောင်းကို ရတနာရှာရန် ရောက်လာခဲ့ခြင်း မဟုတ်ပေ။
"ဟင်..။ ဘာလို့ ဓမ္မစွမ်းအား (Dharmic power) (မှော်စွမ်းအား) အတက်အကျလှိုင်း သဲလွန်စလေး ရှိနေတာလဲ။"
ဟုန်ယွိသည် ပြန်လည်ထွက်ခွာရန် ပြင်ဆင်နေစဉ်မှာပင် မြေအောက် ပိုမိုနက်ရှိုင်းသော နေရာမှ ဓမ္မစွမ်းအား သဲလွန်စ သဲ့သဲ့လေး ထွက်ပေါ်လာသည်ကို သူ ရုတ်တရက် ခံစားမိသည်။ ၎င်းသည် အတွေးအာရုံ လှုပ်ရှားမှုတစ်ခု ဖြစ်သည်။
ဤအတွေးအာရုံ လှုပ်ရှားမှုသည် အလွန် သဲ့သဲ့လေး ဖြစ်သော်လည်း၊ ဟုန်ယွိသည် ခံစားမိသေးပြီး ထိုအတွေးအာရုံသည် အလွန် စစ်မှန်သည်။
"ကျွမ်းကျင်သူ တစ်ယောက် မြေအောက်မှာ ကျင့်ကြံနေတာများ ဖြစ်နိုင်မလား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ မြေအောက် ပေငါးထောင် နက်တဲ့နေရာမှာ ဘယ်သူက ကျင့်ကြံမှာလဲ။ အသက်ရှင်ရတာကို ငြီးငွေ့နေတာများလား။ ငါ့ကျင့်စဉ်အဆင့်နဲ့တောင် ဆင်းလာဖို့ ခက်ခဲတယ်။ ဆက်ပြီး ဆင်းကြည့်သင့်လား၊ မကြည့်သင့်ဘူးလား။ ဆက်သွားရင် နောက်ပိုင်း ပြန်တက်တဲ့အခါ နတ်ဘုရား စိတ်ဝိညာဉ်စွမ်းအား မလုံလောက်မှာ စိုးရတယ်။"
ဟုန်ယွိသည် ဓမ္မစွမ်းအား လှုပ်ရှားမှုကို ခံစားမိသည်။ သူ ဆက်ပြီး ဆင်းကြည့်သင့်လား၊ မဆင်းကြည့်သင့်ဘူးလား တွေးတောရင်း ခေတ္တခဏ တုံ့ဆိုင်းနေသည်။ သို့သော် နောက်ဆုံးတွင် အမည်မသိ ကောင်းကင်တာအို၏ စူးစမ်းလိုစိတ်က သူ့ကို ဆွဲဆောင်သွားခဲ့သည်။ အတွေးတစ်ချက်ဖြင့် သူသည် နတ်ဘုရား စိတ်ဝိညာဉ်စွမ်းအားကို ထပ်မံ စုစည်းပြီး အဟုန်ပြင်းစွာ ဆင်းသွားခဲ့သည်။
ဟုန်ယွိသည် နောက်ထပ် ပေတစ်ထောင်အနက်အထိ ဆင်းလာပြီးပြီဟု ခံစားမိသည်။ သူသည် ပေ ခြောက်ထောင်ကျော် နက်သောနေရာသို့ ရောက်ရှိသွားပြီ ဖြစ်သည်။
ရုတ်တရက်...
သူ့ခန္ဓာကိုယ်တစ်ခုလုံး သက်သောင့်သက်သာ ဖြစ်ကာ ပြောလျော့သွားခဲ့သည်။ ဟုန်ယွိ၏ နတ်ဘုရား စိတ်ဝိညာဉ်အပေါ်ရှိ မြေသားနှင့် ကျောက်တုံးများ၏ ချုပ်နှောင်မူသည် လုံးဝ ပျောက်ကွယ်သွားသည်။
သူ၏မျက်လုံးများ လင်းလက်လာပြီး ကျောက်တုံးအခန်းတစ်ခန်းရှေ့၌ သူ ပေါ်လာပါသည်။
"ဒါက မြေအောက်နန်းတော်လား။ ဒဏ္ဍာရီတွေက တကယ်ကို မှန်နေတာလား။ ဒီလို ပေခြောက်ထောင် နက်တဲ့နေရာမှာ ဒိုင်ဇင်ဘုရားကျောင်းက မြေအောက်နန်းတော်ကို တကယ် တည်ဆောက်ခဲ့တာလား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒီမြေအောက်နန်းတော်မှာ မြေပြင်ပေါ်ကို ထွက်တဲ့ လမ်းကြောင်း ရှိမရှိ မသိသေးဘူး။ လမ်းကြောင်းရှိရင် လှေကားကတင် ပေခြောက်ထောင် ရှိရမှာမဟုတ်လား။ အဲဒါက ဘယ်လောက် ခမ်းနားပြီး ကြည့်လို့ကောင်းလိုက်မလဲ။"
ဤအချိန်တွင် ဟုန်ယွိသည် ကျယ်ဝန်းသော လေဟာနယ်အတွင်း၌ ရှိနေပါသည်။ သူ၏ နတ်ဘုရား စိတ်ဝိညာဉ် စွမ်းအားသည် ချက်ချင်း ပြန်လည်ကောင်းမွန်လာသည်။
သူ၏ စိတ်နှလုံးသည် အနှိုင်းမဲ့ အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေပြီး၊ သူသည် အလျင်အမြန် စူးစမ်းကြည့်မိသည်။
"မဟုတ်ဘူး၊ ဒါက သီးခြား ကျောက်တုံးအခန်းတစ်ခုပဲ။ မြေအောက် နက်ရှိုင်းတဲ့အရပ်မှာ လုံးဝ တည်ရှိနေတာ။ ပတ်ဝန်းကျင်မှာ အပြင်ကို ထွက်တဲ့ လမ်းကြောင်းတွေ မရှိဘူး။" ဟုန်ယွိ ပတ်ဝန်းကျင်ကို ကြည့်ပြီး ပို၍ပင် အံ့သြသွားသည်။ ကျောက်တုံးအခန်းတစ်ခုလုံးသည် မြေအောက် ပေခြောက်ထောင်၌ လုံးဝ အလုံပိတ် တည်ဆောက်ထားပြီး၊ ပတ်ဝန်းကျင်တွင် မြေပြင်ပေါ်သို့ ဦးတည်သည့် မည်သည့် လှေကားမျှ မရှိပေ။ ထို့ကြောင့် ဤအရာသည် လူသားတို့ တည်ဆောက်နိုင်သည့် အရာ မဟုတ်ပေ။
"ဖြစ်နိုင်တာက, တာအိုပညာရှင် တစ်ယောက်က ငါ့လိုပဲ မြေအောက်ကို ငုပ်ဆင်းပြီး ကျောက်တုံးတွေကို လေထဲကနေ ညှစ်ထုတ်ယူကာ ဒီလို ကြီးမားတဲ့ ကျောက်တုံးအခန်းကြီးကို ဖန်တီးခဲ့တာများလား။ ဒါပေမဲ့ ဒီလိုလုပ်ဆောင်နိုင်ဖို့ ငါ့ကျင့်စဉ်အဆင့်နဲ့ မဖြစ်နိုင်သေးဘူး။ သဘာဝအတိုင်း ဖြစ်ပေါ်နေတာများလား။"
ဤကျောက်တုံးအခန်းသည် သိပ်မကြီးမားပေ။ ပေတစ်ရာခန့်သာ ကျယ်ဝန်းသည်။ မြေအောက်နန်းတော်တစ်ခု၏ အရွယ်အစားနှင့် နှိုင်းယှဉ်၍ မရပေ။ အများဆုံး အခန်းကြီးတစ်ခုသာ ဖြစ်သည်။
ဟုန်ယွိသည် ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်ရူသည်။ ဤကျောက်တုံးအခန်းကို တာအိုပညာရှင် တစ်ဦးက တည်ဆောက်ခဲ့ခြင်းများလား၊ သို့မဟုတ် သဘာဝအတိုင်း ဖြစ်ပေါ်နေခြင်းများလား သူ မခန့်မှန်းနိုင်ပေ။
ကျောက်တုံးအခန်းတစ်ခုလုံးသည် နေ့ခင်းဘက်ကဲ့သို့ လင်းနေသည်။
ဟုန်ယွိသည် အလင်းရောင်၏ အရင်းအမြစ်ကို တွေ့လိုက်ရပါသည်။
၎င်းသည် ကျောက်တုံးအခန်း၏ အလယ်ဗဟို၌ ရှိသည်။ ဆလင်ဒါပုံစံ ကလာပ်တစ်ခုပေါ်တွင် ပတ်ချာလည်လျက် ပြင်းထန်သော အလင်းရောင်ကို ထုတ်လွှတ်နေသည့် စက်ဝန်းတစ်ခု ရှိသည်။ ကျောက်တုံးအခန်းတစ်ခုလုံးကို ထိုအဖြူရောင် အလင်းရောင်က ဖုံးလွှမ်းထားသည်။
ထိုစက်ဝန်းမှ ဟုန်ယွိသည် အတိတ်ကျမ်းစာ၏ အမျိုးအစားဖြစ်သည့် ငြိမ်းချမ်းပြီး ထာဝရ အငွေ့အသက်ကိုကို ခံစားမိသည်။ ဤအငွေ့အသက်သည် သူ ပေငါးထောင် နက်သော နေရာတွင် ရှိနေစဉ်က သူခံစားခဲ့ရသည့် အရာ ဖြစ်သည်။
အတိတ်ကျမ်းစာကို ကျွမ်းကျင်သောသူသာ ဤအငွေ့အသက်ကို မြေအောက် နက်ရှိုင်းသော၌ မှိန်ဖျော့စွာ ခံစားမိနိုင်သည်။ မဟုတ်ပါက သူ့ထက် နှစ်ဆ အစွမ်းထက်သော ပညာရှင်တစ်ဦးပင်လျှင် အာရုံခံနိုင်မည် မဟုတ်ပေ။
တောက်ပသော ပုလဲထက် အဆတစ်ရာ ပိုမို တောက်ပသော ထိုစက်ဝန်း အောက်တွင် ပါးလွှာသော စာအုပ်တစ်အုပ် ရှိသည်။ ထိုစာအုပ်သည် ရွှေနက်ရောင် ဖြစ်သည်။ ၎င်းသည် ပျက်စီးသွားသော အတိတ်ကျမ်းစာနှင့်အတူတူ တူညီသော ပစ္စည်းဖြင့် ပြုလုပ်ထားသည်။
"ဖြစ်နိုင်ပါ့မလား။ နင်ဂျာဘုန်းကြီး ပြောတာ အမှန်များ ဖြစ်နေမလား။ ပစ္စုပ္ပန်ဗုဒ္ဓကျမ်းစာကို (Present Buddha Sutra) ဒိုင်ဇင်ဘုရားကျောင်းရဲ့ မြေအောက်နန်းတော်မှာ တကယ် ဖွက်ထားတာလား။" ဟုန်ယွိသည် ရှေ့သို့ မသွားဘဲ စက်ဝိုင်း အောက်ရှိ စာအုပ်ကို တည့်တည့်ကြည့်နေသည်။ ဤစာအုပ်သည် မည်သည့် စာအုပ်ဖြစ်ကြောင်း ကြည့်ရန် သူ၏ အသိစိတ်အမျှင်တန်းတစ်ခုကို ပို့လိုက်သည်။ (ရှေ့မှာတုန်းက ပစ္စုပ္ပန်ကမ္ဘာဗုဒ္ဓကျမ်း ဟု ပြန်ဆိုခဲ့ပါသည်။ ယခုမှစ၍ ပစ္စုပ္ပန်ဗုဒ္ဓကျမ်းစာ ပြန်ဆိုပါတော့မည်)။
သို့သော်…။
ဟုန်ယွိ၏ အသိစိတ်သည် စက်ဝန်းအနီးသို့ ရောက်ရှိသည်နှင့် စက်ဝန်းထံမှ ပြင်းထန်သော အလင်းတန်း ရုတ်တရက် ထွက်ပေါ်လာသည်။
ချီ…..။ ဟုန်ယွိသည် သူ၏အသိစိတ်က ဤပြင်းထန်သော အလင်းရောင်ဖြင့် ကြေမွသွားသည်ဟု ချက်ချင်း ခံစားလိုက်ရပါသည်။
တစ်ချိန်တည်းမှာပင် စက်ဝန်း၏ အလင်းရောင်အတွင်း၌ နဂါးတစ်ကောင်သည် သွားများကို ဖြဲပြီး လက်သည်းများကို ဝှေ့ယမ်းကာ ပေါ်လာသည်။
ဤနဂါးသည် ထိုစက်ဝန်းအတွင်း၌ နောက်ထပ် သေးငယ်သော စကြဝဠာတစ်ခု ရှိသကဲ့သို့ အလွှာလိုက် အလွှာလိုက် ရွှေ့လျား ကူးခတ်နေသည်။ ဟုန်ယွိ၏ အသိစိတ် ကြေမွသွားသည်နှင့် ထိုနဂါး၏မျက်လုံးများသည် ဟုန်ယွိကို ရုတ်တရက် စူးစိုက်ကာ ကြည့်လိုက်ပါသည်။
ဘန်း…။
ဟုန်ယွိသည် နဂါး၏ မျက်လုံးများကို မြင်လိုက်သောအခါ ကျယ်ပြန့်သော လေဟာနယ်ထဲမှ သူ့စိတ်ဝိညာဉ်ပေါ်သို့ ဖိနှိပ်လာသည့် အင်အားကြီးမားသော ဖိအားတစ်ခုကို ခံစားလိုက်ရသည်။
သူ၏ စိတ်ဝိညာဉ်တစ်ခုလုံး ချက်ချင်း ပေါက်ကွဲသွားသည်။
"အံ့ဩစရာပဲ။ အံ့ဩစရာပဲ။ မိုနိုဂိုတာရီရဲ့ မီးလျှံနဂါးကိုးကောင်ထက် ၁၀ ဆ ပိုအစွမ်းထက်တယ်။ အဲဒါက ဘာလဲ။ ဒိုင်ဇင်ဘုရားကျောင်းက ဒီအရာကို အသုံးပြုပြီး ကျမ်းစာကို ကာကွယ်ခဲ့တာလား။ ဒီကျမ်းစာ ဘာလဲဆိုတာ မမြင်နိုင်တာ နှမြောစရာပဲ။ ဒါက ပစ္စုပ္ပန်ဗုဒ္ဓကျမ်းစာလား၊ ဒါမှမဟုတ် အသက်မဲ့အနာဂတ်ကျမ်းစာလား။"
ပေါက်ကွဲပြီးနောက် ဟုန်ယွိ၏ စိတ်ဝိညာဉ်သည် ပြန်လည် စုစည်းလာသည်။
တစ်ချိန်တည်းမှာပင် စက်ဝန်းပေါ်ရှိ နဂါးသည် ဟုန်ယွိ၏ စိတ်ဝိညာဉ်ကို ဖျက်ဆီးနိုင်ပြီဟု ယုံကြည်ထားသည့်အတိုင်း ပျောက်ကွယ်သွားသည်။
ဟုန်ယွိသည် စက်ဝန်းကို ကြည့်ပြီး ၎င်းအောက်ရှိ ကျမ်းစာကို ကြည့်သည်။ သူသည် ရုတ်တရက် ခုန်တက်ပြီး ကျောက်တုံးအခန်း၏ မျက်နှာကျက်ကို ထိုးဖောက်ကာ မြေသားနှင့် ကျောက်တုံးများထဲသို့ ဝင်ရောက်သည်။ ထို့နောက် သူ၏ နတ်ဘုရား စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြု၍ မြေပြင်မှ ထွက်ပေါ်လာသည်။
သူသည် စက်ဝန်း သို့မဟုတ် စက်ဝိုင်း အောက်၌ ဖိထားသော အမည်မသိ ကျမ်းစာကို လုံးဝ စွဲလမ်းမနေတော့ပေ။
ခုနက နဂါးသည် စက်ဝန်းပေါ် ပေါ်လာသောအခါ ဟုန်ယွိသည် ကမ္ဘာမြေကြီးတစ်ခုလုံးက သူ့ကို ဖိထားသကဲ့သို့ ခံစားခဲ့ရသည်။ နဂါး၏ အကြည့်နှင့် ပြင်းထန်သော အတွေးအာရုံက သူ့ကို ကမ္ဘာမြေတစ်ခုလုံးဖြင့် ဖိထားသကဲ့သို့ ခံစားရစေသည်။
ဟုန်ယွိသည် မိုနိုဂိုတာရီ၏ မီးလျှံနဂါးကိုးကောင်ကို မြင်ဖူးပြီး၊ ထိုစွမ်းအားကြီးသော မီးလျှံနဂါးကိုးကောင်၏ အငွေ့အသက်ပင်လျှင် စက်ဝန်းပေါ်ရှိ နဂါးနှင့် မယှဉ်နိုင်ပေ။
သူ၏လက်ရှိ ကြီးမားသော စိတ်ဝိညာဉ်စွမ်းအားဖြင့်ပင် ဤနဂါးကို အနိုင်ယူရန် ခက်ခဲနေသေးကြောင်း သူ သိလိုက်သည်။ ကံကောင်းထောက်မစွာ ဤနဂါးသည် စက်ဝန်းအတွင်း၌ ချိတ်ပိတ်ခံထားရပုံရပြီး မည်သည့် အသိစိတ်မျှ ရှိပုံမပေါ်ပေ။ ၎င်းသည် သူ့အနားသို့ ချဉ်းကပ်လာသော အရာများကို သာ တိုက်ခိုက်လိမ့်မည်။ မဟုတ်ပါက, သူ၏ အခုမှ တိုးတက်လာသော နတ်ဘုရားစွမ်းရည်ဖြင့်ပင် ဤနေရာတွင် သေဆုံးရလိမ့်မည်ဟု ဟုန်ယွိ ခံစားမိသည်။
"ဘယ်လိုလဲ၊ ဟုန်ယွိ။ မင်း မြေအောက်နန်းတော် ရှာတွေ့ပြီလား။"
လူတိုင်း ဟုန်ယွိကို ကာကွယ်နေစဉ်, သူတို့သည် မြေကြီးထဲမှ ကြီးမားသော နေမင်းကြီးနှင့် နွေးထွေးသော ရောင်စဉ်တန်းတစ်ခု ထွက်ပေါ်လာသည်ကို ရုတ်တရက် ခံစားမိကြသည်။
ထို့နောက် ထိုလင်းရောင်စဉ်တန်းသည် ဟုန်ယွိ၏ မျက်ခုံးမွှေးကြားရှိ နေရာလွတ်ထဲသို့ စုပ်ယူသွားပြီးနောက် သူ မျက်လုံးဖွင့်လိုက်သည်။
နင်ဂျာဘုန်းကြီးသည် ဟုန်ယွိ၏ စိတ်ဝိညာဉ်က သူ၏ ခန္ဓာကိုယ်ထဲသို့ ပြန်ရောက်လာသည်ကို မြင်သောအခါ အလျင်အမြန် မေးလိုက်ပါသည်။