← Chapters

အခန်း (၂၆၅-၂၆၆)

Vol. 24 Ch. 265-266

အခန်း (၂၆၅-၂၆၆)

Vol. 24 Ch. 265-266

အခန်း (၂၆၅)။

"မင်း ပြောတာက မြေအောက် ပေခြောက်ထောင် နက်တဲ့နေရာမှာ သီးခြားကျောက်အခန်းတစ်ခု ရှိတယ်ပေါ့။ အဲဒီကျောက်အခန်းထဲမှာ စက်ဝန်းတစ်ခု ရှိပြီး၊ အဲဒီစက်ဝန်းထဲမှာ နဂါး တစ်ကောင် ရှိနေတယ်ပေါ့။ အဲဒီနဂါးက အောက်က ကျမ်းစာကို စောင့်ရှောက်နေတာလား။ မင်းတောင် အနားကို မကပ်နိုင်ဘူးပေါ့။ အဲဒါ ဘာလဲဆိုတာ ငါ သိပြီ။"

နင်ဂျာဘုန်းကြီးသည် ဤအကြောင်းကို ကြားသောအခါ အလွန် တုန်လှုပ်သွားပါသည်။

"အဲဒါ ဘာလဲ။" ဟုန်ယွိက မေးသည်။

"ဟုန်ယွိ၊ ရှေးခေတ်က သူတော်စင်ဧကရာဇ်တွေ ဘာလို့ နဂါးတွေကို စီးပြီး၊ ကောင်းကင်ပေါ် ပျံတက်နိုင်တယ်ဆိုတာ မင်း သိတယ်မဟုတ်လား။" နင်ဂျာဘုန်းကြီးက စိတ်ကို ထိန်းလိုက်ပြီး ဖြည်းဖြည်းချင်း ပြောသည်။ "ငါ ထင်တာ မမှားဘူးဆိုရင်၊ အဲဒီစက်ဝန်းထဲမှာ ချိတ်ပိတ်ထားတဲ့ ဝိညာဉ်ဟာ ထိုက်ရှီတောင်ရဲ့ ဝိညာဉ် ဖြစ်ရမယ်။ ငါ ဒိုင်ဇင်ဘုရားကျောင်းရဲ့ ကျမ်းစာခန်းမမှာ စာအုပ်တွေ ဖတ်တုန်းက စီနီယာ ဘုန်းတော်ကြီးတစ်ပါးရဲ့ မှတ်စု စာအုပ်တစ်အုပ်ကို ဖတ်ဖူးတယ်။ အဲဒီမှာ မှတ်တမ်းတင်ထားတာက ဒိုင်ဇင်ဘုရားကျောင်းရဲ့ စီနီယာကျတဲ့ ကျောင်းထိုင်ဆရာတော် အဟောင်း တစ်ပါးဟာ ရှေးခေတ် သူတော်စင်ဧကရာဇ်တွေ နဂါးစီးပြီး ကောင်းကင်ပျံတက်တာကို အတုယူချင်ခဲ့တယ်။ သူက ထိုက်ရှီတောင်ရဲ့ ဝိညာဉ်ကို စုဆောင်းပြီး၊ ပေါင်းစည်းကာ၊ ယဉ်ပါးအောင် လုပ်ခဲ့ဖူးတယ်တဲ့။ အဲဒီ စက်ဝန်းထဲမှာ ချိတ်ပိတ်ထားတဲ့ ဝိညာဉ်ဟာ ထိုက်ရှီတောင်ရဲ့ ဝိညာဉ် ဖြစ်လိမ့်မယ်လို့ ငါ ထင်တယ်။ ထိုက်ရှီတောင်ရဲ့ ဝိညာဉ်ကို သုံးပြီး ကျမ်းစာကို ကာကွယ်ထားတာ။ ဘယ်သူမှ ယူနိုင်မှာ မဟုတ်ဘူး။ အဲဒီ စက်ဝန်းအောက်မှာ ရှိတာက ပစ္စုပ္ပန်ဗုဒ္ဓကျမ်းလား၊ အနာဂတ်အသက်မဲ့ကျမ်းလား ငါလည်း မသိဘူး။ ဒါပေမဲ့ အဲဒီနှစ်ခုထဲက တစ်ခုခုတော့ ဖြစ်မှာ သေချာတယ်။"

နင်ဂျာဘုန်းကြီးသည် သူ ကြားဖူး၊ ဖတ်ဖူးခဲ့သည့် အရာများကို ပြန်လည် အမှတ်ရရင်း ခန့်မှန်းပြောဆိုသည်။

"ဟင်…၊ ထိုက်ရှီတောင်မှာလည်း ဝိညာဉ် ရှိတယ်လား။"

ရွှေပင့်ကူ အံ့ဩစွာ မေးသည်။

"ရှိတာပေါ့။ အပင်တွေမှာလည်း ဝိညာဉ် ရှိတယ်။ ဥပမာ - နှစ်ပေါင်း တစ်ထောင်ကျော် မိုးကြိုးပစ်ခံရတဲ့ မက်မွန်နတ်ဘုရားဓားမှာလည်း ဝိညာဉ် ရှိတယ်လေ။ ဒါပေမဲ့ အပင်တွေက ဝိညာဉ်ကို မွေးထုတ်ဖို့ ခက်တယ်။ သာမန်အပင်တွေမှာ ဝိညာဉ် မရှိဘူး။ တောင်တစ်လုံးက ဝိညာဉ် မွေးထုတ်ဖို့ဆို ပိုတောင် ခက်ခဲသေးတယ်။ လောကီ ရှေးဟောင်းစာအုပ်တွေထဲမှာ တောင်ရဲ့ ဝိညာဉ်ကို နဂါးသွေးကြောလို့ ခေါ်ကြတယ်။ ကျင်းရွှမ်အာ၊ နဂါးသွေးကြောက ဘာလဲဆိုတာ မင်း သိလား။"

ဟုန်ယွိက ရှင်းပြသည်။

"တောင်တွေ၊ သစ်ပင်တွေ၊ မြစ်တွေ၊ ချောင်းတွေ အားလုံးမှာ ဝိညာဉ် ရှိတယ်။ ထိုက်ရှီတောင်က မိုင်ပေါင်း ထောင်ချီကျယ်ပြန့် မြင့်မားပြီး ပြည်နယ်သုံးခုကို ဖြတ်ကျော် တည်ရှိတယ်။ ရှေးခေတ်ကတည်းက တည်ရှိခဲ့တာမို့ သူ့မှာဝိညာဉ် ရှိတာ သေချာတယ်။ အတိတ်က ပညာရှင်တွေဟာ တောင်နက်တွေမှာ ကျင့်ကြံရတာကို သဘောကျတယ်။ တာအိုပညာရပ်တွေအရ သူတို့က ကောင်းကင်နဲ့ မြေကြီးရဲ့ ဝိညာဉ်စွမ်းအင်ကို စုပ်ယူပြီး နေနဲ့လရဲ့ အနှစ်သာရကို စုဆောင်းတယ်။ စက်ဝန်းအလယ်မှာရှိတဲ့ ဝိညာဉ်က ဝိညာဉ်စွမ်းအင်ပဲ။ ဒီလိုဝိညာဉ် အမျိုးအစားက မက်မွန်နတ်ဘုရားရဲ့ ဝိညာဉ်ထက်တောင် ပိုပြီး စင်ကြယ်တယ်။ သူတို့ရဲ့ ကြီးမားတဲ့ မှော်စွမ်းအား ကို အသုံးပြုပြီး သန့်စင်နိုင်ကာ၊ ကိုယ့်ခွန်အားကို မြှင့်တင်နိုင်တယ်။ ဒါပေမဲ့ ဒီလို ဝိညာဉ် အမျိုးအစားက ရှာရတာလည်း အလွန်မင်း ခက်တယ်။ ရှေးခေတ်တုန်းက ယန်စိတ်ဝိညာဉ်သခင်တွေ (ယန်နတ်ဘုရား) အများကြီး ရှိခဲ့ရတဲ့ အကြောင်းရင်းက သူတို့က ရိုးရှင်းပြီး စိတ်ရှုပ်ထွေးစရာ အတွေးတွေ မရှိလို့ပဲ။ သူတို့ဟာ တောတောင်တွေထဲမှာ တိတ်တဆိတ် နေထိုင်ခဲ့လို့ တောတောင်တွေနဲ့ မြစ်တွေရဲ့ ဝိညာဉ်ကို ရှာရလွယ်ကူခဲ့လို့လည်း ဖြစ်တယ်။ ဒါပေမဲ့ တောင်တန်းတစ်ခု ဒါမှမဟုတ် မြစ်တစ်ခုဟာ ဝိညာဉ်တစ်ခု မွေးဖွားဖို့က အရမ်း ခက်ခဲတယ်။ တစ်စုံတစ်ယောက်က အဲဒီဝိညာဉ်ကို သန့်စင်ပြီး စုပ်ယူလိုက်ပြီဆိုရင် ဝိညာဉ် အသစ်တစ်ခု ဖြစ်ပေါ်ဖို့က မက်မွန်နတ်ဘုရားရဲ့ ဝိညာဉ်ထက် အဆပေါင်းတစ်သောင်း ပိုခက်ခဲလိမ့်မယ်။ မက်မွန်နတ်ဘုရားရဲ့ ဝိညာဉ်က နှစ်တစ်ထောင်အတွင်း ပြန်ဖြစ်ပေါ်နိုင်တယ်။ တောင်ရဲ့ ဝိညာဉ် ဆိုရင်တော့ ဖြစ်ပေါ်ဖို့ နှစ်တစ်သောင်း ဒါမှမဟုတ် နှစ်တစ်သိန်းလောက်တောင် ကြာနိုင်တယ်။ ဒါကြောင့်လည်း ဒိုင်ဇင်ဘုရားကျောင်းရဲ့ ကျောင်းထိုင်ဆရာတော်ဟောင်းက မြေအောက် ပေ ခြောက်ထောင် နက်တဲ့နေရာမှာ ကျောက်အခန်းတစ်ခု ကို တကယ် တည်ဆောက်ပြီး၊ ထိုက်ရှီတောင်ရဲ့ ဝိညာဉ်နဂါးသွေးကြောကို စုဆောင်းကာ ကျမ်းစာကို ဖိနှိပ်ထားတာကိုး။"

ဟုန်ယွိသည် သက်ပြင်းချလိုက်မိသည်။ သူက မတ်တပ်ရပ်ပြီး သက်ပြင်းရှည်ကြီး ချလိုက်သည်။ "သွားကြစို့။"

"ထွက်သွားမယ်လား။ အာယွိ။ ရတနာတောင်ထဲ ဝင်ပြီး လက်ဗလာချည်း ပြန်လာတော့မှာလား။ အဲဒါက ပစ္စုပ္ပန်ဗုဒ္ဓကျမ်း ဒါမှမဟုတ် အသက်မဲ့ အနာဂတ်ကျမ်း ဖြစ်နိုင်တယ်လေ။" ရွှေပင့်ကူက စိတ်အားထက်သန်စွာ ပြောသည်။

"ပစ္စုပ္ပန်ကျမ်း ဒါမှမဟုတ် အသက်မဲ့ အနာဂတ်ကျမ်း ဖြစ်နေရင်တောင် ယူသွားဖို့က မဖြစ်နိုင်ဘူး။ ထိုက်ရှီတောင်ရဲ့ ဝိညာဉ် နဂါးသွေးကြောက ကာကွယ်ထားတာဆိုတော့, ငါ မိုနိုဂိုတာရီလို ကျွမ်းကျင်သခင်တစ်ဦးဖြစ်မှပဲ ယူနိုင်လိမ့်မယ်။ မိုနိုဂိုတာရီတောင် မယူနိုင်လောက်ဘူး။ ဒါ့အပြင် အဲဒါက မြေအောက် ပေခြောက်ထောက် အနက်မှာရှိပြီး လှေကားတွေလည်း မရှိဘူး။ ငါ နဂါးသွေးကြောရဲ့ ဖိနှိပ်မှုကို ဖောက်ထွင်းနိုင်ရင်တောင် အပေါ်ကို ပြန်ယူလာဖို့က မဖြစ်နိုင်ဘူး။"

ဟုန်ယွိက ခေါင်းခါလိုက်ပါသည်။

မှန်ပါသည်။ ပေခြောက်ထောက် နက်သော နေရာတွင် လမ်းကြောင်း မရှိပေ။ ၎င်းသည် မြေကြီး၏ အနက်ရှိုင်းဆုံးနေရာ၌ မြှုပ်ထားပြီး သေးငယ်သည့် အပေါက်ဖော်ထားသည့် ကျောက်တုံးအခန်းတစ်ခုသာ ဖြစ်သည်။ စိတ်ဝိညာဉ်ဖြင့် ဆင်းသွားရန်ပင် ခက်ခဲနေရာ၊ ပစ္စည်း အစစ်အမှန်ကို ပြန်ယူလာဖို့ ဆိုလျှင် ပို၍ပင် ဆိုဖွယ်ရာ မရှိပေ။

စိတ်ဝိညာဉ်ဖြင့် ဆင်းသွားခြင်းသည် အနေထား တစ်မျိုးဖြစ်ပြီး ပစ္စည်း အစစ်အမှန်ကို ပြန်ယူလာခြင်းသည် အနေထား နောက်တစ်မျိုး ဖြစ်သည်။ မြေအောက်ရှိ ပစ္စည်းများသည် ရေထဲရှိ ပစ္စည်းများကဲ့သို့ မဟုတ်ပေ။ ရေထဲ၌ဆိုလျှင် စိတ်ဝိညာဉ်၏ စွမ်းအားဖြင့် ဆယ်ယူနိုင်သော်လည်း မြေအောက်၌ မဆယ်ယူနိုင်ပေ။

ရှေးတုန်းက တစ်စုံတစ်ယောက်သည် ထိုကျမ်းစာကို အောက်သို့ မည်သို့ သယ်ဆောင်သွားခဲ့သည်ကို ဟုန်ယွိသည် စိတ်ကူး၍ပင် မရနိုင်ပါချေ။

ထို့အပြင် ဟုန်ယွိသည် ယခုအချိန်တွင် ထိုက်ရှီတောင်၏ နဂါးသွေးကြော အကာကွယ်ကို မချိုးဖောက်နိုင်ပေ။

ဟုန်ယွိ အခုနက ခံစားခဲ့ရသော စွမ်းအား၊ စက်ဝန်းပေါ်ရှိ နဂါးပုံစံ စွမ်းအားသည် အနည်းဆုံး မိုနိုဂိုတာရီကဲ့သို့သော အစွမ်းထက်သူ သို့မဟုတ်၊ သူ့ထက်ပင် ပို၍ပင် အစွမ်းထက်သော အရာတစ်ခု ဖြစ်သည်ကို သိထားရမည်။

ဟုန်ယွိ၏ လက်ရှိစွမ်းရည်ဖြင့် ၎င်းကို လုံးဝ မချိုးဖောက်နိုင်ပေ။ အကယ်၍, သူသာ တန်ပြန်တိုက်ခိုက်မူဒဏ်ကို ခံရပါက အလွန် ကြောက်စရာ ကောင်းလိမ့်မည်။

ဟုန်ယွိ၏ စိတ်ဝိညာဉ်သည် အလွန် တည်ငြိမ်ပြီး၊ ရွေးချယ်ရမည့်အရာကို သူ သိသည်။ ယခုအချိန်တွင်, ထိုကျမ်းစာကို ရရှိရန် မျှော်လင့်ချက် မရှိသောကြောင့်, သူသည် စွမ်းအင် အလဟဿ မဖြစ်စေရန် စဉ်းစားခြင်းပင် မပြုတော့ချေ။

"ဒါပေမဲ့ ဘာပဲ ဖြစ်ဖြစ်၊ ဒိုင်ဇင်ဘုရားကျောင်းရဲ့ အပျက်အစီးတွေကို ငါတို့ နောက်ဆုံးတော့ မြင်ခဲ့ရပြီ။ မနက်ဖြန် စတင်ထွက်ခွာပြီး ကျောက်စိမ်းမြို့တော်ကို ပြန်မယ်။ ဒီနေရာက အဖြစ်ပျက်တွေကို ဘယ်သူ့ကိုမှ မပြောနဲ့။ မင်းတို့ဗိုက်ထဲမှာပဲ ပုပ်သွားပါစေ။ ငါ့ကျင့်စဉ်အဆင့် လုံလောက်အောင် မြင့်မားလာတဲ့အခါ ပြန်လာပြီး ထပ်မံ စူးစမ်းကြည့်မယ်။"

ထိုသို့ ပြောပြီးနောက် ဟုန်ယွိသည် ပြန်ထိုင်သည်။ သူသည် တဲထဲ၌ တပလ္လပင်ခွေထိုင်ပြီး တရားထိုင်လိုက်ပါသည်။

ကျောက်အခန်းထဲက လျှို့ဝှက်ဆန်းကြယ်သော ကျမ်းစာနှင့် ထိုက်ရှီတောင်၏ ဝိညာဉ်နဂါးသွေးကြောက သူ့စိတ်နှလုံးမှာ လှိုင်းတစ်ချက်မျှတောင် မဖြစ်ပေါ်စေခဲ့သလိုပင်။

"ဟုန်ယွိရဲ့ ကျင့်စဉ်အဆင့်က တကယ်ကို အဆင့်တစ်ခုအထိ ရောက်ရှိနေပြီ။ ဒီလိုအရာမျိုးကို သိပြီးတဲ့နောက်မှာတောင် သူ့စိတ်ထဲမှာ ဝန်ထုပ်ဝန်ပိုး လုံးဝ မရှိခဲ့ဘူး။ တခြား ကျွမ်းကျင်သူ တစ်ယောက်ဆိုရင်, နေ့တိုင်း စိတ်ထဲ ထည့်ထားပြီး အထဲကအရာကို ရယူဖို့ နည်းလမ်း ရာပေါင်းများစွာကို စဉ်းစားနေမှာ သေချာတယ်။"

နင်ဂျာဘုန်းကြီးက ဟုန်ယွိ၏ မျက်နှာအမူအရာကို ကြည့်ပြီး တိတ်တိတ်လေး ခေါင်းညိတ်လိုက်သည်။

ထို့နောက် သူ၏မျက်လုံးများ မသေချာမှုဖြင့် လင်းလက်သွားပြီး ခေါင်းခါလိုက်ပါသည်။ "ကျောင်းထိုင်ဆရာတော်က ဘာလို့ ကျမ်းစာကို အဲဒီထဲ ထည့်ထားရတာလဲ။ အထဲမှာ ဘယ်ကျမ်းစာလဲ။ ပစ္စုပ္ပန်ဗုဒ္ဓကျမ်းလား၊ အသက်မဲ့ အနာဂတ်ကျမ်းလား။ အဲဒါက ယခင် ကျောင်းထိုင်ဆရာတော်ဟောင်း စုဆောင်းခဲ့တဲ့ ထိုက်ရှီတောင်ရဲ့ ဝိညာဉ်နဂါးသွေးကြော ဖြစ်နေတာကိုး။ ကံမကောင်းတာက ငါက သိုင်းသူတော်စင်တစ်ယောက် ဖြစ်နေတယ်။ တစ္ဆေအင်မော်တယ် မဟုတ်ဘူး။ ငါ ကိုယ့်မျက်စိနဲ့ကိုယ် မြင်နိုင်ဖို့ အောက်ဆင်းကြည့်လို့ မရဘူး၊ ဒါပေမဲ့ တစ္ဆေအင်မော်တယ် တစ်ယောက်တောင် ဆင်းဖို့ ခက်ခဲလိမ့်မယ်..."

ထို့နောက် ညက တိတ်ဆိတ်သွားသည်။

နောက်တစ်နေ့တွင် ဟုန်ယွိသည် သူ၏လူများကို တဲများနှင့် အစားအစာများကို သိမ်းဆည်းခိုင်းသည်။ ၎င်းတို့ကို စကြာဝဠာအိတ်ထဲ ထည့်ပြီးနောက် မြင်းများကို ဝိညာဉ်ဆေး၊ ကြက်ဥ၊ ပဲပုပ်၊ မြက်စပါးနှင့် အခြား အထူးအစာများ ကျွေးသည်။ ထို့နောက် သူတို့သည် မြင်းပေါ် စီးကာ အလယ်ပိုင်းပြည်နယ်၏ ထိုက်ခန်ပြည်နယ်မှ ကျောက်စိမ်းမြို့တော်သို့ လေပြင်းတိုက်ခတ်သကဲ့သို့ ကဆုန်ပေါက် မောင်းနှင်သွားကြပါသည်။

ထိုက်ခန်ပြည်နယ်မှ ကျောက်စိမ်းမြို့တော် အထိ မိုင်ပေါင်း နှစ်ထောင်ကျော် ဝေးသည်။ သူတို့သည် ပြည်နယ်ငါးခု သို့မဟုတ် ခြောက်ခုနှင့် ခရိုင် ၃၀ မှ ၄၀ အထိ ဖြတ်သန်းခဲ့ရသည်။ တချို့နေရာများတွင် အစိုးရလမ်းမများ ရှိသော်လည်း အချို့နေရာများတွင် မိုင်ဒါဇင်များစွာ သို့မဟုတ် ရာနှင့်ချီ၍ အစိုးရလမ်းမ မရှိပေ။ အစပိုင်းတွင် နှင်းများ အရည်ပျော်ပြီး လမ်းများ ရွှံ့ထူနေသည်။ သို့သော် ကျောက်စိမ်းမြို့တော်နှင့် နီးကပ်လာလေလေ၊ ရာသီဥတုက ပို၍ အေးလာလေ ဖြစ်သည်။ လမ်းပေါ်ရှိ နှင်းများသည် အေးခဲနေသော ရေခဲများ ဖြစ်လာသည်။ မြင်းများ နင်းလိုက်သောအခါ မြေပြင်သည် ကျွိကျွိ မြည်လာသည်။ (official roads - အစိုးရလမ်းမဟူသည် ထိုလမ်းများသည် ပြည်နယ်များ၊ ခရိုင်များကြား ချိတ်ဆက်ထားပြီး စစ်ရေး၊ အုပ်ချုပ်ရေး၊ ကုန်သွယ်ရေးနှင့် စာပို့ဆက်သွယ်ရေးတို့အတွက် အသုံးပြုသော အဓိက လမ်းကြောင်းများကို ဆိုလိုပါသည်။)

မြစ်အချို့လည်း ရေခဲနေသည်။ ရေခဲသည် နှစ်ပေမှ သုံးပေအထိ ထူသဖြင့်၊ လူနှင့် မြင်းများ ၎င်းပေါ်တွင် လမ်းလျှောက်နိုင်ကြသည်။

ဟုန်ယွိတို့အဖွဲ့၏ မြင်းများသည် တစ်နေ့လျှင် မိုင်တစ်ထောင် ခရီးသွားနိုင်သည့် အဖိုးတန် မြင်းများဖြစ်ပြီး ခန္ဓာကိုယ်ကို သန်မာစေရန် ဝိညာဉ်ဆေး များ ကျွေးထားသော်လည်း ဤရေခဲလမ်းပေါ်တွင် အမြန်နှုန်းမြင့် စီးနင်းရန် ခက်ခဲနေသေးသည်။ မဟုတ်ပါက သေချာပေါက် ချော်လဲပြီး မြင်းများ မှောက်လဲသွားလိမ့်မည်။

လမ်းတစ်လျှောက် တောတောင်များနှင့် မြစ်များ ရှိသော်လည်း ဟုန်ယွိသည် ဓားပြ သို့မဟုတ် ခိုးဆိုးလုယက်သူများကို မတွေ့ရပေ။ အဘယ်ကြောင့် ဆိုသော် ရာသီဥတုက အလွန်အေးသောကြောင့် ဖြစ်သည်။ သစ်တောထဲတွင် ပုန်းအောင်း၍ ဆီထူသော သိုးများကို စောင့်ဆိုင်းနေရခြင်းသည် အလွန် ခက်ခဲသည်။ ထို့အပြင် နှစ်ကုန်ပိုင်းနှင့် နီးကပ်နေပြီ ဖြစ်သည်။ ဓားပြများနှင့် ခိုးဆိုးလုယက်သူများလည်း နှစ်သစ်ကူးကို ကျင်းပနေကြသောကြောင့် လုယက်ခြင်း အလုပ်ကို မလုပ်ကြပေ။ (fat sheep - ဆီထူသော သိုးများဟူသည် ချမ်းသားကြွယ်ဝသူများကို ရည်ညွှန်းပါသည်)။

ဤအရာက ဟုန်ယွိကို အနည်းငယ် စိတ်ပျက်စေသည်။ သူသည် နောက်ဆုံးတစ်ကြိမ် အနက်ရောင်သိမ်းငှက်ခံတပ်မှ ညီအစ်ကို သုံးယောက်နှင့် တွေ့ဆုံပြီး သူတို့ကို ပြန်လည် လုယက်ခဲ့သည့်အတိုင်း ပြုလုပ်လိုခဲ့သည်။ သူ၏ လက်ရှိ ခွန်အားဖြင့် မည်သည့် ဓားပြအဖွဲ့မှ သူ့ကို မခုခံနိုင်ပေ။

သို့သော် သူသည် ဓားပြများကို မတွေ့ရသော်လည်း အေးခဲ၍ သေဆုံးသူများ၊ ငတ်မွတ်၍ သေဆုံးသူများကို များစွာ တွေ့ရသည်။ ထို့အပြင် ဟုန်ယွိ သည် ကျေးရွာများစွာတွင် မိသားစုများက အမွေးနံ့သာတိုင် ယဇ်ပလ္လင်များ ဖွင့်လှစ်နေသည်ကို တွေ့ရသည်။ အသက်မဲ့တာအိုဂိုဏ်းနှင့် အစစ်မှန် လေဟာနယ်ဂိုဏ်းမှ တာအိုပညာရှင် များစွာသည် လူများကို အလှူအတန်း ပေးကမ်းပြီး တပည့်များ စုဆောင်းနေသည်ကိုလည်း တွေ့ရသည်။

ဤအရာအားလုံးကို မြင်သောအခါ ဟုန်ယွိသည် ခေါင်းခါရုံသာ ရှိပြီး ဝင်ရောက် မစွက်ဖက်ခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် အလယ်ပိုင်းပြည်နယ် တစ်ခုလုံးသည် အိမ်ရှေ့စံမင်းသား၏ ပိုင်ဆိုင်မှုကဲ့သို့ ဖြစ်နေသောကြောင့် ဖြစ်သည်။ သူ၌ ကိုယ်ပွား ထောင်ပေါင်း သို့မဟုတ် သောင်းပေါင်းများစွာ ရှိနေရင်တောင် ဝင်ရောက် စွက်ဖက်နိုင်မည် မဟုတ်ပေ။ အလယ်ပိုင်းပြည်နယ် ၁၃ ပြည်နယ်၊ ခရိုင် ရာပေါင်းများစွာနှင့် ရေတွက်လို့မရနိုင်သော ကျေးရွာများကို လုံးဝ စီမံခန့်ခွဲ၍ မရနိုင်ပေ။

ဟုန်ယွိသည် အခြေအနေကို ပြောင်းလဲရန်အတွက် သူ၏ နတ်ဘုရား စွမ်းရည်ကို အသုံးပြုလောက်အောင် မိုက်မဲခြင်း မရှိပေ။

ဤကဲ့သို့သော အရာမျိုးကို သူ ကျောက်စိမ်းမြို့တော်သို့ ရောက်ရှိပြီး၊ အိမ်ရှေ့စံမင်းသားကို ဖြေရှင်းပြီးနောက်မှသာ လုပ်ဆောင်နိုင်မည်။ ထို့နောက် ဧကရာဇ်ကို ပြောင်းလဲရမည်။ ဧကရာဇ်က အမိန့်များ ထုတ်ပြန်ပြီး အုပ်ချုပ်သူ အမျိုးမျိုးကို အမိန့်ပေးလိမ့်မည်။ ဤအရာအားလုံးကို ဖြည်းဖြည်းချင်း လုပ်ဆောင်ရမည်။

"နိုင်ငံကြီးတစ်နိုင်ငံကို အုပ်ချုပ်ရတာက ငါးလေးတစ်ကောင်ကို ချက်ပြုတ်သလိုပဲ။ ဒါက ရှေးခေတ် သူတော်စင်တွေရဲ့ ပြောစကားပဲ။ ငါ လုပ်ရမယ့် အရာကိုပဲ လုပ်ဆောင်းပြီး၊ ဖြည်းဖြည်းချင်း ရှေ့ဆက်ရမယ်။ ငါ လက်စားချေတာကို အရင်လုပ်မယ်။ လက်စားတောင် မချေနိုင်မှတော့, ကမ္ဘာပေါ်က လူတွေကို ဘယ်လိုလုပ် အကျိုးပြုနိုင်မှာလဲ။"

ကျောက်စိမ်းမြို့တော်သို့ သွားသောလမ်းသည် သူ့ရှေ့၌ ရှိနေပြီ။ ဟုန်ယွိသည် လျှပ်စီးဖမ်းမြင်း၏ ဇက်ကြိုးကို ဆွဲလှည့်လိုက်ပါသည်။ ဤဉာဏ်ကောင်းသော မြင်းသည် ဟုန်ယွိ၏ ရည်ရွယ်ချက်ကို ချက်ချင်း သိရှိပြီး ရပ်တန့်လိုက်သည်။

"သခင်လေး၊ ဒီနေ့ပဲ မြို့ထဲကို ဝင်မှာလား။ ကျွန်တော်တို့ လမ်းပေါ် ရောက်နေပြီ။ မြို့နဲ့ မိုင်တစ်ရာလောက်ပဲ ဝေးတော့တယ်။ ဒီလမ်းက ကျယ်တယ်၊ လမ်းကတော့ မချောတော့ဘူး။ အမြန်သွားမယ်ဆို, နောက်လေးနာရီအတွင်း ကျောက်စိမ်းမြို့တော်ကို ရောက်နိုင်တယ်။"

ဟုန်ယွိ ရပ်တန့်သည်ကို မြင်သောအခါ ချီဇီယန်လည်း ရပ်တန့်ပြီး မေးရန် ရောက်လာသည်။

"မလိုဘူး။ ဒီနေ့ မြို့ထဲဝင်ရင် အရမ်း ထင်ပေါ်လွန်းနေတယ်။ ပြန်လှည့်ပြီး အစိမ်းရောင်မိုးမခစံအိမ်မှာ အခြေချရအောင်။ သခင်မလေး မုရုန်နဲ့ ကတိပြုထားတဲ့ ကိစ္စတွေလည်း ငါ လုပ်ပေးရဦးမယ်။"

ဟုန်ယွိက ရှေ့ကို ကြည့်ရင်း သူ့လက်ကို ဝှေ့ယမ်းလိုက်ပါသည်။

ယခုအချိန်မှာ အစိမ်းရောင် မိုးမခစံအိမ်သည် ဟုန်ယွိ၏ အိမ်စံ အစစ်အမှန် ဖြစ်နေပြီ။ ၎င်းသည် မင်းသားယုက သူ ထွက်လာပြီးနောက် ပေးခဲ့သည့် မြေကွက်နှင့် စံအိမ်လည်း ဖြစ်ပါသည်။ သူ့မှာ စကြာဝဠာအိတ်ထဲတွင် ရွှေငွေ သန်းပေါင်းများစွာ ရှိနေပြီး၊ နိုင်ငံတစ်နိုင်ငံနှင့် ယှဉ်နိုင်လောက်သည် အထိ ချမ်းသာနေပြီဆိုလျှင်ပင်, ဤစံအိမ်သည် သူ၏ပထမဆုံး စံအိမ်နှင့် မြေကွက် ဖြစ်ပါသည်။ သို့သော်, သူ၏ပထမဆုံး စံအိမ်နှင့် ပထမဆုံး မြေကွက်အကြောင်း စဉ်းစားလိုက်သည့်အခါ "အိမ်" ဆိုသည့် ခံစားချက်မျိုး ခံစားရတုန်းပင်။

အရင်တုန်းက ဟုန်ယွိသည် မြို့စားစံအိမ်ကနေ ထွက်ခွာခဲ့ပြီး၊ တာအိုဘုရားကျောင်းတွင် နေခဲ့စဉ်တုန်းက မင်းသားယုက သူ့ကို မြေနေရာပေးခဲ့သလို ပစိဖိတ်ရေတပ်တွင် ကမ္မကုသိုလ် စုဆောင်းခွင့်ကိုလည်း ခွင့်ပြုပေးခဲ့သည်။ ၎င်းသည် "သူ့တန်ဖိုးကို အသိအမှတ်ပြုသည့် ကြင်နာမှုမျိုး" လည်း ဖြစ်ပြီး အချိန်မီ ကူညီပေးခဲ့ခြင်းလည်း ဖြစ်ပါသည်။

မည်သို့ပင်ဖြစ်စေ, ထိုကြင်နာမှုအတွက် ဟုန်ယွိသည် မင်းသားယုကို ထီးနန်းပေါ် တင်ပေးရပါမည်။

"အဖေရော ဘယ်လိုနေလဲ မသိဘူး။ တစ်နှစ်လုံး သူ့ဆီက ဘာသတင်းမှ မကြားရဘူး။" ရှန်ထိုက်ဇူက သူ့အောက်က မဟူရာနတ်ဆိုးချီလင်မြင်းကို လှုပ်ခါလိုက်သည်။

"စိတ်မပူပါနဲ့။ မင်းသားယု အာဏာမဆုံးရှုံးသရွေ့ ငါတို့ အစိမ်းရောင်မိုးမခစံအိမ်က အဆင်ပြေမှာပါ။" ဟုန်ယွိက ရှန်ထိုက်ဇူ၏ မြင်းခေါင်းကို ပုတ်ပြီး ဇက်ကြိုးကို ဆွဲလိုက်သည်။ "ဟေး…" လျှပ်စီးဖမ်းမြင်းက ရုတ်တရက် ခုန်ပေါက်လိုက်ပြီး ခြေလှမ်း နှစ်ဆယ်ကျော် အကွာအဝေးကို ရောက်သွားခဲ့ သည်။ သူ့ခွာသံတွေက တိမ်တွေလို အရှိန်အဟုန်ဖြင့် လွင့်မျောနေသည်။

လူအယောက် နှစ်ဆယ်သုံးဆယ်ပါသည့် အဖွဲ့ကြီးသည် တစ်နာရီလောက် မြင်းစီးပြီးနောက်၊ ဟုန်ယွိသည် နောက်ဆုံးတွင် အဖြူရောင်လှိုင်းမြစ် ကမ်းဘေးက အစိမ်းရောင်မိုးမခရွာကို ရောက်လာရှိပါခဲ့သည်။

အဝေးကနေ ကြည့်လိုက်တော့ အစိမ်းရောင်မိုးမခစံအိမ်၏ အနေထားက အရင်ကထက် အများကြီး ပိုကြီးနေသည်ကို တွေ့ရပါသည်။

စံအိမ်ထဲမှာ အဆောက်အအုံ မြင့်မြင့်ကြီးတွေ အများကြီး ဆောက်ထားပါသည်။ နံရံဟောင်းတွေကို ဖြိုချပြီး၊ ထူထဲသော နံရံတွေအသစ်တွေနှင့် အစားထိုးထားပုံရသည်။ နံရံများ၏ အလယ်တွင် လေးပစ်မျှော်စင်တစ်ခုစီ ရှိနေပါသည်။

လေးပစ်မျှော်စင်တွေ ပေါ်မှာ လူတစ်ယောက် ဝင်ဆံ့သည့် အိမ်ငယ်လေးတစ်လုံးစီ ရှိသည်။ မီးပုံးနီတွေငိူ နေရာတိုင်းမှာ ချိတ်ဆွဲထားပါသည်။

အစိမ်းရောင်မိုးမခစံအိမ်ကို သွားသည့်လမ်းကိုလည်း ချောမွေ့ခိုင်ခံ့အောင် ခင်းထားသည်။ လမ်းတစ်လျှောက်လုံးမှာ အရောင်တူ ဂွမ်းကပ် အဝတ်အစားများ၊ ဘောင်းဘီနှင့် ဘွတ်ဖိနပ်တွေကို ဝတ်ထားသည့် အစေခံ အများပြားသည် လမ်းရှင်းနေကြသည်။ လမ်းက အမှန်ပင် အပြာရောင် ကျောက်ပြားများဖြင့် ခင်းထားသည်။ လမ်းက သန့်ရှင်းပြီး အစွန်းအထင်းပင် မရှိပေ။ ဘေးနှစ်ဖက်က ရေစီးမြောင်းတွေထဲက ရေခဲတွေက ကျိုးကြေနေပြီး ရေတွေ စီးနေကြသည်။

အရာအားလုံးက သန့်ရှင်းတယ်။ ခမ်းနားတယ်။ စနစ်တကျရှိပြီး ပေါ်လွင်နေတယ်။ တစ်ချက်ကြည့်လိုက်ရင် မိသားစုကြီးတစ်ခုရဲ့ အငွေ့အသက် တိုင်းပဲ။

"ဒါက မူရင်း အစိမ်းရောင်မိုးမခစံအိမ်ရော ဟုတ်ရဲ့လား။"

ဟုန်ယွိနောက်ကို အချိန်အကြာကြီး လိုက်ပါခဲ့သော အစေခံတချို့ — ချန်လီမြို့စားငယ်လေးက ဟုန်ယွိကို ပေးခဲ့သည့် အငြိမ်းစား စစ်သား ဆယ်ယောက်သည် အစိမ်းရောင်မိုးမခစံအိမ်၏ အငွေ့အသက်ကို မြင်ရသည့်အခါ တီးတိုး ပြောကြသည်။

မုကလေးနှင့် ရှန်ထိုက်ဇူတို့တောင် အံ့ဩသွားကြသည်။

ထိုအချိန်တွင် ဝတ်ရုံရှည်ကြီးတွေ ဝတ်ထားသည့် မြင်းစီးစစ်သည် အယောက် ၂၀ မှ ၃၀ ခန့်သည် အစိမ်းရောင်မိုးမခစံအိမ်၏ ဝင်ပေါက်ကို ရောက်လာသည်ကို သူတို့ သတိထားမိလိုက်ပြီ။

ချက်ချင်းပင် အစိမ်းရောင်မိုးမခတောင်စံအိမ်အတွင်းမှ အရေးပေါ် အချက်ပေး ခေါင်းလောင်းသံ မြည်လာသည်။ လူတွေ အများကြီး ချက်ချင်း စုဝေးလာကြသည်။ မကြာခင်မှာပင် မြင်းစီးစစ်သည် တစ်ယောက် စံအိမ်မှ ပြေးထွက်လာသည်။ သူ့နောက်မှာ ခန္ဓာကိုယ် တောင့်တင်းသန်မာသည့် လူ ၂၀, ၃၀, ခန့် လိုက်လာသည်။ သူတို့ အားလုံးက သားရေအဝတ်အစားတွေ ဝတ်ထားကြပြီး အတွင်းမှာ သံချပ်ကာတွေ မှိန်ပျပျ တွေ့မြင်နိုင်သည်။ ဓားတွေနှင့် တခြားလက်နက်တွေကိုလည်း အဝတ်အစားတွေထဲမှာ ဖွက်ထားသည်။ ချက်ချင်းပင် သူတို့သည် မီတာ ၁၀၀ အကွာအဝေးကို ရောက်လာကြသည်။

"ခင်ဗျားတို့က ဘယ်သူတွေလဲ။" မြင်းစီးစစ်သည် ခေါင်းဆောင်က အော်မေးသည်။

"အဘိုးကြီးကျန်း..၊ ခင်ဗျားက ကျုပ်ကိုတောင် မမှတ်မိတော့ဘူးလား။ သခင်လေး ပြန်ရောက်လာပြီလေ။ မြင်းပေါ်က ဆင်းပြီး ဂါရဝ မပြုသေးဘူး လား။" ဟုန်ယွိ၏ နောက်က မြင်းစီးစစ်သည် တစ်ယောက်က သူ့ကို မေးလာသည့်လူ၏ ပုံပန်းသဏ္ဌာန်ကို မြင်ပြီး အလျင်အမြန် အော်ပြောလိုက်ပါ သည်။

"အာ…။ အဘိုးကြီးဝမ်…၊ သခင်လေး တကယ် ပြန်ရောက်လာတာကိုး။"

မြင်းစီးစစ်သည်သည် ဟုန်ယွိက သူ၏ မဟူရာဝံပုလွေသားရေ ဝတ်ရုံရှည်ကြီး၏ ခေါင်းစွပ်ကို ချွတ်လိုက်တာ မြင်တော့ မြင်းပေါ်ကနေ အလျင်အမြန် ခုန်ဆင်းပြီး ဟုန်ယွိ၏ မြင်းရှေ့မှာ ဒူးတစ်ဖက် ထောက်ပြီး ဂါရဝပြုလိုက်ပါသည်။

"သခင်လေးကို ဂါရဝပြုပါတယ်။"

"ထပါ။"

ဟုန်ယွိလည်း မြင်းပေါ်ကနေ ခုန်ဆင်းလိုက်ပါသည်။ သူက အဘိုးကြီးကျန်းကို မြင်ပြီး၊ ဤအဘိုးကြီးကျန်းသည်လည်း ပြီးခဲ့သည့်နှစ်က သူ့နောက်ကို လိုက်ခဲ့သည့် လူတွေထဲက တစ်ယောက်ဖြစ်သည်။ သူသည် စံအိမ်မှာနေပြီး ကိစ္စတွေကို စီမံခန့်ခွဲဖို့ ကျန်နေခဲ့ခြင်း ဖြစ်သည်။ ဟုန်ယွိက သူ့ကို မှတ်မိပြီး ခေါင်းညိတ်လိုက်သည်။

"ဘာလို့ သခင်လေးရဲ့ မြင်းကို ကူထိန်းမပေးကြတာလဲ။ မင်း၊ အမြန်သွားပြီး အိမ်တော်ထိန်းရှန်နဲ့ မုရုံအမျိုးသမီးကို သခင်လေး ပြန်ရောက်ပြီဆိုတာ အကြောင်းကြားလိုက်။"

အဘိုးကြီးကျန်း မတ်တပ်ရပ်ပြီးနောက် သူ့နောက်က လူတွေကို ဘေးတစ်စောင်း ကြည့်လိုက်ပါသည်။

"နားလည်ပါပြီ!" သူ့နောက်က အစောင့်များသည် တညီတညွတ်တည်း အော်ပြောလိုက်ကြသည်။ ထို့နောက် သူတို့သည် လျှောက်လာကြပြီး၊ ဟုန်ယွိ နောက်က လူတွေ၏ မြင်းများကိုထိန်းဖို့ ကူညီပေးကြသည်။ တစ်ချိန်တည်းဆိုသလို အစောင့်တချို့သည် စံအိမ်ထဲ ပြေးဝင်သွားသည်။ မကြာခင်မှာ ပင် အစေခံမိန်းကလေးတွေ၊ ၊ အပျိုရံတော်တွေ, အဖွဲ့ကြီးတစ်ဖွဲ့သည် စံအိမ်ထဲမှ ထွက်လာပြီး လမ်း၏ ဘေးနှစ်ဖက်တွင် စနစ်တကျ ရပ်နေကြသည်။

"ဒီမှာ အိမ်ဖော်တွေ၊ အပျိုရံတော်တွေနဲ့ အစေခံတွေ နှစ်ရာကျော် ရှိနေတာပဲ။ ဒီအရေအတွက်က ဝူဝမ်မြို့စားစံအိမ်ရဲ့ အရေအတွက် တစ်ဝက်နဲ့ တောင် နှိုင်းယှဉ်နိုင်တယ်။ မုရုန်ယန်က အစိမ်းရောင်မိုးမခစံအိမ်ကို ဘာတွေ လုပ်ထားတာလဲ။"

ဟုန်ယွိသည် ယခုလို ခမ်းနားမှုမျိုးကို မြင်တော့ အံ့အားသင့်သွားခဲ့သည်။ ဤမြင်ကွင်းက ကျောက်စိမ်းမြို့တော်က မင်းသားတွေ၊ နယ်စားတွေ ပြန်လာသည့်အခါ ကြိုဆိုနေသည့် မြင်ကွင်းအတိုင်းပင်။

ဟုန်ရွှန်ကျိသည် အစည်းအဝေး တက်ပြီး သူ့စံအိမ်ကို ပြန်လာတိုင်း သူ့စံအိမ်က အစေခံများနှင့် အိမ်ဖော်တွေ အားလုံးသည် ယခုလို ခမ်းနားသည့် ပုံစံမျိုးဖြင့် ကြိုဆိုလေ့ရှိကြပါသည်။ ဤသည်မှာ မိသားစုကျင့်ဝတ် တစ်မျိုးဖြစ်သလို၊ ချမ်းသာကြွယ်ဝသည့် မိသားစုများ၏ စည်းမျဉ်းတစ်ခုလည်း ဖြစ်ပါသည်။

သို့သော်, ယခုအခါ ထိုကျင့်ဝတ်သည် ဟုန်ယွိပေါ် ကျင့်သုံးလာသောကြောင့် သူသည် အနည်းငယ် အဆင်မပြေသလို ခံစားရပါသည်။

အခန်း (၂၆၆)။

"သခင်လေး ပြန်ရောက်လာပြီ။ ဒီအစေခံတွေက ဂါရဝပြုပါတယ်။"

ဤအစေခံ မိန်းကလေးများသည် တန်းစီပြီးနောက် လှပသပ်ရပ်စွာ ဒူးထောက်ပြီး အရိုအသေ ပေးကြ၏။ သူမတို့သည် စကားဆုံးသော် ပြန်လည် မတ်တပ်ရပ်ကြသည်။ ဟုန်ယွိက သူမတို့ကို တစ်ချက် ကြည့်လိုက်သည်။ ဤအစေခံမိန်းကလေးများသည် အားလုံး ဉာဏ်ရည်ထက်မြက် ကြသည်။ သူမတို့သည် အထူးတလည် လှပသူများ မဟုတ်သော်လည်း အားလုံး သိမ်မွေ့ပြီး ချောမွေ့ကြ၏။ သူမတို့သည် အသက် ၁၅ နှစ်မှ ၂၀ ကြားသာ ရှိကြပြီး၊ ဂရုတစိုက် ရွေးချယ်ထားခြင်း ဖြစ်ကြောင်း ထင်ရှားပါသည်။

"အိမ်ထောင်တစ်ခုကို စီမဲ့ခန့်ခွဲတဲ့ နေရာမှာ အရာအားလုံး ရိုးရှင်းစွာ ရှိနေသင့်တယ်။ သိပ်ကို အေးစက်ပြီး ခြောက်ကပ်ကပ်ကြီး မဖြစ်သင့်ရင်တောင် ဒီလိုအပျိုတော်တွေ၊ အစေခံမိန်းကလေးတွေ ကျွန်တွေ၊ အများကြီး ထားတာက အရမ်းကို ဖြုန်းတီးရာ ကျတယ်။ ဝူဝမ်မြို့စားစံအိမ်မှာ လူဦးရေ ခုနစ်ရာကနေ ရှစ်ရာခန့်ဟာ မြို့တော်မှာ အနည်းဆုံးလို့ သတ်မှတ်ရင်တောင်, တစ်နှစ်တာ ကုန်ကျစရိတ်က အနည်းဆုံး ငွေဒင်္ဂါ နှစ်သိန်းကနေ သုံးသိန်းလောက် ရှိတယ်။"

ဟုန်ယွိ တွေးတောနေစဉ် သံမဏိဆေးတံကို ကိုင်ဆောင်ထားသော လူအိုတစ်ဦးသည် လမ်းလျှောက် ထွက်လာသည်။ သူ့ခါးသည် တောင့်မတ်ကာ ဖြောင့်စင်းနေပြီး တောက်ပသော အဝတ်အစားများ ဝတ်ဆင်ထားကာ မျက်နှာကလည်း နီမြန်းနေသဖြင့် အိုမင်းသည့်ပုံ မပေါ်ပေ။

"အဖေ။" ရှန်ထိုက်ဇူသည် ရှန်ထိုက်ယန် ထွက်လာသည်ကို မြင်သောအခါ ဝမ်းသာအားရ ခေါ်လိုက်သည်။

"မုကလေး၊ သခင်လေး အဆင်ပြေရဲ့လား။ ရေတပ်တိုက်ပွဲတွေမှာ ကမ္မကုသိုလ်တွေ ရခဲ့တယ်လို့ ငါ သတင်းကြားတယ်။ စစ်ဘက်ရေးရာ ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ စစ်သတင်းစာတွေမှာလည်း သခင်လေး နာမည်ကို ငါ တွေ့လိုက်တယ်။"

ရှန်ထိုက်ယန်သည် ရှန်ထိုက်ဇူ အဆင်ပြေသည်ကို မြင်သဖြင့် ခေါင်းညိတ်ရုံသာ ခေါင်းညိတ်ပြသည်။ ထို့နောက် မုကလေးအကြောင်းကို မေးမြန်းသည်။ မုကလေး၏ အမူအရာကို ကြည့်ကာ သူ့မျက်နှာပေါ်တွင် ပျော်ရွှင်သော အပြုံးတစ်ခု ပေါ်လာပြီးနောက် "သခင်လေး၊ စံအိမ်ထဲ ဝင်ကြပါစို့။ သခင်မလေး မုရုန်က မြို့ထဲကနေ အခုမှ ပြန်ရောက်တာ။ သခင်လေး ပြန်ရောက်ပြီဆိုလို့ အခု အဝတ်စားလဲနေတယ်။"

"ကောင်းပြီ၊ ထိုက်ယန်၊ အစေခံတွေကို နောက်ထပ် အခန်းတွေ ပိုစီစဉ်ပေးဖို့ ပြောလိုက်ပါ။ ဒီလူအားလုံးက ငါ့ရဲ့ ယုံကြည်စိတ်ချရတဲ့ လူယုံတော်တွေပဲ။ အခုချိန်ကစပြီး၊ သူတို့က ဒီစံအိမ်မှာ အဆင့်အတန်းရှိတဲ့ လူတွေ ဖြစ်လာကြလိမ့်မယ်။" ဟုန်ယွိက ခေါင်းညိတ်ပြီး အမိန့်ပေးသည်။ "ထိုက်ဇူ၊ ထိုက်ယန်အတွက် ပြင်ဆင်ထားတဲ့ အဖိုးတန် ဆေးဖက်ဝင်ပစ္စည်းတချို့ကို ယူပြီး၊ သူ့ အခန်းကို ပို့ပေးလိုက်ပါ။"

"ကောင်းပါပြီ။ မင်းနဲ့ မင်း၊ သခင်လေးရဲ့ လူယုံလက်ထောက်တွေအတွက် အခန်းသန့်ရှင်းရေး၊ အဝတ်အစားပြင်ဆင်တာနဲ့ ပစ္စည်းတွေ ပြင်ဆင်ရာမှာ ကူညီဖို့ အပျိုတော်နှစ်ယောက်စီ ပို့ပေးလိုက်။ မီးဖိုချောင်ကိုလည်း သခင်လေးကို ကြိုဆိုဖို့ ဧည့်ခံပွဲတစ်ခု ပြင်ဆင်ခိုင်းလိုက်ပါ။"

ရှန်ထိုက်ယန်၏ အိမ်တော်ထိန်း အလုပ်သည် ပိုမို ကျွမ်းကျင်လာပုံရသည်။ သူ၏ ညွှန်ကြားချက်များသည် ချို့ယွင်းချက် မရှိသဖြင့် ဟုန်ယွိသည် တိတ်တဆိတ် ခေါင်းညိတ်မိသည်။

ရှန်ထိုက်ယန်သည် အသက်ကြီးနေပြီ ဖြစ်ရာ ဟုန်ယွိ သူ့ကို စစ်မြေပြင်သို့ ခေါ်မသွားခဲ့ပေ။ သူသည် ဘဝ၏ အချိန်အများစုကို ကျန်းဟူလောကတွင် ကုန်ဆုံးခဲ့ပြီးပြီ ဖြစ်ရာ အနားယူပြီး၊ အားဖြည့်ရန် အချိန်တန်ပြီ ဖြစ်သည်။ ယခုမူ မုရုန်ယန်က သူ့ကို ကောင်းကောင်း ဂရုစိုက်ထားပုံရသည်။ ဤအခြေအနေကို ဟုန်ယွိသည် အလွန် ကျေနပ်မိသည်။

ချက်ချင်းပင် သခင်ကျိုး၊ လဲ့လီ၊ ဝမ်ဖေးယန်၊ အကြီးအကဲရှန်နှင့် ကျန်သူများသည် အနားယူရန် ထွက်သွားကြသည်။ ပြီးခဲ့သည့် ရက်များအတွင်း သူတို့သည် ညဘက်တွင် တဲများ၌ နေထိုင်ခဲ့ကြသည်။ လိုအပ်သည့် ပစ္စည်းများ ပြည့်စုံသော်လည်း ရေချိုးရန်အတွက်မူ အဆင်မပြေခဲ့ပေ။ ယခု အစိမ်းရောင် မိုးမခစံအိမ်သို့ နောက်ဆုံးတွင် ပြန်ရောက်လာပြီ ဖြစ်ရာ သူတို့၏ တင်းမာနေသော စိတ်များကို ပြန်လည် ပြေလျော့စေရန် အချိန်တန်ပြီ ဖြစ်သည်။

သူတို့သည် အထွက်အထိပ် ရှင်တန်သိုင်းသခင်များ ဖြစ်သော်လည်း ရက်ပေါင်းများစွာ ခရီးသွားပြီးနောက် ပင်ပန်းနွမ်းနယ်နေကြသည်။ ဤလူများ သည် မင်းသားဟီချင်၏ လက်အောက်ငယ်သားများ ဖြစ်ကြပြီး၊ ဟုန်ယွိက သူတို့ကို သူ့လက်အောက်ခံရန် ဖိအားပေးခံရသူများ ဖြစ်ကြသော်လည်း ယခုအခါ သူတို့သည် ဟုန်ယွိနောက်ကို လိုက်ပါရန် သေချာပေါက် ဆုံးဖြတ်ထားကြသည်။ မူလက သူတို့သည် မင်းသားဟီချင်ကို သစ္စာဖောက်သည့် အတွက် အနည်းငယ် စိတ်မသက်မသာ ဖြစ်ခဲ့ကြသည်။ သို့သော် ဟုန်ယွိ တစ်နေ့ထက်တစ်နေ့ ပိုမို အင်အားကြီးလာပြီး ရှင်ခြင်းနှင့် သေခြင်း အတားဆီးကို ကျော်လွန်ပြီး တစ္ဆေအင်မော်တယ်တစ်ပါး ဖြစ်လာသည်နှင့်အမျှ, သူတို့သည် မင်းသားဟီချင်ကို ကြောက်ရွံ့ခြင်း မရှိတော့ပေ။

မိုးကောင်းကင် ပြိုကျလာရင်တောင် ဟုန်ယွိဟူသော မဟာ တစ္ဆေအင်မော်တယ်တစ်ပါး ရှိနေသဖြင့် သူတို့သည် မည်သူ့ကို ကြောက်ရမည်နည်း။

အစိမ်းရောင်မိုးမခစံအိမ်သည် အမှန်တကယ် ပြောင်းလဲသွားခဲ့သည်။ မူလအရွယ်အစားထက် နှစ်ဆ ချဲ့ထားပြီး၊ အတွင်းရှိ အိမ်များသည် အားလုံး အရည်အသွေးမြင့် ထင်းရူးသစ်များဖြင့် ဆောက်လုပ်ထားသည်။ လက်ရန်းများကို ပန်းများ ထွင်းထုထားပြီး နေရာတိုင်းတွင် လိုက်ကာများ ရှိသည်။ ခြံဝန်းကိုလည်း သန့်ရှင်းသော အပြာရောင်ကျောက်ပြားများဖြင့် ခင်းထားပြီး ခြံဝန်း၏ စင်္ကြံများသည် ပွတ်တိုက်ထားသော သစ်သားကြမ်းခင်းများ ဖြင့် ပြုလုပ်ထားသည်။ ကြမ်းပြင်ပေါ်တွင် နှင်းကဲ့သို့ ဖြူဖွေးသော ကော်ဇောများကို ခင်းထားသည်။ ၎င်းသည် အလွန်တန်ဖိုးရှိသော "အယ်လ်ပါကာ" သိုးမွေး မဟုတ်သော်လည်း အနောက်တိုင်းဒေသမှ သိုးမွေး ဖြစ်သည်။

ခြေသုံးလှမ်းတိုင်းတွင် စင်မြင့်တစ်ခုရှိပြီး၊ ခြေငါးလှမ်းတိုင်းတွင် အထပ်မြင့် အဆောက်အအုံတစ်ခု ရှိသည်သည့်အလား အခန်းများသည် အကွေ့အကောက်များဖြင့် ရှုပ်ထွေးလှသည်။

ထောင့်တိုင်းတွင်လည်း အစေခံများက မလှုပ်မယှက် ရပ်နေကြသည်။

တိတ်ဆိတ်နေသော်လည်း လူအပြည့် ရှိနေသည်။ အချို့ထောင့်များတွင် မီးသွေး ထည့်ထားသော သံမဏိအိုးကြီးများဖြင့် မီးထွန်းထားကြသည်။ အစေခံများက ၎င်းတို့ကို ဂရုစိုက်နေကြသည်။ ထို့ကြောင့် ထိုနေရာတွင် ရပ်နေသော အစေခံများ အေးသည်ဟု မခံစားရပေ။ ရွှေ့ယန်ပြည်နယ် အုပ်ချုပ်ရေးမှူး စံအိမ်ကဲ့သို့ စစ်သည်များသည် အေးခဲနေသော လေနှင့် မိုးကြားထဲတွင် ရပ်နေရခြင်းမျိုးလည်း မဟုတ်ချေ။

"ထိုက်ယန်၊ မုရုန်ယန်က ဒီလို ချဲ့ထွင်ဖို့ ဘယ်လောက် ကုန်ကျခဲ့လဲ။" ဟုန်ယွိက ဤအရာအားလုံးကို ကြည့်ပြီး သူ့ဘေးရှိ ရှန်ထိုက်ယန်ကို မေးသည်။ အကယ်၍, ရှန်ထိုက်ယန်သာ လမ်းမပြလျှင် သူကိုယ်ပိုင် စံအိမ်ကိုပင် မှတ်မိမည် မဟုတ်ပေ။

"ရွှေဒင်္ဂါး တစ်သိန်းသုံးသောင်းလောက် ကုန်ကျတယ်" ရှန်ထိုက်ယန် ရိုးသားစွာ ပြောသည်။

"ဒီလောက်များတာလား။ ဒါဆို ငါတို့ အစိမ်းရောင် မိုးမခစံအိမ်မှာ အစေခံ၊ ကျွန်မ၊ အပျိုရံတော်၊ ကျွန်ယောက်ျားတွေ ဒီလောက်များနေတော့ တစ်လ ကို ဘယ်လောက် ကုန်ကျလဲ။" ဟုန်ယွိက ထပ်မေးသည်။

"လက်ရှိမှာ ကျွန်တော်တို့ အစိမ်းရောင်မိုးမခစံအိမ်မှာ အိမ်ဖော် ၂၅၃ ယောက်၊ အစောင့်နဲ့ စစ်သည်တော် အယောက် ၅၀ ၊ အထွေထွေလုပ်သား ကျွန်ယောက်ျား ၂၂၃ ယောက်၊ စုစုပေါင်း ၅၂၆ ယောက် ရှိပါတယ်။ လူတစ်ယောက်ချင်းစီကို တစ်လ ငွေဒင်္ဂါး နှစ်ပြားနှုန်း ပေးရပါတယ်။ ပွဲတော်ကာလ ဆုချတာ၊ ပူဇော်ပသတာ၊ ဧည့်ခံကျွေးမွေးတာ၊ စားသောက်စရိတ်စတဲ့ အခြား အသုံးစရိတ်တွေ အပါအဝင် ဆောင်းရာသီမှာ လူ ၅၀၀ ကျော်အတွက် ဂွမ်းကပ်အဝတ်အစားနဲ့ ထင်းမီးအတွက်လည်း အများကြီး သုံးစွဲရပါတယ်။ ဒီတော့ လစဉ်အသုံးစရိတ်က ငွေဒင်္ဂါး လေးထောင်ကနေ ငါးထောင်လောက်အထိ သုံးစွဲရပါတယ်။ တစ်နှစ်ကို ငွေဒင်္ဂါး ငါးသောင်းလောက် ကုန်ကျပါတယ်။" ရှန်ထိုက်ယန်သည် အိမ်တော်ထိန်းအဖြစ် အချိန်ကြာမြင့်စွာ လုပ်ကိုင်ခဲ့သူ ဖြစ်သောကြောင့် စာရင်းအင်းများကို အလွန် ရှင်းလင်းစွာ သိသည်။

"တစ်နှစ်ကို ငွေဒင်္ဂါး ငါးသောင်းလား။ အို ဘုရားသခင်၊ ဒါက စိတ်ကူးလို့တောင် မရနိုင်ဘူး။ ဒိုင်ဇင်ဘုရားကျောင်းရဲ့ စကြာဝဠာအိတ်ထဲက များပြားတဲ့ စည်းစိမ်ဥစ္စာတွေကိုသာ ငါ မရခဲ့ရင်, ပြန်ရောက်ပြီး သိပ်မကြာခင်မှာပဲ မက်မွန်နတ်ဘုရား စစ်သင်္ဘောသုံးစင်းကို သေချာပေါက် ရောင်းချရတော့ မယ်။"

တစ်နှစ်လျှင် ငွေဒင်္ဂါး ငါးသောင်း အနည်းဆုံး ကုန်ကျမည်ကို ကြားသောအခါ ဟုန်ယွိသည် ပြောစရာစကား အနည်းငယ် မဲ့သွားရပါသည်။ သူ ပြီးခဲ့သည့်နှစ် အစိမ်းရောင်မိုးမခစံအိမ်မှ ထွက်ခွာစဉ်က စံအိမ်တစ်ခုလုံး၏ ဝင်ငွေသည် တစ်နှစ်လျှင် ငွေဒင်္ဂါး ၇,၀၀၀ ခန့်သာ ရှိသည်။ ဆိုလိုသည်မှာ စံအိမ်တစ်ခုလုံး၏ ဝင်ငွေသည် ကြီးမားသော အသုံးစရိတ်များကို လုံးဝ မကာမိနိုင်ပေ။

"မုရုန်ယန်က ဒီကုန်ကျစရိတ်အားလုံးအတွက် ပေးချေနေတာလား။ ငါ မှတ်မိသလောက်ဆို, သူမက စေးကပ်နှဲပြီး နှမြောတတ်သူပါ။"

ထို့အပြင်, ဟုန်ယွိသည် ယခင်က စစ်တပ်ကို ဦးဆောင်ခဲ့ဖူးသဖြင့် မိသားစု စီမံခန့်ခွဲပုံကို သိသည်။ မိသားစု ပိုကြီးလေ၊ ကုန်ကျစရိတ် ပိုကြီးလေ ဖြစ်သည်။ ငွေများက ဒီနေရာတွင် ကုန်လိုက်၊ ဟိုနေရာတွင် ကုန်လိုက် ဖြစ်နေ၏။

ဟုန်ရွှန်ကျိကဲ့သို့ ဝူဝမ်မြို့စားစံအိမ်ကို ပိုင်ဆိုင်ထားသူသည်ပင်လျှင် ကုန်ကျစရိတ်များကို ထိန်းထားနိုင်ရန် မဒမ်ကျောက်၏မိသားစုထံမှ ငွေကြေးအကူအညီ လိုအပ်သည်။ ဟုန်ရွှန်ကျိ၏ လစာနှင့် စံအိမ်၏ ဝင်ငွေဖြင့် အသုံးစရိတ်များကို ထိန်းသိမ်းရန် မဖြစ်နိုင်ပေ။

သံသယများစွာဖြင့် ဟုန်ယွိသည် စင်္ကြံရှည်တစ်ခုနှင့် တံခါးအချို့ကို ဖြတ်၍ တောင်ဘက်ရှိ တောင်ပံဆောင်တစ်ခုသို့ ဝင်ရောက်လာသည်။

တောင်ပံဆောင်ထဲသို့ ဝင်လိုက်သည်နှင့် နွေးထွေးသော လေလှိုင်းတစ်ခုက သူ့မျက်နှာကို ရိုက်ခတ်လာသည်။

တောင်ပံဆောင် အတွင်း၌ အနံ့အသက်မရှိသော မီးသွေးများ လောင်ကျွမ်းနေသည့် လှပစွာ သွန်းလုပ်ထားသော ကြေးနီဇလုံကြီး တစ်လုံး ရှိသည်။ ၎င်းတို့ထဲတွင် လောင်ကျွမ်းနေသော ကြေးနီအိုးကြီး များစွာလည်း ရှိသည်။ ကြမ်းပြင်ပေါ်ရှိ ကော်ဇောသည် သန့်ရှင်းချောမွေ့ပြီး တိုင်းတပါး နန်းတော်၏ အငွေ့အသက်ကို ပေးသည်။

မုရုန်ယန်သည် တောင်ပံဆောင်၏ အလယ်ဗဟိုရှိ ထွင်းထုထားသော မဟော်ဂနီကုလားထိုင်ကြီး ပေါ်၌ ထိုင်နေသည်။ သူမသည် နှင်းကဲ့သို့ ဖြူဖွေးသော အဝတ်အစားများ ဝတ်ဆင်ထားပြီး ဦးခေါင်းတွင် ဖဲကြိုးတစ်ချောင်း စည်းနှောင်ထားသည်။ သူမ၌ ထူးခြားသော တိုင်းတပါး ဝတ်စားဆင်ယင်မူဟူသည့် ဆွဲဆောင်မှုတစ်မျိုး ရှိနေ၏။ သူမဘေးတွင် လူအိုကြီးတစ်ဦး ရပ်နေသည်။ ထိုလူအိုကြီဂသည် ဆံပင်ဖြူ၊ မုတ်ဆိတ်ဖြူနှင့်ဖြစ်ပြီး၊ ဆံပင်များကို မြင်းမြီးကဲ့သို့ စည်းထားသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် ပွယောင်းသော အဝတ်အစားများဖြင့် ဖုံးအုပ်ထားသည်။ သူ့မျက်လုံးများက ထက်ရှပြီး၊ သူ့အငွေ့အသက်ကို ထိန်းချုပ်ထားသည်။ ရှင်းနေသည်မှာ ဤလူအိုကြီးသည် လက်သီးပညာတွင် မဟာဆရာသခင်အဆင့်သို့ ရောက်ရှိနေသူ ဖြစ်သည်။ ထို့အပြင် သူ၏စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်သည် တစ်သားတည်း ဖြစ်နေသည်။

ဟုန်ယွိသည် ဤအဘိုးကြီးကို မှတ်မိသည်။ သူသည် ချီဇီယန်၏ ဆရာဖြစ်ပြီး ဦးလေးဂန်ဟု ခေါ်သည်။

"ဟုန်ယွိ၊ နင် ပြန်လာပြီလား။ ငါတို့ ကိစ္စရော ဘယ်လိုလဲ။ ငါလည်း အင်ပါယာတရားရုံးက သတင်းစာကို တွေ့လိုက်တယ်။" မုရုန်ယန်သည် ဟုန်ယွိ ဝင်လာသည်ကို မြင်သောအခါ ဂရုမစိုက်ဟန်ဖြင့် လက်ဆန့်တန်းလိုက်သည်။ သူမသည် အရင်ကလို မာနကြီးပြီး၊ နှမြောတွန့်တိုနေဆဲပဲ။

"ငါတို့ ပြောထားသလိုပဲ" ဟုန်ယွိက လက်မြှောက်လိုက်ရာ သွေးနီရောင်မျဉ်းကြောင်းတစ်ခုက မုရုန်ယန်ဆီသို့ ပျံထွက်သွားသော်လည်း မုရုန်ယန်က ဖမ်းမိသွာသည်။

"ဟင်း... ငါ ဒီကိစ္စကနေ အမြတ်ရလိုက်တယ်။ သွေးပုံစံသံမဏိ။" မုရုန်ယန်သည် သွေးပုံစံသံမဏိအပ်ကို ရပြီးနောက် ပျော်ရွှင်စွာ ကြည့်သည်။ ထို့နောက် သူမ၏ စိတ်ဝိညာဉ်ကို အပ်ထဲသို့ ပို့ပြီး လေထဲတွင် သွေးပုံစံသံမဏိကို လှည့်ပတ်ရန် ကြိုးစားသည်။

သို့သော် မုရုန်ယန် ဘေးရှိ မဟာဆရာသခင် ဦးလေးဂန်သည် သူ၏ မျက်ခွံများ လှုပ်ရှားသွားပြီးနောက် တစ်ခုခုကို စဉ်းစားနေပုံရသည်။

"ဟမ်၊ သခင်မလေး... ခုနက၊ ခုနက၊ သူ့ရဲ့ စိတ်ဝိညာဉ် အတွေးအာရုံဟာ သန့်စင်တဲ့ ယန်စွမ်းအင်ပဲ။ အေးစက်စက် ယင်ချီစွမ်းအင် အမျိုးအစား မဟုတ်ဘူး။ ဘာတွေ ဖြစ်နေတာလဲ။"

မဟာဆရာသခင် တစ်ဦးအနေဖြင့် သူသည် ပတ်ဝန်းကျင်ရှိ လေစီးဆင်းမှု၊ လေအေးနှင့် လေနွေးကို အလွန် အာရုံခံစားနိုင်သည်။

"ဟင်၊ တကယ်ပါလား။ နင့်ရဲ့ အတွေးတွေက ဘယ်လိုလုပ် ဒီလောက် နွေးထွေးနေရတာလဲ။ အေးစက်တဲ့ ယင်ချီလည်း မဟုတ်ဘူး! ဒါ... မဖြစ်နိုင်ဘူး! ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ... မင်း မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ခဲ့ပြီလား။ ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ။ နင် တစ္ဆေအင်မော်တယ်တစ်ပါး ဖြစ်သွားတာလား? မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ခဲ့ပြီလား။ ဟာ... ဘုရားရေ...။"

မုရုန်ယန်သည် ဆန်းကြယ်ကောင်းကင်ဘုံခန်းမ၏ ထူးချွန်သော တပည့်တစ်ဦးဖြစ်ပြီး၊ သူမ၏ တာအိုပညာများကို ရုပ်လုံးဖော်ခြင်းနယ်ပယ်အထိ ကျင့်ကြံထားသည်။ ထို့အပြင် သူမ၌ တာအိုပညာရပ်များအပေါ် နက်နက်နဲနဲ နားလည်မှု ရှိသည်။ အခုနက သူမသည် သွေးပုံစံသံမဏိအပ်ကို ရရှိသည့်အတွက် ပျော်ရွှင်မှု၌ နစ်မြုပ်နေသဖြင့် သိပ်ဂရုမစိုက်ခဲ့ပေ။ ယခု သတိပေးလိုက်သောအခါ သူမ၏ စိတ်ဝိညာဉ်သည် ခန္ဓာကိုယ်ထဲ ချက်ချင်း ပြန်ရောက်လာသည်။ ထို့နောက် သူမသည် ဟုန်ယွိကို တစ္ဆေသရဲတစ်ကောင် မြင်လိုက်ရသကဲ့သို့ ကြည့်ကာ စကား ထစ်အထစ်အဖြင့် ပြောသည်။

"ဟင်၊ ချီဇီယန်၊ မင်းတောင် မဟာဆရာသခင်နယ်ပယ်အထိ ကျင့်ကြံပြီးပြီလား။ ဘုရားရေ၊ မင်းက ဘယ်လို သိုင်းပညာမျိုးကို လေ့ကျင့်ခဲ့တာလဲ။ မင်းရဲ့ ချီနဲ့ သွေးစွမ်းအင်က ဘာလို့ ဒီလောက် အားကောင်းနေရတာလဲ။ ဘယ်လိုဆေးဝါးတွေကို သောက်သုံးခဲ့တာလဲ။"

ဦးလေးဂန်သည် တံခါးဝတွင် ရပ်နေသော ချီဇီယန်ကို မြင်လိုက်သည်။

"ဆရာ၊ သခင်မလေး။"

ချီဇီယန်က အလျင်အမြန် ဝင်လာပြီး ဂါရဝပြုသည်။ ထို့နောက် ဟုန်ယွိကို ကြည့်လိုက်သည်။ ဟုန်ယွိက အနည်းငယ် ခေါင်းညိတ်ပြပြီးမှ သူက စကားစပြောသည်။ "သခင်လေးက အခု မိုးကြိုးကပ်ဘေးဒဏ် ကျွမ်းကျင်သူတစ်ဦး ဖြစ်နေပြီ။ သူ့ရဲ့စိတ်ဝိညာဉ် စွမ်းအားက အတုမရှိဘူး။ ရှင်ခြင်း သေခြင်းအတားဆီးကို ကျော်လွန်နေပြီ။ သခင်လေးရဲ့ ကျေးဇူးကြောင့် ကျွန်တော်က ယွမ်ယန်ကောင်းကင်ပုလဲ၊ ဆေးဝါးတွေ အများကြီး ရခဲ့ပြီး ခြင်ဆီသန့်စင်ခြင်း လျှို့ဝှက်ပညာရပ်ဖြစ်တဲ့ နဂါးဆင်တံဆိပ်ကိုတောင် လေ့ကျင့်ကြံခဲ့တယ်။ ဒါကြောင့် မဟာဆရာသခင်နယ်ပယ်ကို ဝင်ရောက်နိုင်ခဲ့တာပါ။"

"မဖြစ်နိုင်ဘူး။"

ဦးလေးဂန်၏ ဆံပင်များက အနည်းငယ် လှုပ်ခါလာပြီး သူ၏မျက်လုံးများ ဟုန်ယွိကို စိုက်ကြည့်နေသည်။ "မိုးကြိုးကပ်ဘေး ကျွမ်းကျင်သူ! ငါတို့ ယွမ်မန်အင်ပါယာရဲ့ မဟာအကြံပေးသုံးယောက်နဲ့ ဆန်းကြယ်ကောင်ကင်ဘုံခန်းမရဲ့ ခန်းမသခင် နှစ်ယောက်တောင် ဒီနယ်ပယ်ကို မရောက်သေးဘူ။ သံမဏိဗုဒ္ဓမြင်းတပ် ဗိုလ်ချုပ်ကြီး ဘီရှီဟွာတောင် ဒီနယ်ပယ်ကို မရောက်သေးဘူး။ ငါတို့ ယွမ်မန်အင်ပါယာ တစ်ခုလုံးမှာ ဒီနယ်ပယ်ကို ရောက်နေတဲ့လူ ငါးယောက်ထက် မပိုဘူး။ မင်းသာ ဒီနယ်ပယ်ကို ရောက်နေရင် ကောင်းကင်နဲ့ မြေကြီးကို လှောင်ပြောင်နေနိုင်ပြီ..."။

မိုးကြိုးကပ်ဘေး ကျွမ်းကျင်သူများသည် ကောင်းကင်နှင့် မြေကြီးကို လှောင်ပြောင်နိုင်သည့် အစွမ်းထက်သူများ ဖြစ်နေပြီ။

"အိုး..၊ ယွမ်မန်အင်ပါယာမှာ မိုးကြိုးကပ်ဘေး ကျွမ်းကျင်သူ ငါးယောက်တောင် ရှိသေးတာလား။ ဥဒေါင်းဘုရင် ရှင်းရွှမ်၊ ကောင်းကင်မြွေဘုရင် ရှင်းမို နဲ့ ဆန်းကြယ်ကောင်းကင်ဘုံခန်းမ ခန်းမသခင်နဲ့ သူ့ဇနီးပဲ ရှိတယ်လို့ ငါ ထင်ခဲ့တာ။ တကယ်ကို ဒီထက် ပိုများနေသေးတာလား။ ဒီလောကမှာ ကျွမ်းကျင်သူတွေ တကယ်ကို အများကြီး ရှိတာပဲ။"

ဟုန်ယွိက ညင်သာစွာ ပြုံးလိုက်ပြီး၊ သူ့လက်ကို ဝှေ့ယမ်းကာ၊ ဦးလေးဂန်ကို လွှမ်းခြုံလိုက်ပါသည်။

ဘန်း…။

ဦးလေးဂန်သည် ဟုန်ယွိက သူ့ဝှေ့ယမ်းလိုက်အချိန်မှာ ကြီးမားသော ဖိအားတစ်ခုက သူ့ပတ်ဝန်းကျင် အရပ်မျက်နှာ အားလုံးမှ ဝန်းရံလာပြီး သူ့ကို ဥခွံတစ်ခုအဖြစ် ပြောင်းလဲသွားတော့မည့်အလား ခံစားရသည်။

ထို့နောက် သူ၏ခန္ဓာကိုယ်သည် လေထဲသို့ ပျံဝဲသွားသည်။ သူသည် မမြင်ရသည့်ဥခွံထဲတွင် သူ့ခွန်အားအကုန် ထိုးထွက်သော်လည်း အချည်းနှီးပင်။

ဟုန်ယွိက သူ့လက်ကို ဖြေလျှော့လိုက်ပါသည်။ ဖုတ်! ဦးလေးဂန်သည် လေထဲမှာ တစ်ပတ်လှည့်ပြီး မြေပြင်ပေါ် တည်ငြိမ်စွာ ဆင်းသက်လာသည်။ သူ့ခန္ဓာကိုယ်က လှုပ်ရှားလိုက်ပြီး မယုံနိုင်လောက်သော အမြန်နှုန်းနှုန်းဖြင့် ဟုန်ယွိဆီသို့ တဟုန်ထိုး ပြေးဝင်သွားခဲ့သည်။

"အနီးကပ် တိုက်ခိုက်ချင်တာလား။" ဟုန်ယွိက ထိုစကားပြောရင်း သူ့လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်သည်။ မျက်တောင်တခတ်အချိန်အတွင်း လျှပ်တပြက် မိုးကြိုးစက်ဝိုင်းကို အလျင်မြန် သုံးလိုက်ပြီး ဦးလေးဂန်ကို တစ်ချက်တည်းဖြင့် နောက်ပြန် တွန်းပို့လိုက်သည်။

"မိုးကြိုးလျှပ်စီး ဆေဘာကျမ်းလား။ အစစ်မှန် သိုင်းသူတော်စင် ခန္ဓာလား။ အစစ်မှန် သိုင်းလက်သီးဆန္ဒလား။ မင်းက တာအိုပညာရှင် ဖြစ်နေပေမဲ့ ဘာလို့ သိုင်းလက်သီးဆန္ဒကိုပါ စုစည်းနိုင်ရတာလဲ။ မင်း... မင်း အတွေးမဲ့ ငြိမ်သက်ခြင်း အခြေအနေကို နားလည်ခဲ့တာလား?" ဦးလေးဂန် အံ့ဩတကြီး ပြောသည်။

"အိုး? ခင်ဗျားလည်း အတွေးမဲ့ ငြိမ်သက်ခြင်း အခြေအနေကို သိတာလား။" ဟုန်ယွိ အံ့ဩသွားသည်။ ဤဦးလေးဂန်သည် ဤမျှ အကြောင်းအရာများစွာကို သိလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

"သခင်မလေး၊ သခင်မလေး လောင်းကြေးထပ်တာ မှန်သွားပြီ။ သခင်လေး ဟုန်ယွိရဲ့ အကူအညီနဲ့ဆိုရင်, ဟွန်း, မုရုန်မိသားစုတစ်ခုလုံးရဲ့ လူအိုကြီးတွေနဲ့ ပျက်စီးနေတဲ့ ကလေးတွေဟာ သခင်မလေးရဲ့ ဖိနပ်ကို လျက်ဖို့ပဲ ထိုက်တန်တော့တယ်။" ဦးလေးဂန်က ဒူးတစ်ဖက် ထောက်ပြီး မုရုန်ယန်ကို ပြောသည်။ "သခင်မလေး၊ သခင်လေး ဟုန်ယွိက သူ့ရဲ့ အတွေးတစ်ခုတည်းနဲ့ ကျွန်တော့်ကို သူ့လက်ထဲကအရုပ်လို ကစားနိုင်တယ်။ ကျွန်တော့်ရဲ့ ချီနဲ့ သွေးစွမ်းအင်ကတောင် သူ့စိတ်ဝိညာဉ်ကိုတောင် မထိခိုက်နိုင်ဘူး။ သခင်လေး ဟုန်ယွိက မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ပြီးသား တစ္ဆေအင်မော်တယ်တစ်ပါးပဲ။ သူက ဒီလောကရဲ့ ထိပ်တန်း ကျွမ်းကျင်သူတွေထဲက တစ်ဦးပဲ။"

"ဒါ…၊ ဒါက တကယ်လား?" မုရုန်ယန်သည် ပါးစပ်အကျယ်ကြီး ဟပြီး ရေထဲက ငါးတစ်ကောင်လို မှင်သက်သွားခဲ့သည်။

"ဘာတွေ ဖြစ်နေလို့လဲ။" ဟုန်ယွိသည် သူတို့စကားများထဲမှ သဲလွန်စများကို ကြားလိုက်ရပြီး မေးသည်။ သူသည် ဤတစ်ကြိမ်တွင် သူ၏ ခွန်အားကို ပြသရခြင်းမှာ တစ်ဖက်တွင် မုရုန်ယန်ကို ခြောက်လှန့်ရန် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ, သူမသည် ယွမ်မန်နိုင်ငံ၏ လက်အောက်ခံ တပည့်တစ်ဦး ဖြစ်ပြီး အခြေအနေက အနည်းငယ် ရှုပ်ထွေးနေသည်။ သူ၏ အလွန်အစွမ်းထက်သော ခွန်အားကို ပြသခြင်းဖြင့် မည်သည့်အရာကိုမဆို အဆင်ခြင်မဲ့ လုပ်ဆောင်ခြင်းကို တားဆီးနိုင်သည်။

"သိပ်ကြီးကျယ်တဲ့ ကိစ္စ မဟုတ်ပါဘူး။ ငါက မိသားစုကို သစ္စာဖောက်ခဲ့တာပါ။ ဟွန့်, အဲဒီ လူအိုကြီးတွေက စစ်ပွဲ ရှုံးပြီးနောက် ငါ့ကို အပြင် ပို့ချင်နေကြတယ်လေ။ ငါ့ကို ချန်ပီယံမြို့စားရဲ့ အပျိုတော်အဖြစ် တပ်ထဲဝင်ရောက်ပြီး၊ သတင်းထောက်လှမ်းဖို့ ပို့မယ်လို့ ပြောနေကြတာပဲ။ အဲဒီအထဲရောက်ရင် ငါ ဘာဖြစ်သွားမလဲဆိုတာ ဘယ်သူသိမှာလဲ။ ငါလည်း သည်းမခံနိုင်တော့တာကြောင့် ငါ့ကိုယ်ပိုင် စုဆောင်းထားတဲ့ ငွေတွေကို ယူပြီး အစိမ်းရောင် မိုးမခစံအိမ်မှာ နေနေတာ။ ငါ ယွန်မင်ကို မပြန်တော့ဘူး။" မုရုန်ယန်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ "မဟုတ်ရင် ရွာထဲက အိမ်တွေကို ပြုပြင်ဖို့ ငွေဒင်္ဂါး တစ်သိန်းကျော် ဘာလို့ သုံးစွဲရမှာလဲ။"

"ချန်ပီယံမြို့စားက ထပ်ပါလာပြန်ပြီလား။" ဟုန်ယွိသည် ဤစကားကို ကြားသောအခါ မျက်မှောင်ကြုံ့မိသည်။

သို့သော် ချန်ပီယံမြို့စားသည် ယွမ်မန်နှင့် နယ်စပ်တွင် တိုက်ခိုက်သောအခါ, ယွန်မင်၏ မှူးမတ်မျိုးနွယ်ဝင်များကို သူတို့၏ အမျိုးသမီးများကို ငြိမ်းချမ်းရေးအတွက် ကမ်းလှမ်းရသည်အထိ အနိုင်ယူခဲ့ခြင်းမှာ အလွန် ပြင်းထန်သည်။

သို့သော် မုရုန်ယန်ကဲ့သို့ အမျိုးသမီးတစ်ဦးကို စစ်တပ်သို့ ပို့လိုက်ပါက သေချာပေါက် ဆိုးရွားသော အဆုံးသတ် ရောက်လာလိမ့်မည်။ ဤအကြောင်း ကို စဉ်းစားစရာပင် မလိုပေ။ သူမ၏ တာအိုပညာရပ်များသည် မဆိုးသော်လည်း ချန်ပီယံမြို့စားကဲ့သို့ လူမျိုးကို မည်သို့ သူလျှို လုပ်နိုင်မည်နည်း။ သူမသည် ရုပ်သေးတစ်ရုပ် ဖြစ်သွားဖို့သာ များသည်။

"ဟုန်ယွိ၊ အစိမ်းရောင် မိုးမခစံအိမ်ကို ငါ ဆက်ပြီး စီမံခန့်ခွဲသင့်တယ်လို့ ထင်တယ်။ နင်က တကယ်ပဲ မိုးကြိုးကပ်ဘေးဒဏ် တစ္ဆေအင်မော်တယ် ဖြစ်အောင် ကျင့်ကြံခဲ့တယ်။ ဒါက အထွက်ထိပ် တည်ရှိမူပဲ။ နင်က ငါတို့ယွမ်မန်နိုင်ငံရဲ့ ဧကရာဇ်ကိုတောင် အထင်သေးနိုင်ပြီ။ ငါ နင်နဲ့ နီးစပ်ချင်တယ်။" မုရုန်ယန်သည် ဟုန်ယွိကို ကြည့်ပြီး သူမ၏ မာန်မာနတချို့ကို ချုပ်တည်းကာ တခဏတာ တိတ်ဆိတ်ပြီးနောက် ပြောလိုက်ပါသည်။

ထိုစကားကို ကြားသောအခါ ဟုန်ယွိက ပို၍ပင် မျက်မှောင်ကြုံ့သွားပြီး စိတ်ထဲတွင် စဉ်းစားကာ မမေးမြန်းဘဲ မနေနိုင်တော့ "မင်းက ငါနဲ့ ဘယ်လို နီးစပ်ချင်တာလဲ။" ထိုစကားလုံးများ ထွက်လာသည်နှင့် အနည်းငယ် ရုတ်တရက် ဆန်သွားသည်ဟု ခံစားရသဖြင့် စကားပြောင်းလိုက်သည်။ "ဘာပဲဖြစ်ဖြစ်၊ မင်း အစိမ်းရောင် မိုးမခစံအိမ်ကို စီမံခန့်ခွဲတာ မဆိုးပါဘူး။ ငါ ကျောက်စိမ်းမြို့တော်ကို ပြန်ရောက်လာပြီဆိုတော့ ငါ့မှာ လုပ်စရာ ကိစ္စတွေ အများကြီး ရှိသေးတယ်။ ဒါနဲ့၊ မင်း မိသားစုကနေ ထွက်ခွာလာပြီဆိုတော့ မင်းမှာ လူနဲ့ ငွေကြေး ဘယ်လောက်ရှိလဲ။ ကျောက်စိမ်းမြို့တော် ရဲ့ အခြေအနေကရော အခု ဘယ်လိုလဲ။ ငါ့ကို ပြောပြပါဦး။"

ထိုစကားကို ပြောနေရင်း ဟုန်ယွိ၏ အကြည့်သည် စားပွဲပေါ်ရှိ ထူထဲသော တော်ဝင် ကြေငြာစာတမ်းပုံပေါ်သို့ ရောက်ရှိသွားသည်။ တစ်ချိန်တည်းမှာပင် သူ၏ အသိစိတ် အမျှင်တန်းတစ်ခုသည် စကြာဝဠာအိတ် အတွင်းရှိ အသေးစား စကြာဝဠာထဲသို့ ဝင်ရောက်သွားသည်။ (တော်ဝင်ကြေညာစာတမ်းများ သို့မဟုတ် တရုတ်ဘာသာဖြင့် Dǐ bào) သည် တရုတ်ပြည်နယ်နှင့် ဒေသဆိုင်ရာ အစိုးရများမှ ထုတ်ဝေသော ရှေးအကျဆုံး သတင်းမီဒီယာတစ်ခု ဖြစ်သည်။) (ရည်ရွယ်ချက်: ၎င်းတို့သည် တော်ဝင်ချန်နိုင်ငံကဲ့သို့သော တော်ဝင်တရုတ်အစိုးရများ၏ တစ်ခုတည်းသော တရားဝင် သတင်းစာ ဖြစ်သည်။ ၎င်းတို့၏ အဓိက ရည်ရွယ်ချက်မှာ ဗဟိုနှင့် ဒေသဆိုင်ရာ အစိုးရများကို တရားဝင် နိုင်ငံရေး အမိန့်တော်များ၊ ကြေညာချက်များနှင့် သတင်းများကို အသိပေးရန် ဖြစ်သည်။)

"ဘာလို့ ဒီတော်ဝင် ကြေငြာစာတမ်းကို ရိုက်နှိပ်တာလဲ။ အင်ပါယာတရားရုံးရဲ့ တချို့ တော်ဝင် ကြေငြာစာတမ်းတွေက လက်ရေးနဲ့ ကူးထားတာလို့ ငါ မှတ်မိပါတယ်။ တော်ဝင် ကြေငြာစာတမ်းတွေ ရိုက်နှိပ်ဖို့အတွက် သစ်သားပြားတွေ ထွင်းထုဖို့ ဒီလောက် အားထုတ်မှုကြီးကို ဘယ်သူ လုပ်တာလဲ။"

All Chapters