နိုးထလာခြင်း
Vol. 172 Ch. 2462
ကျူးဟိုသည် သူ့ရှေ့ရှိမြင်ကွင်းကိုမြင်လိုက်ရသောအခါ မျက်လုံးများထဲတွင် ကျေနပ်သွားသောအရိပ်အယောင်များ ပေါ်လာသည်။ သူသည် လေသံတိုးတိုးဖြင့် ပြောလိုက်၏။
“ဒါက တကယ့်ကို အံ့ဩစရာကောင်းတာပဲ။ မင်းတို့ရဲ့ဆရာက ဘယ်သူလဲ၊ မင်းတို့ဘယ်ကလာတာလဲဆိုတာ ငါ့ကိုပြောပါဦး”
ဝှစ်...
ဖန်းစွင်၏ပုံရိပ်သည် လက်ဖြောက်တစ်ချက်အတွင်း ပျောက်ကွယ်သွားသည်။ လေထုထဲတွင် ကောင်းကင်အလင်းတန်းတစ်ခုပေါ်လာပြီး ကျူးဟိုဆီသို့ လျင်မြန်သောအရှိန်ဖြင့် ချဉ်းကပ်နေလေသည်။ သို့သော် ထိုသာမန်မျက်စိဖြင့်မမြင်နိုင်သော အလင်းတန်းသည်ပင် အရာအားလုံးကို ပြတ်ပြတ်သားသားမြင်နိုင်သော နတ်မျက်စိများ၏အကြည့်အောက်မှ မလွတ်ခဲ့ပေ။ ထိုမျက်စိအောက်တွင် ဖန်းစွင်၏လှုပ်ရှားမှုတိုင်းကို အနှေးပြကွက်ကဲ့သို့ မြင်နေရလေသည်။ မည်သူမှ ကျူးဟို၏အမြင်အာရုံအောက်က မလွတ်နိုင်ချေ။
ကျူးဟိုသည် သူ၏လက်ကိုမြှောက်လိုက်ရာ ဧရာမရွှေရောင်ဗုဒ္ဓလက်ဖဝါးကြီးပေါ်လာပြီး ကောင်းကင်အလင်းတန်းကို ရိုက်ချလိုက်သည်။ ၎င်းသည် ဖန်းစွင်ပေါ်သို့ တိတိကျကျ ကျရောက်သွား၏။ ထိုတိုက်ခိုက်မှုသည် ဖန်းစွင်ရှေ့သို့ရောက်ရှိလာရာ ကျယ်လောင်သောထိခတ်သံကြီးကိုကြားလိုက်ရသည်။ လက်ဖဝါးကြီးသည် ဖန်းစွင်ပတ်ပတ်လည်ရှိ ကာကွယ်အလွှာကိုဖောက်ဝင်သွားပြီး လောကအသေးအတွင်းသို့ ဝင်ရောက်သွားသည်။ ထို့နောက် ၎င်းသည် ဖန်းစွင်ကို တိုက်ရိုက် ရိုက်ချလိုက်လေသည်။ ရိုက်ချက်အဟုန်သည် ဖန်းစွင်ကို နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားစေသည်။
ကောင်းကင်ထက်တွင် အလင်းသည် တောက်ပစွာလင်းလက်နေသည်။ ဖန်းစွင်သည် သူ့နေရာသို့ တန်း၍ပြန်သွားလိုက်သည်။ သူသည် ခပ်အုပ်အုပ်ညီးတွားလိုက်၏။ သူ့နှုတ်ခမ်းစွန်းမှနေ၍ သွေးစီးကျနေပြီး သူ၏မျက်နှာသည် အတန်ငယ်ဖြူဖျော့နေပေသည်။
တစ်နေရာမှ တစ်နေရာသို့ လျင်မြန်စွာသွားနိုင်သောစွမ်းအားသည် နတ်မျက်လုံးများအောက်တွင် အသုံးမဝင်သကဲ့သို့ပင်။ နတ်မျက်လုံးများ၏အမြင်မှ မည်သည့်အရာမှ မပုန်းကွယ်နိုင်ပေ။ ပို၍အရေးကြီးသည်မှာ သူတို့၏ပြိုင်ဘက်သည် သူတို့ထက်ကျင့်ကြံခြင်းအဆင့်ပိုမြင့်သည့် အားသာချက်ရှိလေရာ သူတို့ဘက်က တစ်ပန်းရှုံးနေလေသည်။ ထိုကဲ့သို့သောအခြေအနေများအောက်တွင် ဖန်းစွင်အတွက် သူ၏ပြိုင်ဘက်အနီးသို့သွား၍ ပြိုင်ဘက်ကိုဒဏ်ရာရအောင် လုပ်ရန်မှာ မဖြစ်နိုင်သကဲ့သို့ဖြစ်နေသည်။
ထို့ကြောင့် သူသည် လက်ဝါးချက်တစ်ချက်ဖြင့်ပင် နောက်သို့ပြန်ဆုတ်လာခဲ့ရလေသည်။
ကျူးဟို၏အကြည့်သည် ဖန်းစွင်ပေါ်သို့ ကျရောက်လာ၏။ သူ့မျက်ဝန်းများထဲတွင် စိတ်လှုပ်ရှားသောအရိပ်အယောင်တစ်ချက် လက်သွားသည်။
“သဘာဝလျှို့ဝှက်လမ်းစဉ်တွေနဲ့ မွေးဖွားလာတဲ့သူတွေက တကယ့်ကို အံ့ဩစရာတွေ ပြည့်နေတာပဲ။ ခန္ဓာကိုယ်ကလည်း မဟာလမ်းစဉ်ရဲ့ခန္ဓာကိုယ်ပဲ... မြင်နိုင်ဖို့ခက်တယ်။ ဗုဒ္ဓရဲ့အကြားအမြင်ကြောင့်သာ မဟုတ်ရင် ဖမ်းမိဖို့မလွယ်ဘူး”
သူသည် ထိုလေးဦး၏စွမ်းရည်များကြောင့် အံ့အားသင့်နေသည်။
သောယွီသည် ရှေ့သို့တစ်လှမ်းတက်လိုက်သည်။ သူ၏မျက်လုံးများသည် လွန်စွာကြောက်မက်ဖွယ်ကောင်းနေသည်။ ထိုမျက်လုံးများသည် ပြန်လည်ဝင်စားခြင်းမျက်လုံးများဖြစ်သည်။ သို့သော် ကျူးဟိုသည် ထိုအရာကို အလျင်အမြန် သိရှိသွားပုံပေါ်လေသည်။ ဗုဒ္ဓ၏အကြားအမြင်အောက်တွင် ကောင်းကင်ထက်ရှိ ဧရာမမျက်လုံးကြီးများသည် သောယွီကို စိုက်ကြည့်နေကြပြီး သူဖန်ဆင်းနေသည့် ပုံရိပ်ယောင်ကို ထွင်းဖောက်၍ ကြည့်နေကြသည်။
“စိတ်မကောင်းစရာပဲ... ပုံရိပ်ယောင်နဲ့ ပြန်လည်ဝင်စားခြင်းမျက်လုံးတွေက ဒီနေရာမှာ အသုံးမဝင်ဘူး”
ကျူးဟို၏မျက်ဝန်းများသည် ထူးဆန်းနေပြီး စဉ်းလဲသောအသွင်ရှိလေသည်။ အကယ်၍ သူ့ရှေ့မှလူငယ်လေးသာ သူနှင့်ကျင့်ကြံခြင်းအဆင့်တူခဲ့ပါက ပြန်လည်ဝင်စားခြင်းမျက်လုံးများသည် သူ့ကိုခြိမ်းခြောက်နိုင်ပေလိမ့်မည်။ သို့သော် သူတို့၏ကျင့်ကြံခြင်းအဆင့်သည် သိသိသာသာကွာခြားလေရာ သူ့အတွက် စိုးရိမ်စရာမရှိပေ။
သောယွီသည် သူ၏မျက်လုံးများအတွင်း၌ စူးရှသောနာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။ သူသည် ပြန်လည်ဝင်စားခြင်းမျက်လုံးများကို ထိန်းချုပ်နေခြင်းကိုရပ်လိုက်ပြီး သူ၏မျက်လုံးများကို တင်းတင်းကြပ်ကြပ်ပိတ်လိုက်လေသည်။ လင်ကလေးနှင့် ထျယ်ထိုသည် တိုက်ခိုက်ရန်ဟန်ပြင်နေသော်လည်း ဖန်းစွင်သည် သူတို့ကိုတားထားသည်။ သူသည် ကျူးဟိုကိုကြည့်၍ ပြောလိုက်၏။
“ခင်ဗျားက ဘာလို့ ဒီလောက်ရန်လိုနေရတာလဲ”
သို့သော် ကျူးဟိုသည် ထိုကိစ္စနှင့်ပတ်သတ်၍ ဖန်းစွင်၏စကားများကို ဂရုမစိုက်ပေ။ သူ၏ခန္ဓာကိုယ်သည် လေထဲတွင်ရပ်နေဆဲဖြစ်ပြီး အောက်ဘက်ကို ကြည့်ရှုနေသည်။ နတ်မျက်လုံးတစ်စုံသည်လည်း လေထဲတွင် ဝဲနေဆဲဖြစ်သည်။ ၎င်းတို့သည် ထိုနေရာကို မှော်မျက်လုံးနယ်မြေအဖြစ် ပြောင်းလဲပစ်ခဲ့လေသည်။
“မင်းတို့ဘာသာ မင်းတို့အကြောင်းကို ရှင်းမပြဘူးဆိုရင် ငါ့မှာလည်း ရွေးချယ်စရာမရှိတော့ဘူးလေ”
ကျူးဟိုကပြောလိုက်သည်။ ထို့နောက် သူသည် လက်ကိုရှေ့သို့ဆန့်ကာ ဖန်းစွင်နှင့်အခြားသုံးဦးကို ဆုပ်ယူဟန်ပြုလိုက်သည်။ ဧရာမဗုဒ္ဓလက်ဖဝါးကြီးသည် သူတို့ထံသို့ပျံဝင်သွားပြီး လင်ကလေးကို ပထမဦးဆုံး လှမ်း၍ဖမ်းဆုပ်လိုက်သည်။
လင်ကလေးပတ်ပတ်လည်တွင် အာကာတံခါးများ ပေါ်ပေါက်လာသည်။ သူမသည် တံခါးတစ်ပေါက်အတွင်းသို့ဝင်သွားရာ သူမရှိနေရာမှ ပျောက်ကွယ်သွားလေသည်။ သို့သော် ထိုအဖြစ်အပျက်များသည်လည်း သူတို့အထက်တွင်မျောနေသော နတ်မျက်လုံးများ၏အကြည့်မှ မလွတ်ခဲ့ပေ။ ဧရာမလက်ဖဝါးကြီးသည် အခြားနေရာတစ်ခုကို ဖမ်းဆုပ်လိုက်သည်။ လင်ကလေးသည် အခြားအာကာတံခါးတစ်ပေါက်မှ ပြန်ထွက်လာရာ လက်ဖဝါးကြီးအတွင်းသို့ ထိပ်တိုက်ဝင်မိသွားသကဲ့သို့ ဖြစ်သွားသည်။ ၎င်းသည် သူမကိုဆုပ်ကိုင်လိုက်ပြီး ကောင်းကင်ထက်သို့ မြှောက်မလိုက်သည်။
“လင်ကလေး...”
ကျန်သုံးဦးသည် မျက်နှာထားများပြောင်းသွားကြပြီး တုန်လှုပ်သွားကြသည်။
ထျယ်ထိုက ပထမဆုံးလှုပ်ရှားလိုက်၏။ သူ့နောက်မှနေ၍ ကာကွယ်သူ၏နတ်တူကြီးကိုကိုင်ထားသော ကြောက်မက်ဖွယ်နတ်အရိပ်တစ်ခုပေါ်လာပြီး တူကြီးဖြင့်ထုချလိုက်ရာ ထိုကောင်းကင်စွန်းသည် တုန်ခါသွားသည်။ နတ်တူကြီးသည် ထိုအာကာပြင်ကိုဖျက်ဆီးရန် ကြိုးပမ်းနေရာ ကြောက်မက်ဖွယ်အသံကြီးတစ်ခုထွက်ပေါ်လာသည်။ ထိုနတ်တူကြီးသည် ကျူးဟိုဆီသို့ ဦးတည်နေသည်။
“မင်းတို့က ဘယ်သူနဲ့ရင်ဆိုင်နေရလဲဆိုတာ မသိဘူးကို...”
ကျူးဟိုသည် အမှုမထားဟန်ဖြင့် ပြောလိုက်သည်။ သူ့နောက်တွင်လည်း အကန့်အသတ်မဲ့ ဧရာမပုံရိပ်ကြီးတစ်ခု ထွက်ပေါ်လာလေသည်။ ထိုပုံရိပ်ကား သင်္ကန်းအဖြူရောင်ဝတ်ဆင်ထားသည့် ရှေးဟောင်းဗုဒ္ဓတစ်ပါး၏ပုံရိပ်ဖြစ်ပြီး ယင်းဗုဒ္ဓသည် သူ၏လက်ကိုမြှောက်ကာ ရွှေရောင်လက်ဖဝါးပုံရိပ်ကို ထုတ်လွှတ်လိုက်သည်။ ရွှေရောင်လက်ဖဝါးပုံရိပ်သည် ကျူးဟိုပေါ်သို့ကျဆင်းလာသည့် နတ်တူနှင့်ထိခတ်သွားသည်။
တုန်လှုပ်ဖွယ် ထစ်ချုန်းသံကြီးတစ်ခုထွက်ပေါ်လာပြီး ထိုနေရာတစ်ခုလုံးသည် ထိခတ်မှုအဟုန်ကြောင့် တုန်ခါသွားသည်။ ကာကွယ်သူ၏နတ်တူကြီးသည် ရှေးဟောင်းဗုဒ္ဓ၏ဧရာမလက်ဖဝါးကြီးကို မည်သို့မှထိခိုက်အောင် မလုပ်နိုင်ခဲ့ပေ။
“သွား...”
ကျူးဟိုသည် အားမာန်ဖြင့် ပြောလိုက်ရာ ကောင်းကင်ထက်တွင် ခက်ထန်သောမြည်ဟည်းသံကြီးတစ်ခု ထွက်ပေါ်လာသည်။ ယခုတွင် ဧရာမလက်ဖဝါးကြီးများစွာသည် အဆုံးမဲ့ဆူနာမီလှိုင်းလုံးကြီးများကဲ့သို့ ကျဆင်းလာသည်။ ၎င်းတို့သည် လေထုအတွင်းပြည့်နှက်သွားပြီး နတ်တူကြီးကို နောက်သို့ပြန်ရိုက်ထုတ်လိုက်ကြသည်။ ထို့နောက် ၎င်းတို့သည် ထျယ်ထိုကို ခက်ထန်မှုများဖြင့် ရိုက်ချလိုက်၏။ ထျယ်ထို၏ခန္ဓာကိုယ်သည် အနောက်သို့ ကြီးစွာသောအဟုန်ဖြင့် လွင့်ထွက်သွားပြီး သူသည် ပါးစပ်အတွင်းမှ သွေးစိမ်းရှင်ရှင်အန်ထုတ်လိုက်သည်။
ဖန်းစွင်နှင့် သောယွီတို့သည်လည်း သူတို့ကျွမ်းကျင်သည့်တိုက်ခိုက်မှုများကို ဆက်တိုက်ထုတ်လွှတ်လိုက်သော်လည်း ကျူးဟိုသည် အရေးပင်မစိုက်ချေ။ သူ၏လက်ကိုတစ်ချက်ဝှေ့ယမ်းလိုက်ရုံဖြင့် ဗုဒ္ဓလက်ဖဝါးတစ်ထောင် ထွက်ပေါ်လာ၏။ ၎င်းတို့သည် ကောင်းကင်ကိုလွှမ်းခြုံကာ ထိုတစ်နေရာလုံးတွင် ပြည့်နှက်နေလေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့သုံးဦးစလုံးသည် ထိုစွမ်းအားကြီးသောတိုက်ခိုက်မှုအောက်တွင် ဒဏ်ရာရသွားပြီး နောက်ပြန်ဆုတ်ရန် ဖိအားပေးခံခဲ့ရလေသည်။
သူတို့အကြားတွင် ကျင့်ကြံခြင်းအဆင့် သိသိသာသာကွာခြားနေရာ ဖန်းစွင်တို့လူစုသည် သူတို့၏စွမ်းအားအကုန်ကို ထုတ်မသုံးနိုင်ဖြစ်နေသည်။ သူတို့သည် သဘာဝလျှို့ဝှက်လမ်းစဉ်များနှင့် မွေးဖွားလာသည်ဖြစ်စေ၊ ကောင်းကင်နည်းလမ်းများကို ကျင့်ကြံခဲ့သည်ဖြစ်စေ၊ သို့မဟုတ် နတ်များ၏လမ်းညွှန်မှုကို ရခဲ့သည်ဖြစ်စေ ဤတိုက်ပွဲအခြေအနေကို မည်သို့မှ ကွဲပြားမသွားနိုင်စေပေ။
သူတို့အကြားမှာ ကျင့်ကြံခြင်းအဆင့်ကွာခြားမှုသည် မည်သို့မှပြင်ဆင်၍မရပေ။
ထိုမဟာလမ်းစဉ်နယ်ပယ်အတွင်း၌ တိုက်ပွဲပြင်းထန်လာသောအခါ ကြုံးဝါးသံများကို ကြားလာရသည်။ မျက်မမြင်ထျယ်သည် ရှေ့သို့တိုးနိုင်ရန် အသည်းအသန်တိုက်ခိုက်နေပြီး လူငယ်များကို ကူညီနိုင်ရန်အတွက် သူ့ကိုတားဆီးထားသူကို ကျော်ဖြတ်သွားလိုနေလေသည်။ သူ၏နတ်အာရုံသည် နတ်မျက်လုံးများကြောင့် ဖြစ်ပေါ်လာသော မဟာလမ်းစဉ်နယ်ပယ်အတွင်းသို့ ဖောက်ဝင်၍ အတွင်းကို လေ့လာလိုက်သည်။ သူသည် အတွင်း၌ဖြစ်ပျက်နေသည်များကို မြင်နိုင်သကဲ့သို့ပင်။
“ယီး..ယား...”
ထိုအခိုက်တွင် သံရှည်ဆွဲအော်လိုက်သော စူးရှသည့်အသံတစ်ခုကို ကြားလိုက်ရသည်။ ထိုအသံသည် သားရဲတစ်ကောင်မှအော်လိုက်သောအသံဖြစ်သည်။ မျက်မမြင်ထျယ်၏နတ်အာရုံသည် ထိုနေရာသို့ ရွေ့လျားသွားပြီး သူတို့နောက်မှ ကောင်းကင်ပေါ်ရှိ တိမ်များ၊ မြူခိုးများကိုဖြတ်သန်းလာသော ရွှေရောင်နတ်အလင်းတစ်ခုကို အာရုံခံမိလိုက်၏။ ၎င်းသည် ရွှေရောင်နတ်ငှက်ဖြစ်ပြီး ၎င်း၏ကျောပေါ်တွင် လူများလိုက်ပါလာကြသည်။
ထိုလူအုပ်ကို ဦးဆောင်လာသူသည် အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး ငွေဖြူရောင်ဆံပင်နှင့်ဖြစ်ကာ စကားဖြင့်ပြော၍မရနိုင်လောက်အောင် အတုမဲ့နေပေသည်။
မျက်မမြင်ထျယ်သည် ထိုအခြင်းအရာကို အာရုံခံမိလိုက်သောအခါ သူ၏အရှိန်အဝါအများအပြားကို ပြန်ရုတ်သိမ်းလိုက်သည်။ နောက်ဆုံးတွင် ရီဖူရှင်းနိုးထလာပေပြီ။ ယခုတွင် သူဤနေရာသို့ ရောက်လာပြီဖြစ်ရာ လက်ရှိအခြေအနေကို တစ်ခဏအတွင်း ဖြေရှင်းနိုင်တော့မည်ဖြစ်သည်။
ရွှေရောင်နတ်ငှက်သည် ရွှေရောင်အလင်းတန်းတစ်ခုကဲ့သို့ လေထုကိုဖြတ်ကာပျံသန်းလာပြီး မဟာလမ်းစဉ်ရှိနေသောနေရာသို့ ဦးတည်နေလေသည်။ ကျယ်လောင်သောအသံကြီးတစ်ခုနှင့်အတူ မဟာလမ်းစဉ်ရှိနေသောနေရာသည် ထွင်းဖောက်ခံလိုက်ရပြီး ကျယ်ပြန့်စွာပွင့်ထွက်သွားပြီး ရုတ်တရက် အတွင်းမှတိုက်ပွဲကို လှစ်ဟပြလိုက်လေတော့သည်။
ကျူးဟို၏ခန္ဓာကိုယ်သည် နောက်သို့လွင့်သွားရာ သူသည် ခပ်အုပ်အုပ်ညီးတွားလိုက်သည်။ သူသည် ပေါ်လာသောရွှေရောင်နတ်ငှက်နှင့် ၎င်း၏ကျောပေါ်တွင်ရပ်နေသည့် လူများကိုတွေ့လိုက်သောအခါ မျက်နှာထားပြောင်းလဲသွားလေသည်။
“ဆရာ...”
ဖန်းစွင်နှင့် ထျယ်ထိုတို့သည် နတ်ငှက်ကျောပေါ်ရှိလူကိုမြင်လိုက်သောအခါ မျက်လုံးများအရောင်လက်သွားကြ၏။ သူတို့၏ဆရာသည် နောက်ဆုံးတွင် သတိမေ့မြေနေရာမှ နိုးထလာပြီဖြစ်ပြီး သူတို့ကို အချိန်မီလာကယ်ခဲ့ပေသည်။
“ဆရာ ဟုတ်လား...”
ကျူးဟိုသည် နတ်ငှက်ကျောပေါ်ရှိလူကို အနည်းငယ်မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည်။ ထို့နောက် သူ့မျက်ဝန်းများထဲတွင် ရုတ်ခြည်းပင် အေးစက်မှုတစ်ခုဖြတ်သန်းသွားသည်။ ကျူးဟိုနောက်မှနေ၍ ကျင့်ကြံသူတစ်ဦးထွက်ပေါ်လာပြီး သူ့ရှေ့သို့ပို့ခံလိုက်ရသည်။ သူ့လက်ထဲတွင် လင်ကလေးရှိနေပေသေးသည်။ တစ်ဖက်မှလူများသည် ရုတ်တရက် ကျူးဟိုကို သေစေနိုင်လောက်သည့်တိုက်ခိုက်မှုဖြင့် တိုက်ခိုက်လိုက်မည်ကို စိုးရိမ်နေခြင်းပင်။
ရွှီး...
နတ်ငှက်၏နောက်တွင် အလင်းတစ်ခု ရုတ်တရက်လင်းလက်လာသည်။ ထို့နောက် တောက်ပသောအလင်းသည် ထိုနေရာတစ်ခုလုံးကို ရုတ်ခြည်းအလင်းပေးလိုက်သည်။ အလင်းသည် လွန်စွာတောက်ပသဖြင့် သူတို့သည်အလင်းမှလွဲ၍အခြားအရာများကိုမမြင်ရရာ လူအများအပြားသည် သူတို့၏မျက်လုံးများကို ရုတ်ခြည်းပိတ်လိုက်ရသည်။
အလင်းအောက်တွင် အသံတစ်ခုထွက်ပေါ်လာသည်။ ကျူးဟို၏မျက်နှာထားသည် ရုတ်ခြည်းပြောင်းလဲသွားသည်။ အလင်းပျောက်ကွယ်သွားသောအခါ ဧရာမလက်ဖဝါးကြီးသည် ကြေမွကာ ကောင်းကင်ပေါ်မှ ပြုတ်ကျသွားပေသည်။ ၎င်းကိုင်ထားသော မိန်းမပျိုလေးသည်လည်း နတ်ငှက်ဆီသို့ ခေါ်ဆောင်သွားခံခဲ့ရပြီဖြစ်သည်။
“အလင်းလမ်းစဉ်”
ကျူးဟို၏မျက်လုံးများထဲတွင် မယုံနိုင်မှု အနည်းငယ်ရှိနေလေသည်။ ထိုကျင့်ကြံသူများသည် လွန်စွာလျှို့ဝှက်ဆန်းကြယ်ပေသည်။ လူငယ်လေးဦးသည် သဘာဝလျှို့ဝှက်လမ်းစဉ်များဖြင့် မွေးဖွားလာသူများဖြစ်ပြီး ယခုတွင် အလင်းလမ်းစဉ်တွင်ဆရာတစ်ဆူဖြစ်သော သူတစ်ဦးလည်း ပေါ်လာပေပြီ။ ထိုလူများသည် မည်သူများဖြစ်သနည်း။
သူတို့သည် မည်သည့်အရပ်မှလာခဲ့သနည်း။
“ကျေးဇူးတင်ပါတယ် ဦးလေးချန်”
လင်ကလေးသည် နတ်ငှက်ပေါ်မှ လူများကိုကြည့်၍ပြောလိုက်သည်။
“ဆရာ.. ဆရာကတော်...”
သူမသည် ထိုသို့ပြောနေစဉ်တွင် အမှားတစ်စုံတစ်ခုလုပ်ထားသကဲ့သို့ အတန်ငယ်ဦးညွှတ်နေလေသည်။ သူမသည် ထိုပြဿနာထဲသို့ရောက်ခဲ့ရသည်မှာ သူမ၏ဆရာအတွက်ဖြစ်သည်။
“လင်ကလေး... အဆင်ပြေရဲ့လား”
ရီဖူရှင်းက ခွင့်လွှတ်ဟန်ဖြင့် နူးညံ့စွာပြောလိုက်သည်။ လင်ကလေးသည် ခေါင်းခါလိုက်သည်။ ရီဖူရှင်းသည် သူမ၏တုံ့ပြန်မှုကို တွေ့လိုက်သောအခါ သူမ မည်သည့်အရာကိုစိုးရိမ်နေကြောင်း သိသွားလေသည်။
“မင်းအဆင်ပြေရင် ပြီးတာပါပဲ”
ရီဖူရှင်းသည်ပြုံး၍ သူမ၏ခေါင်းကိုပွတ်သပ်လိုက်သည်။ ထို့နောက် သူသည် ကျူးဟိုဘက်သို့အာရုံစိုက်လိုက်ပြီး သူ့ကိုကြည့်လိုက်လေသည်။
ကျူးဟိုသည် ထိုမျက်လုံးများကို မြင်လိုက်ရသောအခါ အားကောင်းသောအန္တရာယ်အငွေ့အသက်တစ်ခုကို ရုတ်ခြည်းအာရုံခံမိလိုက်သဖြင့် ရင်တုန်သွားလေသည်။