← Chapters

ဗုဒ္ဓစွမ်းရည်ကျင့်ကြံသူများနှင့် ရေစက်ရှိခြင်း

Vol. 172 Ch. 2466

ဗုဒ္ဓစွမ်းရည်ကျင့်ကြံသူများနှင့် ရေစက်ရှိခြင်း

Vol. 172 Ch. 2466

လက်ဖက်ရည်စံအိမ်အတွင်းမှ အခြားကျင့်ကြံသူများက ယခု ရီဖူရှင်းအပေါ် အာရုံစိုက်နေကြပြီး သူတို့အားလုံးက ထိတ်လန့်သွားကြ၏။ ဆန္ဒခြောက်ပါးကောင်းကင်နန်းတော်အတွင်း မုန်တိုင်းထန်စေခဲ့သည့် ရီဖူရှင်းလား။

အနောက်ဘက်ကောင်းကင်သို့ လာရောက်သည့် မည်သူမဆို ထူးချွန်လှသူများ ဖြစ်ကြသည်။ သူတို့အားလုံးက ထိုအကြီးအကျယ် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအကြောင်း ကြားဖူးခဲ့ကြသော်လည်း သူတို့သည် သူ့ကို ဤအနောက်ဘက်ကောင်းကင်၌ မြင်တွေ့ရလိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြပေ။

သိထားရမည်မှာ ရီဖူရှင်းက ကျန်းချန်နန်းတော် တစ်ခုလုံးကို တစ်ချက်တည်းနှင့် ရှင်းလင်းပစ်လိုက်လုနီးပါးပင် ဖြစ်၏။ သူတော်စင်ကျန်းချန်က ဗုဒ္ဓကျင့်ကြံသူများအတွက် ပင်မထောက်တိုင်သဖွယ် ဖြစ်သော်လည်း ယနေ့တွင် သူက မည်သည့်နေရာသို့ ရောက်နေသည်အား မသိရှိရပေ။ ရီဖူရှင်းက မည်သို့ဖြစ်၍ အနောက်ဘက်ကောင်းကင်တွင် မျက်နှာလာပြရဲရသနည်း။

အနောက်ဘက်ကောင်းကင်က ဗုဒ္ဓ၏ သန့်စင်မြင့်မြတ်သော နယ်မြေတစ်ခု ဖြစ်သည်။

“ဗုဒ္ဓပွဲတော်။” ထိုအကြောင်းကို တွေးမိသည့်အခါ လူတိုင်းသည် ဗုဒ္ဓပွဲတော် မစခင်၌ ရီဖူရှင်းက မည်သည့်အတွက်ကြောင့် ဤနေရာသို့ ရောက်လာကြောင်း နားလည်သွားကြသည်။ အနောက်ဘက်ကောင်းကင်၏ သန့်စင်မြင့်မြတ်နယ်မြေကို မဆိုထားနှင့် ဗုဒ္ဓပွဲတော်အတောအတွင်း အနောက်ဘက်လောကတစ်ခွင်လုံးတွင် မည်သည့် တိုက်ပွဲ မည်သည့်သတ်ဖြတ်မှုမှ ပြုလုပ်၍မရနိုင်ပေ။

အနောက်ဘက်လောက၏ သန့်စင်မြင့်မြတ်နယ်မြေအတွင်း ဖြစ်ပျက်သမျှ အရာအားလုံးက ဗုဒ္ဓ၏ သန့်စင်မြင့်မြတ်နယ်မြေမှ ထွက်ပြေးလွတ်မြောက်နိုင်ခြင်း မရှိပါချေ။

ယခု ထွက်ပေါ်လာသော အဖြူရောင်ဝတ် ရဟန်းအတွက်မူ သူ့တွင် အကြောင်းတချို့ ရှိရပေမည်။ သူက မည်သူဖြစ်နိုင်သနည်း။

ရီဖူရှင်းသည်လည်း စဥ်းစားမိကာ ထိုရဟန်းကို ကြည့်ရင်း  မေးလိုက်သည်။ “ကျုပ်က အခုမှ ရောက်လာတာမို့ မကြာသေးခင်ကမှ နေဖို့နေရာ ရှာတွေ့ခဲ့တာ။ ဆရာတော်က ကျုပ် ဒီနေရာမှာ ရှိတာ ဘယ်လိုသိလဲ။ ကျုပ်တို့ အရင်တုန်းက တွေ့ဖူးမယ်တော့ မထင်ဘူး။”

“ကျုပ်ရဲ့ ကျင့်ကြံခြင်းအဆင့်က သိပ်မနက်ရှိုင်းတာကို ဝန်ခံဖို့ ရှက်မိပါတယ်။ ဒကာလေး အနောက်ဘက်လောကရဲ့ သန့်စင်မြင့်မြတ်​နယ်မြေကို ရောက်ပြီးနောက်မှသာ ကျုပ် ဒကာလေးအကြောင်း ကြားဖူးတာပါ။ ဒါပေမယ့် ကျုပ်ရဲ့ ဆရာကတော့ ဒကာလေးရီ ဒီနေရာကို ရောက်လာမယ်ဆိုတာ သိခဲ့တာ ကြာပါပြီ။” ထိုရဟန်းက သူ၏ လက်များကို ရင်ဘတ်ရှေ့၌ ထားကာ တည်ငြိမ်သောအသံနှင့် ပြန်ဖြေလိုက်ပြီး ထိုအသံက ကြားရသူတိုင်းကို စိတ်အေးချမ်းသွားသလို ခံစားရစေသည်။

သို့သော် ရီဖူရှင်းက ၎င်းကို ကြားသောအခါ သူ့နှလုံးသားက တုန်လှုပ်သွားခဲ့ပေသည်။ ရီဖူရှင်းတို့ အနောက်ဘက်လောက၏ သန့်စင်မြင့်မြတ်မြေပေါ်သို့ ရောက်လာလာချင်း သူတို့က သူ၏ ရောက်ရှိလာမှုကို ခံစားမိခဲ့ကြပေသည်။ ထို့ပြင် ထိုရဟန်း၏ ဆရာက သူ ရောက်မလာခင်ကပင် သိရှိခဲ့သည်ဟု ဆိုခဲ့သည်။

'ဤသည်က ဗုဒ္ဓကျင့်ကြံသူများ၏ အထူးစွမ်းအားများလား...' ရွှေတောင်ပံငှက်ကြီး မော့ယွင်ကျီက တွေးလိုက်ပြီး ရီဖူရှင်းသည်လည်း ထိုအတွေးကို ချက်ချင်း လက်ခံရရှိခဲ့ပေသည်။ သူ၏ နှလုံးသားက တုန်ယင်သွားခဲ့၏။

လက်ဖက်ရည်စံအိမ်အတွင်းရှိ အခြားသော ကျင့်ကြံသူများသည်လည်း ချက်ချင်းပင် တူညီစွာ သတိပြုမိလိုက်ကြကာ သူတို့၏ အမူအရာတို့က ပြောင်းလဲသွားခဲ့သည်။ သူတို့က အဖြူရောင်ဝတ် ရဟန်းကို ကြည့်လိုက်ပြီးနောက် တစ်စုံတစ်ယောက်က ပြောလိုက်၏။ “နတ်သောတအာရုံရှင်...”

နတ်စက္ခုအာရုံနှင့် နတ်သောတအာရုံ နှစ်ခုလုံးက ဗုဒ္ဓ၏ အထူးစွမ်းရည်ခြောက်မျိုး၌ ပါဝင်ပေသည်။ မဟာဗြဟ္မာ့ကောင်းကင်၌ သတ်ဖြတ်ခံခဲ့ရသည့် ကျင့်ကြံသူ ကျူးဟိုက ဗုဒ္ဓအထူးစွမ်းအားကျင့်ကြံသူခြောက်ပါး၏ တပည့်တစ်ယောက် ဖြစ်သည်။ သူက ဗုဒ္ဓ၏ နတ်စက္ခုအာရုံကို ကျင့်ကြံသောကြောင့် ဖန်းစွင်နှင့် အခြားသူများ၏ ကျင့်ကြံခြင်းကို သိမြင်နိုင်သည့် စွမ်းရည်ရှိပေသည်။

ထို့ပြင် သူ့ရှေ့မှ ရဟန်းက အကြားအမြင်ရေးရာ စွမ်းအားတွင် ကျွမ်းကျင်ပြီး အနောက်ဘက်ကောင်းကင်အတွင်း လှုပ်ရှားမှုအားလုံးကို ကြားသိနိုင်သည်ဟု ဆိုလိုပေသည်။ သူက ရီဖူရှင်း အနောက်ဘက်လောကသို့ ရောက်မလာခင်မှာပင် ထိုဆရာတော်က သိရှိနေပြီးဖြစ်သည်ဟု ပြောခဲ့လေရာ သူ၏ ကျင့်ကြံခြင်းက မြင့်မားသည်ကို ဖော်ပြပေသည်။

သူ၏ အကြားအမြင်စွမ်းရည်က အနောက်ဘက်လောကအတွင်း နေရာအနှံ့မှ အရာအားလုံးကို ကြားသိမြင်တွေ့နိုင်သည့် အဆင့်ထိ ကျင့်ကြံနိုင်ခဲ့သည်ဟု ဆိုလိုသည်လား။

“ဒီလူရဲ့ ကျင့်ကြံခြင်းက ကျူးဟိုထက် ပိုမြင့်လိမ့်မယ်။” မော့ယွင်ကျီက ရီဖူရှင်းအား အသံပို့လွှတ်ကာ ပြောလိုက်သည်။ ကျူးဟိုက ဗုဒ္ဓ၏ ကြားသိမြင်နိုင်သော စွမ်းရည်ကို ကျင့်ကြံသော်လည်း သူသည် ကျားနန်မြို့ကဲ့သို့ မြို့လေးတစ်မြို့ကိုပင် ဖြတ်မြင်နိုင်ခြငိး မရှိတော့ပေ။ သူ့ရှေ့မှ လူသည် ရီဖူရှင်း အနောက်ဘက်ကောင်းကင်သို့ ရောက်သည့်အခါကပင် ကြားသိပြီးဖြစ်သည်ဟု ပြောခဲ့သည်။ ထိုသည်ကို ကြည့်လျှင် သူ၏ အဆင့်က မည်မျှ နက်ရှိုင်းကြောင်း သိနိုင်ပေသည်။

“အဲဒီ​ဆရာတော်ရဲ့ ဆရာက ထျန်းယင်ဗုဒ္ဓအရှင် ​ဖြစ်ရမယ်။ သူက ဗုဒ္ဓကျင့်ကြံသူလောကအတွင်း ထိပ်သီးဗုဒ္ဓအရှင်သခင်တွေကြားမှာ အကျော်ကြားဆုံး တစ်ယောက်ပဲ။” မော့ယွင်ကျီက ရီဖူရှင်း ယခု ရင်ဆိုင်နေရသူနှင့် ပတ်သတ်၍ နားလည်စေရန် အသံပို့လွှတ်ကာ ဆက်လက်ပြောဆိုလိုက်သည်။ ထိုအချိန်တွင် လက်ဖက်ရည်စံအိမ်အတွင်းရှိ လူအများက အဖြူရောင်ဝတ် ရဟန်းကို အရိုအသေပေးလိုက်ကြသည်။ “ဆရာတော်က ထျန်းယင်ရဟန်း ဖြစ်ရမယ်။”

“ရဟန်းလား။” ရီဖူရှင်းက ၎င်းကို ကြားသည့်အခါ ချက်ချင်းပင် တစ်ဖက်လူ၏ ထူးခြားကာ မြင့်မားလှသည့် အဆင့်အတန်းကို သတိပြုမိလိုက်သည်။ သူက ရဟန်းများထဲမှ တစ်ယောက် ဖြစ်၏။ အနောက်ဘက်လောကအတွင်း သူက ထိပ်တန်းအဆင့်ပုဂ္ဂိုလ်တစ်ယောက်အဖြစ် သတ်မှတ်နိုင်ပေသည်။

“ရဟန်းငယ်လေးတစ်ပါးဖြစ်တဲ့ ကျုပ်က မခံယူဝံ့ပါဘူး။” အဖြူရောင်ဝတ်ရဟန်းက လူတိုင်းကို အရိုအသေပြုကာ ပြောလိုက်သည်။ ရီဖူရှင်းကလည်း စကားပြန်ပြောလိုက်၏။ “ဆရာတော် ကျေးဇူးပြုပြီး ထိုင်ပါ။”

ထျန်းယင်ရဟန်းက သူ၏ လက်များကို ရင်ဘတ်ရှေ့၌ ထားကာ ရီဖူရှင်းအား အရိုအသေပြုရင်း ပြောလိုက်သည်။ “ဒကာလေးရဲ့ ဖိတ်ခေါ်မှုကို ကျေးဇူးတင်ပါတယ်။”

ထို့နောက် သူက ရီဖူရှင်းနှင့် မျက်နှာချင်းဆိုင်တွင် တင်ပျဥ်ခွေထိုင်ကာ သူ့မျက်နှာက တည်ငြိမ်လေးနက်ကာ သြဇာပြည့်ဝနေသည်။ ရီဖူရှင်းသည် ထိုရဟန်း၏ အနောက်၌ ဗုဒ္ဓရောင်ဝါခပ်ရေးရေးကိုပင် မြင်နိုင်ပေသည်။

“ဒီကိုလာခဲ့တာ ဆရာတော်အနေနဲ့ ဘာအကြံဉာဏ်များ ပေးချင်တာရှိလို့လဲ။” ရီဖူရှင်းက အလွန် ယဥ်ကျေးစွာဖြင့် မေး​မြန်းလိုက်သည်။ ထိုရဟန်းက သူ့ကို ရှာဖွေရန် ဤနေရာသို့ ရည်ရွယ်ချက်ရှိရှိ ရောက်လာခြင်း ဖြစ်သည်။ ရှင်းလင်းစွာပင် ဤသည်က ရိုးရှင်းသော တိုက်ဆိုင်မှုမဟုတ်ဘဲ အကြောင်းပြချက် ရှိရပေမည်။

“ဒကာလေးရီက ကျုပ် ရောက်လာတာကို စိတ်ထဲအရမ်းထည့်ထားနေတဲ့ပုံပဲ။ ဒကာလေးရီ ဒီနေရာကို ရောက်လာတာကို သိပြီးတော့ ကျုပ်က လာရောက်လည်ပတ်ဖို့ ဆုံးဖြတ်လိုက်ပေမယ့် တခြား အကြောင်းရင်း မရှိပါဘူး။” ထိုရဟန်းက တုန့်ပြန်လိုက်သည်။ ၎င်းက ရီဖူရှင်းကို အတော်​လေး ဇဝေဇဝါ ဖြစ်စေပေသည်။

“လာလည်ရုံပဲလား။” ရီဖူရှင်းက အနည်းငယ် ဇဝေဇဝါဖြစ်စွာ မေးလိုက်သည်။

“လာလည်ရုံပါပဲ။” ထျန်းယင်ရဟန်းက အပြုံးနှင့် တုန့်ပြန်လိုက်သည်။ သူ၏ မျက်လုံးများက ရီဖူရှင်းပေါ်တွင် ရှိနေဆဲ ဖြစ်၏။ သို့သော် သူ၏ နက်ရှိုင်းလှသော မျက်လုံးများထဲတွင် စူးစမ်းချင်စိတ်အချို့ ရှိနေခဲ့ပုံရသည်။

“ကျုပ် နားမလည်ဘူး။ ဆရာတော် ကျေးဇူးပြုပြီး ရှင်းပြပေးလို့ရမလား။” ရီဖူရှင်းက လေးနက်စွာဖြင့် ပြောလိုက်သည်။ သူသည် မည်သည့်အတွက်ကြောင့် ရဟန်းတစ်ပါးက သူ၏ ရောက်ရှိလာမှုကို သိရှိပြီး လူကိုယ်တိုင် လာရောက်လည်ပတ်ခဲ့သည်ကို အနည်းငယ် သိချင်စိတ်ဖြစ်မိပေသည်။

“ဒကာလေးရီက ဗုဒ္ဓကျင့်ကြံသူတွေနဲ့ ရေစက်ရှိတဲ့ လူတစ်ယောက်ပဲ။” ထျန်းယင်ရဟန်းက အပြုံးနှင့် ဆက်ပြောလိုက်သည်။

“ဘာကိုဆိုလိုတာလဲ။” ရီဖူရှင်းက မေးလိုက်၏။

ထျန်းယင်ရဟန်းက ရီဖူရှင်း ဘေးမှ ဟွာချင်းချင်းကို ကြည့်ကာ လက်ညှိုးထိုးပြလိုက်သည်။ ရီဖူရှင်းက အနည်းငယ် အံ့အားသင့်သွားကာ မေးလိုက်၏။ “ဆရာတော် တစ်ခုခုကို သိထားလို့များလား။”

ထျန်းယင်ရဟန်းက ခေါင်းကို ယမ်းကာ ပြုံးလိုက်၏။ “ကျုပ်လို ရဟန်းငယ်လေးက အရာအားလုံးကို မမြင်နိုင်ပါဘူး။ ဒကာလေးရီက ဗုဒ္ဓကျင့်ကြံသူတွေနဲ့ ရေစက်ရှိတာကိုပဲ သိတယ်။”

“ဖြစ်နိုင်ပါတယ်။” ရီဖူရှင်းက ပြုံးရုံသာ ပြုံးလိုက်၏။ ကြည့်ရသည်မှာ သူက မည်သည့် အချက်အလက်မှ မရရှိနိုင်တော့ပုံရသည်။ ထျန်းယင်ရဟန်းက ပဟေဠိသဖွယ် ဖြစ်နေသောကြောင့် မည်သည့်အရာကိုမှ ခန့်မှန်းရန် မဖြစ်နိုင်ပေ။

“ဒါက 'ဖြစ်နိုင်တာ' မဟုတ်ဘူး။” ထျန်းယင်ရဟန်းက အပြုံးနှင့် ပြောလိုက်သည်။ “လောကတစ်ခွင် အပြောင်းအလဲတွေက မူလဘုံထဲကနေ စတင်ခဲ့တာ။ ဒကာလေးရီက ရှေ့ဖြစ်ဟောထားတဲ့ အကြောင်းကို ကြားဖူးလား သိချင်မိတယ်။”

“အင်း။” ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ သူ ထိုအကြောင်းကို ယခင်က ကြားဖူးခဲ့သည်။ သူက ပြောလိုက်၏။ “မူလဘုံထဲမှာ ဖြစ်ခဲ့တဲ့ မုန်တိုင်းက တစ်လောကလုံးမှာ ရှိတဲ့ ကျင့်ကြံသူတွေကို ဆွဲဆောင်မိခဲ့တယ်။ အဲဒီအချိန်တုန်းက အနောက်ဘက်လောကရဲ့ ဗုဒ္ဓကျင့်ကြံသူတွေပဲ မရောက်လာခဲ့တာ။

ဗုဒ္ဓကျင့်ကြံသူတွေက အဲဒီအကြောင်းကို အများကြီး အာရုံမစိုက်တာကြောင့်လို့ လူတိုင်းက တွေးကြပေမယ့် ဆရာတော်က ရှေ့ဖြစ်ဟောချက်ကို သိပြီးသားဆိုတော့ ကြည့်ရတာ အဲဒီလိုမဟုတ်တဲ့ပုံပဲ။”

“ဒကာလေးရီက အဲဒီနိမိတ်စကား ဘယ်ကနေ စတင်ဖြစ်ပေါ်လာလဲ သိလား။” ထျန်းယင်ရဟန်းက အပြုံးနှင့် မေးလိုက်သည်။

ရီဖူရှင်းက ထိုစကားများကို ကြားသည့်အခါ အနည်းငယ် သံသယဖြစ်သွားခဲ့သည်။ သူက ထျန်းယင်ရဟန်းကို စူးစမ်းလေ့လာနေပြီး သူ့ မျက်နှာတွင် အပြောင်းအလဲတချို့ ဖြစ်ပေါ်လာသည်။ သူက ပြောလိုက်၏။ “ဖြစ်နိုင်တာက...”

ထျန်းယင်ရဟန်းက ခေါင်းညိတ်လိုက်သည်။ “ဒကာလေးရီ ထင်ထားသလိုပဲ ဒီဟောကိန်းရဲ့ မူလအရင်းအမြစ်က ဗုဒ္ဓကျင့်ကြံသူတွေရဲ့ နေရာက ထွက်ပေါ်လာတာ။”

“ဘယ်သူ့ဟောကိန်းလဲ။” ရီဖူရှင်း၏ မျက်လုံးများထဲမှ လေးနက်မှုတချို့ ရှိနေခဲ့ပြီး သူ့နှလုံးသားကို အနည်းငယ် ရှုပ်ထွေးလာစေသည်။ ထိုဟောကိန်းတစ်ခုက မူလဘုံ၏ အပြောင်းအလဲတို့ကို  ဖြစ်ပေါ်စေခဲ့သည်။ ဗုဒ္ဓဂိုဏ်းက ထိုပဋိပက္ခများ၌ မပါဝင်ခဲ့သော်လည်း ဤဟောကိန်းသည် ဗုဒ္ဓကျင့်ကြံသူများ၏ လောကမှ မြစ်ဖျားခံလာခြင်း ဖြစ်ပေသည်။

ဤသတင်းအချက်အလက်အသစ်၏ နောက်ကွယ်တွင် ဖုံးကွယ်ထားသည့် လျှို့ဝှက်ချက်တို့ ရှိနေသည်လား။

“ဗုဒ္ဓကျင့်ကြံသူတွေရဲ့ လောကအတွင်း တောင်တန်းများပေါ်မှာ မရေတွက်နိုင်တဲ့ ကျင့်ကြံရေးနန်းတော်တွေ ရှိပြီး ဗုဒ္ဓကျင့်ကြံသူ အကျော်အမော်တွေ အများကြီး ရှိတယ်။ ဒါပေမယ့် လောကအတွင်း ဖြစ်ပေါ်မယ့် အပြောင်းအလဲတွေအကြောင်း ရဲတင်းစွာ ခန့်မှန်းချက်ပြုလုပ်နိုင်တဲ့သူက တစ်ယောက်နှစ်ယောက်လောက်ပဲ ရှိတာ။” ထျန်းယင်ရဟန်းက အပြုံးနှင့် ဆက်ပြောလိုက်သည်။ “လွန်ခဲ့တဲ့ နှစ်ပေါင်းရာချီအချိန်တုန်းက ကောင်းကင်ဒေသကနေ အနောက်ဘက်ကောင်းကင်ရဲ့ သန့်စင်မြင့်မြတ်နယ်မြေကို ရောက်လာဖူးတဲ့သူ နောက်ထပ်တစ်ယောက် ရှိခဲ့တယ်ဆိုတာ ဒကာလေးရီ သိလား။”

“ဘယ်သူလဲ။” ရီဖူရှင်းက မေးလိုက်သည်။

“ဒကာလေးရီ ခန့်မှန်းမိသင့်ပါတယ်။” ထျန်းယင်ရဟန်းက သူ့ကို တိုက်ရိုက်အဖြေမပေးခဲ့ပေ။

ရီဖူရှင်းက တစ်ဖက်လူပြောနေသည့်အကြောင်းကို တွေးနေခဲ့သည်။ သူက ရီဖူရှင်း ခန့်မှန်းနိုင်စွမ်းရှိသည့်သူဖြစ်ကြောင်း ပြောခဲ့လေရာ ထိုသူမှာ ဗုဒ္ဓကျင့်ကြံသူတို့၏ လောကနှင့် ပတ်သတ်မှုရှိပြီး ကျော်ကြားသည့် တစ်စုံတစ်ယောက် ဖြစ်ရပေမည်။

သူက ထိုသို့ တွေးလိုက်သည်နှင့် ဤ လက်ခံရရှိခဲ့သည့် သတင်းအသစ်ကြောင့် ရီဖူရှင်း၏ နှလုံးသားက အနည်းငယ် တုန်ယင်သွားခဲ့သည်။ ထျန်းယင်ရဟန်း ယနေ့ဖော်ပြခဲ့သည့် သတင်းအချက်အလက်တို့က သူ့ စိတ်ကို အပြင်းအထန် တုန်လှုပ်စေခဲ့ပေသည်။

“အရှင်ဒွန်ဟောင်။” ရီဖူရှင်းက ပြောလိုက်သည်။ ထျန်းယင်ရဟန်းက နောက်ထပ်စကားမပြောတော့ဘဲ ပြုံးလိုက်ပြီး သူ၏ ကောက်ချက်ချမှုကို သဘောတူလိုက်သည်မှာ ရှင်းလင်းပေသည်။

တစ်ချိန်က အရှင်ဒွန်ဟောင်သည် ဗုဒ္ဓကျင့်ကြံသူများ၏ လောကသို့ သင်ကြားပြသမှုကို ရှာဖွေရန် လာရောက်ခဲ့ပြီး ဗုဒ္ဓကျင့်ကြံသူတို့၏ လောကနှင့် နက်ရှိုင်းသော ဆက်သွယ်မှုကို ဖွဲ့စည်းနိုင်ခဲ့သည်။ ၎င်းက ကောင်းကင်ဒေသအတွင်း လျှို့ဝှက်ချက်တစ်ခု မဟုတ်ပေ။

“လွန်ခဲ့တဲ့နှစ်ပေါင်းရာကျော်တုန်းက အရှင်ဒွန်ဟောင် ဗုဒ္ဓလောကကို လမ်းညွှန်ချက်နဲ့ ကျင့်ကြံမှုတွေ ရှာဖွေဖို့ ရောက်လာခဲ့ဖူးတယ်။ သူက ဗုဒ္ဓကျင့်ကြံသူလောကအတွင်း ဗုဒ္ဓအထူးစွမ်းရည် ခြောက်မျိုးထဲက တစ်မျိုးကို ကျင့်ကြံခဲ့ဖူးတယ်။ ဒကာလေးရီအနေနဲ့ ဒီတစ်ကြိမ် ဘာတွေ ရိတ်သိမ်းနိုင်မလဲ ဘယ်သူသိမှာလဲ။” ထျန်းယင်ရဟန်းက ပြောလိုက်သည်။

သို့ဆိုလျှင် အရှင်ဒွန်ဟောင်က ဗုဒ္ဓအထူးစွမ်းရည် ခြောက်မျိုးထဲမှ တစ်မျိုးကို ကျင့်ကြံခဲ့ဖူးသည်ဟု ဆိုလိုသည်လား။

ဗုဒ္ဓ၏ အထူးစွမ်းရည်ခြောက်မျိုးမှာ နတ်စက္ခုအာရုံ၊ နတ်သောတအာရုံ၊ ဗုဒ္ဓရောင်ဝါခြေလှမ်း၊ စိတ်နယ်လွန်ဆက်သွယ်မှု၊ သဗ္ဗညုတဉာဏ်တော်၊ ပရောဂလွန်ကဲမှုထိန်းချုပ်ပညာရပ်တို့ ဖြစ်ကြသည်။

အရှင်ဒွန်ဟောင်က ထိုစွမ်းရည်ခြောက်မျိုးထဲမှ မည်သည့်စွမ်းရည်ကို ကျင့်ကြံခဲ့သနည်း။

“အရှင်ဒွန်ဟောင်က ဘာကို ကျင့်ကြံခဲ့တာလဲ။” ရီဖူရှင်းက ထျန်းယင်ရဟန်းကို ကြည့်ကာ မေးလိုက်သည်။ သူသည် ယခင်က အရှင်ဒွန်ဟောင် ဗုဒ္ဓကျင့်ကြံသူတို့၏ လောကသို့ လာရောက်သောအခါ မည်သည်ကို ကျင့်ကြံခဲ့ကြောင်း သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းခဲ့သည်။

“ပြောခွင့်မရှိဘူး။” ထျန်းယင်ရဟန်းက ထရပ်ကာ အပြုံးနှင့် ပြောလိုက်သည်။ သူက တစ်ဖန် လက်တို့ကို ဆုပ်ကာ ရီဖူရှင်းအား မျက်နှာချင်းဆိုင်ရင်း ပြောလိုက်သည်။ “ဒကာလေးရီ ဒီခရီးမှာ အရာအားလုံး အဆင်ပြေပါစေလို့ ဆုတောင်းတယ်။ အခု ကျုပ် သွားတော့မယ်။”

ထို့နောက် သူက ပြန်လှည့်ကာ ထွက်ခွာသွားခဲ့သည်။ ကြည့်ရသည်မှာ ၎င်းက အမှန်တကယ် ရိုးရှင်းလှသည့် လည်ပတ်မှုတစ်ခုသာ ဖြစ်ပုံရပေသည်။

All Chapters