အခန်း (၁၈၁)
Vol. 17 Ch. 181
အပိုင်း(၁၈၁)
ရူးသွပ်မှုနောက်က သက်ရောက်မှု
ဂိုဏ်းကြီးများ ရှို့ယိဘုရားကျောင်းခံတပ်ဆီ သွားနေကြချိန်တွင် ကျန်းယန်တို့အဖွဲ့ကတော့ ကောင်းကင်တိမ်နန်းတော်ခံတပ်ကို သိမ်းပိုက်နေခဲ့ကြသည်။
ရှို့ယိခံတပ်နှင့်ကောင်းကင်တိမ်နန်းတော်ခံတပ်က အလွန်နီးသော နေရာတွင် ရှိနေကြခြင်း ဖြစ်၏။
ထိုနန်းတော်နှစ်ခုကြားခရီးက ၁နာရီခွဲခန့်သာ ပျံသန်းရသော ခရီး ဖြစ်သည်။
ထို့ကြောင့် ခရီးလမ်းရောသိမ်းပိုက်သည့်တိုက်ပွဲရောပေါင်းမှ အများဆုံး ၂ရက်ခန့်သာ ကြာမြင့်ခဲ့ခြင်း ဖြစ်၏။
တစ်ရာကျော်သောဝိညာဉ်အခြေတည်အဆင့်များသည် ခံတပ်ကိုသိမ်းပိုက်ပြီးနောက် ခံတပ်ထဲရှိ ကောင်းကင်နှင့်မြေပြင်ရတနာများအားလုံးကို သိမ်းဆည်းခဲ့ကြသည်။
သူတို့သည် စိတ်ဝိညာဉ်ပင်တစ်ပင်ကိုမှ ချန်မထားခဲ့ဘဲ တောင်တစ်ခုလုံးကို အခွံပဲကျန်အောင် ရှင်းပစ်ခဲ့ကြ၏။
“တာအိုမိတ်ဆွေကျန်း ငါတို့ရဲ့နောက်ပစ်မှတ်က လန်ကျားအထွတ်အမြတ်မြေ မဟုတ်လား”
ဝိညာဉ်အခြေတည်အဆင့်များ ရူးသွပ်နေသောမျက်လုံးများနှင့် ကျန်းယန်ကို စိတ်လှုပ်ရှားစွာကြည့်ရှုနေခဲ့ကြသည်။ သူတို့မျက်လုံးထဲတွင် သွေးဆာနေသောအလင်းများပင် တောက်နေကြ၏။
ကျန်းယန်အသာအယာခေါင်းညိတ်ပြလိုက်ကာ ပြုံးလိုက်ပြီး
“ဒီနေရာရဲ့ လီ ၁၅၀ အဝေးမှာ လန်ကျားအထွတ်အမြတ်မြေရှိတယ် အဲ့ဒီနေရာကို လန်ကျားကောင်းချီးမြေ လို့လည်းခေါ်တယ် အဲ့တာက သဘာ၀အတိုင်းဖြစ်ပေါ်နေတဲ့ တွင်းပေါက်ကြီးတစ်ခုပဲ အထဲမှာတော့ ကောင်းကင်နဲ့မြေပြင်ရတနာတွေ အပြည့်ရှိတယ် ငါတို့နောက်ပစ်မှတ်က အဲ့ဒီတွင်းကြီးကို ရှင်းပစ်ဖို့ပဲ”
“သွားကြစို့!”
“ငါ့ဓားကသွေးဆာနေပြီ!”
ဝိညာဉ်အခြေတည်အဆင့်များ၏ ရယ်သံများက ရူးသွပ်နေသော မိစ္ဆာရယ်သံများလို ဖရိုဖရဲထွက်ပေါ်လာခဲ့လေသည်။
ကျန်းယန်လည်းခေါင်းညိတ်ပြလိုက်ပြီး ဝိညာဉ်အခြေတည်အဆင့် ၁၀၀ကျော်ကိုဦးဆောင်ကာ လန်ကျားအထွတ်အမြတ်မြေ ခံတပ်ဆီ ထွက်ခွာလာခဲ့၏။
လမ်းတစ်လျှောက်လုံးတွင် သူတို့ဝိညာဉ်အခြေတည်အဆင့်များနှင့် ထပ်ဆုံခဲ့သေးသည်။ ထိုသူများကို ကျန်းယန် သိမ်းသွင်းစရာပင် မလိုခဲ့ပေ။ အဖွဲ့ထဲမှ လူများကသာ ထိုသူများကို အဖွဲ့ထဲရောက်လာအောင် သိမ်းသွင်းခဲ့ကြ၏။
“ငါတို့ကို အဇူရာတိမ်ဂိုဏ်းက ဦးဆောင်လာတာ ဂိုဏ်းကြီးတွေကို ဘာမှကြောက်စရာမလိုဘူး”
“ငါတို့က ဂိုဏ်းကြီးတွေရဲ့ ခံတပ်တွေအများကြီးကို ဖျက်ဆီးခဲ့ပြီးပြီ ဘာလို့ငါတို့နဲ့ပူးပေါင်းပြီး အတူမချမ်းသာလာချင်ရတာလဲ”
ထိုကဲ့သို့သော သိမ်းသွင်းမှုမျိုးကို မည်သည့်ဝိညာဉ်အခြေတည်အဆင့်ကမှ တောင့်မခံနိုင်ခဲ့ပေ။
ဤသို့ဖြင့် သူတို့အင်အားက ၁၄၀ အထိ တိုးမြင့်လာခဲ့သည်။
သူတို့အဖွဲ့သည် ရူးသွပ်နေသော စစ်တပ်တစ်ခု ဖြစ်လာခဲ့ချေပြီ။
ကျန်းယန် ထိုသူများကို ထိန်းသိမ်းဖို့စိတ်ကူးမရှိပေ။ သူသည်ထိုသူများ၏ ရူးသွပ်မှုကိုအသုံးချပြီး ဂိုဏ်းကြီးများ၏ ခံတပ်များကို ဖျက်ဆီးပစ်ချင်နေသူသာ ဖြစ်၏။ သူ့တာ၀န်က အဖွဲ့ထဲ၀င်လာသမျှလူတိုင်းကို မျက်နှာဖုံးတစ်ခု ပေးလိုက်ရုံသာဖြစ်သည်။
နောက်ဆုံးတွင် ထိုရူးသွပ်နေသောစစ်တပ်ကြီးက လန်ကျားအထွတ်အမြတ်မြေ ခံတပ်ဆီ ရောက်ရှိသွားခဲ့၏။
လီ ၁၅၀ဟူသောအကွာအဝေးက ဝိညာဉ်အခြေတည်အဆင့်များအတွက် မဝေးလှပေ။
လီပေါင်းများစွာ ကျယ်သော တွင်းပေါက်ကြီးကိုတွေ့သည်နှင့် ဝိညာဉ်အခြေတည်အဆင့် ၁၀၀ကျော်သည် ကျန်းယန် အမိန့်ကိုပင်မစောင့်တော့ဘဲ ရူးသွပ်စွာ ပြေးဆင်းကုန်ကြသည်။
လန်ကျားအထွတ်အမြတ်မြေခံတပ်တွင် အလွန်အားကောင်းသော အကာအကွယ်၀င်္ကပါတစ်ခုရှိပါသော်လည်း သူတို့အဓိကအင်အားစုက ဗဟိုခန်းမဆီ ရောက်ရှိနေခဲ့ကြခြင်း ဖြစ်၏။ ခံတပ်ကိုစောင့်ကြပ်ဖို့ လူအနည်းငယ်သာ ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။ ထိုလူအနည်းငယ်က ၁၀၀ကျော်သော ဤရူးသွပ်ေနေသာလူအုပ်ကြီးကို မည်သို့တောင့်ခံနိုင်ပါမည်နည်း။
တစ်ရာကျော်သော ဝိညာဉ်အခြေတည်အဆင့်များက ကောင်းကင်ပေါ်မှ ဆင်းသက်လာခဲ့ကြ၏။ လူတိုင်း၏ အားအပြည့်ဖြင့် တိုက်ခိုက်မှုအောက်တွင် လန်ကျားအထွတ်အမြတ်မြေ၏ အကာအကွယ်၀င်္ကပါကြီးက ချက်ချင်း တစ်စဆီဖြစ်သွားခဲ့ရသည်။
အခြားခံတပ်များဆိုလျှင် ၀င်္ကပါပျက်ဆီးသွားလျှင်တောင် တပည့်များပြေးချိန်ရဦးမည် ဖြစ်ပါသော်လည်း လန်ကျားအထွတ်အမြတ်မြေကတော့ မတူပေ။ သူတို့ခံတပ်က တွင်းပေါက်ကြီးတစ်ခုဖြစ်နေသောကြောင့် ဘယ်သူမှပြေးချိန်မရလိုက်ဘဲ ရူးသွပ်နေသည့် ဝိညာဉ်အခြေတည်အဆင့် ၁၀၀ ကျော်လက်ထဲတွင် အားလုံး သေဆုံးသွားခဲ့ကြရ၏။
လန်ကျားအထွတ်အမြတ်မြေမှ ဝိညာဉ်အခြေတည်အဆင့် ၃၀ ကျော်သေဆုံးသွားသောအခါ တွင်းပေါက်ကြီးထဲမှ ရတနာများကလည်း ကျုးကျော်သူများလက်ထဲ ပါသွားခဲ့ရသည်။
ဒါဇင်နှင့်ချီသော မှော်လက်နက်များရရှိနေပြီဖြစ်သောကြောင့် ဤရူးသွပ်နေသောအဖွဲ့ကြီး၏ အင်အားကလည်း ပိုတိုးလာခဲ့၏။
ကျန်းယန်နှင့်ချင်းရှုတို့ တွင်း၀တွင်ရပ်ကာ တွင်းထဲရှိ ရူးသွပ်နေသော ကျင့်ကြံသူများကို ကြည့်ရှုနေခဲ့သည်။
“စီနီယာအစ်ကိုကြီး သူတို့တကယ်ကြီးရူးသွားကြပြီလား” စစ်ထူမင်ယွဲ့ ရူးသွပ်နေသော လူအုပ်ကြီးကိုတစ်ချက်ကြည့်ကာ ပြောလိုက်၏။
“ညီမလေးတို့ ဂရုစိုက်ဖို့ လိုနေပြီနော်”
ချင်းရှုလည်း ခေါင်းညိတ်ပြလိုက်သည်။
“သူတို့မှာ မှော်လက်နက် ၃၀ ကျော်ရှိနေပြီ ငါတို့တကယ်သတိထားဖို့ လိုနေပြီ”
ဟူတလီပင် စိုးရိမ်နေဟန်ဖြင့် ပြောလိုက်၏။
“ငါ့ကိုယ်ငါတောင် နည်းနည်းစိတ်ပူလာပြီ…”
အကယ်၍ သူ့မူလပုံစံသာ ပေါ်သွားခဲ့လျှင် ထိုလူများသည် သူ့ကိုပင် စားပစ်ကြနိုင်ပေသည်။
ကျန်းယန် တွင်းထဲရှိ ရူးသွပ်နေသော လူအုပ်ကြီးကိုတစ်ချက်ကြည့်ပြီးနောက် ရှို့ယိဘုရားကျောင်းနှင့်ကောင်းကင်တိမ်နန်းတော်ဘက်ကြည့်လိုက်ပြီး ပြောလိုက်သည်။
“အချိန်ကျတော့မယ်!”
“စီနီယာအစ်ကိုကြီး အချိန်ကျတော့မယ် ဆိုတာဘာကိုဆိုလိုတာလဲ” စစ်ထူမင်ယွဲ့ အမြန်မေးလိုက်၏။
“သူတို့ခံတပ်တွေရှင်းခံလိုက်ရပြီဆိုတာ ဂိုဏ်းကြီးတွေသိသွားလောက်ပြီ” ကျန်းယန် အေးအေးဆေးဆေးပြောလိုက်သည်။
“ငါတို့ ကွေ့ယွမ်ဘုရားကျောင်း ၀မ်လင်းဂိုဏ်း ရှို့ယိဘုရားကျောင်း ကောင်းကင်တိမ်နန်းတော်နဲ့ လန်ကျားအထွတ်အမြတ်မြေတွေရဲ့ ခံတပ်တွေကိုရှင်းပြီးပြီ အခု ဂိုဏ်းကြီး ၉ ဂိုဏ်းထဲမှာမဟာနှင်းတောင်ဂိုဏ်း ပင်လယ်ကောင်းကင်မျှော်စင် ကောင်းကင်နှလုံးသားကျွန်း နဲ့ အထွတ်အမြတ်ဝိညာဉ်ကျွန်းတွေပဲ ကျန်တော့တာ သူတို့ ခံတပ်တွေကိုလည်း ချန်ထားလို့တော့ မဖြစ်ဘူး
သူတို့ဂိုဏ်းကြီးလေးဂိုဏ်းရဲ့ ခံတပ်တွေက ဆန့်ကျင်ဘက်အတော်ဝေးတဲ့နေရာတွေမှာ ရှိနေတာ
ငါတို့လက်ရှိလူဦးရေနဲ့ဆိုရင် အဲ့ဒီခံတပ်ကြီးတွေကို တစ်ခုပြီးတစ်ခုသိမ်းနိုင်ဖို့ လူခွဲပြီး သိမ်းဖို့လိုတယ်
မှော်လက်နက်တွေကိုင်ထားတဲ့ လူတစ်ရာကျော်ကို ခွဲလိုက်ရင်တောင် ခံတပ်တွေကိုသိမ်းဖို့ အင်အားက လိုတာထက်တောင်ပိုနေဦးမယ်
ငါတို့ခံတပ်နှစ်ခုကို တစ်ပြိုင်တည်းတိုက်ခိုက်ရမယ် အတိုဆုံးအချိန်အတွင်းမှာ ငါတို့ဂိုဏ်းကြီးကိုးဂိုဏ်းလုံးရဲ့ ခံတပ်တွေကို ဖျက်ဆီးပစ်ရမယ်”
ထိုလူအုပ်ကို ထိန်းမရသော်လည်း ခွဲပစ်လို့တော့ ရပေသည်။
သူတို့ရောက်ရှိနေသော ရူးသွပ်မှုအဆင့်အရ ထိုသူများသည် သူမခိုင်းလျှင်တောင် ခံတပ်ကြီးများကို တိုက်ခိုက်ကြပေလိမ့်မည်။ သူတို့လောဘကို ဘယ်အရာကမှ တားဆီးနိုင်တော့မည် မဟုတ်ပေ။
ချင်းရှု လက်ကျန်ဂိုဏ်းကြီးများ၏ ခံတပ်တည်ေနရာများအကြောင်း တခဏတွေးတောလိုက်ပြီး ပြောလိုက်၏။
“အခုငါတို့နဲ့ အနီးဆုံးက မဟာနှင်းတောင်ဂိုဏ်းရဲ့ ခံတပ်ပဲ အဝေးဆုံးက ကောင်းကင်နှလုံးသားကျွန်းရဲ့ ခံတပ် အဲ့ဒီခံတပ်နှစ်ခုက တိုက်ပွဲကွင်းပြင်ရဲ့ အစွန်းနှစ်ဖက်မှာ ရှိနေကြတာ အခြား ခံတပ်နှစ်ခုကတော့ သူတို့ကြားထဲမှာရှိတာ အတန်းလိုက်ရှိနေတာတော့ မဟုတ်ဘူး”
ကျန်းယန်တို့ပြောနေချိန်တွင် များစွာသော ဝိညာဉ်အခြေတည်အဆင့်များ တွင်းပေါက်ပေါ် ပျံတက်လာခဲ့ပြီး လျင်မြန်စွာ ကျန်းယန်တို့ရှေ့ ရောက်ရှိလာခဲ့ကြသည်။
သူတို့မျက်နှာဖုံးများကို ချွတ်လိုက်သောအခါ ထိုလူများသည် ပါချင်းယန်တို့လူစုဖြစ်နေခဲ့၏။
ပါချင်းယန် အလောတကြီးပြောလိုက်လေသည်။
“တာအိုမိတ်ဆွေကျန်း အခြေအနေတွေက မကောင်းတော့ဘူး အချို့လူတွေက အသိစိတ်လွတ်နေပြီ သူတို့ကမင်းဦးဆောင်မှုအောက်မှာ မနေချင်ကြတော့ဘူး သူတို့ဟာသူတို့လှုပ်ရှားဖို့ပြင်နေကြပြီ ငါမင်းကိုအမြန်ထွက်သွားဖို့ အကြံပေးချင်တယ် မဟုတ်ရင် ပြဿနာကြီးတွေဖြစ်လာလိမ့်မယ်”
ကျန်းယန် အသာအယာပြုံးလိုက်ကာ
“သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
ထို့နောက် သူဟူတလီကိုခေါ်လိုက်ကာ
“တလီ ဒီပစ္စည်းတွေကို ငါတို့လူတွေကိုေ၀ပေးထားလိုက်”
ဟူတလီ ကျန်းယန်ဆီက သစ်သားတုံးလေးများကိုယူကာ ထိုအတုံးလေးများကို ကျိယန် ချင်းရှုနှင့်စစ်ထူမင်ယွဲ့တို့ဆီ ခွဲဝေပေးလိုက်လေသည်။
ကျန်းယန် ပါချင်းယန်ကိုပြုံးကာပြောလိုက်၏။
“တကယ်လို့ မင်းဆန္ဒရှိရင် မင်းလည်းခဏနေ ငါတို့နဲ့အတူလိုက်ခဲ့လို့ရတယ် မလိုက်ချင်ရင်လည်း ငါမင်းကိုဖိအားမပေးပါဘူး ဒါပေမယ့် ဒီလူတွေနဲ့ နည်းနည်းဝေးဝေးမှာတော့နေ ဒါမှ ပဋိပက္ခတစ်ခုခုဖြစ်လာရင် မင်းကိုမထိခိုက်မှာ”
ပါချင်းယန် ခါးသက်သက်ပြုံးကာ မျက်နှာဖုံးပြန်တပ်လိုက်သည်။
ထိုအခိုက်တွင်တစ်ရာကျော်သော ဝိညာဉ်အခြေတည်အဆင့်များက ရတနာများသိမ်းပြီးနောက် တွင်းထဲမှတက်လာခဲ့ပြီး ကျန်းယန်တို့ဆီ ကြမ်းကြုတ်သော အမူအရာများဖြင့် ပြေး၀င်လာခဲ့၏။