သန့်စင်သောယန်စိတ်ဝိညာဉ်ဆေး
Vol. 17 Ch. 182
ပါချင်းယန်တို့နှင်းနယ်မြေမှ အဖွဲ့ကလွဲပြီး ၁၃၀ကျော်သော ဝိညာဉ်အခြေတည်အဆင့်များက ကြမ်းကြုတ်သောအမူအရာများဖြင့် ကျန်းယန်တို့ရှေ့တွင် ရပ်နေခဲ့ကြသည်။
ရှေ့ဆုံးတွင်ရပ်နေသည့် မှော်ရတနာများကိုင်ဆောင်ထားသော ဝိညာဉ်အခြေတည်အဆင့်များ ကျန်းယန်ကိုခပ်ပြတ်ပြတ်မေးလိုက်၏။
“တာအိုမိတ်ဆွေကျန်း ငါတို့နောက်ထပ်ဘယ်ခံတပ်ကို တိုက်ခိုက်ကြမှာလဲ”
ကျန်းယန် ထိုသူများလက်ထဲက မှော်လက်နက်များကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူတို့နောက်မှ မှော်လက်နက်မပါသော ကျင့်ကြံသူများကိုလည်း တစ်ချက်ကြည့်လိုက်ကာ သူလေးနက်သောအမူအရာဖြင့် ပြောလိုက်၏။
“ငါတို့ ကွေ့ယွမ်ဘုရားကျောင်းခံတပ်ကို သိမ်းခဲ့တဲ့အချိန်က အတော်ကြာသွားပြီ အဲ့ဒီကွေ့ယွမ်ဘုရားကျောင်းကထွက်ပြေးသွားတဲ့သူတွေက အခုဆို ဗဟိုခန်းမဆီရောက်သွားလောက်ပြီ သူတို့က ခံတပ်ဖျက်ဆီးခံရတဲ့သတင်းကိုရသွားရင် လှုပ်ရှားကြတော့မှာ သေချာတယ်
မကြာခင် ဂိုဏ်းကြီးတွေက ငါတို့ဘာလုပ်နေလဲဆိုတာ သိသွားေတာ့မယ်လို့ ငါယုံတယ်
လက်ရှိ ငါတို့သိမ်းဖို့ ခံတပ်ကြီးလေးခုပဲကျန်တော့တယ် ခံတပ်တစ်ခုချင်းစီတိုင်းမှာ အဆုံးမဲ့တဲ့ ကောင်းကင်နဲ့မြေပြင်ရတနာတွေရှိတယ်
တကယ်လို့ငါတို့ကအဲ့ဒီရတနာတွေကို လက်လွှတ်ပေးလိုက်ရရင် ရှက်စရာကောင်းနေလိမ့်မယ်
အဲ့တော့ အခြေအနေတွေအရ ငါတို့ခံတပ်ကြီးတွေအကုန်လုံးကို သိမ်းနိုင်ဖို့ လူစုခွဲရမယ်
အဖွဲ့တစ်ဖွဲ့က ခံတပ်တစ်ခုကို တိုက်နေတဲ့အချိန် တစ်ချိန်တည်းမှာပဲ နောက်တစ်ဖွဲ့ကအခြားခံတပ်ကြီးတစ်ခုကို တိုက်နေရမယ်
ဒါပေါ့ ငါတို့အဇူရာတိမ်ဂိုဏ်းက တစ်ဖွဲ့မှာပဲ ပါမယ်ဆိုပေမယ့် နောက်တစ်ဖွဲ့ကလည်း ငါတို့ဂိုဏ်းနာမည်ကို ယူဆုံးလို့ရတယ် မင်းတို့တိုက်တဲ့ခံတပ်မှာ ငါတို့နာမည်ကိုသာပြောခဲ့ အဇူရာတိမ်ဂိုဏ်းက တာ၀န်အားလုံးယူပေးမယ်”
ထိုစကားကြောင့် မျက်နှာဖုံး၀တ်ကျင့်ကြံသူများ အကြည့်ချင်းဖလှယ်လိုက်ကြပြီး နောက်ဆုံးတွင် သူတို့အကြည့်များက ကျန်းယန်ရှေ့တွင်ရပ်နေသော မှော်လက်နက်ကိုင်ဆောင်ထားသူများဆီ ရောက်ရှိသွားခဲ့သည်။
ရှင်းလင်းစွာပင် ထိုအဖွဲ့ထဲတွင် အကြမ်းဆုံး လုယက်နိုင်ခဲ့သူများက အလိုလိုနေရင်း အဖွဲ့၏အသိအမှတ်ပြုမှုကို ရရှိသွားပုံ ပေါ်၏။
ကျန်းယန်ရှေ့က ဝိညာဉ်အခြေတည်အဆင့်များ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး ခေါင်းညိတ်ပြလိုက်ကြသည်။
“အဆင်ပြေပါတယ် အဖွဲ့ခွဲလိုက်တော့ အလုပ်လည်းပိုတွင်တာပေါ့ ဒီလိုဆိုမှတော့ ငါတို့အဖွဲ့နဲ့လိုက်ချင်တဲ့သူတွေက ငါ့ဘက်မှာလာရပ် တာအိုမိတ်ဆွေကျန်းနဲ့လိုက်ချင်တဲ့သူတွေက သူ့ဘက်မှာသွားရပ်”
ဝိညာဉ်အခြေတည်အဆင့် ၁၄၀ ကျော်က ချက်ချင်းနှစ်ဖွဲ့ကွဲသွားခဲ့သော်လည်း အရေအတွက်အချိုးကတော့ သိသိသာသာပင် ကျန်းယန်ဘက်က နည်းနေခဲ့၏။
ကျန်းယန်ဘက်တွင် စစ်ထူမင်ယွဲ့ ကျိယန် ချင်းရှုနှင့်ဟူတလီတို့အပါအ၀င်မှ လူသုံးဆယ်ကျော်သာရှိနေခဲ့သည်။
ထိုလူများအားလုံးနီးပါးက ကျန်းယန်ကိုယ်တိုင်ကွေ့ယွမ်ဘုရားကျောင်းခံတပ်အနီးတွင် သိမ်းသွင်းခဲ့သောသူများ ဖြစ်ကြ၏။
သူ့အဖွဲ့ထဲတွင် ပါချင်းယန်တို့လည်း ပါလာခဲ့ကြသည်။
အခြား ၁၀၀ ကျော်သော အဖွဲ့၀င်များကတော့ တစ်ဖက်အဖွဲ့ဆီ ရောက်ရှိနေခဲ့ကြ၏။
ထိုအဖွဲ့သည် အားရပါးရလုယက်ခဲ့ကြသူများဖြစ်ပြီး သူတို့ကိုယ်ပေါ်တွင် များစွာသော ကောင်းကင်နှင့်မြေပြင်ရတနာများနှင့် ပြည့်နှက်နေခဲ့သည်။
ထိုအဖွဲ့၏ ခေါင်းဆောင်များဖြစ်ကြသော ဝိညာဉ်အခြေတည်အဆင့်များ ရယ်မောလိုက်ကြကာ ကျန်းယန်ကိုကြည့်၍ ပြောလိုက်၏။
“တာအိုမိတ်ဆွေကျန်း ငါတို့ဘက်မှာလူတွေအများကြီးဖြစ်နေတယ် မင်းဘက်ကို လူနည်းနည်းလောက်ပို့ပေးစေချင်သေးလား မဟုတ်ရင် မင်းဘက်က အင်အားနည်းနေလိမ့်မယ်နော်”
ကျန်းယန် ခေါင်းယမ်းကာငြင်းလိုက်ပြီး ပြောလိုက်သည်။
“အဖွဲ့ခွဲတယ်ဆိုတာ ကိုယ့်စိတ်ဆန္ဒနဲ့ကိုယ်လုပ်ရတာမျိုးပါ သူတို့ကဒီဘက်မှာ မနေချင်မှတော့ ခေါ်မနေတော့ပါဘူး မဟုတ်ရင် သူတို့မပျော်မရွှင်ဖြစ်နေပါဦးမယ်”
“အခု အဖွဲ့လည်းခွဲပြီးပြီဆိုတော့ အားလုံးလှုပ်ရှားကြတော့”
“ငါတို့နဲ့ အနီးဆုံးက မဟာနှင်းတောင်ဂိုဏ်းရဲ့ ခံတပ်ပဲ အဲ့ဒီကိုမင်းတို့သွားမလား ငါတို့သွားရမလား”
တစ်ဖက်အဖွဲ့မှ မျက်နှာဖုံး၀တ်လူတစ်ယောက် ထပြောလိုက်သည်။
“အဲ့ဒီကိုဘယ်သူသွားမသွားက ကိစ္စသိပ်မရှိပါဘူး ပြဿနာက ငါတို့စစ်ဆင်ရေးကို အဇူရာတိမ်ဂိုဏ်းကဦးဆောင်တာဆိုပေမယ့် ငါတို့အဖွဲ့မှာက အဇူရာတိမ်ဂိုဏ်းကလူ တစ်ယောက်မှပါမနေဘူးလေ အဲ့တော့ ငါတို့က အဇူရာတိမ်ဂိုဏ်းရဲ့ ဦးဆောင်မှုနဲ့လုပ်ရတာပါလို့ ပြောရင်တောင် အဲ့ဒီဂိုဏ်းကြီးတွေက ဘယ်ယုံကြတော့မလဲ”
“မင်းတို့အဖွဲ့မှာ ငါးယောက်ရှိတာ ငါတို့ကို ၂ယောက်ပေးလိုက်ရင်ရော ဒါဆိုငါတို့အတွက်လည်း ပြောလို့အဆင်ပြေသွားတာပေါ့”
“ငါတစ်ချက်ကြည့်ပြီးပြီ ဒီနှစ်ယောက်ဆိုရင်ရော”
ထိုလူ ကျိယန်နှင့်ဟူတလီကိုလက်ညှိုးထိုးကာ ပြောလိုက်၏။
“ငါတို့လူတွေကိုခွဲေပးမှာမဟုတ်ဘူး” ကျန်းယန် ထိုလူ့ကိုစိုက်ကြည့်ကာ ပြတ်ပြတ်သားသား ပြောလိုက်လေသည်။
တစ်ဖက်အဖွဲ့မှ မျက်နှာဖုံး၀တ်လူတစ်ယောက် ထူးဆန်းစွာ ခပ်ဟဟရယ်မောလိုက်ပြီး
“မင်းတို့အဇူရာတိမ်ဂိုဏ်းကလူ ဘယ်သူမှ ပါမလာရင်တော့ မသင့်တော်တော့ဘူးလေ ငါတို့လမ်းမှာ အခြားဂိုဏ်းကြီးတွေနဲ့တွေ့ရင် ဘယ်လိုလုပ်မလဲ တွန့်ဆုတ်နေဖို့မလိုဘူး မင်းတို့နှစ်ယောက် ဒီဘက်ကိုလာခဲ့!”
ပြောပြီးသည်နှင့်ထိုလူရှေ့တက်လာကာ ကျိယန်နှင့်ဟူတလီတို့ကို ဆွဲခေါ်ဖို့ ကြိုးစားလိုက်၏။
ကျန်းယန် ချက်ချင်းရှေ့တက်လာပြီး လှုပ်ရှားလိုက်သော ထိုလူ့ကို စိုက်ကြည့်နေခဲ့သည်။
တစ်ဖက်က မှော်ရတနာကိုင်ဆောင်ထားသော ဝိညာဉ်အခြေတည်အဆင့်များလည်း ရှေ့တက်လာခဲ့ပြီး ကျန်းယန်ကို ဖိအားပေးလိုက်ကြ၏။
“ဒီစစ်ဆေးရေးကို မင်းတို့အဇူရာတိမ်ဂိုဏ်းကဦးဆောင်တာလေ ငါတို့အဖွဲ့မှာ အဇူရာတိမ်ဂိုဏ်းကလူတစ်ယောက်မှ ပါမလာရင် ဘယ်သင့်တော်တော့မှာလဲ တာအိုမိတ်ဆွေကျန်း မင်းတို့မှာ လူငါးယောက်တောင်ရှိနေတာပဲ ငါတို့ကို ၂ယောက်လောက် ပေးလိုက်တာက အကျိုးအကြောင်းသင့်ပါတယ် ဒီကိစ္စအတွက်နဲ့ ငါတို့ကြားက ဆက်ဆံရေးကို အထိခိုက်မခံကြရအောင်” သူတို့ထဲမှတစ်ယောက် ပြောလိုက်သည်။
ကျန်းယန် သူ့ရှေ့က ဝိညာဉ်အခြေတည်အဆင့်အနည်းငယ်ကို အေးစက်စက်စိုက်ကြည့်ကာ ခပ်ပြတ်ပြတ်ပြောလိုက်၏။
“ငါနောက်တစ်ကြိမ်ထပ်ပြောမယ် ငါတို့လူတွေကို ခွဲပေးမှာမဟုတ်ဘူး”
“ဒါဆိုရင်တော့ မင်းသဘောအတိုင်းဖြစ်မလာမှာ ကြောက်မိတယ်” လှုပ်ရှားဖို့ကြိုးစားခဲ့သော ဝိညာဉ်အခြေတည်အဆင့် လှောင်ပြောင်လိုက်သည်။
“သူတို့နှစ်ယောက်ကို…မင်းပေးချင်ချင် မချင်ချင် ငါတို့ဘက်ကိုလွှဲပေးရမယ်”
စစ်ထူမင်ယွဲ့ ဒေါသတကြီး ပြန်ပြောလိုက်၏။
“ဒီတစ်ခေါက် နင်တို့ရတဲ့အကျိုးအမြတ်တွေဆိုတာ ငါတို့အဇူရာတိမ်ဂိုဏ်းက ဦးဆောင်ပေးခဲ့လို့ ရခဲ့တဲ့အရာတွေပဲလေ ဒါတောင်နင်တို့ကဒီလိုပြုမူတယ်ဆိုတော့ မလွန်လွန်းဘူးလား”
“တာအိုမိတ်ဆွေတို့ ငါတို့ရခဲ့တဲ့အကျိုးအမြတ်တွေက အဇူရာတိမ်ဂိုဏ်းကြောင့် ရခဲ့တာတွေပါ ငါတို့ဟန်ချက်ညီမှုကို မပျက်ဆီးစေချင်ကြပါနဲ့ ငါတို့တကယ်ပဲ အဇူရာတိမ်ဂိုဏ်းအပေါ် အကြွေးတင်နေတယ်” ပါချင်းယန် အလျင်အမြန်၀င်ပြောလိုက်သည်။
“အဇူရာတိမ်ဂိုဏ်းကို အကြွေးတင်တယ်တဲ့လား ဟာသပဲ” လှုပ်ရှားဖို့ကြိုးစားခဲ့သောသူ ရယ်မောလိုက်ကာ
“အစကနေအဆုံးအထိ ငါတို့ရခဲ့တဲ့ ကောင်းကင်နဲ့မြေပြင်ရတနာတွေဆိုတာ ငါတို့အစွမ်းအစကြောင့် ရခဲ့တာတွေချည်းပဲ အဲ့ဒီအဇူရာတိမ်ဂိုဏ်းက လူနည်းနည်းလေးက ဘာတွေအကျိုးဆောင်ခဲ့လို့လဲ”
“သူတို့ကအမြဲဘေးမှာရပ်ကြည့်နေရုံပဲလေ အဲ့တာကို အကျိုးဆောင်တယ်လို့ မှတ်ပေးရမှာလား”
“တကယ်လို့ အဇူရာတိမ်ဂိုဏ်းနာမည်ကိုသာ လိုမနေခဲ့ရင် ငါတို့သူတို့ကိုသတ်ပစ်လိုက်တာ ကြာပေါ့”
“ငါပြတ်ပြတ်ပဲပြောမယ် သူတို့နှစ်ယောက်ကို လွှဲမပေးချင်ရင် သူတို့ကိုယ်ပေါ်က ပစ္စည်းကိုတော့ လွှဲပေးရမယ်”
“ဘာပစ္စည်းလဲ” ကျန်းယန် ပြန်မေးလိုက်၏။
ဝိညာဉ်အခြေတည်အဆင့် သူ့မျက်နှာဖုံးကိုချွတ်လိုက်ကာ သူ့မျက်နှာအား လူတိုင်းမြင်အောင်ပြလိုက်ပြီး ပြောလိုက်သည်။
“လူတိုင်းပဲ ငါ့ကိုတစ်ချက်ကြည့်ကြပါ လူအတော်များများ ငါ့ကိုမှတ်မိကြလိမ့်မယ်လို့ ငါယုံကြည်တယ် ငါက ယွင်ရှောင်းကုန်းမြေတိုက် သက်ရှည်ဂိုဏ်းက ဖူချင်းရှန် ပါ”
“ငါတို့သက်ရှည်ဂိုဏ်းက ဆေးပင်တွေအပေါ်အာရုံခံနိုင်စွမ်း မြင့်မြင့်မားမားရှိပြီး အဲ့ဒီအာရုံခံနိုင်စွမ်းကြောင့် ဆေးပညာအပေါ် နားလည်နိုင်စွမ်း မြင့်ကြတယ်
ငါအဲ့ဒီနှစ်ယောက်ကိုယ်ပေါ်က ထူးဆန်းတဲ့အမွှေးနံ့နှစ်ခုကို သတိထားမိနေတာ ကြာပြီ ငါမမှားရင် အဲ့ဒီအနံ့ထဲက တစ်ခုက အနည်းဆုံးနှစ်တစ်ထောင်သက်တမ်းရှိတဲ့ ဝိညာဉ်သန့်စင်ကြာရဲ့ အနံ့ပဲ နှစ်တစ်ထောင်သက်တမ်းရှိတဲ့ ဆေးပင်တစ်ပင်က ဘယ်လောက်တန်ဖိုးရှိလဲ အားလုံးသိကြမှာပါ အထူးသဖြင့် ဝိညာဉ်သန့်စင်ကြာပဲ အဲ့တာက နတ်ဝိညာဉ်အဆင့်ကိုချိုးဖြတ်တဲ့နေရာမှာ အရမ်းအရေးကြီးတဲ့ ပစ္စည်းမျိုးပဲ
နောက်တစ်ယောက်ကိုယ်ပေါ်မှာတော့ သန့်စင်တဲ့ ယန်အရှိန်အဝါရှိနေတာ
သူကသန့်စင်တဲ့ယန်ဆေးတစ်မျိုးမျိုးကိုသယ်လာတာဆိုတာ သံသယရှိစရာတောင် မလိုဘူး ဘာဆေးလဲဆိုတာတော့ ငါသေချာမသိဘူး”
ချက်ချင်းပင် လူတိုင်းအကြည့်က ကျိယန်ကိုယ်ပေါ် ရောက်ရှိသွားခဲ့သည်။
ထိုမိန်းကလေးကိုယ်ပေါ်တွင် တကယ်ကြီး နှစ်တစ်ထောင်ကျော်သက်တမ်းရှိသော ဆေးပင်တစ်ပင်ရှိနေခြင်းပေလော။
ကျန်းယန် ချက်ချင်းဆိုသလို ဘာဖြစ်နေသလဲဆိုတာ နားလည်သွားခဲ့ပြီး ပြောစရာစကားလည်းမဲ့သွားခဲ့ရ၏။
သူဖူချင်းရှန်ကိုကြည့်ကာ အသာအယာပြုံးပြလိုက်ပြီး
“မင်းကအတော်လေးပါရမီရှိတာပဲ ဒါပေမယ့် မင်းကဘာလို့မင်းလောဘကိုမထိန်းနိုင်ဘဲ ဒီတိုင်းခုန်ထွက်လာခဲ့တာလဲ ပြီးတော့ ဘာလို့ငါ့ရှေ့မှာ အရမ်းမောက်မာပြနေတာလဲ”
“ငါမင်းရှေ့မှာမောက်မာတော့ရော ဘာဖြစ်လဲ” ဖူချင်းရှန် လှောင်ပြောင်လိုက်လေသည်။
“ငါတို့ဘက်မှာ လူတစ်ရာကျော်ရှ်ိ…”
သူ့စကားမဆုံးသေးခင်မှာပင် ကျန်းယန် ခန်းမထဲကရရှိခဲ့သော ကျားဖြူနတ်သိုင်းထဲမှ ကျားဖြူနတ်လက်သီးကိုသုံး၍ လက်သီးတစ်ချက် ပစ်လွှတ်လိုက်၏။
လက်သီးချက်က ဖူချင်းရှန်၏ ရင်၀ဆီ ပြေး၀င်သွားခဲ့လေသည်။
ထို့နောက် ကျန်းယန် မသေသေးသောဖူချင်းရှန်ကို အေးအေးဆေးဆေးကြည့်ကာ ပြောလိုက်၏။
“ငါ့ရှေ့မှာ မောက်မာပြတော့ အသတ်ခံရမှာပေါ့ကွာ”