အရပ်လေးမျက်နှာလံုးတွင် သတ်ဖြတ်ခြင်း
Vol. 17 Ch. 183
လက်သီးချက်က ဝိညာဉ်အခြေတည်အဆင့်တစ်ယောက်၏ ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားသောကြောင့် လူတိုင်းကြောင်အကုန်ကြ၏။
ကျင့်ကြံသူတစ်ယောက်၏ ခန္ဓာကိုယ်က မိစ္ဆာသားရဲတစ်ကောင်လောက် မသန်မာသော်လည်း ထိုခန္ဓာကိုယ်မျိုးကို ပေါက်အောင်ထိုးနိုင်သည့်လက်သီးမျိုးက ကြောက်စရာကောင်းလွန်းလှသည်။
ကျန်းယန်သည် သားရဲခန်းမထဲတွင် သားရဲစွမ်းအင်များကို စုပ်ယူထားမှန်း သူတို့မသိခဲ့ကြပေ။ သူ့လက်သီးချက်က မိစ္ဆာသားရဲဖြစ်သော ဟူတလီကိုပင် လွင့်ထွက်သွားစေနိုင်သော လက်သီးချက်မျိုး ဖြစ်၏။
ထိုစွမ်းအားကို ကျားဖြူနတ်လက်သီးသိုင်းနှင့်ပေါင်းစပ်လိုက်သောအခါ အစွမ်းက ကြောက်ခမန်းလိလိပင်။
“မင်းမှာဘယ်လိုလုပ် ဒီလောက်ကြောက်စရာခွန်အားမျိုး ရှိနေတာလဲ” ဖူချင်းရှန် ကျန်းယန်လက်မောင်းကိုခိုထားရင်း မယုံကြည်နိုင်ဟန်ဖြင့် သူ့ကိုကြည့်ကာ ပြောလိုက်လေသည်။
သူ့အသက်စွမ်းအင်တဖြည်းဖြည်း ကျဆင်းလာသည်ကို သူခံစားမိနေခဲ့၏။ သူပြင်းပြင်းထန်ထန်တုန်ရီလာကာ စိတ်ဝိညာဉ်ဆေးပင်များထုတ်၍ သူ့ဒဏ်ရာကိုကုသဖို့ ကြိုးစားခဲ့သော်လည်း အရာမထင်တော့ပေ။
နောက်ဆုံးတွင် သူပြူးကျယ်နေသောမျက်လုံးများဖြင့် သေဆုံးသွားခဲ့ရ၏။
“ငါ့ခွန်အားအကြောင်းမသိဘဲနဲ့တောင် မင်းကငါ့ရှေ့မှာ လာမောက်မာပြရဲနေသေးတယ်” ကျန်းယန် သူ့လက်မောင်းကိုတစ်ချက်လှုပ်ကာ ဖူချင်းရှန်၏အလောင်းကို ခါချလိုက်သည်။
ထိုအခါမှ မှော်လက်နက်ကိုင်ဆောင်ထားသော ဝိညာဉ်အခြေတည်အဆင့်များ သတိ၀င်သွားကြပြီး စတင်လှုပ်ရှားခဲ့ကြ၏။ သူတို့ဒေါသတကြီးအော်ဟစ်လိုက်ကြကာ
“မင်းက ငါတို့လူတစ်ယောက်ကို သတ်ရဲတယ်ပေါ့ တာအိုမိတ်ဆွေတို့ ဒီကောင့်ကို အားလုံးပူးပေါင်းပြီးသတ်ကြ သူတို့ကိုယ်ပေါ်မှာ နှစ်တစ်ထောင်သက်တမ်းရှိတဲ့ စိတ်ဝိညာဉ်ဆေးပင်ရှိတယ် ပြီးတော့ ငါတို့ကဂိုဏ်းကြီးတွေကို ဒီကောင့်ဦးေဆာင်မှုေအာက်မှာ အပြစ်ပြုထားခဲ့ကြတာ တကယ်လို့သာ ငါတို့သူ့ကိုဖမ်းပြီး ဂိုဏ်းကြီးတွေလက်ထဲအပ်နိုင်ရင် ဒီကိစ္စတွေက ငါတို့နဲ့ဘာမှဆိုင်တော့မှာ မဟုတ်ဘူး”
ဖူချင်းရှန်သည် သေဆုံးသွားသော်လည်း အလွန်အရေးကြီးသော သတင်းအချက်အလက်တစ်ခုကို ချန်သွားပေးခဲ့သည်။
နတ်ဝိညာဉ်အဆင့်ကိုချိုးဖြတ်ရာတွင် အရေးအကြီးဆုံးပစ္စည်းဖြစ်သော ဝိညာဉ်သန့်စင်ကြာဆိုသည်မှာ ဝိညာဉ်အခြေတည်အဆင့်တိုင်းလိုချင်သောအရာသာ ဖြစ်၏။
သူတို့တွင် လူအများကြီးလည်းရှိနေလေရာ ကျန်းယန် ခန္ဓာကိုယ်ဘယ်လောက်သန်မာမာ ဘာဂရုစိုက်စရာ လိုပါမည်နည်း။
တစ်ရာကျော်သော ဝိညာဉ်အခြေတည်အဆင့်များက သူတို့စိတ်ဝိညာဉ်စွမ်းအင်များကို လည်ပတ်လိုက်ကြလေရာ ကျယ်ပြန့်လှသော စိတ်ဝိညာဉ်စွမ်းအင်လှိုင်းကြီးများ ဖြစ်ပေါ်လာခဲ့လေသည်။
ထိုတစ်ရာကျော်ထဲတွင် လူနှစ်ဆယ်ကျော်၌ မှော်လက်နက်များ ရှိနေခဲ့၏။
ထိုလူနှစ်ဆယ်ကျော်၏ မှော်လက်နက်များမှ ထွက်ေပါ်လာေသာ ပုံစံမျိုးစုံရှိသော မှော်သိုင်းကွက်များက ကျန်းယန်တို့အဖွဲ့အပေါ် မိုးရွာသလို ရွာချလာခဲ့သည်။
“အမြန်ဆုတ်ကြ!” ပါချင်းယန် ကျန်းယန်တို့အဖွဲ့ကို လျင်မြန်စွာ သတိပေးလိုက်၏။
“သူတို့ကရူးသွားပြီ သူတို့နဲ့ ထိပ်တိုက်ရင်မဆိုင်ကြနဲ့!”
လူသုံးဆယ်ကျော်နှင့် လူတစ်ရာဆိုသည်မှာ အရေအတွက်အားဖြင့် ကွာခြားမှု ကြီးမားလွန်းလှသည်။
“ဆုတ်မှာတဲ့လား” ကျန်းယန် လှောင်ပြောင်လိုက်၏။
“တိုက်ကြ!”
သူ့အမိန့်ရသောအခါ စစ်ထူမင်ယွဲ့တို့အုပ်စု ကျန်းယန်ပေးထားသော အဆောင်များဖြင့် ထိုလူများကို ပစ်ပေါက်လေတော့သည်။
သူတို့ချိန်စရာလည်းမလိုခဲ့ပေ။ ဒီတိုင်းပစ်ပေါက်နေရုံဖြင့် လုံလောက်နေခဲ့ချေပြီ။
ပျံဝဲသွားသော အဆောင်များမှစိတ်ဝိညာဉ်စွမ်းအင်များပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး တစ်ချိန်တည်းမှာပင် ကျန်းယန် ချင်းရှုမျှော်စင်ကို အသက်သွင်းလိုက်၏။
ဤတစ်ကြိမ်တွင်တော့ သူစွမ်းအားအကုန်သုံးလိုက်ခြင်းဖြစ်သောကြောင့် မျှော်စင်မှကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာခဲ့လေရာ လူတိုင်း တုန်လှုပ်ကုန်ကြသည်။
ထိုမျှကြောက်စရာကောင်းသောရတနာတစ်ခု တိုက်ပွဲကွင်းပြင်ထဲတွင် တည်ရှိနေခြင်းပေလော။
ကျန်းယန် အသက်၀င်နေသော ချင်းရှုမျှော်စင်ကိုကိုင်ကာ လူအုပ်ကြီးဘက်သို့ ချိန်လိုက်၏။
ထို့နောက် မိုးကြိုးတန်းကြီးက မိုးကြိုးကြာပွတ်ကြီးတစ်စင်းနှယ် လူအုပ်ကြီးဆီ ပြေး၀င်သွားခဲ့ေလသည်။
“အားလုံးပဲ အစွမ်းကုန်ထုတ်ကြ!” ဝိညာဉ်အခြေတည်အဆင့်တစ်ယောက် အော်ပြောလိုက်၏။
များစွာသော မှော်သိုင်းကွက်များ မိုးကြိုးတန်းကြီးဆီ ပြေး၀င်သွားခဲ့ပြီး တစ်ချိန်တည်းမှာပင် သူတို့၏အကာအကွယ်အလွှာများကိုလည်း ဖွင့်လိုက်ကြသည်။
သို့သော် မိုးကြိုးတန်းကြီးက ထက်ရှလွန်းသောဓားကြီးတစ်စင်းလိုပင်ဖြစ်နေပြီး ဘာနှင့်မှတားဆီး၍ မရဘဲ လူအုပ်ကြီးဆီ တိုး၀င်လာခဲ့၏။
သူတို့၏ အကာအကွယ်များမှာလည်း မိုးကြိုးတန်းကြီးနှင့်ထိသည်နှင့် ကွဲကြေသွားခဲ့ကာ သူတို့ကိုယ်များ မိုးကြိုးကြောင့် နှစ်ပိုင်းပြတ်ကုန်ကြလေသည်။
ဝိညာဉ်အခြေတည်အဆင့်ဆယ်ယောက်ကျော်မှာ ချက်ချင်းဆိုသလို ခါးမှ ပြတ်ထွက်ကုန်ကြ၏။
လူတိုင်း ထိတ်လန့်တုန်လှုပ်ကုန်ကြသည်။ ချင်းရှုမျှော်စင်၏ စွမ်းအားက သူတို့မျှော်လင့်ထားသည်ထက် ပိုမိုကြီးမားနေခဲ့၏။
အဲ့လောက်စွမ်းအားကြီးသော လက်နက်ကြီးက တိုက်ပွဲကွင်းပြင်ထဲတွင် ဘယ်လိုရှိနေသလဲ သူတို့ နားမလည်နိုင်ကြတော့ပေ။
ချင်းရှုကတော့ သူ့ကိုယ်သူအတော်လေး ကျေနပ်နေခဲ့သည်။
သူ့လက်ချောင်းများကို စိတ်လှုပ်ရှားစွာပွတ်သပ်နေရင်း ပျော်ရွှင်စွာ ပြောလိုက်၏။
“ပြုပြင်ပြီးတဲ့နောက်မှာ ချင်းရှုမျှော်စင်က ပိုပြီးထိန်းချုပ်ရ လွယ်ကူလာတယ် သူ့စွမ်းအားကလည်း အနည်းဆုံး ၂ဆလောက် တိုးလာတယ်”
စစ်ထူမင်ယွဲ့ ချင်းရှုမျှော်စင်ကိုတစ်ချက်ကြည့်လိုက်ပြီးနောက် ချင်းရှုဘက်လှည့်ကြည့်လိုက်မိသည်။
သူနောက်ဆုံးတွင် သူ့စီနီယာအစ်ကိုကြီးက ချင်းရှုကိုအဘယ်ကြောင့် ဒီလောက်ကြိုးကြိုးစားစား စည်းရုံးနေခဲ့သလဲဆိုတာ နားလည်သွားခဲ့၏။
ဒီကောင်က….တကယ့်ရှားပါးပါရမီရှင်တစ်ယောက်ပဲ!
“ပြေး ပြေးကြ!”
ကျန်းယန်ကတစ်ချက်တည်းဖြင့် ဝိညာဉ်အခြေတည်အဆင့် ၁၀ေယာက်ကျော်ကို သတ်ဖြတ်လိုက်တာ မြင်သောအခါ ဝိညာဉ်အခြေတည်အဆင့်များ ဆက်မခုခံရဲတော့ပေ။
သူတို့သည် နဂိုကတည်းက လူညံ့များသာဖြစ်သောကြောင့် အခုလို သေခြင်းရှင်ခြင်းအခြေအနေမျိုးဖြင့် ကြုံသောအခါ ထွက်ပြေးဖို့မှလွဲ အခြားမတွေးတတ်ကြတော့ပေ။
“လွတ်မယ်ထင်လို့လား” ကျန်းယန် အေးစက်စက်နှာခေါင်းရှုံ့လိုက်၏။
ထို့နောက် ချင်းရှုမျှော်စင်မှ မိုးကြိုးတန်းများထွက်ပေါ်လာခဲ့ပြီးထွက်ပြေးသော ဝိညာဉ်အခြေတည်အဆင့်များဆီ ပြေး၀င်သွားခဲ့လေသည်။ မိုးကြိုးများက ထိုကျင့်ကြံသူများပျံသန်းနေချိန်တွင် ထိမှန်သွားပြီး မိုးကြိုးနှင့်ထိမိသည်နှင့် ထိုလူများ မြေပေါ်ပြုတ်ကျကုန်ကြ၏။ မြေပေါ်ကျပြီးနောက်တွင်တော့ ဘယ်သူမှ မလှုပ်နိုင်ကြတော့ပေ။
“တာအိုမိတ်ဆွေကျန်း ငါတို့မှားသွားပါတယ် ငါတို့အဲ့ဒီလူတွေအရူးလုပ်တာခံရလို့ ဆုံးဖြတ်ချက်အမှားတွေ ချမိသွားတာပါ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ တာအိုမိတ်ဆွေကျန်း!”
“ငါတို့အားလုံး တာအိုမိတ်ဆွေကျန်းရဲ့ အမိန့်တွေကို နာခံပါတော့မယ်!”
“အဇူရာတိမ်ဂိုဏ်းက ဘာခိုင်းခိုင်း ငါတို့လိုက်လုပ်ပါတော့မယ်”
သူတို့ထွက်ပြေးလျှင်လည်း မလွတ်နိုင်တော့မှန်း သိသွားသောအခါ လူတိုင်းအညံ့ခံဖို့သာ ရွေးချယ်လိုက်ကြ၏။
ထိုမျှကြောက်စရာ မှော်လက်နက်တစ်ခုနှင့်ရင်ဆိုင်ရရာတွင် ဘယ်သူက ခုခံရဲပါတော့မည်နည်း။
ပိုအရေးကြီးသည်မှာ ကျန်းယန်၏စိတ်ဝိညာဉ်စွမ်းအားက ကြောက်စရာကောင်းအောင်နက်ရှိုင်းလွန်းနေပြီး ဘယ်လောက်သုံးသုံး ကုန်ဆုံးသွားမည့်အရိပ်အယောင်မပြလေရာ သူတို့မည်သို့ ခုခံရဲပါတော့မည်နည်း။
ချင်းရှုမျှော်စင်ကို ကိုင်ထားရင်း ကျန်းယန် လက်ကျန် လူ၈၀ကျော်ကိုကြည့်ကာ မေးလိုက်သည်။
“မင်းတို့က အဇူရာတိမ်ဂိုဏ်းနာမည်ကိုသုံးခဲ့ကြပြီးတော့ ငါတို့ကမင်းတို့ကို မျက်နှာဖုံးတွေတောင် ပေးခဲ့တယ် ပြီးတော့ ငါတို့က မင်းတို့နဲ့ ကောင်းကင်နဲ့မြေပြင်ရတနာတွေကိုတောင် ပြိုင်မလုခဲ့ဘူး ဒါတောင် မင်းတို့ကအခုလိုကျေးဇူးဆပ်လိုက်တယ်ပေါ့”
“အားလုံးက ဖူချင်းရှန်နဲ့အခြားလူတွေကြောင့်ပါ ငါတို့က သူတို့လှည့်ကွက်ထဲမှာ လှည့်စားခံလိုက်ကြရတာပါ”
“ဟုတ်ပါတယ် ဟုတ်ပါတယ် ငါတို့အဲ့ဒီဆေးပင်ကို ဘယ်တုန်းကမှ မလိုချင်ခဲ့ပါဘူး ဖူချင်းရှန်တို့လှည့်စားလို့ ငါတို့ခံလိုက်ရတာပါ”
တစ်ယောက်ပြီးတစ်ယောက် သူတို့အပြစ်များအားလုံးကို ဖူချင်းရှန်တို့ဆီ လွှဲချလိုက်လေသည်။
ကျန်းယန် အေးစက်စက်လှောင်ပြောင်လိုက်ပြီး ပြောလိုက်၏။
“မင်းတို့ဘယ်လိုတွေးနေလဲ ငါဂရုမစိုက်ဘူး ဒါပေမယ့် မင်းတို့က ငါ့ကိုဆန့်ကျင်ဖို့ရွေးချယ်လိုက်ပြီဆိုမှတော့ ငါ့ရက်စက်မှုကို အပြစ်မတင်ကြနဲ့ အခုအားလုံးပဲ မင်းတို့ကံကြမ္မာတံဆိပ်ပြားတွေအားလုံးကို ငါ့ဆီအပ် ငြင်းတဲ့လူ သေရမယ် လှည့်စားရဲတဲ့လူလည်း သေရမယ်!”
လူ၈၀ကျော်တခဏတိတ်ဆိတ်သွားပြီးနောက် သူတို့ကံကြမ္မာတံဆိပ်ပြားများအားလုံးကို ကျန်းယန်လက်ထဲ ရိုရိုသေသေ အပ်လိုက်ကြသည်။
ကံကြမ္မာကအရေးကြီးသော်လည်း သူတို့အသက်ကတော့ ပိုအရေးကြီး၏။
သူတို့မျက်လုံးထဲက အငြှိုးတရားများကိုမြင်သောအခါ ကျန်းယန် ဆက်ပြောလိုက်သည်။
“မင်းတို့ ဒီကောင်းကင်နဲ့မြေပြင်ရတနာတွေကို ရခဲ့တဲ့အကြောင်းအရင်းက ငါမင်းတို့ကိုဦးဆောင်ပြီး ခံတပ်ကြီးတွေဆီ ခေါ်သွားပေးလို့ပဲ အရင်ကတော့ မင်းတို့ကြိုးစားမှုနဲ့ရခဲ့တဲ့အရာမလို့ ငါ့မှာအဲ့တာတွေကို ယူဖို့စိတ်ကူးမရှိဘူး အခုမင်းတို့က ဆန့်ကျင်လိုက်ပြီဆိုတော့ မင်းတို့ရထားတဲ့ ရတနာတွေထဲက တစ်၀က်ကို ငါ့ကိုပေးရမယ်”
“မင်းကမဖြစ်နိုင်တာကို ပြောနေတာပဲ!”
“အဇူရာတိမ်ဂိုဏ်းက တကယ်ကြီး ဒီလိုဆက်လုပ်နေမှာလား”
ဤတစ်ကြိမ်တွင်တော့ ဝိညာဉ်အခြေတည်အဆင့် ၈၀ ကျော် သည်းမခံနိုင်ကြတော့ပေ။
ကျန်းယန် ချက်ချင်းချင်းရှုမျှော်စင်ကို အသက်သွင်းကာ အသံအကျယ်ဆုံးထွက်လာသူများကို ပစ်သတ်ပစ်လိုက်၏။
“မပေးတဲ့လူမှန်သမျှသေရမယ် ဒါကမင်းတို့နောက်ဆုံးအခွင့်အရေးပဲ ဘယ်သူ့ကိုမှ အခွင့်အရေးထပ်ပေးတော့မှာ မဟုတ်ဘူး”