သစ္စာဖောက်မဟာမိတ်များ
Vol. 17 Ch. 185
ဂိုဏ်းကြီးများမှ ပါရမီရှင်များ ကုန်းရှို့ပင်းအခြေအနေကိုမြင်သောအခါ အချို့ကတော့ အမှန်တကယ် စာနာသနားနေကြပြီး အချို့ကတော့ သူ့ကံဆိုးမှုအတွက် ကြိတ်ပျော်နေခဲ့ကြသည်။
သူတို့သည် မဟာမိတ်များဖြစ်ကြသော်လည်း တစ်ဖက်တွင် ပြိုက်ဘက်များလည်း ဖြစ်ကြ၏။
၀မ်လင်းဂိုဏ်းသားများကတော့ သူတို့ခံတပ်ပျက်ဆီးသွားသည်ကို မသိရှိကြသေးသောကြောင့် ထိုဂိုဏ်းများ၏ ပျက်ဆီးမှုကို ကြိတ်ပျော်နေခဲ့သည်။
သို့သော် လန်ကျားအထွတ်အမြတ်မြေကို အပြစ်မပြုမိစေရန် ၀မ်လင်းဂိုဏ်းမှကျိုးလင်ထပြောလိုက်၏။
“တိုက်ပွဲကွင်းပြင်က အရမ်းလည်းမကြီးသလို အရမ်းလည်းမသေးဘူး သူတို့ကိုရှာတွေ့ဖို့က လွယ်မှာတော့ မဟုတ်ဘူး”
“ပြီးတော့ သူတို့ကအခု ဝိညာဉ်အခြေတည်အဆင့် ၁၀၀ကျော်နဲ့ မဟာမိတ်ဖွဲ့ထားတယ် ငါတို့အလောတကြီးလူခွဲရှာလို့လည်းမရဘူး မဟုတ်ရင် ငါတို့ပါဒုက္ခရောက်သွားလိမ့်မယ်”
“ဒီကိစ္စကို သတိကြီးကြီးနဲ့ကိုင်တွယ်ဖို့ လိုတယ်”
ကုန်းပိုင်ဟေး ဒေါသတကြီးပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ် ငါတို့သူတို့ကိုရအောင်ရှာပြီး သုတ်သင်ပစ်ရမှာပဲ နှစ်ပေါင်းများစွာကြာအောင် ငါတို့ထိပ်တန်းဂိုဏ်းကြီးတွေကို ဘယ်သူမှ ထိရဲခဲ့တာမဟုတ်ဘူး ငါတို့သာသူတို့ကိုအခုအမြန်မသုတ်သင်ပစ်နိုင်ရင် အနာဂတ်မှာ ထိပ်တန်းဂိုဏ်းကြီးတွေက လူမလေး ခွေးမခန့်ဖြစ်သွားလိမ့်မယ်”
“ဒါပေမယ့် သူတို့က အခုဘယ်သွားလဲ ဘယ်သူသိမှာလဲ” တစ်ယောက်ယောက် မေးလိုက်၏။
ကျိရှု ရုတ်တရက်ပြောလိုက်သည်။
“ကြည့်!”
သူမ တိုက်ပွဲကွင်းပြင်၏မြေပြင်ကိုထုတ်ကာ ကွေ့ယွမ်ဘုရားကျောင်းမှ ဤနေရာရောက်သည်အထိ လမ်းကြောင်းကို ထောက်ပြလိုက်၏။
“ဒီအဖွဲ့က ဒီနေရာကနေ စခဲ့ပုံရတယ် သူတို့ပထမဆုံးပစ်မှတ်က ကွေ့ယွမ်ဘုရားကျောင်းခံတပ် ပြီးတော့ ၀မ်လင်းဂိုဏ်းတောအုပ်ကိုဖြတ်ပြီး ကျွန်မတို့ရှို့ယိဘုရားကျောင်းဆီ ရောက်လာတယ် ပြီးတော့ အဲ့ဒီကနေဆက်ပြီး ကောင်းကင်တိမ်နန်းတော် ပြီးတော့ လန်ကျားအထွတ်အမြတ်မြေ…”
“ဒီလမ်းကြောင်းအရဆိုရင် သူတို့က ဗဟိုခန်းမကိုတမင်သက်သက် ရှောင်ကွင်းသွားပြီး ကျွန်မတို့မရှ်ိတဲ့အချိန်မှာ ခံတပ်တွေကို တိုက်နေကြတာပဲ”
ကျိုးလင် ခပ်ဟဟရယ်မောလိုက်ပြီး ကျိရှုကို ကြည့်ကာ ပြောလိုက်၏။
“ဒါဆို ဘာလို့ ငါတို့၀မ်လင်းဂိုဏ်းကအဆင်ပြေနေရသေးတာလဲ”
သူ့အကြည့်က ကြမ်းတမ်းလွန်းလှပြီး သူသည်ကျိရှုကိုအထက်အောက်အစုံအဆန်ကြည့်ရှုနေခဲ့ခြင်းဖြစ်သည်။ ရှင်းလင်းစွာပင် သူသည် ကျိရှုကိုစိတ်၀င်စားနေခြင်းပင်။
“ငါတို့၀မ်လင်းဂိုဏ်းမှာ အကြီးအကဲလီဖန်ကျိုးကိုယ်တိုင်တည်ဆောက်ပေးထားတဲ့ ၀င်္ကပါကြီးတစ်ခုရှိတယ် အဲ့ဒီ၀င်္ကပါကတောအုပ်ကြီးတစ်ခုလုံးကို ဖုံးအုပ်ထားတာ အဲ့တော့ အကျူးကျော်မခံရတာ သိပ်တော့မဆန်းပါဘူး” ကျိုးလင် ဂုဏ်ယူစွာ ပြောလိုက်သည်။
ကျိရှု သူနှင့်အလုပ်ရှုပ်ခံငြင်းမနေတော့ဘဲ ဆက်ပြောလိုက်၏။
“သူတို့လမ်းကြောင်းအရ ဒီဗဟိုခန်းမကိုပတ်ပြီး တွက်မယ်ဆိုရင် ကျွန်မမှန်းတာမမှားရင် နောက်ပစ်မှတ်က မဟာနှင်းတောင်ဂိုဏ်းပဲ”
လူတိုင်းအကြည့်များက မဟာနှင်းတောင်ဂိုဏ်းမှလူများဆီ အလိုလိုရောက်ရှိသွားခဲ့ကြသည်။
ထိုဂိုဏ်းမှလူများ၏ အမူအရာများတင်းမာကုန်ကြပြီး ဖြစ်နိုင်လျှင် ချက်ချင်း သူတို့ခံတပ်သို့ ပြန်ရောက်ချင်သွားခဲ့ကြ၏။
မဟာနှင်းတောင်ဂိုဏ်း၏ အဓိကပါရမီရှင်များထဲမှတစ်ယောက်ဖြစ်သော လန်ချင်းဖုန်း မျက်မှောင်ကြုံ့လိုက်ပြီး သံသယရှိဟန်ဖြင့် မေးလိုက်သည်။
“ငါတို့မဟာနှင်းတောင်ဂိုဏ်းခံတပ်ရဲ့ ရေခဲရေကန်က ခုခံရလွယ်ကူပြီး တိုက်ခိုက်ရခက်ခဲတယ် သူတို့တကယ်ကြီး အဲ့နေရာကိုသွားရဲကြပါ့မလား အဲ့ဒီနေရာက အရမ်းအေးတာ ရေခဲအခြေပြုကျင့်စဉ်တစ်ခုခုကို ကျင့်ထားတာမဟုတ်ရင် အဲ့ဒီနေရာမှာ လှုပ်ရှားဖို့တောင် ခက်လိမ့်မယ် ပြီးတော့ သူတို့ခွန်အားကလည်း သိသိသာသာ ကျဆင်းသွားလိမ့်မယ်”
ကျိရှု အေးအေးဆေးဆေးပြောလိုက်၏။
“ဒီကိစ္စတွေအားလုံးမဖြစ်သေးခင် ကျွန်မတို့ထဲက ဘယ်သူက ကျွန်မတို့ခံတပ်တွေတိုက်ခိုက်ခံရမယ်လို့ ယုံကြည်ခဲ့ဖူးလို့လဲ ဘာပဲဖြစ်ဖြစ် ကျွန်မတို့ရှို့ယိဘုရားကျောင်းခံတပ်ကပျက်ဆီးသွားပြီ ကျွန်မ၏တို့မှာဘာမှစိတ်ပူနေစရာမရှိဝောာ့ဘူး ကျန်ဝာာက ရှင်တို့သဘောပဲ”
ကုန်းရှို့ပင်း ပြတ်ပြတ်သားသား ပြောလိုက်သည်။
“သွားကြစို့ ရေခဲကန်ကို တစ်ချက်သွားကြည့်ကြမယ် ငါတို့ဘာမှရှာမတွေ့ခဲ့ရင်တောင် ဒီနေရာမှာရပ်နေတာထက် စာရင်တော့ ကောင်းမှာပဲ”
နောက်ဆုံးတွင် အဇူရာတိမ်ဂိုဏ်းအပေါ် အမုန်းတီးဆုံးလူများက သူတို့သာမဟုတ်ပါလော။
တိုက်ပွဲကွင်းပြင်ထဲတွင် အဇူရာတိမ်ဂိုဏ်းကြောင့် သူတို့ဆုံးရှူံးခဲ့ရသော လူများက ဒါဇင်နှင့်ပင် ချီနေခဲ့ချေပြီ။
အခြားဂိုဏ်းကြီးများလည်း ဘာမှအများကြီး မပြောကြပေ။
ဤတစ်ခေါက်တွင် အကြီးမားဆုံးဆုံးရှုံးခဲ့ရသူများက လန်ကျားအထွတ်အမြတ်မြေက လူမှန်း သူတို့သိပေသည်။ ထို့ကြောင့် ယခုအချိန်တွင် ဖြစ်နိုင်လျှင် ထိုလူများနှင့် ဘာမှပြိုင်ငြင်းမနေလိုကြပေ။
မကြာခင်တွင် သူတို့အဖွဲ့ ရေခဲကန်ဆီသို့ ဦးတည်ထွက်ခွာသွားခဲ့ကြလေသည်။
ထိုစဉ် ၀မ်လင်းဂိုဏ်းခံတပ်မှ ထွက်ပြေးလာသော ကျင့်ကြံသူများ ဗဟိုခန်းမ ရင်ပြင်ဆီရောက်ရှိလာခဲ့ကြပြီး ထိုနေရာတွင် ဘာမှမတွေ့ခဲ့ရကြပေ။
ဤမြင်ကွင်းက သူတို့ကို ကြောက်လန့်သွားစေခဲ့၏။
ဂိုဏ်းကြီးများက ပါရမီရှင်များသည် ဤနေရာတွင် ကံကြမ္မာတိုက်ပွဲ ဆင်နွှဲနေကြဖြစ်ပြီး အခုလို ပျောက်မနေသင့်ပေ။
လူတိုင်း ဘယ်ရောက်သွားတာလဲ!
သူတို့အားလုံးလည်း ရှင်းခံလိုက်ရခြင်းပေလော!
သူတို့အားလုံးကို ဘယ်လိုစွမ်းအားမျိုးက ရှင်းလင်းသွားပါသနည်း!
ထိုအခိုက်တွင် လက်ကျန်၀မ်လင်းဂိုဏ်းသားများ အလွန်ကြောက်ရွံ့ကုန်ကြပြီး ပုန်းစရာနေရာသာ ရှာဖွေကြတော့သည်။
အလားတူပင် ကောင်းကင်တိမ်နန်းတော်မှအဖွဲ့လည်း ဗဟိုခန်းမတွင် ဘယ်သူမှရှိမနေတာမြင်ပြီး ကြောက်လန့်ကုန်ကာ ပုန်းစရာနေရာသာ လိုက်ရှာကြတော့၏။
ထိုအဖြစ်အပျက်က ၀မ်လင်းဂိုဏ်းကိုပိုပြီးပင် မော်ကြွားသွားစေခဲ့သည်။
ဘယ်သူမှ သူတို့ဆီ သတင်းလာမပို့ကြသောကြောင့် သူတို့ခံတပ်ဘာမှမဖြစ်ဘူးဟု သူတို့ယုံကြည်နေခဲ့ကြ၏။
သူတို့မျက်နှာပေါ်တွင် အမျိုးအမည်မသိအပြုံးတစ်မျိုးရှိနေပြီး နှလုံးသားထဲတွင်တော့ အခြားဂိုဏ်းများကို လှောင်ပြောင်နေခဲ့သည်။
အကယ်၍ အခြားဂိုဏ်းများ၏ခံတပ်များပျက်ဆီးသွားပြီး သူတို့ခံတပ်သာကျန်ရစ်ခဲ့လျှင် နောင်နှစ်တစ်ရာတွင် သူတို့ကို မည်သူက စိန်ခေါ်နိုင်ပါတော့မည်နည်း။
အဓိကပါရမီရှင်များ ရေခဲကန်နှင့်နီးကပ်လာချိန်တွင် အဝေးမှပင် တိုက်ပွဲဖြစ်ပွားနေသော စွမ်းအင်လှိုင်းများကို အာရုံခံမိလိုက်ကြ၏။
“မကောင်းတော့ဘူး” လန်ချင်းဖုန်း အော်ပြောလိုက်သည်။
“ခံတပ်က တိုက်ခိုက်ခံနေရပြီ မဟာနှင်းတောင်ဂိုဏ်းကတပည့်တွေအားလုံး အမြန်ပြန်ကြမယ်!”
သူကုန်းရှို့ပင်းဘက်လှည့်လိုက်ကာ
“အဲ့တာက အဇူရာတိမ်ဂိုဏ်းကကောင်တွေပဲဖြစ်ရမယ် ငါတို့ကိုအမြန်ကူညီပေးပါ”
ထို့နောက် တုန့်ဆိုင်းခြင်းမရှိ သူ့ဂိုဏ်းသားများကိုဦးဆောင်ကာ ခံတပ်ဆီ အပြေးနှင်သွားခဲ့၏။
ကုန်းရှို့ပင်းလည်း တစ်ချက်ဟိန်းဟောက်လိုက်ပြီး သူ့လူများကိုဦးဆောင်ကာ တိုက်ပွဲဆီ ဉီးတည်သွားခဲ့လေသည်။
ထိုအခိုက်တွင် ဟွေ့ချင်း အလောတကြီးကုန်းရှို့ပင်းကို လျှို့ဝှက်သတင်းစကားတစ်ခု ပါးလိုက်၏။
“ဒကာေလးကုန်း အခုကိုယ်ေတာ်တို့ခံတပ်တွေအကုန် ဖျက်ဆီးခံလိုက်ရပြီ သူတို့ခံတပ်ပဲကျန်တော့တာ”
လူတိုင်းသည် ဉာဏ်ပြေးသူများဖြစ်သောကြောင့် သူ့စကားတစ်ခွန်းကပင် လုံလောက်နေခဲ့ချေပြီ။
ရေခဲကန်ဆီ အရှိန်အဟုန်ဖြင့် ချီတက်နေသော ကုန်းရှို့ပင်း အရှိန်လျော့သွားခဲ့သည်။
တကယ်တော့ မဟာနှင်းတောင်ဂိုဏ်းကလူများကသာ အပြေးအလွှားသွားနေကြခြင်းဖြစ်ပြီး အခြားဂိုဏ်းများက ခပ်နှေးနှေးသာ သွားနေကြခြင်းဖြစ်၏။
ခံတပ်ဖျက်ဆီးခံလိုက်ရသောဂိုဏ်းများက ငါတို့ခံတပ်တောင်ဖျက်ဆီးခံလိုက်ရတာ သူတို့ခံတပ်ကို ဘာလို့ကူညီနေမှာလဲဟု တွေးနေပြီး သူတို့ခံတပ်ပျက်ဆီးသွားမှ ၀င်ပြီး အဇူရာတိမ်ဂိုဏ်းကို ကလဲ့စားချေမည်ဟု တွေးနေခဲ့ကြသည်။
အလားတူပင် ခံတပ်မပျက်ဆီးသေးသော ဂိုဏ်းများကလည်း အခြားသူများခံတပ်ပျက်ဆီးပြီး သူတို့ခံတပ်များသာ ကျန်ခဲ့လျှင် သူတို့အတွက် ပြိုင်ဘက်လျော့သွားပြီဟု တွေးနေခဲ့ကြ၏။
ထို့ကြောင့် မဟာနှင်းတောင်ဂိုဏ်းသားများကသာ အလောတကြီး ရုန်းကန်နေကြခြင်း ဖြစ်သည်။
ကျန်ဂိုဏ်းကြီး ၈ ဂိုဏ်းက အပေါ်ယံသာဟန်ဆောင်ပြနေကြခြင်း ဖြစ်၏။