အခန်း (၁၆၈၁)
Vol. 121 Ch. 1681
လေဟာနယ်စွမ်းအား… ။
ဟန်မူယဲ့က သူတို့အရှေ့မှာ ထွက်ပေါ်လာကြောင်း မြင်သောအခါ ရွှမ်ပုံရိပ်ယောင်ကလန်မှ နတ်သခင်လေးပါးက မျက်လုံးပြူးသွားကြပြီး ခန္ဓာကိုယ်တောင့်တင်းသွားကြသည်။
သူတို့ကြားမှ အကွာအဝေးက ကျဉ်းမြောင်းဟန် ရ၏။ သို့သော်လည်း အမှန်မှာ သူတို့ကြားတွင် မရေမတွက်နိုင်သော မိုးမြေအလွှာများက ခြားနေသည်။
“ အဲ့ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ”
“ မဖြစ်နိုင်တာ ဒီလောကမှာ လေဟာနယ်စွမ်းအားနဲ့ပတ်သက်ရင် ငါ့ရဲ့ ရွှမ်ပုံရိပ်ယောင်ကလန်ကို ဘယ်မျိုးနွယ်စုမှ မကျော်နိုင်ဘူး… ယုလင်းကောင်းကင်နဂါးကလန်တောင် မရဘူး ”
ရွှမ်ပုံရိပ်ယောင်ကလန်မှ နတ်သခင်နှစ်ပါးက ကျယ်လောင်စွာ အော်လိုက်ကြပြီး အစိမ်းရောင်တိမ်မြူအလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်ကြသည်။ အလင်းတန်းက ဟန်မူယဲ့၏ ရင်ဘက်ဆီသို့ တန်းတန်းမတ်မတ် ပျံသန်းသွားသည်။
သို့သော်လည်း တိမ်မြူအလင်းတန်းက ဟန်မူယဲ့ဆီသို့ မရောက်မီ သူတို့ကြားထဲမှ လေဟာနယ်ထဲမှာ လွင့်ပြယ်သွားသည်။
သူတို့ကြားမှ ပေသုံးဆယ်အကွာအဝေးက မိုင်ပေါင်းသန်းသုံးဆယ်ခန့် ကွာဝေးနေဟန် ရ၏။
“ ကျောက်တုံးတစ်တုံးကို တခြားလောကထဲ ပစ်ချလိုက်သလိုပဲ… ”
အနောက်မှ ရွှမ်ပုံရိပ်ယောင်နတ်သခင်နှစ်ပါးက တီးတိုးပြောလိုက်ကြသည်။
ဟန်မူယဲ့က သူ့အရှေ့မှ ပေသုံးဆယ်လေဟာနယ်ကို မိုင်သန်းပေါင်းများစွာအကွာအဝေးအဖြစ် ပြောင်းလဲပစ်နိုင်သည်။ ထို့ကြောင့် သူတို့၏ တိုက်ခိုက်မှုများက ဟန်မူယဲ့အပေါ် သက်ရောက်မှုမရှိပေ။ အကယ်၍ သူတို့က ထွက်ပြေးမည်ဆိုလျှင်ပင် ထိုပေသုံးဆယ်လေဟာနယ်က ခွာမရနိုင်သော ကော်ကဲ့သို့ သူတို့ကို ဆွဲထားလိမ့်မည်။
“ ကောင်းကင်သတ်ဖြတ်ခြင်းမဟာမိတ်က ဘာလဲဆိုတာ ငါသိချင်တယ် ”
ဟန်မူယဲ့၏ အသံက ထပ်မံ ထွက်ပေါ်လာသည်။
မှေးမှိန်သော ဓားအလင်းက သူ၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာသည်။
“ မင်းဘာမှမသိနိုင်ဘူး ”
ခေါင်းဆောင်နတ်သခင်က ဒေါသတကြီး အော်ပြောလိုက်သည်။ သန်းပေါင်းများစွာသော ပုံရိပ်ယောင်အလင်းတန်းများက သူ၏ ဘေးပတ်ဝန်းကျင်မှာ ပေါက်ကွဲသွားကြသည်။
တခြားနတ်သခင်သုံးပါးသည်လည်း သူတို့၏ မူလစွမ်းအားကို လှုံ့ဆော်လိုက်ကြသည်။ ယင်းက ဘေးပတ်ဝန်းကျင်မှ လေဟာနယ်ကို ပုံပျက်တွန့်လိမ်သွားစေသည်။
ရွှမ်ပုံရိပ်ယောင်ကလန်၏ နတ်သခင်များသည် အလွယ်တကူ အညံ့ခံမည့်လူများ မဟုတ်ကြချေ။
သူ့အရှေ့မှ လေဟာနယ်က ပုံပျက်တွန့်လိမ်သွားနေကြောင်း မြင်သော်လည်း ဟန်မူယဲ့က တည်ငြိမ်နေသည်။ သူလက်မြှောက်လိုက်သည့်အခါ သုံးပေရှည်လျားသော ဓားတစ်လက်က သူ၏ လက်ဖဝါးပေါ်မှာ ထွက်ပေါ်လာသည်။
ထိုဓားက သူ့ကိုယ်ပိုင်ဓား မဟုတ်ပေ။ ယင်းအစား အစောနက သူရင်ဆိုင်ခဲ့သော ဓားနတ်ဘုရားနှစ်ပါး၏ ဓားများထဲမှ တစ်လက်ဖြစ်သည်။
ဓားကို ဆုပ်ကိုင်လိုက်သည့်အခါ ဓားအလင်းက ဓားနှင့် ယှက်ထွေသွားသည်။ ထို့နောက် မှတ်ဉာဏ်စီးကြောင်းများက ဟန်မူယဲ့၏ အသိစိတ်ထဲသို့ ဝင်ရောက်လာသည်။
ထိုဓား၏ နာမည်က အကြောက်အရွံ့မဲ့ ဖြစ်ပြီး ယင်းကို ကောင်းကင်ဘုံကျောက်တုံးထံမှ ဖန်တီးထားခဲ့သည်။ ကျောက်တုံးကို ပုံသွင်းရန် နဂါးကိုးကောင်ထျန်းမီးတောက်ဖြင့် ထုဆစ်သန့်စင်ခဲ့သည်။
ဓားကိုယ်ထည်က သုံးပေသုံးလက်မ ရှည်လျားပြီး ဓားဖျားက လက်မဝက်ခန့် ထူသည်။
မိုးကြိုးသွားများနှင့် ထျန်းမီးတောက်၏ ထုဆစ်သန့်စင်မှုကို ခေတ်အဆက်ဆက် ခံယူပြီးသည့်နောက် ဓားက မိုးကြိုးမီးတောက်စွမ်းအားကို ပိုင်ဆိုင်သွားသည်။ သို့ဖြစ်၍ တစ်စုံတစ်ယောက်သည် ထိုဓားဖြင့် ကောင်းကင်ဘုံကပ်ဘေးကို ဖန်တီးနိုင်သည်။
ထိုဓား၏ ပထမပိုင်ရှင်က အမှောင်ရိပ်ဓားရုံးတော်မှ မိုးပန်းစံအိမ်၏ အစောင့်အရှောက် ဖြစ်သည်။
ဒုတိယပိုင်ရှင်က ဓားရုံးတော်၏ သင်ကြားရေးခေါင်းဆောင် ဟဲမင်ရှန့် ဖြစ်သည်။
…..
မှတ်ဉာဏ်တစ်ခုပြီးတစ်ခုက မြစ်ရေကဲ့သို့ ဟန်မူယဲ့၏ စိတ်ထဲမှာ ပေါ်လျှိုးလာသည်။
ထိုမှတ်ဉာဏ်များကို သူချေဖျက်လိုက်သည့်အခါ ဓားရုံးတော်၏ အမွေအနှစ်က သူ့အရှေ့မှာ လျှို့ဝှက်ချက် မဟုတ်တော့ပေ။
အစောနက ဓားနတ်ဘုရားနှစ်ပါးနှင့် နှိုင်းယှဉ်လျှင် ရှေးခေတ်မှ ဓားရုံးတော်၏ အမွေအနှစ်က ပိုပြီးခမ်းနားထည်ဝါပြီး ပိုပြီးကြီးကျယ်မြင့်မြတ်သည်။
ဓားချက်တစ်ချက်က ဝိညာဉ်ကို လှုပ်ခါစေနိုင်ပြီး ဓားထိုးချက်တိုင်းက တောင်နှင့် မြစ်များကို အက်ကွဲစေနိုင်သည်။
“ ထာဝရဓားစင်မြင့် ”
ထိုမှတ်ဉာဏ်များထဲတွင် ဟန်မူယဲ့က ဓားရုံးတော်၏ အမြူတေဖြစ်သော ထာဝရဓားစင်မြင့်၏ ထွက်ပေါ်လာမှုကို မြင်တွေ့သွားသည်။
ထာဝရဓားစင်မြင့်ကို ဓားများဖြင့် ဖွဲ့စည်းထားသည်။ ထိုနေရာက ဓားအမွေအနှစ်တစ်ခု နှစ်သန်းပေါင်းများစွာကြာအောင် တည်ရှိနေသော နေရာဖြစ်သည်။
မိုးပြာရောင်ကျောက်တုံးလှေကား၏ လှေကားတစ်ထစ်စီမှာ ဓားတစ်ချောင်း ရှိကြသည်။
ဓားရုံးတော်မှ ဓားကျင့်ကြံသူအားလုံးက သူတို့၏ ဓားကျင့်ကြံခြင်းအမွေအနှစ်ကို ထိုကျောက်တုံးလှေကားပေါ်မှာ ချန်ရစ်ခဲ့ကြသည်။
တစ်စုံတစ်ယောက်က ကျောက်တုံးလှေကား၏ မည်သည့်အမြင့်သို့ ရောက်ရှိသွားပါစေ ထိုနေရာမှာ သူတို့၏ ဓားကို ထားနိုင်လိမ့်မည်။
ယင်းကို ကောင်းကင်ဘုံတတ်လှမ်းခြင်းလှေကားဟုလည်း ခေါ်ကြသည်။
ထာဝရဓားစင်မြင့်က နှစ်ပေါင်းများစွာကြာအောင် တည်တံ့နေသော ဓားရုံးတော်၏ ဓားအမွေအနှစ်စုဝေးမှု ဖြစ်သည်။
သူ့လက်ထဲမှ ဓား၏ ယခင်ပိုင်ရှင်များသည် ထာဝရဓားစင်မြင့်ပေါ်သို့ တတ်လှမ်းခဲ့ဖူးကြသည်။ သူတို့က သူတို့၏ ကိုယ်ပိုင်အမွေအနှစ်များကို ကျောက်တုံးလှေကားပေါ်မှာ ချန်ရစ်ခဲ့ကြသည်။ တစ်ချိန်တည်းမှာ သူတို့က ထာဝရဓားစင်မြင့်ထံမှ အကျိုးအမြတ်အများကြီး ရရှိခဲ့ကြသည်။
ဟန်မူယဲ့၏ အမြင်တွင် ဓားရုံးတော်၏ အမွေအနှစ်က တမူထူးခြားသည်။ ယင်းက အကြမ်းဖျဉ်းအားဖြင့် ဓား၏ နိယာမသဘောတရားကို တိုးမြှင့်ပေးနိုင်သည်။
“ ထာဝရဓားစင်မြင့်က သွားကြည့်ဖို့ ထိုက်တန်ပါတယ် ”
ဟန်မူယဲ့က တီးတိုးပြောသည်။
တောက်ပသော အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
ထိုဓားမှတဆင့် ဟန်မူယဲ့က ကောင်းကင်သတ်ဖြတ်ခြင်းမဟာမိတ်၏ တည်ရှိမှုကို ရှာတွေ့သွားသည်။
ကောင်းကင်သတ်ဖြတ်ခြင်းမဟာမိတ်သည် မဟာပန်သွန်ဘုံနှင့် တခြားအထူးဘုံသုံးခု၏ နယ်မြေချဲ့ထွင်ခြင်းလမ်းကြောင်းကို ဖြတ်တောက်ပြီး ၎င်းတို့၏ အင်အားကို ဝါးမျိုရန် ဖွဲ့စည်းထားသော အဖွဲ့အစည်းကြီးတစ်ခု ဖြစ်သည်။
ရှေးခေတ်ကာလတွင် အသန်မာဆုံး ရုပ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော ဝမ်တောင်တန်းကလန်၊ အသန်မာဆုံး ဝိညာဉ်စွမ်းအားကို ပိုင်ဆိုင်ထားပြီး မရေမတွက်နိုင်သော ဘုံများကို အုပ်ချုပ်နေသော ရွှမ်ပုံရိပ်ယောင်မဲ့ကလန်နှင့် အချိန်မြစ်ထဲမှာ မေ့လျော့ခံလိုက်ရသော တခြားအင်အားကြီးကလန်ဒါဇင်ခန့်က အတူတကွ ပူးပေါင်း၍ ကောင်းကင်သတ်ဖြတ်ခြင်းမဟာမိတ်ကို ဖွဲ့စည်းခဲ့ကြသည်။
သူတို့ထဲတွင် အမှောင်ရိပ်ဓားရုံးတော်က သန်စွမ်းသော တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်ထားသည်။ မည်သို့ဖြစ်ပါစေ လွန်ခဲ့သော လောကခေတ်စက်ဝန်း(၃၀)တွင် အမှောင်ရိပ်ဓားရုံးတော်က လောကတစ်သောင်းနယ်မြေများကို လွှမ်းမိုးဖိနှိပ်နိုင်ခဲ့သည်မဟုတ်ပါလော။ ထို့ကြောင့် ကောင်းကင်သတ်ဖြတ်ခြင်းမဟာမိတ်က အမှောင်ရိပ်ဓားရုံးတော်ကို သိမ်းသွင်းနိုင်ရန် အမြဲကြိုးစားနေသည်။
သို့သော်လည်း ထာဝရဓားစင်မြင့်ကို ပိုင်ဆိုင်ထားသော ဓားရုံးတော်သည် ကောင်းကင်သတ်ဖြတ်ခြင်းမဟာမိတ်ကို အထင်မကြီးပေ။
ဤတစ်ကြိမ်တွင် အထူးဘုံထက် တစ်ဆင့်သာနိမ့်သော ကောင်းကင်နင်းခြေမျိုးနွယ်က ရွှမ်ပုံရိပ်ယောင်ကလန်၏ စွမ်းအားကို ချေးငှား၍ လေဟာပြင်မြို့တော်ကို သိမ်းပိုက်ရန် ကြံစည်နေကြောင်း ကောင်းကင်သတ်ဖြတ်ခြင်းမဟာမိတ်က သိရှိသွားသောအခါ သူတို့က ကောင်းကင်နင်းခြေမျိုးနွယ်ကို မဟာမိတ်အဖွဲ့ထဲသို့ ဆွဲသွင်းလိုက်သည်။
အမှန်မှာ သူတို့ဆီတွင် တခြားအကြံများ ရှိသည်။
ကောင်းကင်နင်းခြေမျိုးနွယ်က အလွန်သန်မာသော်လည်း သူတို့၏ ဉာဏ်ရည်က သာမန်သာဖြစ်သည်။ အကယ်၍ သူတို့က ကောင်းကင်နင်းခြေမျိုးနွယ်ကို အသုံးချပြီး လေဟာပြင်မြို့တော်ကို နောက်ကွယ်မှ ထိန်းချုပ်နိုင်မည်ဆိုလျှင် ကောင်းကင်သတ်ဖြတ်ခြင်းမဟာမိတ်၏ အင်အားက ကြီးကြီးမားမား တိုးမြှင့်သွားလိမ့်မည်။
ထိုအကြောင်းကြောင့် ကောင်းကင်သတ်ဖြတ်ခြင်းမဟာမိတ်နှင့် ရွှမ်ပုံရိပ်ယောင်ကလန်က ကောင်းကင်နင်းခြေမျိုးနွယ်ကို အနောက်မှ အပြည့်အဝ ထောက်ပံ့ပေးနေခြင်း ဖြစ်သည်။
ဟန်မူယဲ့က သူ့အရှေ့မှ ပုံရိပ်ယောင်လေဟာနယ်ကို ကြည့်လိုက်ပြီး ခေါင်းယမ်းလိုက်သည်။
ကောင်းကင်သတ်ဖြတ်ခြင်းမဟာမိတ်ထဲတွင် ရွှမ်ပုံရိပ်ယောင်ကလန်က သန်မာသည်ဟု မဆိုနိုင်ပေ။ သူတို့၏ တမူထူးခြားသော လေဟာနယ်စွမ်းရည်ကြောင့်သာ လူသိများကြခြင်း ဖြစ်သည်။
ကောင်းကင်သတ်ဖြတ်ခြင်းမဟာမိတ်၏ တခြားကလန်များထဲတွင် တချို့က အလွန်အမင်း သန်မာကြသည်။ သူတို့ထဲမှ ကလန်တချို့၏ အနောက်မှာ ဖန်ဆင်းရှင်အဆင့် ပညာရှင်များက စောင့်ကြပ်နေကြသည်။
ဟင်းလင်းပြင်လောကထဲတွင် မရေမတွက်နိုင်သော ကလန်များက အထွတ်အထိပ်အုပ်ချုပ်မှုကို ပိုင်ဆိုင်ရန် ကြိုးစားနေကြသည်။ သို့သော်လည်း ထိုအင်အားစုများ၏ အနောက်မှာ မည်သူရှိကြောင်း မည်သူမှ အမှန်တကယ် မသိကြချေ။
“ ဘန်း ”
သူ၏ အရှေ့၌ ဟင်းလင်းပြင်က အက်ကွဲသွားပြီး ပုံရိပ်ယောင်က လွင့်ပြယ်သွားသည်။
ရွှမ်ပုံရိပ်ယောင်ကလန်မှ နတ်သခင်လေးပါးက နောက်ဆုံးမှာ လွတ်မြောက်သွားကြသည်။
သူတို့လွတ်မြောက်သွားခြင်းမှာ ဟန်မူယဲ့က သူတို့ကို လိုက်လံသတ်ဖြတ်ရန် ဆန္ဒမရှိသောကြောင့် ဖြစ်သည်။
အကယ်၍ သူသာ အထွတ်အထိပ်ဓားချက်ကို ထုတ်လွှတ်လိုက်မည်ဆိုလျှင် နတ်သခင်တစ်ပါး သို့မဟုတ် နှစ်ပါးကို သတ်ပစ်နိုင်လိမ့်မည်။
သို့သော်လည်း ထိုအတွက် ကုန်ဆုံးသွားမည့် စွမ်းအင်ပမာဏက သူ့အတွက် မသေးငယ်ပေ။
ထို့ပြင် သူ၏ ရန်သူက ရွှမ်ပုံရိပ်ယောင်ကလန်တစ်ခုတည်း မဟုတ်ပေ။ သူတို့၏ အနောက်မှာ အလွန်အင်အားကြီးမားသော ကောင်းကင်သတ်ဖြတ်ခြင်းမဟာမိတ်ရှိနေသည်။
အရေးကြီးသည်မှာ ကောင်းကင်သတ်ဖြတ်ခြင်းမဟာမိတ်ဖြစ်စေ သို့မဟုတ် ရွှမ်ပုံရိပ်ယောင်ကလန်ဖြစ်စေ သူတို့ကြားမှာ ကြီးမားသော ရန်ငြိုးရန်စများ မရှိပေ။
သို့ဖြစ်၍ သူက မလိုအပ်လျှင် အသေအကြေ မတိုက်ခိုက်ချင်ပေ။
ယုလင်းကောင်းကင်နဂါးကလန်မှ ပေးကမ်းထားသော ဆုလာဘ်က မသေးငယ်သော်လည်း ယင်းက သူ့အား အသက်စတေး၍ တိုက်ခိုက်စေရန် မလုံလောက်ပေ။
“ ဝီး ”
သူ၏ ဘေးပတ်ပတ်လည်တွင် အစိမ်းရောင်ဓားအလင်းက ပေါ်လျှိုးလာသည်။
ယင်းက မိုင်သန်းပေါင်းများစွာအဝေးမှ ယွင်ကျိနတ်သခင်၏ သတင်းပို့လွှတ်မှု ဖြစ်သည်။
ဟန်မူယဲ့၏ ခန္ဓာကိုယ်က လှုပ်ရှားသွားပြီး မူလနေရာမှ ပျောက်ကွယ်သွားသည်။
ဤအခိုက်အတန့်မှာ ဆယ့်ငါးမိနစ် ကုန်လွန်သွားပြီဖြစ်သောကြောင့် ယွင်ကျိနတ်သခင်နှင့် တခြားနတ်သခင်များက ချိပ်ပိတ်နယ်မြေကို ချိုးဖြတ်နိုင်သွားကြသည်။ ယခု သူတို့အားလုံးက မျက်နှာတည်ကြည်နေကြသည်။
သူတို့၏ အရှေ့၌ လေဟာနယ်က ဟာလာဟင်းလင်းဖြစ်နေသည်။ ယွင်ကျိနတ်သခင်၏ အစိမ်းရောင်ဓားမှ သတင်းပို့လွှတ်မှုသည်ပင် ဟန်မူယဲ့ကို မရှာနိုင်ဟန် ရသည်။
“ မဟုတ်မှ တာအိုရောင်းရင်းဟန်က တကယ်ပဲ… ”
ယွင်ကျိနတ်သခင်က နူးညံ့စွာ ရေရွတ်လိုက်သည်။
“ တကယ်ပဲက ဘာကို ပြောတာလဲ ”
“ ဒါပေါ့ ငါတို့ပြောနေတာက မင်းသေသွား… ”
ဝူယွမ်နတ်သခင်၏ စကားမဆုံးခင်မှာ သူ၏ မျက်လုံးက ရုတ်တရက် ပြူးကျယ်သွားသည်။ ဤသည်မှာ သူက မယုံကြည်နိုင်စရာကောင်းသော မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည့်အလားပင်။
သူ့အရှေ့မှ ဟင်းလင်းပြင်ထဲတွင် ဟန်မူယဲ့က မည်သည့်အချိန်ကမှန်းမသိ မတ်တတ်ရပ်နေသည်။
ဟင်းလင်းပြင်ထဲတွင် တိမ်မြူအလင်းက ပရမ်းပတာ လှုပ်ခတ်သွားသည်။
“ မင်း… မင်း မသေဘူး ”
ဝူယွမ်နတ်သခင်က တုန်ယင်သွားပြီး ဟန်မူယဲ့ကို ကြည့်လိုက်သည်။
“ ကြည့်ရတာ တာအိုရောင်းရင်းဝူယွမ်က ကျုပ်ကို သေစေချင်နေတဲ့ပုံပဲ ”
ဟန်မူယဲ့က ပေါ့ပါးစွာ ရယ်လိုက်ပြီး ခေါင်းယမ်းလိုက်သည်။
ဝူယွမ်နတ်သခင်က အမြန်ခေါင်းခါလိုက်ပြီး ပြောသည်။
“ အဲ့ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… တာအိုရောင်းရင်းဟန်က ပြိုင်ဘက်ကင်းတဲ့ ဓားတာအိုကို ပိုင်ဆိုင်ထားတာပဲ ဘယ်လိုလုပ် အလွယ်တကူ သေနိုင်မှာလဲ… ကျုပ်တို့က ခင်ဗျား ပြန်လာမှာကို အကြာကြီး စောင့်နေ… ”
သို့သော်လည်း သူ့စကားမဆုံးမီ ဟန်မူယဲ့၏ အသံက ထပ်မံ ထွက်ပေါ်လာသည်။
“ တခြားလူတွေကိုတော့ ကျုပ်မသိဘူး… ဒါပေမဲ့ ဝူယွမ်… ခင်ဗျားနောက်က ကောင်းကင်သတ်ဖြတ်ခြင်းမဟာမိတ်ကတော့ ကျုပ်ကို သေစေချင်နေတာ သေချာတယ် ”
“ ကျုပ်ပြောတာ မဟုတ်ဘူးလား ဝူယွမ် ”
သူ့စကားဆုံးသွားသည်နှင့် ဓားအလင်းက အရှေ့သို့ ပျံသန်းသွားသည်။
အဖြူအနက်ဓားအလင်းတန်းက လွန်စွာ စူးရှတောက်ပလေရာ ယွင်ကျိနတ်သခင်နှင့် တခြားနတ်သခင်များကို မျက်စိကျိန်းစပ်သွားစေသည်။