← Chapters

အခန်း (၁၆၈၂)

Vol. 121 Ch. 1682

အခန်း (၁၆၈၂)

Vol. 121 Ch. 1682

ဓားအလင်းတန်းက ကောင်းကင်တစ်လျှောက် ဖြတ်သန်းသွားသည်။ ဓားအလင်းတန်း၏ တုနှိုင်းမဲ့သော ထွန်းလင်းတောက်ပမှုကြောင့် မည်သူမှ ယင်းကို တိုက်ရိုက် မကြည့်နိုင်ကြချေ။

ဟန်မူယဲ့၏ အဖြူအနက်ဓားအလင်းထဲမှာ ဖန်ဆင်းခြင်းနှင့် ဖျက်ဆီးခြင်းနိယာမက ကိန်းအောင်းနေသည်။

ထိုစွမ်းအားနှစ်မျိုး၏ ပေါင်းစပ်မှုကြောင့် နတ်ဘုရားအဆင့်တွင် မည်သူမှ ထိုဓားကို တိုက်ရိုက် မရင်ဆိုင်နိုင်ပေ။

နတ်ဘုရားနိဂုံးစွမ်းအားဖြင့် ကိုယ့်ကိုယ်ကိုယ် ထုဆစ်ပြီးနောက် သူ၏ သေးငယ်သော လှုပ်ရှားမှုတိုင်းအတွက် အန္တိမစွမ်းအားကို လိုအပ်လာသည်။ ထိုစွမ်းအားက သူ့ကို ဖန်ဆင်ရှင်းတစ်ပါးဖြစ်လာစေမည့် အရာဖြစ်သည်။ သူလှုပ်ရှားလိုက်သည့်အခါတိုင်း သူ၏ အရင်းအမြစ်များက ကုန်ဆုံးသွားလိမ့်မည်။

လက်ရှိ ဟန်မူယဲ့က အလွန်ဆင်းရဲသည်။

သူ့မှာ အရင်းအမြစ်များ ရှားပါးနေသည်။

ဓားအလင်းတန်း ပျံသန်းလာသည့်အခါ ဝူယွမ်နတ်ဘုရင်က အနောက်လှည့်၍ ထွက်ပြေးသည်။

သူက ငတုံးမဟုတ်ပေ။ ဟန်မူယဲ့ကဲ့သို့ ဓားနတ်ဘုရားတစ်ပါးကို သူ့ကိုယ်ပိုင်နတ်ဘုရားစွမ်းအားဖြင့် ထိပ်တိုက် ရင်ဆိုင်ခြင်းက ကိုယ့်ကိုယ်ကိုယ် သတ်သေနေခြင်းနှင့် မခြားကြောင်း သူသိသည်။

သို့သော် အကယ်၍ သူထွက်သွားချင်သည်ဆိုလျှင် ဟန်မူယဲ့က သူ့ကို ဟန့်တားနိုင်လိမ့်မည် မဟုတ်ချေ။

မည်သို့ဖြစ်ပါစေ သူက နတ်ဘုရားတစ်ပါးမဟုတ်ပါလော။ သို့ဖြစ်၍ သူ့ဆီမှာ စိတ်ကူးမယဉ်နိုင်သော အရင်းအမြစ်များ ရှိသည်။

“ ဘန်း ”

ဓားအလင်းတန်းက အဖြူရောင်နှင့် အနက်ရောင်အဖြစ် ခွဲထွက်သွားပြီး အချိန်နှင့် လေဟာနယ်ကို ဖြတ်သန်းသွားသည်။ ယင်းတို့က ဝူယွမ်နတ်သခင်၏ အနောက်သို့ မရပ်မနား လိုက်သွားသည်။

ဓားအလင်းတန်းက အချိန်နှင့် လေဟာနယ်ကို ဖြတ်သန်းသွားသည်နှင့် ယုလင်းကောင်းကင်နဂါးကလန်၏ မဟာအကြီးအကဲက အံ့ဩမှုကြောင့် မျက်လုံးပြူးကျယ်သွားသည်။

ဒီနည်းစနစ်… ။

အဲ့ဒါက ဟင်းလင်းပြင်မျိုးနွယ်စုတချို့ပဲ တတ်ကျွမ်းတဲ့အရာ မဟုတ်ဘူးလား… ။

အဲ့ဒါက သူတို့ရဲ့ ယုလင်းကောင်းကင်နဂါးကလန်ရဲ့ အခြေခံအုတ်မြစ် မဟုတ်ဘူးလား… ။

အဖြူရောင်နှင့် အနက်ရောင်ဓားအလင်းက သူ့အနောက်သို့ လိုက်လာကြောင်း မြင်သောအခါ ဝူယွမ်နတ်သခင်က အံတင်းတင်းကြိတ်လိုက်ပြီး အနောက်လှည့်လိုက်သည်။ အစိမ်းရောင်အလင်းတိုင်တစ်ခုက သူ၏ လက်ထဲမှ ထွက်ပေါ်လာသည်။

ထိုအစိမ်းရောင်အလင်းတိုင်သည်သာ ဓားအလင်းကို တစ်ခဏ တားဆီးနိုင်ခဲ့သည်။ သို့သော်လည်း မကြာမီ ယင်းက တိုက်ရိုက် အက်ကွဲသွားသည်။ ထို့နောက် အလင်းတိုင်က အရည်ပျော်သွားပြီး တိုက်စားခံလိုက်ရသည်။

နတ်သခင်တစ်ပါး၏ အတတ်ပညာက ဓားချက်တစ်ချက်ကိုပင် မခုခံနိုင်ပေ။

ယွင်ကျိနတ်သခင်နှင့် တခြားနတ်သခင်၏ မျက်လုံးထဲမှာ စူးရှသောအလင်း ထွက်ပေါ်လာသည်။ သူတို့က မသိစိတ်မှ အလိုအလျောက် အနောက်ဆုတ်လိုက်ကြသည်။

သူတို့၏ ကျင့်ကြံခြင်းက နတ်ဘုရားအဆင့်မှာဖြစ်သော်လည်း သူတို့ကြားမှ တိုက်ပွဲစွမ်းအားကွာခြားမှုက အလွန်ကြီးမားသည်။

ဤကိစ္စတွင် တိုက်ပွဲစွမ်းအား အကြီးမားဆုံးလူမှာသာ ပြောခွင့်ဆိုခွင့်ရှိသည်။

“ ရွှီး ”

ဓားဟိန်းသံ မြည်သွားသည့်အခါ ဓားအလင်းက တုန်ခါသွားပြီး ပဲ့တင်ပြန်လိုက်သည်။

အစိမ်းရောင်အလင်းက ဝူယွမ်နတ်သခင်၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာသည့်အခါ သူ၏ ခန္ဓာကိုယ်က မီတာသန်းပေါင်းများစွာ ရှည်လျားသော ဧရာမနွားတစ်ကောင်အဖြစ် အသွင်ပြောင်းလဲသွားသည်။

သူ၏ ဧရာမခန္ဓာကိုယ်က အရွယ်ရောက်ပြီးသော ကောင်းကင်နင်းခြေနတ်သားရဲတစ်ကောင်ထက်ပင် ပိုပြီးကြံ့ခိုင်သန်မာသည်။

ထိုသို့ဧရာမနွားဖြင့် ရင်ဆိုင်သောအခါ ဟန်မူယဲ့၏ ဓားအလင်းက ဆံခြည်မျှင်တစ်မျှင်မျှပင် တန်ဖိုးမရှိတော့ဟန် ရသည်။

သို့တိုင် ဆံခြည်မျှင်တစ်မျှင်ထက် ပိုပြီးသေးငယ်သော ထိုဓားအလင်းက အရှေ့သို့ တန်းမတ်စွာ ပျံသန်းသွားပြီး ဧရာမနွားကို ထိုးဖောက်သွားသည်။

“ ရွှီး ”

ဓားအလင်းက ရုတ်တရက် အဆုံးမဲ့စွာ ရှည်လျားသွားသည်။

မည်သည့်အချိန်လေဟာနယ်ထဲသို့ ထွက်ပြေးသွားပါစေ ထိုသူက ဓားအလင်းဖြင့် တိုက်ရိုက် ထိုးဖောက်ခံရလိမ့်မည်။

ကြယ်ပေါင်းဒါဇင်ခန့်၏ စုစည်းမှုထက် ပိုပြီးအရွယ်အစားကြီးမားသော ဧရာမနွားက ဟင်းလင်းပြင်ထဲမှာ ဓားအလင်းတန်းဖြင့် တန်းလန်းချိတ်ဆွဲခံလိုက်ရသည်။

ထိုမြင်ကွင်းက အတိတ်မှ ရှေးဟောင်းဝိညာဉ်နတ်သခင်၏ အဖြစ်အပျက်နှင့် တစ်ပုံစံတည်း တူညီသည်။

ယွင်ကျိနတ်သခင်က ဧရာမနွားကို ကြည့်လိုက်သည့်အခါ အကြောက်တရားက သူ၏ မျက်လုံးထဲမှာ ပြည့်နှက်သွားသည်။

အတိတ်၌ ရှေးဟောင်းဝိညာဉ်နတ်သခင်သည် ဟန်မူယဲ့၏ ဓားတစ်ချက်ကြောင့် ဟင်းလင်းပြင်ထဲမှာ တန်းလန်းချိတ်ဆွဲခံခဲ့ရပြီး သေဆုံးသွားခဲ့သည်။ ယခု ဝူယွမ်နတ်သခင်က တူညီသော ကံကြမ္မာကို ခံစားနေရသည်။

ဖြစ်နိုင်သည်မှာ ဟန်မူယဲ့က နတ်သခင်များကို အရင်းအမြစ်များအဖြစ် သဘောထားနေခြင်းလော။

“ ဝီး ”

ဓားအလင်းက သံကြိုးများအဖြစ် အသွင်ပြောင်းလဲသွားပြီး ဧရာမနွား၏ ခန္ဓာကိုယ်ကို လေဟာပြင်မြို့တော်ဆီသို့ ဆွဲခေါ်သွားသည်။

နတ်သခင်များက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အနောက်မှ မြန်မြန် လိုက်သွားကြသည်။

ဆယ်ရက်ကြာပြီးနောက် ဧရာမနွား၏ ခန္ဓာကိုယ်က လေဟာပြင်မြို့တော်၏ ဟင်းလင်းပြင်ပေါ်မှာ ထွက်ပေါ်လာသည်။

အစွမ်းထက် နတ်သခင်တစ်ပါးက ကောင်းကင်ပေါ်မှာ ထိုသို့တန်းလန်းချိတ်ဆွဲခံထားရသည်လော။ မည်သူမဆို ခေါင်းမော့လိုက်ရုံဖြင့် ဝူယွမ်နတ်သခင်၏ အဖြစ်ဆိုးကို မြင်နိုင်ပေသည်။

မကြာသေးမီကမှ လေဟာပြင်မြို့တော်ဆီသို့ ရောက်လာကြသော ကျင့်ကြံသူများက ထိုမြင်ကွင်းကို မြင်သွားသောအခါ အံ့ဩထိတ်လန့်သွားကြသည်။

မည်သည့်အချိန်ကတည်းက နတ်သခင်များက ထိုမျှသတ်ရ လွယ်ကူသွားသနည်း။

အစတွင် လေဟာပြင်မြို့တော်ထဲမှ ယုလင်းကောင်းကင်နဂါးကလန်သည် နတ်သခင်တစ်ပါး၏ ကျရှုံးမှုကြောင့် တခြားနတ်သခင်များက လေဟာပြင်မြို့တော်အပေါ် ကာကွယ်ပေးရန် တုံ့ဆိုင်းနေကြမည်ကို စိုးရိမ်ခဲ့ကြသည်။ သို့သော်လည်း သူတို့မျှော်လင့်ထားသည်နှင့် ဆန့်ကျင်ဘက် နောက်ထပ် နတ်သခင်လေးပါးက ရောက်လာကြသည်။

အကြောင်းအရင်းမှာ နတ်သခင်တစ်ပါးကို အလွယ်တကူ သတ်ဖြတ်နိုင်သော တည်ရှိမှုတစ်ခုက လေဟာပြင်မြို့တော်ထဲမှာ တည်ရှိနေသည်ဟူသော ယူဆချက်ကြောင့် ဖြစ်သည်။ အနီးနားဝန်းကျင်မှ နတ်သခင်များက ထိုသို့ပုဂ္ဂိုလ်ဖြင့် ရင်းနှီးရန် လေဟာပြင်မြို့တော်ဆီသို့ ရောက်လာကြသည်။

မည်သို့ဖြစ်ပါစေ လူတိုင်းက သန်မာသော အဆက်အသွယ်ကို လိုချင်ကြသည်မဟုတ်ပါလော။

လေဟာပြင်မြို့တော်… ။

ရွှေရောင်ခန်းမထဲတွင် ဟန်မူယဲ့က အမြင့်ဆုံး ထိုင်ခုံပေါ်မှာ ထိုင်နေသည်။

အကယ်၍ သူက ထိုနေရာမှာ မထိုင်လျှင်ပင် မည်သူမှ ထိုနေရာမှာ ထိုင်ဝံ့ကြလိမ့်မည် မဟုတ်ချေ။

မည်သို့ဖြစ်ပါစေ ဝူယွမ်နတ်သခင်၏ ခန္ဓာကိုယ်က ကောင်းကင်ပေါ်မှာ တန်းလန်းချိတ်ဆွဲခံထားရဆဲ မဟုတ်ပါလော။

ယခု ယုလင်းကောင်းကင်နဂါးကလန်မှ မဟာအကြီးအကဲများသည်ပင် ဟန်မူယဲ့၏ အောက်မှာသာ ထိုင်ဝံ့ကြသည်။

“ အားလုံးပဲ… အတိတ်မှာ ကျုပ်က ယုလင်းကောင်းကင်နဂါးကလန်နဲ့ သဘောတူညီမှုတစ်ခု ပြုလုပ်ခဲ့တယ် ”

ဟန်မူယဲ့က ခန်းမထဲမှ လူတိုင်းကို တည်ငြိမ်သော အမူအရာဖြင့် ကြည့်လိုက်သည်။

သူ၏ အဆင့်သုံးဆင့်ဗျူဟာတွင် နောက်ဆုံးအဆင့်သာ ကျန်ရှိတော့သည်။

ယင်းက မဟာပန်သွန်ဘုံ၏ စစ်တပ်ကို လှုပ်ရှားရန် ဖိတ်ခေါ်ခြင်း ဖြစ်သည်။

အကယ်၍ ယခင်ကဆိုလျှင် ဟန်မူယဲ့က မဟာပန်သွန်ဘုံဆီသို့ ပြန်သွားပြီး သူ၏ စစ်တပ်ကို ဤနေရာဆီသို့ ခေါ်ဆောင်လာလိမ့်မည်။

သို့သော်လည်း ယခု အခြေအနေက ခြားနားသွားသည်။

ကောင်းကင်သတ်ဖြတ်ခြင်းမဟာမိတ်အကြောင်း သိလိုက်ရပြီးနောက် ဟန်မူယဲ့မှာ တခြားအကြံအစည်တစ်ခု ရှိလာသည်။

သူလက်မြှောက်လိုက်သည့်အခါ မှိန်ဖျော့သော နတ်ဘုရားအလင်းက ပေါ်လျှိုးလာသည်။

“ အသင်္ချေအသူရာချောက်နက် ”

ထိုနတ်ဘုရားအလင်းကို မြင်လိုက်ရသောအခါ နတ်သခင်အများစုက ချက်ချင်း မတ်တတ်ရပ်လိုက်ကြသည်။

ဟန်မူယဲ့က စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး ယွင်ကျိနတ်သခင်နှင့် တခြားလူများကို တည်ကြည်လေးနက်စွာ ကြည့်လိုက်သည်။

ယွင်ကျိနတ်သခင်နှင့် တခြားလူများသည် အသင်္ချေအသူရာချောက်နက်ထဲမှ ကိစ္စများကို သိရှိထားကြသည်။ အသင်္ချေအသူရာချောက်နက်ထဲမှ နတ်ဘုရားနိဂုံးအဆင့် ထိုပုဂ္ဂိုလ်က သူတို့အားလုံးကို သံကြိုးများဖြင့် ချုပ်နှောင်ထားခဲ့သည် မဟုတ်ပါလော။

သို့သော်လည်း ဤအခိုက်အတန့်မှာ မည်သူမှ စကားမပြောကြချေ။ သူတို့က ဟန်မူယဲ့ စကားပြောလာမည်ကို စောင့်နေကြသည်။

အသင်္ချေအသူရာချောက်နက်သည် နတ်သခင်များ သူတို့၏ ကိုယ်ပိုင်စွမ်းအားကို မြှင့်တင်နိုင်မည့် နေရာတစ်နေရာ ဖြစ်သည်။

“ စီနီယာတစ်ယောက်က ပြောခဲ့တယ်… အသင်္ချေအသူရာချောက်နက်က ကိုယ့်ရဲ့ ကျင့်ကြံခြင်းစွမ်းအားကို အမြန်ဆုံး မြှင့်တင်ပေးနိုင်တဲ့ နေရာတစ်ခုတဲ့ ”

ဟန်မူယဲ့၏ အသံက ထွက်ပေါ်လာသည်။

“ ဒီတစ်ကြိမ် ခင်ဗျားတို့အားလုံးရဲ့ အကူအညီကို ကျုပ်လိုအပ်တယ်… ကျုပ်တို့ရဲ့ ရည်မှန်းချက်ကို ရရှိပြီးရင် ကျုပ်က ခင်ဗျားတို့နဲ့အတူ အသင်္ချေအသူရာချောက်နက်ဆီ အဖော်လိုက်ပေးမယ် ”

“ ဘုံဝါးမျိုသားရဲတွေ ဘယ်နေရာမှာရှိလဲဆိုတာ ကျုပ်သိတယ်… ပြီးတော့ အသင်္ချေအသူရာချောက်နက်ထဲက ထိပ်တန်းအရှင်သခင်တွေရဲ့ တည်နေရာရောပဲ ”

“ ခင်ဗျားတို့တွေ အရင်းအမြစ်ဘယ်လောက်များများ ရနိုင်မလဲဆိုတာ ကိုယ့်အပေါ်မှာပဲ မူတည်တယ် ”

အသင်္ချေအသူရာချောက်နက်ဆီ သွားဖို့လား… ။

နတ်သခင်အားလုံးနီးပါးက အံ့ဩသွားကြသည်။

ယုလင်းကောင်းကင်နဂါးကလန်မှ မဟာအကြီးအကဲများသည်ပင် မတ်တတ်ရပ်လိုက်ကြသည်။ သူတို့၏ မျက်လုံးထဲမှာ လေးနက်သော အကြည့် ထွက်ပေါ်လာသည်။

ဟန်မူယဲ့က လက်ယမ်းလိုက်ပြီး ညင်သာစွာ ပြောသည်။

“ ရိုးရှင်းပါတယ်… ကျုပ် ဘုံတစ်ခုကို သိမ်းပိုက်ချင်တယ် ”

ဘုံတစ်ခုကို သိမ်းပိုက်ချင်တာလား… ။

ထိုကိစ္စက ခက်ခဲသည့်အရာ မဟုတ်ပေ။

သို့သော်လည်း မည်သူမှ မသိကြသည်မှာ ဟန်မူယဲ့ သိမ်းပိုက်ချင်သော ဘုံက နတ်သခင်များတည်ရှိနေသော ဘုံဖြစ်သည်။

ကျောက်စိမ်းမိုးမခဘုံ… ။

ထိုဘုံမှာ ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ် တည်ရှိသည်။

အတိတ်တွင် မည်သို့ကြောင့် ကျောက်စိမ်းမိုးမခဘုံက မဟာပန်သွန်ဘုံကို ရန်ပြုဝံ့ကြောင်း ဟန်မူယဲ့ နားမလည်ခဲ့ပေ။ သို့သော်လည်း ယခု သူက အကြောင်းအရင်းကို နားလည်သွားသည်။

ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်က ကောင်းကင်သတ်ဖြတ်ခြင်းမဟာမိတ်၏ အဖွဲ့ဝင်ဖြစ်သည်။

ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်မှာ နတ်သခင်ဆယ်နှစ်ပါးရှိပြီး သူတို့က တခြားမျိုးနွယ်စုများ မပိုင်ဆိုင်နိုင်သော အင်အားကို ပိုင်ဆိုင်ထားကြသည်။

“ တည်နေရာပြောင်းရွှေ့မယ့်နေရာကို သေချာစေဖို့ ယုလင်းကောင်းကင်နဂါးကလန်က ကျုပ်ကို ကူညီပေးပါ ”

ဟန်မူယဲ့က သူ့အောက်မှ နတ်သခင်များကို စိုက်ကြည့်လိုက်သည်။ အန္တရာယ်အရိပ်ယောင်က သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။

“ ဆယ်နှစ်ကြာပြီးရင် ကျုပ်တို့ရဲ့ စစ်တပ်က သူတို့ရဲ့ ဘုံဆီ ကျူးကျော်ဝင်ရောက်မယ်… ရန်သူကို ဘာအခွင့်အရေးမှမပေးဘူး ”

…..

အချိန်က တရွေ့ရွေ့ ကုန်ဆုံးသွားသည်။

ဤနှစ်များတွင် ဟန်မူယဲ့၏ ကျင့်ကြံခြင်းအခြေခံက အလယ်အလတ် အာဏာရှင်အဆင့်မှာ တည်ငြိမ်သွားသည်။

ဝူယွမ်နတ်သခင်ဆီမှ အရင်းအမြစ်အားလုံးက ဟန်မူယဲ့၏ စုပ်ယူခံလိုက်ရသည်။

ဤဆယ်နှစ်အတွင်းမှာ ဟွမ်ကျစ်ဟူနှင့် သူ၏ ဓားဝင်္ကပါက နတ်ဘုရားအဆင့် ပုဂ္ဂိုလ်များကို သတ်ဖြတ်နိုင်သည်အထိ အားကောင်းလာသည်။ ဟင်းလင်းပြင်ထဲတွင် သူတို့က နတ်ဘုရားအဆင့် ကောင်းကင်နင်းခြေနတ်သားရဲနှစ်ကောင်နှင့် တိုက်ခိုက်ခဲ့ကြပြီး တစ်ကောင်ကို သတ်ဖြတ်နိုင်ခဲ့ကြသည်။

ထိုတိုက်ပွဲပြီးနောက် ကောင်းကင်နင်းခြေနတ်သားရဲများသည် လေဟာပြင်မြို့တော်၏ အပြင်ဘက်၌ ထပ်မံ မထွက်ပေါ်လာတော့ချေ။

ထိုတိုက်ပွဲပြီးနောက် ဟွမ်ကျစ်ဟူဦးဆောင်သော ဓားဝင်္ကပါက လေဟာပြင်မြို့တော်ထဲမှ တိတ်တဆိတ် ထွက်သွားသည်။ သူတို့ မည်သည့်နေရာဆီသို့ ထွက်သွားကြောင်း အပြင်လူများက မသိကြချေ။

အရေအတွက်တစ်သန်းနီးပါးရှိသော ဓားကျင့်ကြံသူစစ်တပ်သည် ဟင်းလင်းပြင်ထဲမှာ ပျောက်ကွယ်သွားသည်။ သူတို့တစ်ယောက်စီက ကမ္မအဆင့် တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်ထားကြသည်။ နတ်ဘုရားအဆင့် ပညာရှင်များသည်ပင် သူတို့ကို ရှာမတွေ့ကြပေ။

ဆယ်နှစ်က မြန်ဆန်စွာ ကုန်ဆုံးသွားသည်။

လေဟာပြင်မြို့တော်ထဲတွင် ထွန်းလင်းတောက်ပသော အလင်းဝင်္ကပါတစ်ခု ထွက်ပေါ်လာသည်။

အလင်းဝင်္ကပါထဲတွင် နတ်ဘုရားအလင်းက မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည်။ ယင်းက သာမန်ကျင့်ကြံသူများ တိုက်ရိုက် မကြည့်နိုင်ရန် အလွန်တောက်ပသည်။

ဟန်မူယဲ့၏ ပုံရိပ်က အလင်းဝင်္ကပါ၏ အရှေ့မှာ ထွက်ပေါ်လာသည်။

“ ခင်ဗျားတို့အားလုံးကို ကျေးဇူးတင်ပါတယ် ”

ယုလင်းကောင်းကင်နဂါးကလန်မှ မဟာအကြီးအကဲများကို ဦးညွတ်ပြီးနောက် ဟန်မူယဲ့က အလင်းဝင်္ကပါထဲသို့ ဝင်ရောက်သွားသည်။

ကျောက်စိမ်းမိုးမခဘုံ… ။

တောင်တစ်လုံးပေါ်တွင် နတ်ဘုရားအလင်းက ကောင်းကင်ပေါ်မှ ကျဆင်းလာသည်။

ဟန်မူယဲ့၏ ပုံရိပ်က တောင်ပေါ်မှာ ထွက်ပေါ်လာသည်။

“ ဟား ဟား ဟား… အဲ့ဒီလူ တကယ် ထွက်ပေါ်လာတယ် ”

“ ဒီနေရာမှာ ငါတို့တွေ နှစ်တွေအကြာကြီး စောင့်ကြပ်နေခဲ့တာ အလဟဿ မဖြစ်သွားဘူး ”

အသံတချို့ ပဲ့တင်ထပ်သွားသည်။ နတ်သခင်သုံးပါးက ဟန်မူယဲ့ထံသို့ ပျံသန်းလာကြသည်။

ဟန်မူယဲ့က ခေါင်းမော့လိုက်သည်။ နတ်သခင်သုံးပါးက သူ့ဆီသို့ ဦးတည်လာနေကြောင်း မြင်သော်လည်း သူ၏ အမူအရာက အေးဆေးတည်ငြိမ်သည်။

“ ငါမင်းတို့ကို အချိန်တချို့ ပေးနိုင်တယ် ”

“ ဒါပေမဲ့ သိပ်မကြာစေနဲ့ ”

ဟန်မူယဲ့က လက်မြှောက်လိုက်ပြီး သူ၏ လက်ချောင်းများကို ဖြည်းဖြည်းချင်း လက်သီးဆုပ်လိုက်သည်။

“ ငါး ”

“ လေး ”

“ သုံး ”

“ ဗုန်း ”

ကျောက်စိမ်းမိုးမခဘုံတစ်ခုလုံးတွင် မရေမတွက်နိုင်သော အလင်းထောင့်တိုင်များက ကောင်းကင်ယံမှ ဆင်းသက်လာကြသည်။

အရေအတွက်များပြားသော တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်များနှင့်အတူ မရေမတွက်နိုင်သော စစ်တပ်များက ထွက်ပေါ်လာကြသည်။

စစ်တပ်တစ်တပ်ကို သံသရာစက်ဝန်းအဆင့်နှင့် အာဏာရှင်အဆင့် ပုဂ္ဂိုလ်များက အရှေ့မှ ဦးဆောင်နေကြသည်။

ထိုစစ်တပ်များက အင်အားစုအသီးသီးမှ နတ်သခင်များ၏ လေ့ကျင့်ပျိုးထောင်ပေးခြင်းခံထားရသော စစ်တပ်များ ဖြစ်ကြသည်။

နတ်သခင်ဆယ့်ရှစ်ပါးက သူတို့၏ စစ်တပ်များနှင့်အတူ ရောက်လာကြသည်။

All Chapters