← Chapters

အခန်း (၁၆၈၃)

Vol. 121 Ch. 1683

အခန်း (၁၆၈၃)

Vol. 121 Ch. 1683

နတ်သခင်ဆယ့်ရှစ်ပါး… ။

စစ်တပ်များက သန်းတစ်ရာနီးပါး များလှသည်။

ကျောက်စိမ်းမိုးမခဘုံထဲမှ သက်ရှိအားလုံးက ခေါင်းမော့လိုက်သည့်အခါ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

ဟန်မူယဲ့၏ အရှေ့သို့ ရောက်ရှိလာသော နတ်သခင်သုံးပါးက ကောင်းကင်ပေါ်သို့ ခေါင်းမော့လိုက်လေရာ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူတို့၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

အချိန်အတော်ကြာ ပုန်းကွယ်နေခဲ့သော ကျောက်စိမ်းမိုးမခဘုံက ဖော်ထုတ်ခံလိုက်ရ၏။

ကျောက်စိမ်းမိုးမခဘုံ ဖော်ထုတ်ခံလိုက်ရသော အဓိပ္ပာယ်က မည်သည်ကိုဆိုလိုကြောင်း လူတိုင်း နားလည်ကြသည်။

“ ဗုန်း ”

ကျောက်စိမ်းမိုးမခဘုံ၏ အပေါ်တွင် ရွှေရောင်အလင်းလွှာများနှင့် အမှောင်ရိပ်များက ထွက်ပေါ်လာကြသည်။

ကျောက်စိမ်းမိုးမခဘုံက အင်အားကြီးမားသော ဘုံတစ်ခုဖြစ်ပြီး ဘုံထဲမှာ နတ်သခင်ဆယ်ပါးကျော် နေထိုင်ကြသည်။

အရေးကြီးဆုံးမှာ ဤနေရာက ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်ဝင်များ စုစည်းရှိနေသောနေရာ ဖြစ်သည်။

ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်ဝင်များသည် ဟင်းလင်းပြင်ချိုးဖြတ်ပုတီးစေ့များအဖြစ် ပြောင်းလဲနိုင်ကြသည်။ ယင်းက ကျင့်ကြံသူအများအပြားကို အဆင့်ချိုးဖြတ်ရာတွင် အထောက်အကူပေးနိုင်သော ရှားပါးရတနာတစ်ခု ဖြစ်သည်။

ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်က အလွန်သန်မာသော်လည်း တခြားမျိုးနွယ်စုများ၏ လိုချင်တပ်မက်ခြင်း ခံနေရသည်။

မဟာပန်သွန်ဘုံသည်ပင် ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်၏ တည်နေရာကို အချိန်အကြာကြီး လိုက်ရှာဖွေနေခဲ့သည်။

“ အဲ့ဒါ မဟာပန်သွန်ဘုံက လူတွေလား ”

ကောင်းကင်တစ်ခွင် ပြည့်နှက်နေသော အလင်းတန်းများကို မြင်သွားသောအခါ ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်၏ နတ်သခင်တစ်ပါးက အံတင်းတင်းကြိတ်လိုက်ပြီး ပြောသည်။ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ နန်းအန်နတ်သခင် သူ့ကို ဒီခေါ်လာကတည်းက တစ်နေ့ ဒီလိုဖြစ်လာမယ်ဆိုတာ ငါတို့သိပြီးသားပါ ”

တခြားနတ်သခင်တစ်ပါးက လက်သီးကို ကျစ်ကျစ်ဆုပ်လိုက်ပြီး ပြောသည်။

“ ဘုံတွေကြားက စစ်ပွဲ… စတင်ပြီ ”

ဟင်းလင်းပြင်ထဲတွင် ပုံရိပ်များက ဆင်းသက်လာကြသည်။

မရေမတွက်နိုင်သော စစ်တပ်များက ကျောက်စိမ်းမိုးမခဘုံဆီသို့ ဆင်းသက်လာကြသည်။

ကျောက်စိမ်းမိုးမခဘုံထဲတွင် ဝင်္ကပါများက တစ်ခုပြီးတစ်ခု ပေါ်လျှိုးလာကြသည်။ နတ်ဘုရားအလင်းက မိုးမြေတစ်လျှောက် ဖုံးလွှမ်းသွားပြီး အရပ်မျက်နှာအဘက်ဘက်မှ ချီတတ်လာနေကြသော စစ်တပ်များကို တားဆီးလိုက်သည်။

သူတို့ဘက်မှာ နတ်သခင်ဆယ့်ရှစ်ပါးရှိသည်ဆိုလျှင်ပင် ကျောက်စိမ်းမိုးမခဘုံကို သိမ်းပိုက်ရန် မလွယ်ကူပေ။

ကျောက်စိမ်းမိုးမခဘုံ၏ အင်အားက လူတိုင်း၏ မျှော်လင့်ထားမှုထက် ကျော်လွန်နေသည်။

သို့သော်လည်း တိုက်ပွဲစတင်ပြီးနောက် ကျောက်စိမ်းမိုးမခဘုံ ထုတ်ပြခဲ့သော အရင်းအမြစ်များက လူတိုင်းကို မျက်လုံးဝင်းလက်သွားစေသည်။

ယင်းက ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်၏ မူလစွမ်းအားချည်းသာ မဟုတ်ပေ။ ကျောက်စိမ်းမိုးမခဘုံ၏ မူလစွမ်းအားသည်လည်း ဆွဲမက်ဖွယ်ကောင်းသည်။

ဟင်းလင်းပြင်ချိုးဖြတ်စွမ်းအားက အမှန်တကယ် တန်ဖိုးကြီးမားသည်။

အရင်းအမြစ်များကို လုယက်ခြင်း၊ ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်ကို သတ်ဖြတ်ခြင်း၊ ဟင်းလင်းပြင်ချိုးဖြတ်စွမ်းအားကို သိမ်းပိုက်ခြင်း…

ယင်းက တိုက်ပွဲအတွင်းမှာ လူတိုင်းလုပ်ဆောင်နေကြသော အရာဖြစ်သည်။

“ ရွှီး ”

ဓားဟိန်းသံ ပဲ့တင်ထပ်သွားသည်နှင့် ဟန်မူယဲ့က သူ့လက်ထဲမှ ဓားကို တင်းကျပ်စွာ ဆုပ်လိုက်ပြီး သူ့အရှေ့မှ နတ်သခင်သုံးပါးကို တိုက်ခိုက်လိုက်သည်။

နတ်သခင်သုံးပါးကို တစ်ယောက်တည်း ရင်ဆိုင်တိုက်ခိုက်နိုင်သော လူများက ဤလောကတွင် အနည်းငယ်သာ ရှိသည်။

ဖြစ်နိုင်သည်မှာ မရေမတွက်နိုင်သော သတ်ပွဲများဖြင့် ကိုယ့်ကိုယ်ကိုယ် ကိုယ်ရည်သွေးပြီး ဓားနတ်ဘုရားတစ်ပါးဖြစ်လာသော ဟန်မူယဲ့ကဲ့သို့ ပုဂ္ဂိုလ်မျိုးသာလျှင် နတ်သခင်သုံးပါးကို တစ်ယောက်တည်း ရင်ဆိုင်ဝံ့လိမ့်မည်။

ဓားအလင်းရောင်က မိုင်သန်းပေါင်းများစွာအထိ ပျံ့နှံ့သွားသည်။ ကောင်းကင်က ဆုတ်ဖြဲခံလိုက်ရပြီး ဓားအလင်းဖြင့် ချိပ်ပိတ်ခံလိုက်ရသည်။ တောင်တန်းများနှင့် မြစ်ချောင်းများက ဖြတ်တောက်ခံလိုက်ရပြီး ပြိုကျပျက်စီးသွားကြသည်။

နတ်သခင်သုံးဆယ်ကျော်၏ နတ်ဘုရားစိတ်အာရုံများက အပြင်သို့ ပျံ့နှံ့ထွက်လာပြီး ထိုတိုက်ပွဲကို တိတ်တဆိတ် စောင့်ကြည့်နေကြသည်။

ကျောက်စိမ်းမိုးမခဘုံ၏ ဖိနှိပ်မှုအောက်မှာပင် ဟန်မူယဲ့၏ ဓားအလင်းက သူ့အရှေ့မှ နတ်သခင်သုံးပါးကို အနောက်ဆုတ်သွားရန် ဖိအားပေးနိုင်ခဲ့သည်။ သူတို့က ဟန်မူယဲ့ကို ထိပ်တိုက် မရင်ဆိုင်ဝံ့ကြချေ။

“ ဗုန်း ”

ဓားအလင်း၏ ခုတ်ချက်က အောက်သို့ ကျဆင်းသွားသည်နှင့် နတ်သခင်သုံးပါးထဲမှ တစ်ပါးက မိုင်ထောင်ချီအကွာအဝေးသို့ လွင့်ထွက်သွားသည်။

နတ်သခင်တစ်ပါး နှင်ထုတ်ခံလိုက်ရသည်နှင့် ကျန်နတ်သခင်နှစ်ပါးက ဟန်မူယဲ့၏ ဓားချက်များကို မခုခံနိုင်ကြတော့ချေ။

ဟန်မူယဲ့က တိုးညင်းစွာ အော်လိုက်သည်။ သူ၏ လက်ထဲမှ ဓားက အဖြူရောင်ဓားနှင့် အနက်ရောင်ဓားအဖြစ် ခွဲထွက်သွားပြီး နတ်သခင်နှစ်ပါးကို ပိုင်းဖြတ်လိုက်သည်။

“ မခုခံနိုင်ဘူး ”

“ အဲ့ဒါ ဖန်ဆင်းရှင်အဆင့် စွမ်းအား ”

အော်သံများ ထွက်ပေါ်လာသည်နှင့် ပုံရိပ်အများအပြားက ဓားအလင်းဆီသို့ ပျံသန်းသွားကြသည်။

ကောင်းကင်ပေါ်မှ ဆင်းသက်လာသော နတ်သခင်ဆယ့်ရှစ်ပါးသည်လည်း တုံ့ဆိုင်းမနေဘဲ အရှေ့ထွက်လာကြသည်။

“ ဘန်း ”

ဓားအလင်းက ပေါက်ကွဲသွားပြီး အဖြူရောင်နှင့် အနက်ရောင်က ပေါင်းစည်းသွားသည့်အခါ အချင်းမိုင်တစ်သောင်းဧရိယာထဲမှ အရာအားလုံးက ပေါက်ကွဲမှု၏ ဝါးမျိုခံလိုက်ရသည်။ ထို့နောက် အရာအားလုံးက အဖြူရောင်နှင့် အနက်ရောင်အဖြစ် ပြောင်းလဲသွားသည်။

ပုံရိပ်ယောင်… ။

အဖြူအနက်ဓားအလင်းက ပုံရိပ်ယောင်ကုန်းမြေတစ်ခုကို ဖော်ထုတ်လိုက်သည်။ ထိုစွမ်းအားက ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်၏ ပုံရိပ်ယောင်စွမ်းအားထက် သာလွန်ကြောင်း ထင်ရှားသည်။

“ အဲ့ဒါ ဘယ်လိုစွမ်းအားလဲ ”

ဓားအလင်းကို ခုခံတားဆီးရန် ကြိုးစားချင်သော နတ်သခင်များက ချက်ချင်း အနောက်ဆုတ်သွားကြသည်။

ဓားက ဟန်မူယဲ့၏ လက်ထဲမှာ ပြန်ပေါ်လာပြီး အဖြူအနက်ဓားအလင်းအဖြစ် ပြန်စုစည်းသွားနေကြောင်း ထိုနတ်သခင်များ မြင်သွားသောအခါ မျက်နှာဖြူဖျော့သွားကြသည်။

ဟန်မူယဲ့က ဓားတစ်လက်နှင့်အတူ အရှေ့သို့ လျှောက်သွားသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာနေသော တိုက်ပွဲစိတ်ဆန္ဒက သူ့အတွက် ဖိနှိပ်ရန် အလွန်ခက်ခဲသည်။

သူက တိုးညင်းစွာ ကြုံးဝါးလိုက်သည်။ သူ၏ ပုံရိပ်က ထောင်သောင်းချီသော ပုံရိပ်များအဖြစ် ခွဲထွက်သွားပြီး အဖြူအနက်ဓားအလင်းများကို တရစပ် ထုတ်လွှတ်လိုက်သည်။

နတ်သခင်ဆယ့်ရှစ်ပါးက သူ့အနောက်မှာ ရပ်ကြည့်နေရုံသာ တတ်စွမ်းကြသည်။ သူတို့က ဓားတစ်လက်၊ လူတစ်ယောက်ဖြင့် နတ်သခင်ရှစ်ပါးကို တိုက်ခိုက်နေသော ဟန်မူယဲ့ကို မနှောင့်ယှက်ဝံ့ကြချေ။

ယင်းက ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်၏ နတ်သခင်ရှစ်ပါး ဖြစ်ကြသည်။ ထို့ပြင် သူတို့က ကျောက်စိမ်းမိုးမခဘုံမှ မူလစွမ်းအား၏ ကောင်းချီးပေးမှုကိုလည်း ပိုင်ဆိုင်ထားကြသည်။

သူတို့က နေရာအသာစီး၊ အရေအတွက်အသာစီး ရရှိထားသော်လည်း ဟန်မူယဲ့တစ်ယောက်တည်းကို မရပ်တန့်နိုင်ကြချေ။

“ အဲ့ဒါ စစ်မှန်တဲ့ ဓားနတ်ဘုရားလမ်းစဉ်လား ”

“ ဒီတော့ သူက အဲ့လောက်တောင် သန်မာတာပေါ့ ”

ယွင်ကျိနတ်သခင်နှင့် တခြားနတ်သခင်များက ဟန်မူယဲ့ ထုတ်လွှတ်နေသော နတ်ဘုရားစွမ်းအားကို ကြည့်နေရင်း စိတ်ခံစားချက်မျိုးစုံ ခံစားမိသွားကြသည်။

လူတစ်ယောက်က ဓားတစ်လက်နဲ့အတူ ဘုံတစ်ခုလုံးကို ဖိနှိပ်နေတယ်… ။

ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်ဆီမှာ နောက်ထပ် နတ်သခင်ခုနစ်ပါး ရှစ်ပါး ရှိကြသေးသည်။ သို့သော်လည်း ဤအခိုက်အတန့်မှာ သူတို့က အပြင်သို့ မထွက်လာဝံ့ကြချေ။

မည်သို့ဖြစ်ပါစေ ရန်သူ့ဘက်မှာ နတ်သခင်ဆယ့်ရှစ်ပါး ရှိနေသေးသည်မဟုတ်ပါလော။

“ ဗုန်း ”

ဟန်မူယဲ့က ဓားတစ်ချက် ဝှေ့ယမ်းလိုက်လေရာ အချင်းမိုင်တစ်ထောင်ဧရိယာထဲမှ တောင်တန်းများနှင့် မြစ်ချောင်းများက ဖြတ်တောက်ခံလိုက်ကြရသည်။ တစ်ချိန်တည်းမှာ နတ်သခင်သုံးပါးက ထိုဓားချက်ကြောင့် ဒဏ်ရာရရှိသွားကြပြီး သွေးအန်လိုက်ကြသည်။

နတ်သခင်တစ်ပါး၏ ဓားမော့က နှစ်ခြမ်းကွဲထွက်သွားပြီး ဓားမော့တစ်ခြမ်းက လေထဲသို့ လွင့်စင်သွားသည်။ ဟန်မူယဲ့က လက်ဆန့်ထုတ်လိုက်ပြီး ထိုဓားမော့အပိုင်းအစကို ဖမ်းဆုပ်လိုက်သည်။

နတ်ဘုရားအလင်းက ဟန်မူယဲ့၏ ဘေးပတ်ဝန်းကျင်မှာ ထွက်ပေါ်လာသည်။ ထို့နောက် ဓားမော့အပိုင်းအစထဲမှ မှတ်ဉာဏ်များက ဟန်မူယဲ့၏ အသိစိတ်ထဲသို့ ဝင်ရောက်လာသည်။

ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်သည် ကျောက်စိမ်းမိုးမခဘုံ၏ မူလအရှင်သခင် မဟုတ်ပေ။ သူတို့က ဘုံကို ကျူးကျော်သိမ်းပိုက်ခဲ့ကြခြင်း ဖြစ်သည်။

ကျောက်စိမ်းမိုးမခဘုံ၏ အဆင့်အတန်းက မြင့်မားပြီး ယင်း၏ မူလစွမ်းအားက ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်၏ မျိုးဆက်သွေးနှင့် သဟဇာတဖြစ်သောကြောင့် သူတို့က ဤဘုံမှာ နေထိုင်ရန် ရွေးချယ်ခဲ့ကြသည်။

သူ၏ ဝိညာဉ်က ထိုမှတ်ဉာဏ်ကို စစ်ဆေးလေ့လာနေစဉ် ဟန်မူယဲ့၏ မျက်လုံးထဲမှာ နက်နဲသိမ်မွေ့သောအလင်း ထွက်ပေါ်လာသည်။

“ ဒီတော့ အဲ့ဒီလိုကို… ”

ဟန်မူယဲ့က သူ၏ လက်ထဲမှ ဓားကို အရှေ့သို့ ညွှန်လိုက်ပြီး ကျောက်စိမ်းမိုးမခဘုံမှ နတ်သခင်များကို ကြည့်လိုက်သည်။

“ ကောင်းကင်သတ်ဖြတ်ခြင်းမဟာမိတ်လည်းပဲ ခင်ဗျားတို့ကို လာရှာတယ်မဟုတ်လား ”

သူ့စကားက ကျောက်စိမ်းမိုးမခဘုံမှ နတ်သခင်များကို အံ့ဩဆွံ့အသွားစေသည်။

“ ခင်ဗျားတို့က မရေမတွက်နိုင်တဲ့ ဘုံတွေဆီ ထွက်ပြေးခဲ့ကြတယ်… ဒါပေမဲ့ ခင်ဗျားတို့ရဲ့ မျိုးဆက်သွေးထဲက နတ်ဘုရားနိဂုံးစွမ်းအားရဲ့ သက်ရောက်မှုကနေတော့ မလွတ်မြောက်နိုင်ခဲ့ဘူး… ကျုပ်ပြောတာ ဟုတ်တယ်မလား ”

ဟန်မူယဲ့၏ စကားက ဟင်းလင်းပြင်ဝိညာဉ်မှ မျိုးနွယ်ဝင်အားလုံးကို မျက်နှာပျက်ယွင်းသွားစေသည်။

နတ်ဘုရားနိဂုံးစွမ်းအား… ။

အဲ့ဒီအဆင့်ကို သူဘယ်လိုလုပ်သိတာလဲ… ။

ယင်းက ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်၏ အနက်ရှိုင်းဆုံး လျှို့ဝှက်ချက် ဖြစ်သည်။

သူတို့က မရေမတွက်နိုင်သော ဘုံများထံမှ ထွက်ပြေးလာပြီးနောက် နတ်ဘုရားနိဂုံးစွမ်းအားကို မေ့ပစ်ရန်ဟူသော မျှော်လင့်ချက်အတွက် ဤနေရာမှာ အခြေချနေထိုင်ခဲ့ကြသည်။

“ မင်း… မင်းက တကယ်ပဲ ဘယ်သူလဲ ”

ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်၏ ခေါင်းဆောင်နတ်သခင်က ဟန်မူယဲ့ကို ကြည့်လိုက်ပြီး အံ့ဩစွာ မေးသည်။

အကယ်၍ ဟန်မူယဲ့က သူတို့ကို သတ်ချင်သည်ဆိုလျှင် ယခုကဲ့သို့ စကားပြောနေလိမ့်မည် မဟုတ်ချေ။

ယခု အခြေအနေအရဆိုလျှင် ဟန်မူယဲ့က ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်ကို ရန်သူဟု သတ်မှတ်ထားပုံမပေါ်ချေ။

ဟန်မူယဲ့က လက်မြှောက်လိုက်လေရာ မဟူရာမီးတောက်က သူ၏ လက်ဖဝါးပေါ်မှာ ထွက်ပေါ်လာသည်။

“ နတ်ဘုရားနိဂုံး ”

“ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… မင်းက နတ်ဘုရားနိဂုံးစွမ်းအားကို အသုံးပြုနိုင်တယ်လား ”

ဟန်မူယဲ့၏ အရှေ့မှ နတ်သခင်များသာ ထိတ်လန့်သွားကြခြင်း မဟုတ်ပေ။ သူ့အနောက်မှ နတ်သခင်ဆယ့်ရှစ်ပါးသည်လည်း အံ့ဩထိတ်လန့်သွားကြသည်။ သူတို့အားလုံးက ဟန်မူယဲ့ကို လေးနက်စွာ ကြည့်လိုက်ကြသည်။

ဟန်မူယဲ့က လူတိုင်းကို ဝေ့ဝိုက်ကြည့်လိုက်သည်။ အလွန်အားကောင်းသော အရှိန်အဝါက သူ၏ ဘေးပတ်ပတ်လည်မှာ ထွက်ပေါ်လာသည်။

သူ၏ အရှေ့မှ ဓားက အဖြူရောင်နှင့် အနက်ရောင်အလင်းအဖြစ် ကွဲထွက်သွားပြီး အပြန်အလှန် ဆန့်ကျင်လိုက်ကြသည်။

နတ်ဘုရားအလင်းနှစ်ခုက လွန်စွာ ထွန်းလင်းတောက်ပသည်။

ထို့နောက် အဖြူရောင်နှင့် အနက်ရောင်အလင်းက ပေါက်ကွဲသွားပြီး သန်းပေါင်းများစွာသော ဓားအလင်းများအဖြစ် ပြောင်းလဲသွားသည်။

ဤအခိုက်အတန့်မှာ ဘီလီယံနှင့်ချီသော ဓားအလင်းများက ထပ်မံ ခွဲထွက်သွားကြပြီး မရေမတွက်နိုင်သော ဓားများအဖြစ် ပြောင်းလဲသွားသည်။

ဓားတစ်လက်စီက သုံးပေရှည်လျားသော အစိမ်းရောင်ဓား ဖြစ်သည်။

“ မဖြစ်နိုင်တာ… ”

“ အဲ့ဒီဓား… အဲ့ဒီဓားက… ”

“ အရူးပဲ… ဘာလို့ အဲ့ဒီလိုဓားက ဒီလောကမှာ တည်ရှိနေတာလဲ… ”

အာမေဋိတ်သံများက နတ်သခင်များထံမှ ထွက်ပေါ်လာသည်။

သူတို့အရှေ့မှ ဓားရှည်များကို ကြည့်လိုက်သည့်အခါ လူတိုင်းက မျက်လုံးပြူးသွားကြပြီး တုန်ယင်သွားကြသည်။

နတ်သခင်များသည်ပင် ထိုဓားများကို ကြည့်လိုက်သည့်အခါ ခန္ဓာကိုယ်တောင့်တင်းသွားကြသည်။

ထိုဓားတစ်လက်စီမှာ ကိန်းအောင်းနေသော စွမ်းအားက နတ်ဘုရားအဆင့်မှ မည်သည့်ပုဂ္ဂိုလ်ကိုမဆို ဒဏ်ရာအပြင်းအထန် ရသွားစေနိုင်သည်။

ဤနေရာတွင် ထိုသို့ဓားများက သန်းပေါင်းဘီလီယံနှင့်ချီ တည်ရှိနေသည်။

“ ကျုပ်က ဖန်ဆင်းရှင်အဆင့်ကို ဝင်ရောက်ဖို့ နတ်ဘုရားနိဂုံးစွမ်းအားကို အသုံးပြုပြီး ကိုယ့်ကိုယ်ကိုယ် ထုဆစ်သန့်စင်ချင်တယ် ”

ဟန်မူယဲ့၏ အော်သံက ဟင်းလင်းပြင်ထဲမှာ ပဲ့တင်ထပ်သွားသည်။

“ ကျေးဇူးပြုပြီး ကျုပ်ကို ကူညီပေးပါ ”

“ ကျုပ်အောင်မြင်သွားတဲ့အခါ နတ်ဘုရားနိဂုံးရဲ့ ကပ်ဘေးကို ကျုပ်တစ်ယောက်တည်း ခံယူမယ် ”

ဟန်မူယဲ့က အခိုင်အမာ ပြောကြားသည်။

ဤနေရာမှာ စုဝေးနေကြသော နတ်သခင်သုံးဆယ်ကျော်က သူတို့အရှေ့မှ ဟန်မူယဲ့ကို အရူးတစ်ယောက်သဖွယ် ကြည့်လိုက်ကြသည်။

သူတို့က လုံးဝ ဆွံ့အသွားကြသည်။

All Chapters