အခန်း (၁၆၈၅)
Vol. 121 Ch. 1685
ရှစ်ဘီလီယံ… သုံးရာငါးဆယ့်ခြောက်သန်း… သုံးသိန်းနှစ်သောင်း တိုက်ပွဲအကျိုးပြုအမှတ်…
ယင်းက အတိတ်မှ ကောင်းကင်ဘုံစစ်ပွဲများထဲတွင် တစ်ခါမှ မရရှိဖူးသော ပမာဏဖြစ်သည်။
စီရင်စုတစ်ခု၏ ပိုင်နက်အတွင်းမှ ကောင်းကင်ဘုံစစ်ပွဲကို မဆိုထားနှင့် ကုန်းမြေတစ်ခု၏ ပိုင်နက်အတွင်းမှ ကောင်းကင်ဘုံစစ်ပွဲများမှာပင် ဆယ်ဘီလီယံနီးပါး များပြားလှသော တိုက်ပွဲအကျိုးပြုအမှတ်များကို မြင်တွေ့ရန် ခဲယဉ်းလှသည်။
ဟန်မူယဲ့၏ အနောက်မှာ ရပ်နေကြသော စစ်သည်တော်များက အံ့ဩထိတ်လန့်သွားကြသည်။
သူတို့က ဟန်မူယဲ့၏ လက်အောက်မှ စစ်သည်တော်များ ဖြစ်ကြသည်။ ယခု သူတို့က ဟန်မူယဲ့၏ တိုက်ပွဲအကျိုးပြုအမှတ်ကို မြင်သွားသောအခါ အံ့ဩဝမ်းသာသွားကြသည်။ ဟန်မူယဲ့က စစ်ဦးစီးချုပ်ဖြစ်လာမည်ဆိုလျှင် သူတို့၏ အနာဂတ်က အကန့်အသတ်မဲ့သော အကျိုးအမြတ်များဖြင့် ပြည့်နှက်သွားလိမ့်မည်။
ထိုသို့တိုက်ပွဲအကျိုးပြုအမှတ်ကို တန်ကိုင်က မည်သို့ယှဉ်နိုင်မည်နည်း။
ဟန်မူယဲ့က ခေါင်းယမ်းလိုက်သည်။ ရွှေရောင်အလင်းထောင့်တိုင်ထဲမှ ကိန်းဂဏန်းများက ပျောက်ကွယ်သွားသည်။
ယင်းက သာမန်သာ ဖြစ်သည်။ အနည်းဆုံးတော့ ကော့ယုဖုန်းနှင့် တခြားအာဏာရှင်များက အချောင်မခိုနေကြချေ။
အတိတ်မှာ သူက မဟာမူလဘုံထဲမှ ချိပ်ပိတ်နယ်မြေများကို ဖြေလွှတ်ပေးခဲ့ပြီး ဟင်းလင်းပြင်ဝိညာဉ်များကို အမဲလိုက်နိုင်ရန် စီစဉ်ပေးခဲ့သည်။ သို့ဖြစ်၍ သူ့လက်အောက်မှ စစ်သည်တော်များအတွက် တိုက်ပွဲအကျိုးပြုအမှတ်များ ရှာဖွေရသည်မှာ မခက်ခဲပေ။
ကမ္မအဆင့် ကျင့်ကြံသူများသည် တိုက်ပွဲအကျိုးပြုအမှတ်နှင့် ဟင်းလင်းပြင်ချိုးဖြတ်ပုတီးစေ့များ အလုံအလောက် စုဆောင်းမိသွားသည့်အခါ သူတို့၏ ကျင့်ကြံခြင်းအခြေခံကို နောက်တစ်ဆင့်သို့ အလွယ်တကူ မြှင့်တင်နိုင်သွားသည်။
“ ဗုန်း ”
သူလက်ဝှေ့ယမ်းလိုက်သည့်အခါ အလင်းတိုင်လုံးတစ်ခုက သူ့အရှေ့၌ မြှောက်တတ်လာသည်။
ဟန်မူယဲ့က အလင်းတိုင်လုံးထဲသို့ ဝင်ရောက်သွားပြီး မူလနေရာမှ ပျောက်ကွယ်သွားသည်။
ဤအခိုက်အတန့်မှာ တံခါးပိတ်ကျင့်ကြံခြင်းမှ ဟန်မူယဲ့ ပြန်ထွက်လာပြီဟူသော သတင်းက တပ်စခန်းထဲမှာ မြန်ဆန်စွာ ပျံ့နှံ့သွားသည်။
ရွှေရောင်အလင်းစီးကြောင်းအများအပြားက အရပ်မျက်နှာအသီးသီးသို့ ပျံသန်းသွားကြသည်။
ဟန်မူယဲ့က ရွှေရောင်အလင်းတိုင်လုံးထဲသို့ ဝင်ရောက်သွားသည့်အခါ သူ၏ ပုံရိပ်က မဟာမူလဘုံထဲမှာ ပြန်ပေါ်လာသည်။
ဤအခိုက်အတန့်မှာ မဟာမူလဘုံက အလင်းရောင်ဖြင့် ထွန်းလင်းတောက်ပနေသည်။ ဘုံတစ်ခုလုံး၌ ရွှေရောင်နတ်ဘုရားအလင်းနှင့် အသက်ဓာတ်အလင်းရောင်ဖြင့် ပြည့်နှက်နေသည်။
“ စစ်ဦးစီးချုပ် ”
“ စစ်ဦးစီးချုပ်ဟန် ”
“ ဆရာ ”
“ ဂိုဏ်းခေါင်းဆောင် ”
အလင်းတိုင်လုံး၏ အပြင်ဘက်တွင် သတင်းရရှိထားကြသော ရှုဖုန်းယန်နှင့် တခြားလူများက စုဝေးနေကြပြီး ဟန်မူယဲ့ကို အရိုအသေပေးလိုက်ကြသည်။ သူတို့၏ မျက်နှာပေါ်မှာ စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်နေသည်။
ဤအခိုက်အတန့်မှာ ရှုဖုန်းယန်၊ ရှုကျိချူး၊ ကျောက်မင်ယွင်နှင့် စုကြွယ်ရှန့်က ခြေလှမ်းဝက် သံသရာစက်ဝန်းအဆင့်သို့ ရောက်ရှိနေကြသည်။
ထိုအဆင့်သည် အတိတ်၌ တစ်ခါမှ သူတို့စိတ်မကူးဝံ့ခဲ့သော အရာဖြစ်သည်။
အာဏာရှင်အဆင့်သည် သူတို့အတွက် အချိန်တစ်ခုသာ လိုအပ်သည်။
နှစ်တစ်ရာအတွင်း ခြေလှမ်းဝက် သံသရာစက်ဝန်းအဆင့်သို့ တတ်လှမ်းနိုင်ခဲ့သောကြောင့် သူတို့က စစ်တပ်များထဲတွင် ဩဇာအာဏာတချို့ကို ပိုင်ဆိုင်ခဲ့ကြသည်။
ယခု သူတို့အတွက် အရင်းအမြစ်များ မရှားပါးတော့ချေ။ မရေမတွက်နိုင်သော ဝိညာဉ်ရတနာများက သူတို့၏ ကျင့်ကြံခြင်းစွမ်းအားကို တိုးမြှင့်ပေးနိုင်မည့် အာဟာရဓာတ်များ ဖြစ်လာသည်။
ဟင်းလင်းပြင်ချိုးဖြတ်ပုတီးစေ့များက သူတို့ကို အလွယ်တကူ အဆင့်ချိုးဖြတ်နိုင်စေရန် ကူညီပေးသည်။ ဟင်းလင်းပြင်ချိုးဖြတ်စွမ်းအားကြောင့် သူတို့၏ ကျင့်ကြံခြင်းတွင် မည်သည့်အတားအဆီးမှ မရှိပေ။
ထို့ပြင် သူတို့နှင့် ဟန်မူယဲ့ကြားမှ ဆက်ဆံရေးကြောင့် ထိုအာဏာရှင်များက သူတို့ကို အထူးဂရုစိုက်မှုပေးသည်။ ရံဖန်ရံခါ သူတို့က ကျင့်ကြံခြင်းနှင့်ပတ်သက်သော အသိပညာဗဟုသုတများကို ဝေမျှပေးသည်။
ထိုသို့အချက်များကြောင့် သူတို့က မြန်ဆန်စွာ အဆင့်မြင့်တတ်သွားကြခြင်း ဖြစ်သည်။
အတိတ်၌ ကောင်းကင်အသင်္ချေဓားဂိုဏ်းမှ လိုက်ပါလာခဲ့ကြသော ကျင့်ကြံသူများထဲတွင် အယောက်သုံးဆယ်ကျော်က ယခု ကမ္မအဆင့်မှာ ဖြစ်ကြသည်။
ကျန်လူများက သေခြင်းရှင်ခြင်းအဆင့်၊ ယင်ယန်အဆင့်နှင့် ကောင်းကင်ဘုံလျှို့ဝှက်ချက်အဆင့်မှာ ဖြစ်ကြသည်။
အမှန်တကယ်ပင် ကောင်းကင်ဘုံစစ်ပွဲက သူတို့ကို မြန်ဆန်စွာ အင်အားကြီးမားလာစေမည့် အကောင်းဆုံး အခွင့်အလမ်းဖြစ်သည်။
ယင်ယန်အဆင့်တွင် သူတို့က ယွင်ထျန်းတာအိုဂိတ်၏ ပိုင်နက်ထဲသို့ ပြန်သွားမည်ဆိုလျှင် ထိပ်တန်းအဆင့် ပုဂ္ဂိုလ်များ ဖြစ်လာကြလိမ့်မည်။
စကြာဝဠာအဆင့် ပုဂ္ဂိုလ်များဆီမှာ သူတို့၏ ကိုယ်ပိုင်လမ်းစဉ်များ ရှိကြသည်။
ယခုကဲ့သို့ ကောင်းကင်ဘုံစစ်ပွဲမှာ ကိုယ်တိုင်ပါဝင်ဖူးပြီး လောက၏ ထိပ်တန်းအဆင့် ပုဂ္ဂိုလ်များကို မျက်မြင်တွေ့ပြီးနောက်မှာ သူတို့က ယွင်ထျန်းတာအိုဂိတ်၏ အုပ်ချုပ်မှုအောက်မှာ ဆက်ပြီး နေထိုင်ရန် ဆန္ဒမရှိကြတော့ချေ။ သို့မဟုတ်လျှင် သူတို့က လူရယ်စရာဖြစ်သွားလိမ့်မည်။
ကျင့်ကြံခြင်းက သန်မာသူများအတွက် ကစားပွဲတစ်ခု ဖြစ်သည်။
ဟန်မူယဲ့၏ အမိန့်အောက်တွင် ဟွမ်ချန်းမင်အပါအဝင် အစွမ်းထက်စစ်သည်တော်နှစ်သန်းထဲမှ ဗိုလ်ချုပ်တချို့က သံသရာစက်ဝန်းအဆင့်သို့ ရောက်ရှိသွားကြသည်။
ကျင့်ကြံခြင်းမှာ ကိုယ်ပိုင်ကန့်သတ်ချက်များ ရှိသည်။ အကယ်၍ သူတို့က နောက်ထပ် ကံကြမ္မာကောင်းများဖြင့် မတွေ့ကြုံဘူးဆိုလျှင် အရှေ့သို့ ဆက်လျှောက်နိုင်လိမ့်မည် မဟုတ်ချေ။
သို့သော်လည်း သံသရာစက်ဝန်းအဆင့်က သူတို့အတွက် လုံလောက်ပေသည်။ ယင်းက သူတို့ကို စီရင်စုများအတွင်း၌ အသန်မာဆုံး စစ်တပ်ဖြစ်လာစေလိမ့်မည်။ ယင်းက ရွှေအစောင့်အရှောက်နန်းတော်၏ အရာရှိများထက် တစ်ဆင့်သာ နိမ့်သည်။
စစ်သည်တော်နှစ်သန်းထဲတွင် သေခြင်းရှင်ခြင်းအဆင့်အောက်မှ စစ်သည်တော်အများစုက သူတို့၏ ကျင့်ကြံခြင်းအကန့်အသတ်သို့ ရောက်ရှိသွားကြသည်။
ကျင့်ကြံခြင်းလမ်းစဉ်တွင် အဆုံးသတ်က အမှန်တကယ် ရှိသည်။
“ ဂိုဏ်းခေါင်းဆောင်… ဒီမှာ ကျန်းကောင်းကင်ဘုံချိပ်တံဆိပ်ပါ ”
ကျောက်မင်ယွင်က ကြီးမားသော ချိပ်တံဆိပ်ကို ဟန်မူယဲ့ထံ ကမ်းပေးလိုက်ပြီး ဦးညွတ်လိုက်သည်။
ကျန်းကောင်းကင်ဘုံချိပ်တံဆိပ်သည် မိုးမြေကို ကျော်လွန်နိုင်သော အထွတ်အမြတ်ရတနာတစ်ခုဖြစ်ပြီး ကောင်းကင်ဘုံအစောင့်တပ်ထဲ၌ အမိန့်အာဏာကို ကိုယ်စားပြုသည်။
ထို့ပြင် ယင်းထဲမှာ ကျန်းကောင်းကင်ဘုံဓားဂိုဏ်းမှ ဂိုဏ်းခေါင်းဆောင်ယုရှောက်တန်၏ အကြွင်းအကျန်ဝိညာဉ်လည်း တည်ရှိနေသည်။
ချိပ်တံဆိပ်ကို ကျောက်မင်ယွင် လက်ခံခဲ့စဉ်က သူက ချိပ်တံဆိပ်ထဲမှ ယုရှောက်တန်၏ အကြွင်းအကျန်ဝိညာဉ်ကို အာရုံခံမိခဲ့သည်။
ချိပ်တံဆိပ်ကို အသက်မသွင်းလျှင် ထိုဝိညာဉ်က အမြဲတမ်း အိပ်စက်နေပြီး သူ့ကိုယ်သူ အားဖြည့်နေလိမ့်မည်။
“ ဟား ဟား… စစ်ဦးစီးချုပ်ဟန်… ကျုပ်တို့ရှာဖွေပေးထားတဲ့ တိုက်ပွဲအကျိုးပြုအမှတ်ကို ခင်ဗျားစိတ်ကျေနပ်ရဲ့လား ”
အဝေးတွင် ကော့ယုဖုန်း၏ အသံက ပဲ့တင်ထပ်လာသည်။ သူက နတ်ဘုရားအလင်းကို ထုတ်လွှတ်လျက် တခြားအာဏာရှင်များနှင့်အတူ ပျံသန်းလာနေသည်။
ဤတစ်ခေါက်တာဝန်က အာဏာရှင်ရှစ်ပါးအတွက် စိတ်ကျေနပ်ဖွယ်အကောင်းဆုံးကိစ္စ ဖြစ်သည်။
ဤနှစ်တစ်ရာအတွင်းမှာ သူတို့က အနောက်မှာ ထိုင်ရုံသာ ထိုင်နေကြသည်။ သူတို့ဝင်ပါခြင်းက မရှိသလောက် ရှားပါးသည်။ သို့သော်လည်း သူတို့က ဟင်းလင်းပြင်ချိုးဖြတ်ပုတီးစေ့အများအပြားနှင့် မဟာပန်သွန်ကျောက်တုံးအများကြီးကို ပိုင်ဆိုင်နိုင်ခဲ့ကြသည်။
ထို့ပြင် ဤနှစ်များမှာ သူတို့စုဆောင်းနိုင်ခဲ့သော တိုက်ပွဲအကျိုးပြုအမှတ်က သန်းတစ်ရာကျော်သွားသည်။
စစ်ဦးစီးချုပ်ဟန်၏ လက်အောက်မှာ စစ်သည်တော်နှစ်သန်းသာရှိသော်လည်း သူတို့၏ တိုက်ပွဲအင်အားက အလွန်ကြောက်စရာကောင်းသည်။ သူတို့က ဝူလင်းကုန်းမြေ၏ မည်သည့်အင်အားစုကိုမဆို ချေမှုန်းပစ်နိုင်ကြသည်။
“ အဲ့ဒါက ခင်ဗျားတို့တွေရဲ့ အမြော်အမြင်ရှိမှုကြောင့်ပါ… ဒါကြောင့် ကျုပ်က ကုသခြင်းမှာ သေချာအာရုံစိုက်နိုင်ခဲ့တာပါ ”
ဟန်မူယဲ့က ပေါ့ပါးစွာ ရယ်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။
သူက မဟာပန်သွန်ဘုံ၏ အပြင်ဘက်တွင် နတ်ဘုရားအဆင့် ပုဂ္ဂိုလ်အများအပြားနှင့် တွေ့ဆုံခဲ့ပြီး ဖန်ဆင်းရှင်အဆင့်နှင့် နတ်ဘုရားနိဂုံးကိုပင် ထိတွေ့နိုင်ခဲ့သည်။ သို့သော်လည်း သူက မဟာပန်သွန်ဘုံထဲတွင် ကောင်းကင်ဘုံစစ်ပွဲမှ စစ်တပ်များ၏ စစ်ဦးစီးချုပ်တစ်ယောက်မျှသာ ဖြစ်သည်။
“ စစ်ဦးစီးချုပ်ဟန်… အနာဂတ်ကျရင် ဝူလင်းကုန်းမြေရဲ့ ရွှေအစောင့်အရှောက်နန်းတော်ထဲမှာ ကျုပ်တို့ကို ဂရုစိုက်ပေးဖို့ မမေ့ပါနဲ့ ”
သူတို့က ပြောသည်။
“ ဟား ဟား… လက်ရှိ တိုက်ပွဲအကျိုးပြုအမှတ်နဲ့ဆိုရင် စစ်ဦးစီးချုပ်ဟန်က ရွှေအစောင့်အရှောက်နန်းတော်ကို ဝင်ရောက်နိုင်မှာ သေချာတယ်… အခုကစပြီး သူက ကျုပ်တို့ထဲက လူတစ်ယောက် ဖြစ်သွားပြီ ”
အာဏာရှင်များက ရယ်မောကာ ပြောသည်။
ဟန်မူယဲ့က ထိုမျှများပြားလှသော တိုက်ပွဲအကျိုးပြုအမှတ်ကို ပိုင်ဆိုင်ထားလေရာ အကယ်၍ သူက ဝူလင်းကုန်းမြေ၏ ရွှေအစောင့်အရှောက်နန်းတော်ထဲသို့ မဝင်ရောက်လျှင် အသိဉာဏ်မဲ့ရာကျသွားလိမ့်မည်။
“ ခင်ဗျားတို့ရဲ့ ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ်… ရွှေအစောင့်အရှောက်နန်းတော်ဆီ တိုက်ရိုက် ကျုပ်ဝင်ရောက်နိုင်မယ်ဆိုရင် ခင်ဗျားတို့တွေကို သေချာပေါက် ကျေးဇူးပြန်ဆပ်ပါ့မယ် ”
ဟန်မူယဲ့က အပြုံးဖြင့် ပြောသည်။
ထိုစကားကို ကြားသောအခါ အာဏာရှင်များ၏ မျက်နှာပေါ်မှ အပြုံးက ပိုပြီးထင်ရှားသွားသည်။
သူတို့၏ အမြင်တွင် ဟန်မူယဲ့က အကျိုးအမြတ်ကို မည်သို့မျှဝေသင့်ကြောင်း ကောင်းကောင်းနားလည်သူ ဖြစ်သည်။
ဟန်မူယဲ့ ရောက်ရှိလာသည့်အခါ စစ်သည်တော်နှစ်သန်း၏ တိုက်ပွဲစိတ်ဆန္ဒက တစ်ဟုန်ထိုး မြှောက်တတ်သွားသည်။
သူက မည်သည့်အရာမှ လုပ်စရာမလိုပေ။ သူ၏ ပါးစပ်မှ အမိန့်ပေးလိုက်ရုံသာ လိုအပ်သည်။ သူအမိန့်ပေးလိုက်သည်နှင့် သူ့လက်အောက်မှ စစ်သည်တော်များက ချက်ချင်း တိုက်ခိုက်ကြလိမ့်မည်။
မကြာမီ ဟန်မူယဲ့၏ စစ်တပ်များက အရပ်မျက်နှာအသီးသီးသို့ ဖြန့်ကြက်သွားကြပြီး တိုက်ပွဲအလီလီကို ဆင်နွှဲလိုက်ကြသည်။
တစ်နှစ်ကြာပြီးနောက် စစ်တပ်များက ပြန်ရောက်လာကြသည်။
ထိုအချိန်တွင် ဟန်မူယဲ့၏ တိုက်ပွဲအကျိုးပြုအမှတ်က ဆယ်ဘီလီယံနီးပါး မြင့်တတ်သွားသည်။
စစ်တပ်များက မဟာပန်သွန်ဘုံ၏ တပ်စခန်းဆီသို့ ပြန်ရောက်သွားကြသည့််အခါ အဆုံးမဲ့နတ်ဘုရားအလင်းက ကောင်းကင်ပေါ်သို့ မြှောက်တတ်သွားသည်။
“ တိုက်ပွဲအကျိုးပြုအမှတ်တွေကို လဲလှယ်ကြ… ပြီးတော့ သုံးလအနားယူမယ်… ပြီးသွားရင် မင်းတို့ရဲ့ တာဝန်ကို ပြန်အပ်နှင်းပေးရမယ် ”
တစ်စုံတစ်ယောက်က ကြေညာသည်။
“ တိုက်ပွဲအကျိုးပြုအမှတ်တွေကို အသုံးပြုပြီး စစ်တပ်ရာထူးကို လိုချင်ကြတဲ့ လူတွေက ဒီသုံးနှစ်အတွင်းမှာ ရှန်းဟဲစီရင်စုရဲ့ ဒေသအကြီးအကဲစံအိမ်ဆီ သတင်းပို့ရမယ် ”
အော်သံများက တပ်စခန်းထဲမှာ ပဲ့တင်ထပ်သွားသည်။
ဟန်မူယဲ့က တခြားအလင်းထောင့်တိုင်ကို မော့ကြည့်လိုက်သည်။
ထိုအလင်းထောင့်တိုင်က အရောင်မှေးမှိန်နေသည်။ အလင်းထောင့်တိုင်ပေါ်တွင် တိုက်ပွဲအကျိုးပြုအမှတ် ငါးရာခြောက်ဆယ့်သုံးသန်းဟူသော ကိန်းဂဏန်းက ထွက်ပေါ်နေသည်။
“ စိတ်မကောင်းစရာပဲ… စစ်သည်တော်ရှစ်သန်းပါဝင်တဲ့ စစ်တပ်ထဲမှာ ဘယ်သူမှ ပြန်ရောက်မလာဘူး ”
“ အဲ့ဒါ ကောင်းကင်ဘုံစစ်ပွဲရဲ့ သဘောတရားပဲ… ”
အလင်းထောင့်တိုင်က အရောင်မှေးမှိန်နေလေရာ ထိုစစ်သည်တော်ရှစ်သန်းက တိုက်ပွဲမှာ ကျဆုံးသွားပြီဖြစ်ကြောင်း သူတို့နားလည်လိုက်ကြသည်။
ကောင်းကင်ဘုံစစ်ပွဲအတွက် စစ်သည်တော်ဆယ်သန်းပါဝင်သော စစ်တပ်ကို စေလွှတ်ခဲ့လေရာ ဟန်မူယဲ့၏ လက်အောက်မှ စစ်သည်တော်နှစ်သန်းသာ မဟာပန်သွန်ဘုံဆီသို့ ပြန်ရောက်လာကြသည်။
စစ်ဦးစီးချုပ်တန်ကိုင်နှင့် သူ၏ လက်အောက်မှ စစ်သည်တော်ရှစ်သန်းက မဟာမူလဘုံထဲမှာ ကျဆုံးသွားခဲ့ကြသည်။
“ တကယ်တော့ လွန်ခဲ့တဲ့ အနှစ်သုံးဆယ်တုန်းက သူတို့ရဲ့ အချက်ပြမှုကို ငါတွေ့ခဲ့တယ်… ဒါပေမဲ့ ကံမကောင်းတာက နေရာက အရမ်းဝေးလွန်းတယ် ”
ကော့ယုဖုန်းက နောင်တရစွာ ပြောသည်။
စစ်သည်တော်ရှစ်သန်း၏ ကျဆုံးမှုက သေးငယ်သော ပမာဏမဟုတ်ပေ။
အင်မော်တယ်မင်းဆက်က ကောင်းကင်ဘုံစစ်ပွဲအတွက် အင်အားစုအသီးသီးထံမှ ကျင့်ကြံသူများကို ခေါ်ယူခဲ့သည်ဆိုလျှင်ပင် ယင်းက လျစ်လျူရှုနိုင်သောအရာ မဟုတ်ပေ။
“ ကောင်းကင်ဘုံစစ်ပွဲ ပြီးဆုံးသွားပြီ… အစောင့်အရှောက်အရာရှိတွေရဲ့ တာဝန်က ပြီးဆုံးသွားပြီ… ခင်ဗျားတို့တွေ သတင်းတင်ပြဖို့ ရွှေအစောင့်အရှောက်နန်းတော်ဆီ ပြန်ကြပါ ”
“ စစ်ဦးစီးချုပ်ဟန်က စစ်ပွဲအတွင်းမှာ ထူးချွန်တဲ့ တိုက်ပွဲအကျိုးပြုအမှတ်ကို ရရှိခဲ့တယ်… ခင်ဗျား အနားယူပြီးရင် သတင်းတင်ပြဖို့ ရှန်းဟဲစီရင်စုရဲ့ ဒေသအကြီးအကဲစံအိမ်ဆီ သွားပါ ”
“ စစ်သည်တော်တွေက အကာအကွယ်မြို့တော်တွေထဲမှာ နေထိုင်ခွင့်ကို တိုက်ပွဲအကျိုးပြုအမှတ်တွေနဲ့ လဲလှယ်နိုင်တယ် ”
အမိန့်ပေးသံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည့်အခါ တပ်စခန်းထဲ၌ အော်ဟစ်ချီးမြှောက်သံများဖြင့် ဆူညံသွားသည်။
ဟန်မူယဲ့က သူ၏ လက်ထဲမှ ကျန်းကောင်းကင်ဘုံချိပ်တံဆိပ်ကို ဆုပ်လိုက်သည်။ သူ၏ မျက်နှာအမူအရာက အေးဆေးတည်ငြိမ်သည်။
“ ဂိုဏ်းခေါင်းဆောင်… ကျုပ်တို့တွေ ”
ကျောက်မင်ယွင်က ဟန်မူယဲ့ကို ကြည့်လိုက်သည်။
“ ကောင်းကင်အသင်္ချေဓားဂိုဏ်းဆီ ပြန်ကြမယ် ”
ဟန်မူယဲ့က ညင်သာစွာ လက်ဝှေ့ယမ်းလိုက်ပြီး ပြောသည်။
သူ၏ စကားက ကောင်းကင်အသင်္ချေဓားဂိုဏ်းထဲမှ တပည့်အားလုံးကို ဝမ်းသာပျော်ရွှင်သွားစေသည်။
တစ်လကြာပြီးနောက် စစ်တပ်များကို ရုပ်သိမ်းပြီးသောအခါ ဟန်မူယဲ့က စစ်သည်တော်သုံးထောင်ကို ဦးဆောင်လျက် တပ်စခန်းမှ ထွက်သွားသည်။ ထိုစစ်သည်တော်သုံးထောင်က ကောင်းကင်အသင်္ချေဓားဂိုဏ်းမှ တပည့်များ ဖြစ်ကြသည်။ သူတို့က မှော်ယာဉ်ပျံကို စီးနင်းလျက် ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ ဦးတည်ရာဆီသို့ ထွက်သွားကြသည်။
သူတို့၏ အရှေ့တွင် တခြားစစ်သည်တော်များက ထွက်ခွာသွားနှင့်ကြပြီ ဖြစ်သည်။
စစ်တပ်များ ရုပ်သိမ်းသွားပြီး စစ်သည်တော်များက သူတို့၏ ဌာနေဆီသို့ ပြန်သွားကြသည့်အခါ ကောင်းကင်အသင်္ချေဓားဂိုဏ်းမှ ဟန်မူယဲ့၏ နာမည်က ရှန်းဟဲစီရင်စုတစ်ခုလုံးသို့ တဖြည်းဖြည်း ပျံ့နှံ့သွားသည်။