အခန်းယ(၁၆၈၆)
Vol. 121 Ch. 1686
နှစ်ပေါင်းတစ်ရာကြာမြင့်သော ကောင်းကင်ဘုံစစ်ပွဲ… ။
ကျင့်ကြံသူအများစုအတွက်တော့ နှစ်ပေါင်းတစ်ရာဟူသည် မျက်တောင်တစ်ခတ်ကြာချိန်မျှသာ ရှိသည်။
သို့သော်လည်း ကောင်းကင်အသင်္ချေဓားဂိုဏ်းကဲ့သို့ ဂိုဏ်းငယ်အတွက်တော့ နှစ်ပေါင်းတစ်ရာက အလွန်ရှည်လျားသည်။
လွန်ခဲ့သော နှစ်ပေါင်းတစ်ရာတွင် ကောင်းကင်ဘုံစစ်ပွဲမှာ ပါဝင်ရန် ဂိုဏ်းမှ လက်ရွေးစင်တပည့်များက ဂိုဏ်းခေါင်းဆောင်ဟန်နှင့်အတူ ထွက်သွားခဲ့ကြသည်။ ကောင်းကင်အသင်္ချေဓားဂိုဏ်းမှာ အင်အားတချို့ ကျန်ရှိနေသော်လည်း ယင်းက ဂိုဏ်းကို မပြိုကွဲသွားအောင် ဆက်ပြီး ထိန်းသိမ်းထားနိုင်ရုံမျှသာ လုံလောက်သည်။
ဤနှစ်ပေါင်းတစ်ရာအတွင်းမှာ ကောင်းကင်ဘုံစစ်ပွဲ၏ တည်ရှိမှုကြောင့် ဂိုဏ်းများကြားမှ စစ်ပွဲများက တားမြစ်ခံထားရသည်။
ယွင်ထျန်းတာအိုဂိတ်က ကောင်းကင်အသင်္ချေဓားဂိုဏ်းကို တိုက်ရိုက် ပြဿနာမရှာသော်လည်း ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ ဘေးပတ်ဝန်းကျင်မှ အင်အားစုများက ပြဿနာများ ဖန်တီးခဲ့ကြသည်။ ယင်းက ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ အင်အားကို သိသိသာသာ လျော့ကျသွားစေသည်။
နှစ်ပေါင်းတစ်ရာကြာပြီးနောက် ကောင်းကင်အသင်္ချေဓားဂိုဏ်းထဲမှာ တာအိုချိုးဖြတ်ခြင်းအဆင့် ကျင့်ကြံသူသုံးယောက်သာ ကျန်ရှိတော့သည်။
အနီးနားဝန်းကျင်မှ ဂိုဏ်းများတွင် တာအိုငြိမ်းသတ်ခြင်းအဆင့် ကျင့်ကြံသူအများအပြား ရုတ်တရက် ထွက်ပေါ်လာကြသည်။ ထိုပုဂ္ဂိုလ်များ မည်သို့ထွက်ပေါ်လာကြောင်းကို ယွင်ထျန်းတာအိုဂိတ်သာလျှင် သိနိုင်မည်။
ယနေ့မှာ ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ ကိစ္စအဝဝကို ဝမ်ယုက ကြီးကြပ်ဆောင်ရွက်နေသည်။ သူက လစန္ဒာထောင်ထွတ်၏ ပဉ္စမမြောက်တပည့် ဖြစ်သည်။
ဝမ်ယုက တာအိုချိုးဖြတ်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး ဂိုဏ်း၏ ထိပ်တန်းပညာရှင်တစ်ယောက် ဖြစ်သည်။ ဟန်မူယဲ့မရှိသည့်အတောအတွင်း သူက ယာယီဂိုဏ်းခေါင်းဆောင် ဖြစ်သည်။
ဤနှစ်ပေါင်းတစ်ရာအတွင်းမှာ ဂိုဏ်းက ဆက်လက် ရပ်တည်နိုင်ရန် ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရသည်။ ဝမ်ယုသည်လည်း အရွယ်အိုမင်းသွားပြီး ယခင်ကဲ့သို့ ဖျတ်လတ်တတ်ကြွမှုမရှိတော့ပေ။
ယွင်ထျန်းတာအိုဂိတ်၏ ဂိတ်တံခါးအရှေ့တွင် ကျင့်ကြံသူအုပ်စုတစ်စုက မတ်တတ်ရပ်နေသည်။
“ ဂိုဏ်းခေါင်းဆောင်ဝမ်… မင်း ဘာလို့ အရှုံးမပေးသေးတာလဲ ”
အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော တာအိုပညာရှင်တစ်ယောက်က ဝမ်ယုကို ကြည့်လိုက်ပြီး တဟားဟား အော်ရယ်လိုက်သည်။
“ မင်းတို့ကောင်းကင်အသင်္ချေဓားဂိုဏ်းရဲ့ အင်အားနဲ့ဆိုရင် ယခင်ဂိုဏ်းခေါင်းဆောင်ဟန်မူယဲ့က ကောင်းကင်ဘုံစစ်ပွဲမှာ သေသွားလောက်ပြီ ”
“ တကယ်တော့ တာအိုရောင်းရင်းဝမ်… မင်းဘာလို့ ဒီရောက်လာတာလဲ ငါတကယ် မသိဘူး ”
မုတ်ဆိတ်ဖြူတာအိုပညာရှင်တစ်ယောက်က ခေါင်းယမ်းလိုက်ပြီး သူ့အရှေ့မှ ရှည်လျားသော တောင်ဂိတ်တံခါးကို နောင်တရစွာ ကြည့်လိုက်သည်။
“ တကယ်လို့ မင်းရောက်မလာရင် မင်းအသက်ရှင်နိုင်ဦးလိမ့်မယ် ”
“ ဟူး… ကောင်းကင်အသင်္ချေဓားဂိုဏ်းမှာ ရှည်လျားတဲ့ သမိုင်းကြောင်းရှိခဲ့တယ်… အတိတ်ကို ပြန်ခြေရာကောက်မယ်ဆိုရင် ဓားဂိုဏ်း(၃၆)ဂိုဏ်းက အရမ်းအင်အားကြီးမားခဲ့တယ်… စိတ်မကောင်းစရာပဲ ”
အဝေး၌ ဓားကိုင်ထားသော တာအိုပညာရှင်တစ်ယောက်က ခေါင်းယမ်းလိုက်ပြီး နူးညံ့စွာ ရေရွတ်လိုက်သည်။
တခြားဂိုဏ်းများမှ လူများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ထို့နောက် သူတို့က ဝမ်ယုနှင့် သူ့အနောက်မှ ကောင်းကင်အသင်္ချေဓားဂိုဏ်းတပည့်များကို အကွာအဝေးတစ်ခု ခွာလိုက်ကြသည်။
“ ဆရာ… ဘိုးဘေးဟန် တကယ် သေသွားပြီလား ”
“ ဆရာ… ဘိုးဘေးဟန်ရဲ့ ကျင့်ကြံခြင်းက စိတ်ကူးမယဉ်နိုင်အောင် မြင့်မားတယ်လို့ ဆရာပြောခဲ့တယ်လေ… ဘိုးဘေးဟန်က မသေဘူးမလား ”
ဝမ်ယု၏ အနောက်တွင် ငယ်ရွယ်သော တပည့်တချို့က နူးညံ့စွာ ပြောသည်။ သူတို့၏ မျက်နှာမှာ စိုးရိမ်ကြောင့်ကြမှုဖြင့် ပြည့်နှက်နေသည်။
ကောင်းကင်ဘုံစစ်ပွဲ၌ အစွမ်းထက်ပုဂ္ဂိုလ်များသည်ပင် သေဆုံးသွားကြလေရာ ကောင်းကင်အသင်္ချေဓားဂိုဏ်းကဲ့သို့ အင်အားစုက အသက်ရှင်နိုင်လိမ့်မည်လော။
ဝမ်ယု၏ အမူအရာက တည်ကြည်လေးနက်နေသည်။ သူက မည်သည့်စကားမှမပြောဘဲ နှုတ်ဆိတ်နေသည်။
ယင်းကို သူမျက်စိဖြင့် ကိုယ်တိုင်မမြင်ရသရွေ့ ယင်းကို သူလက်မခံနိုင်ပေ။
“ ဝီး ”
အဝေးတွင် ရွှေရောင်အလင်းတန်းများက သူတို့ဆီသို့ ပျံသန်းလာနေကြသည်။
ယင်းက ကျင့်ကြံသူများ မဟုတ်ပေ။ ယင်းအစား သတင်းပို့ရွှေရောင်အလင်းတန်းများ ဖြစ်သည်။
အလင်းတန်းများက ယွင်ထျန်းတာအိုဂိတ်ဆီသို့ ပျံသန်းလာသည့်အခါ အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားကြသော တာအိုပညာရှင်များက လက်မြှောက်လိုက်ကြပြီး ယင်းကို ဖမ်းယူလိုက်ကြသည်။
သူတို့က ယွင်ထျန်းတာအိုဂိတ်၏ ကနဦးမူလအဆင့် ကျင့်ကြံသူများနှင့် ယွင်ထျန်းတာအိုဂိတ်၏ ဂိုဏ်းခေါင်းဆောင် တာအိုပညာရှင်ယုမင် ဖြစ်သည်။
“ ဟဲချန်းယန် သေဆုံးသွားပြီ ”
ထိုသတင်းစကားကို မြင်သောအခါ တာအိုပညာရှင်ယုမင်က နောင်တရသော အမူအရာကို ထုတ်ဖော်လိုက်သည်။
သူ၏ ဘေးတွင် ဟဲချန်းယန်၏ ဖခင်ဖြစ်သော ဟဲယုထန်က မျက်နှာဖြူဖျော့သွားသည်။
“ ဟူး… ကောင်းကင်ဘုံစစ်ပွဲက ရက်စက်ကြမ်းတမ်းတယ်… သေကြေပျက်စီးမှုက စစ်ပွဲမှာ ထူးခြားတဲ့ကိစ္စမဟုတ်ဘူး… အကြီးအကဲဟဲ ခင်ဗျားအချိန်ယူပြီး ဖြေသိမ့်ပါ ”
ကျောက်စိမ်းသရဖူဆောင်းထားသော တာအိုပညာရှင်တစ်ယောက်က ဟဲယုထန်ကို နှစ်သိမ့်စကားဆိုသည်။
ဟဲယုထန်က တင်းမာသော မျက်နှာဖြင့် ခေါင်းညိတ်လိုက်သည်။
သူ့သားက ကောင်းကင်ဘုံစစ်ပွဲမှာ အသက်ရှင်ပြီး ကောင်းကင်ပေါ်သို့ ပျံတတ်သွားမည်ဟု သူတွေးထင်ခဲ့သည်။ သို့သော်လည်း ယင်းက သူ၏ အတွေးသက်သက်သာ ဖြစ်၏။ တကယ်လက်တွေ့မှာ သူ့သားက သေဆုံးသွားသည်။
သူက ဂိုဏ်းထဲမှ တခြားအကြီးအကဲများ၏ မျက်နှာကို ကြည့်လိုက်လေရာ သူ၏ မျက်နှာက ပိုပြီးအရုပ်ဆိုးသွားသည်။ ရှင်းလင်းစွာပင် ထိုလူများက သူ့ကို သရော်လှောင်ပြောင်နေကြသည်။
“ ငါတို့ယွင်ထျန်းတာအိုဂိတ်ရဲ့ စစ်သည်တော်အားလုံး သေဆုံးသွားကြတယ်… ဒါပေမဲ့ တခြားဂိုဏ်းတွေထဲက လူတချို့က အသက်ရှင်လျက် ပြန်ရောက်လာကြတယ် ”
သတင်းပို့ရွှေရောင်အလင်းတန်းကို ကိုင်ထားသော တာအိုပညာရှင်ယုမင်က စိတ်ရှုပ်ထွေးသွားသည်။
ယွင်ထျန်းတာအိုဂိတ်မှ တခြားအကြီးအကဲများသည်လည်း နှုတ်ဆိတ်သွားကြသည်။
ကောင်းကင်ဘုံစစ်ပွဲပြီးဆုံးသွားပြီးနောက် ဤအချင်းမိုင်တစ်သိန်းဧရိယာထဲမှ ကုန်းမြေက ပြောင်းလဲသွားတော့မည်။
အနာဂတ်တွင် သူတို့၏ ယွင်ထျန်းတာအိုဂိတ်က ဤကုန်းမြေ၏ အရှင်သခင်အဖြစ် ဆက်ရှိနိုင်တော့မည်မဟုတ်ချေ။
“ တာအိုပညာရှင်ယုရှန်း… ခင်ဗျားကို ဂုဏ်ပြုပါတယ် ”
တာအိုပညာရှင်ယုမင်က တောင်ဂိတ်တံခါး၏ အပြင်ဘက်မှာ ရပ်နေသော ကျင့်ကြံသူအုပ်စုတစ်စုကို ကြည့်လိုက်ပြီး နူးညံ့စွာ ပြောသည်။
ထိုအုပ်စု၏ ခေါင်းဆောင်ဖြစ်သော သက်လတ်ပိုင်းအမျိုးသားက တုန်ယင်သွားပြီး မျက်လုံးပြူးသွားသည်။
“ တာအိုပညာရှင်ယုမင်… ခင်ဗျားရဲ့ စကားက ဘာအဓိပ္ပာယ်လဲ ”
မြေကွက်လပ်က နှုတ်ဆိတ်သွားသည်။
လူတိုင်းက စကားပြောလိုက်သော သက်လတ်ပိုင်းအမျိုးသားကို လှည့်ကြည့်လိုက်ကြသည်။
“ တာအိုရောင်းရင်းယုရှန်း… ခင်ဗျားရဲ့ လွင့်မျောဝိညာဉ်ဂိုဏ်းက ကျန်းကျင်းမူက ကောင်းကင်ဘုံစစ်ပွဲကနေ ပြန်လာနေပြီ… ပြီးတော့ သူက… ”
တာအိုပညာရှင်ယုမင်က ပြုံးလိုက်ပြီး နူးညံ့စွာ ပြောသည်။
“ သူက ကြီးကြီးမားမား စွမ်းအားတိုးမြှင့်သွားပြီး အခု သူက စကြာဝဠာအဆင့် ပညာရှင်တစ်ယောက်ဖြစ်လာပြီ ”
စကြာဝဠာအဆင့်… ။
သူ့ဂိုဏ်းမှ လက်ရွေးစင်တစ်ယောက်က ကောင်းကင်ဘုံစစ်ပွဲမှ အသက်ရှင်လျက် ပြန်ရောက်လာပြီး စကြာဝဠာအဆင့် ကျွမ်းကျင်ပညာရှင်တစ်ယောက်ဖြစ်လာသည်လော။
ယုရှန်းအမည်ရသော လွင့်မျောဝိညာဉ်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်က စိတ်လှုပ်ရှားသော အမူအရာကို ထုတ်ဖော်လိုက်သည်။ သူ၏ အနောက်မှ ကျင့်ကြံသူများသည်လည်း ထိန်းချုပ်မရအောင် ဝမ်းသာပျော်ရွှင်သွားကြသည်။
“ ဗုန်း ”
အဝေးမှ ကောင်းကင်ယံတွင် မှော်ယာဉ်ပျံတစ်စင်းက မြန်ဆန်စွာ ချဉ်းကပ်လာနေသည်။
တောက်ပသော အလင်းရောင်က မှော်ယာဉ်ပျံပေါ်မှာ ထွက်ပေါ်နေလေရာ ယာဉ်ပျံထဲတွင် အစွမ်းထက်ပုဂ္ဂိုလ်များ တည်ရှိနေကြောင်း ထင်ရှားသည်။
“ အဲ့ဒါ ကျန်းကျင်းမူပဲ ”
“ လွင့်မျောဝိညာဉ်ဂိုဏ်းက ကျန်းကျင်းမူ… အတိတ်မှာ သူက ခြေလှမ်းဝက် တာအိုချိုးဖြတ်ခြင်းအဆင့်မှာပဲ ရှိသေးတဲ့ ဂျူနီယာတစ်ယောက်ပဲ… အခု သူက တကယ်ကြီး… ”
မှော်ယာဉ်ပျံ၏ ဆင်းသက်လာမှုကို မြင်သောအခါ လူတိုင်းက သက်ပြင်းချလိုက်ကြသည်။ ထို့နောက် ပုံရိပ်တစ်ခုက မှော်ယာဉ်ပျံပေါ်မှ ဆင်းသက်လာသည်။
ထိုသူက အစိမ်းရောင်တာအိုဝတ်စုံ ဝတ်ဆင်ထားသော သက်လတ်ပိုင်းအမျိုးသားတစ်ယောက်ဖြစ်ပြီး အလွန်သိပ်သည်းသော သွေးချီအရှိန်အဝါကို ထုတ်လွှတ်နေသည်။ သူ့ထံမှ ထုတ်လွှတ်နေသော အရှိန်အဝါကြောင့် မြေပြင်ပေါ်မှ လူများက သူ့ကို မော်မကြည့်နိုင်ကြချေ။
“ တာအိုရောင်းရင်းတို့… ကျုပ်ကျင်းမူက ဂိုဏ်းထဲမှာ အနားယူပြီးရင် ခင်ဗျားတို့နဲ့ လာရောက်ပူးပေါင်းပါမယ် ”
ကျန်းကျင်းမူက မှော်ယာဉ်ပျံပေါ်မှ ပုဂ္ဂိုလ်များကို အရိုအသေပေးလိုက်သည်။
“ ကောင်းပြီ… ငါတို့ မင်းကို စီရင်စုမှာ စောင့်နေမယ် ”
မှော်ယာဉ်ပျံပေါ်မှ တစ်စုံတစ်ယောက်က ပြန်ပြောသည်။ ထို့နောက် မှော်ယာဉ်ပျံက အရှိန်မြှင့်တင်သွားပြီး အဝေးသို့ ထွက်သွားသည်။
“ အို… ကျင်းမူ… မင်း သူတို့နဲ့ အတူလိုက်သွားသင့်တယ်… ဘာလို့ ဂိုဏ်းမှာ နေဦးမှာလဲ ”
လွင့်မျောဝိညာဉ်ဂိုဏ်း၏ အကြီးအကဲများအနက် မုတ်ဆိတ်နက်အကြီးအကဲက စိတ်အလိုမကျစွာ ပြောသည်။
“ ငါတို့ကို ဂရုမစိုက်နဲ့… မင်း အဲ့ဒီပုဂ္ဂိုလ်တွေနဲ့ အဆက်အသွယ်ကောင်းတစ်ခု တည်ဆောက်နိုင်ရင် အဆင်ပြေပြီ ”
တခြားအကြီးအကဲတစ်ယောက်က ကျန်းကျင်းမူကို လက်ညှိုးထိုးပြီး ပြောသည်။ သူ၏ မျက်နှာပေါ်မှာ နောင်တဖြင့် ပြည့်နှက်နေသည်။
ဂိုဏ်းထဲမှ အကြီးအကဲများ၏ စကားကို ကြားသောအခါ ကျန်းကျင်းမူက ထူးဆန်းစွာ ပြုံးလိုက်ပြီး ပြောသည်။
“ ဆရာဖိုးဖိုးပြောတာ မှန်ပါတယ်… ဂိုဏ်းထဲမှာ ကျုပ်အနားယူပြီးရင် စီရင်စုဆီ သွားပါမယ် ”
သူက စကားပြောပြီးနောက် ဘေးပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်လိုက်သည်။ သူက တာအိုပညာရှင်ယုမင်နှင့် တခြားလူများကို တောင်းပန်သောအကြည့်ဖြင့် တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူက ခေါင်းပြန်လှည့်လိုက်ပြီး ပြောသည်။
“ ဂိုဏ်းခေါင်းဆောင်… ဆရာဖိုးဖိုး… ကျုပ်တို့တွေ ဂိုဏ်းဆီ ပြန်ရအောင် ”
သူလက်မြှောက်လိုက်သည့်အခါ ရွှေရောင်အလင်းက မြေပြင်ပေါ်သို့ ကျဆင်းသွားပြီး လွင့်မျောဝိညာဉ်ဂိုဏ်းမှ ကျင့်ကြံသူအားလုံးကို လွှမ်းခြုံသွားသည်။ ထို့နောက် သူတို့က အဝေးသို့ မြန်ဆန်စွာ ပျံသန်းသွားကြသည်။
လွင့်မျောဝိညာဉ်ဂိုဏ်းနှင့် စကားပြောချင်သော တခြားဂိုဏ်းအသီးသီးမှ ကျင့်ကြံသူများက နောင်တရသော အမူအရာကို ထုတ်ဖော်လိုက်ကြသည်။
ကျန်းကျင်းမူနှင့် သူ့အုပ်စုတို့ ထွက်သွားသည်နှင့် လူအများအပြားက အကြည့်ချင်းဖလှယ်လိုက်ကြပြီး နေရာမှ တိတ်တဆိတ် ထွက်ခွာသွားကြသည်။
သူတို့၏ အမြင်တွင် လွင့်မျောဝိညာဉ်ဂိုဏ်းဆီသို့ မည်သူအရင်ရောက်ပါစေ အကျိုးအမြတ်များ ပိုရရှိလိမ့်မည်။ အနည်းဆုံးတော့ သူတို့က လွင့်မျောဝိညာဉ်ဂိုဏ်းနှင့် အဆက်အသွယ်တစ်ခု တည်ဆောက်နိုင်လိမ့်မည်။
တာအိုပညာရှင်ယုမင်က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး ဘေးပတ်ဝန်းကျင်သို့ ကြည့်လိုက်သည်။
သူက အင်္ကျီလက်ကို လှုပ်ခါလိုက်ပြီး ထွက်သွားရန် ပြင်လိုက်သည်။
ဂိုဏ်းအသီးသီးမှ ကျင့်ကြံသူများသည်လည်း အကြည့်ချင်းဖလှယ်လိုက်ကြပြီး နူးညံ့စွာ သက်ပြင်းချလိုက်ကြသည်။ သူတို့က တီးတိုးစကားပြောနေရင်း ထွက်သွားကြသည်။
အချင်းမိုင်တစ်သိန်းကျယ်ပြောသော ဤဧရိယာထဲတွင် စကြာဝဠာအဆင့် ကျင့်ကြံသူတစ်ယောက် ပေါ်ထွန်းရန် အလွန်အမင်း ခက်ခဲသည်။
ကျန်းကျင်းမူမှလွဲလျှင် ကောင်းကင်ဘုံစစ်ပွဲမှာ ပါဝင်ခဲ့ကြသော ဂိုဏ်းအသီးသီးမှ ကျင့်ကြံသူများက သေဆုံးသွားကြဟန် ရ၏။
“ ဆရာ… သွားကြရအောင်… ဘိုးဘေးဟန်က… ”
ကျောပေါ်တွင် ဓားသယ်ဆောင်ထားသော လူငယ်တစ်ယောက်က ဝမ်ယုကို ပြောသည်။
ဝမ်ယုက ခေါင်းညိတ်လိုက်သည်။ သူ၏ မျက်နှာပေါ်မှာ နောင်တဖြင့် ပြည့်နှက်နေသည်။
ကောင်းကင်အသင်္ချေဓားဂိုဏ်းမှ မည်သည့်လက်ရွေးစင်မှ ပြန်ရောက်မလာပေ။ သူ၏ ဆရာနှင့် ညီအကိုများက ကောင်းကင်ဘုံစစ်ပွဲမှာ သေဆုံးသွားကြသည်။
ကံကောင်းစွာဖြင့် လွင့်မျောဝိညာဉ်ဂိုဏ်း၏ လက်ရွေးစင်တစ်ယောက်က ပြန်ရောက်လာသည်။ သို့ဖြစ်၍ ဤအတောအတွင်းမှာ ယွင်ထျန်းတာအိုဂိတ်က သူတို့ကို အာရုံစိုက်နိုင်ဦးလိမ့်မည် မဟုတ်ချေ။
သို့သော် အနာဂတ်မှာ သူတို့၏ ကောင်းကင်အသင်္ချေဓားဂိုဏ်းက ဆက်ပြီး တောင့်ခံနိုင်လိမ့်မည်လော။
“ ဝီး ”
တောက်ပသော အလင်းတန်းက မိုးကောင်းကင်ကို မြန်ဆန်စွာ ဖြတ်သန်းသွားသည်။
ဓားအလင်း… ။
ယွင်ထျန်းတာအိုဂိတ်မှ မထွက်ခွာရသေးသော ကျင့်ကြံသူအားလုံးက ခေါင်းမော့လိုက်ကြသည်။
ဖြစ်နိုင်တာက အဲ့ဒါက ကောင်းကင်အသင်္ချေဓားဂိုဏ်းက လူလား… ။
“ ဝှစ် ”
ဓားအလင်းက မြေပြင်ပေါ်သို့ ဆင်းသက်လာသည့်အခါ အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော တာအိုပညာရှင်တစ်ယောက်အဖြစ် ပြောင်းလဲသွားသည်။
“ လျောင်ချန်းဖုန်း… အဲ့ဒါ မင်းကို ”
တာအိုပညာရှင်ယုမင်က မျက်လုံးပြူးကျယ်သွားသည်။
“ အဲ့ဒါ အကြီးအကဲလျောင်ချန်းဖုန်းပဲ… သူက အတိတ်မှာ ယွင်ထျန်းတာအိုဂိတ်နဲ့ ယှဉ်ပြိုင်နိုင်ခဲ့တဲ့ ကနဦးမူလအဆင့် ဓားကျင့်ကြံသူတစ်ယောက်ပဲ ”
ယွင်ထျန်းတာအိုဂိတ်၏ ဂိတ်တံခါးအရှေ့တွင် အာမေဋိတ်သံများ ထွက်ပေါ်လာသည်။
ယခုအခိုက်အတန့်မှာ လျောင်ချန်းဖုန်၏ ဘေးပတ်ဝန်းကျင်၌ ရစ်သိုင်းနေသော အရှိန်အဝါက လွင့်မျောဝိညာဉ်ဂိုဏ်းမှ ကျန်းကျင်းမူထက် ပိုပြီးအားကောင်းသည်။
သူ၏ ကျင့်ကြံခြင်းအခြေခံက အနိမ့်ဆုံး နှောင်းပိုင်းစကြာဝဠာအဆင့် ဖြစ်ရမည်။
ထိုသို့ကျင့်ကြံသူတစ်ယောက်သည် မိုင်တစ်သိန်းဧရိယာကို လွှမ်းမိုးအုပ်ချုပ်နိုင်သည်။
ဝမ်ယုက စိတ်ပျက်စွာ ခေါင်းယမ်းလိုက်သည်။
သူက ကောင်းကင်အသင်္ချေဓားဂိုဏ်းမှ တစ်ယောက်ယောက် ပြန်လာသည်ဟု မျှော်လင့်နေခြင်း ဖြစ်သည်။ ကြည့်ရသည်မှာ သူက ယခုထိ မစွန့်လွှတ်နိုင်သေးဟန် ရ၏။
“ မင်းက ဝမ်ယုလား ”
“ ကောင်းကင်အသင်္ချေဓားဂိုဏ်းရဲ့ ယာယီဂိုဏ်းခေါင်းဆောင်လား ”
ထိုစဉ် လျောင်ချန်းဖုန်း၏ စကားသံက ထွက်ပေါ်လာသည်။